Author's Profile Photo

ဇေယျ

21/11/2024

အရေးကြီးဆုံး ချွေတာသင့်သောအချက်

2 mins read
General Knowledge
အရေးကြီးဆုံး ချွေတာသင့်သောအချက်'s photo

လူတို့သည်ပိုက်ဆံကြေးငွေအသုံးအစွဲ၌ချွေတာခြင်း၊အစားအသောက်၌ခြိုးခြံချွေတာ၍ သုံးစွဲမှီဝဲခြင်း၊ အ​လုပ်အကိုင်အတွက် ကိုယ်လက်လှုပ်ရှားခြင်း၌မမောမပန်းစေခြင်းတည်းဟူသော မိမိတို့အားအင်ဗလကို ချွေတာခြင်းအစရှိသည်ဖြင့်လောကတွင် အရာရာ​ ဌာ နအသီးသီးတို့၌ လက်ကပင် ထိထိရောက်ရောက် အ​ကယ်ချွေတာခြင်း​ မပြုကြသည့်တိုင်အောင်​ ဝန်နှင့်အားမြားနှင့်​ လေးဆိုဘိသကဲ့သို့​ ကုန်တန်သရွေ့သာ​လျှင်ကုန်စေအပ်သည်။အရမ်းမဲ့ကုန်ဆုံးခြင်းမဖြစ်စေအပ်။ချွေတာသုံးစွဲအပ်၏ဟူသောအကြောင်းကိုသိရှိကြသူချည်းသာဖြစ်သောကြောင့်​ မည်သည့်အရာ၌မဆိုအနည်းနှင့်အများချွေတာခြင်းကိုအသုံးပြုလျက် ရှိကြပေသည်။

သို့သော်​ လူတို့သည်​ မကုန်တန်ဘဲလျက် ကုန်၍နေသောအချက်ကြီးတစ်ချက်ရှိချေသည်။ ထိုအချက်ကြီးမှာလည်း လူတို့တွင် အခြားအခြားသောချွေတာအပ်သော အရာတို့နှင့် နှိုင်းယှဉ်လျှင် အဖိုးအတန်ဆုံး အ​ချက်ကြီး ဖြစ်သည်ဟု ဆိုရပေမည်။ သို့သော်​ ထိုအ​ချက်ကြီးကိုမြင်လည်းမမြင်ရ။တိုးသည်လျော့သည်ကိုလည်းအထင်အရှားမသိရဖြစ်သောကြောင့် လူတို့ဓမ္မတာ မိမိတို့မမြင်မသိအပ်သောအရာကိုနစ်မြောစုံမက်ရမည်မသိဖြစ်သည့်အတိုင်းနှမြောစုံမက်ခြင်းမရှိဘဲ​ အဖိုးအနဂ္ဃ​ ထိုက်တန်သော​ အရာတို့ကို​ အ​ကြောင်း​မရှိ​ အကျိုးမမြင်အရမ်းမဲ့​ သက်သက်နေ့စဉ်နှင့်အမျှဖြုန်းတီးလျက်နေမိတတ်ကြလေသည်။ဤသို့အဖိုးအနဂ္ဃထိုက်တန်လျက်လူတို့နေ့စဉ်အရမ်းမဲ့ဖြုန်း​တီးနေသောအရာကားအခြားမဟုတ်မိမိတို့၏စိတ်ပင်ဖြစ်ချေသည်။

လူတို့၏ စိတ်သည်​ အဖိုးအနဂ္ဃ​ ထိုက်တန်သော​ အရာဖြစ်သည်။လောက၌စိတ်ထက်အဖိုးတန်သောအရာမရှိ။ စိတ်နှင့်​ ယှဉ်ပြိုင်လိုက်လျှင်​ လောက၌ အဖိုးအတိုက်ဆုံးဟုဆိုသော စိန်ကျောက်ရတနာ အစရှိသည်တို့သည်အောက်တန်းသို့ရောက်ရကြောင်းကိုလူတိုင်းပင်သိရှိပြီးဖြစ်ကြလေသည်။ သို့သော်​ အဖိုးတန်ခြင်း​၌ အောက်တန်းသို့ရောက်ရသောစိန်ကျောက်ရတနာရွှေငွေဥစ္စာတို့ကို​ တစ်စွန်းတစ်စသုံးစွဲရန်ကိုပင်​ လွန်​စွာ​ စီစစ်ချွေတာလျက်​ ကုန်ဆုံးမည်​ စိုးရိမ်လှသော​ကြောင့်​ မိမိအသက်နှင့်​ လဲလှယ်စောင့်ရှောက်ရန်​ အ​သင့်ရှိသောသူများသည်ထိုရွှေငွေစိန်ကျောက်တို့နှင့်နှိုင်းယှဉ်၍ပင်မရနိုင်လောက်အောင်အဖိုးအနဂ္ဃထိုက်တန်လှသော စိတ်ကိုမူကား ရက်ရက်ရောရော နှမြောစုံမက်ခြင်း တစ်စုံတစ်ရာမရှိဘဲ သုံးဖြုန်းလျက် ရှိနေတတ်ကြပေသည်။

ဤသို့​ နှမြောစုံမက်အပ်သည်ကို​ မသိရှိဘဲ​ ရက်ရက်ရောရောပေါပေါကြီးသုံးဖြုန်းနေကြခြင်းမှာစိတ်သည်ရွှေငွေစိန်ကျောက်ကဲ့သို့ပင်​ ကုန်ခမ်းတတ်ကြောင်း၊မိမိတို့သုံးဖြုန်းခြင်းအားဖြင့်ယုတ်လျော့သွားကြောင်းတို့ကိုမမြင်မသိကြရှာသောကြောင့်ဖြစ်ပေသည်။ စင်​စစ်စိတ်သည်လည်း တိုးတက်ခြင်း ကုန်ခမ်းခြင်း ရှိကြောင်းကိုသိပေအပ်သည်။ တစ်နေ့လုံးလုံး လူမှုကိ​စ္စတို့ကိုဆောင်ရွက်နေရပြီးသည့်အခါစိတ်နှလုံးညှိုး​
နွမ်းပင်ပန်းလျက်​ တစ်ညမျှလောက်​ ကောင်းစွာ​ အိပ်​ပျော်ရပြီးနောက်နံနက်ထစောစောတွင် စိတ်ရွှင်လန်းပြည့်တင်းလျက် အကြံသစ် ဉာဏ်သစ်များပြည့်လျှမ်းနေခြင်းတို့သည်​ စိတ်၌ အင်အားတိုးတက်ခြင်း ယုတ်​လျော့ခြင်းများရှိကြောင်းလက္ခဏာများ ဖြစ်ချေသည်။

ဥစ္စာပစ္စည်းအင်အား၊ ကိုယ်ကာယအင်အား၊ စပါးဆန်ရေအင်အားစသည်တို့မှာ​ စင်စစ်အခါခပ်သိမ်းမသုံးမစွဲဘဲ​ တိုက်တာကျီကြဖြင့်​ ပိတ်ဆို့သိုလှောင်ထားရန်မဟုတ်။အခါကာလအားလျော်စွာကုန်သင့်သရွေ့ကုန်အောင်​ သုံးစွဲကြရန်​ ဖြစ်သကဲ့သို့​ စိတ်အင်အားမှာလည်း​ အလိုက်အထိုက်​ သုံးစွဲရန်ပင်​ ဖြစ်ချေသည်။သို့သော် အကြောင်းမဲ့ စိတ်ပူပန်ခြင်း၊ စိတ်အနှောက်အယှက်ဖြစ်ခြင်း၊ အရေးမဟုတ်သည်ကို အရေးလုပ်လျက်စိတ်၌တအုံနွေးနွေး​ တဆွေးမြည့်မြည့် ဖြစ်ခြင်းအားဖြင့်​ အကျိုးမရှိသည်နေရာတွင်​ အလဟဿသုံး​ဖြုန်းပစ်ရန်မဟုတ်ချေ။ ဤသို့​ သုံးဖြုန်းပစ်ပါက​ စပါးဆန်ရေကိုအလဟဿအကြောင်းမဲ့ဖြုန်းတီးပစ်သောသူသည်အချိန်တန်သောအခါစားရမဲ့သောက်ရမဲ့ဖြစ်ရသကဲ့သို့​ အကယ်အရေးတကြီးအခါနှင့်​ ကြုံကြိုက်သောအခါ​ စိတ်အားနည်းပါးသောကြောင့်အသုံးမပြုနိုင်ရှိမည်ကို ကောင်းစွာ သတိမူအပ်ပေသည်။

#ဇေယျ
#အရေးကြီးဆုံးချွေတာသင့်သောအချက်

Keep Reading

နည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"စကားချိုသာလျှင် လိုရာကိုရသည်"ဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါရှောင်တာက ကြောက်ခြင်းမဟုတ်