Author's Profile Photo

Youth’s Book Reflections

21/11/2024

မြိုင်-ဗန်းမော်တင်အောင်? •••••••••••••••••••••••••••••••••••••••

3 mins read
Book Review
General Knowledge
Fiction
မြိုင်-ဗန်းမော်တင်အောင်?
•••••••••••••••••••••••••••••••••••••••'s photo


ရင်ထဲရောက်တဲ့ဝတ္ထုဆိုတာမျိုးက စာဖတ်သူတစ်ဦးနဲ့တစ်ဦး မတူနိုင်ပါဘူး။ လူမှုအသိုင်းအဝိုင်း၊ပတ်ဝန်းကျင်အခြေအနေအကြောင်းအရပ်ရပ်တို့အပေါ်မူတည်ပြီး တချို့အတွက် သည်းခြေကြိုက်ဆိုပေမယ့် တချို့အတွက်တော့ ခံစားလို့မရတာကို အပြစ်ဆိုမရ။သို့ပေမယ့် ဂန္တဝင်ဝတ္ထုကြီးတွေမှာတော့ ဖတ်သူအပေါင်းကို ကြိုဆိုပြီး သူ့ဆီမှာရှိတဲ့ကောင်းနိုးရာရာတွေကို တည်ခင်းဧည့်ခံတဲ့သဘောရှိတာမလို့ လူတိုင်းလိုလိုကြိုက်ကြတယ်။

ဒီစာအုပ်ဟာ အထက်တန်းအလွှာ အောက်ခြေလူတန်းစား လူမှုရေးပြဿနာအပေါ်မှာ လွတ်လပ်ပြီးစ ခေတ်စနစ်ရဲ့လူတန်းစားပြဿနာ၊နိုင်ငံရေးပဋိပက္ခ၊ပြည်သူနဲ့အစိုးရ၊အုပ်ချုပ်ရေး၊စီးပွါးရေး ဘက်ပေါင်းစုံကို လှပ်ပြလိုက်သလိုပဲ။ကာယကိုးစားရသည့် ကျောမွဲတို့ နဲ့ ကာယအလုပ်သမားတို့ရဲ့အကျိုးအမြတ်ကိုခေါင်းပုံဖြတ်ပြီး စည်းစိမ်ခံစားတတ်ကြသည့် အထက်တန်းလွှာ နှစ်လွှာကြားကွာဟချက်ကို စာရေးသူက သတင်းစာဆရာ ကိုတင်ဦး နှင့်ရွှေတောင်ကြားက သူဌေးသမီးလေး မြိုင် တို့ကို ဇာတ်ကောင်အဖြစ်အသက်သွင်းပြီး ဖြစ်တတ်တဲ့သဘောသဘာဝ ကို ထုတ်နှုတ်ပြထားပါတယ်။

ဒါတင်မက နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြောသွားတဲ့စကားတွေမှာလည်း စာရေးဆရာရဲ့ အာဘော်ကို သိနိုင်တဲ့အပြင် ကိုယ့်နိုင်ငံကြုံရတဲ့အခက်အခဲကို သိလာစေမှာအမှန်ပါပဲ။နောက်တစ်ချက်ကတော့ လွတ်လပ်ပြီးစအချိန်ဆိုတာ နိုင်ငံတစ်ခုရဲ့အချိုးအကွေ့လို့ဆိုရင်လည်းမှားမယ်မထင်ဘူး။ဒီအချိုးအကွေ့မှာ လိုက်ပါကြတဲ့ ပြည်သူလူထုတွေရဲ့သဘောထား အုပ်ချုပ်သူအစိုးရရဲ့သဘောထားစတာတွေက မြင်ကွင်းကျယ်အဖြစ် သတင်းဆရာ ကိုတင်ဦးနဲ့ သူ့မိတ်ဖက်တွေအချင်းချင်းပြောရာမှာ မြင်နိုင်ပါတယ်။ပြည်တွင်းစစ်ရဲ့အစဖြစ်နိုင်တဲ့အကြောင်းရင်း၊နယ်ချဲ့ရဲ့လှည့်ကွက်၊အာရှနိုင်ငံတော်တော်များများရဲ့ကံကြမ္မာကို ပြောင်းလဲစေတဲ့အချက်စတာတွေကို စာရေးဆရာရဲ့ အသိအမြင်အတွေ့အကြုံတို့နဲ့ပေါင်းစပ်ပြီး ဝတ္ထုကတဆင့် စာဖတ်သူတို့ကို ဖော်ပြပါတယ်။

ဒီဝတ္ထုမှာ ကြိုက်တဲ့အချက်တွေက တော်တော်ကိုများတယ်။စာရိတ္တပိုင်းဆိုင်ရာမှာရော အတွေးအခေါ်ပိုင်းဆိုင်ရာ လူမျိုးရေးဆိုင်ရာ အတွေးအမြင်ကောင်းတွေကို တပွေ့တပိုက်ကြီးရတဲ့စာအုပ်ပါ။စာရိတ္တပိုင်းဆိုင်ရာအရဆို ကိုတင်ဦးရဲ့ စိတ်နေသဘောထားတွေက စာဖတ်သူအတွက် အတုယူရမယ့်အရာတွေပါပဲ။ ဆန့်ကျင်ဖက်အနေနဲ့တော့ ကိုသက်တင်လို လူမျိုးရဲ့ စရိုက်တွေ ကိုယ့်မှာရှိနေရင် အချိန်မီပြုပြင်သင့်နေပါပြီ။

ဘယ်မိန်းကလေးကိုမှ မရည်ညွှန်းတဲ့မြိုင်က ကမ္ဘာပေါ်မှာရှိတဲ့ မိန်းမတိုင်းရဲ့ သဘာဝကို ကိုယ်စားပြုဖော်ပြတယ်လို့မြင်မိတယ်။ချုပ်ချယ်မှုမခံလိုဘူး၊တန်းတူအခွင့်အရေးမျိုးရချင်ကြတာချည်းပါပဲ။ယောက်ျားသားကိုမှီခိုရမှ တင့်တယ်မယ်ဆိုပြီးလက်ခံထားကြတဲ့ထုံးတမ်းအစဉ်အလာကိုလည်း ချိုးဖျက်ချင်ကြတယ်။

မြိုင်ဟာ ဆင်းရဲဒဏ်ကိုမခံနိုင်ဘူး ဒီအတွက်လည်း သူ့မှာ အပြစ်မရှိပါဘူး။သူကြုံလာခဲ့ရတဲ့ ဘဝအခြေအနေကနေ ရုတ်တရက်ကြီး ခက်ခက်ခဲခဲပင်ပန်းဆင်းရဲမှုကို တည့်တိုးရင်ဆိုင်လိုက်ရတဲ့အခါမှာ အထည်ကြီးပျက် ဘဝကိုရောက်ရရှာတယ်။ မြိုင်ဟာ ပထမတစ်ခါမှာ ပြဿနာမဖြေရှင်းဘဲ ခေါင်းရှောင်ပစ်တယ်။မရင့်ကျက်သေးတဲ့မြိုင်ဟာ လမ်းမှားကိုရောက်ပြီး သင်ခန်းစာကြီးကြီးရခါမှ ကြုံလာတဲ့ပြဿနာအပေါ်မှာ ဘယ်လိုနည်းနဲ့ပြန်ရင်ဆိုင်မယ်ဆိုတာကို ပြန်ဆုံးဖြတ်နိုင်ခဲ့ပြီး ကိုယ့်ထူးကိုယ်ချွန်နိုင်ခဲ့တယ်။တူနှစ်ကိုယ်တဲအိုပျက်မှာနေရနေရဆိုတာ တင်စားလို့သာကောင်းတာ လက်တွေ့မှာ မြန်မြန်သက်တမ်းကုန်သွားတယ်လို့ဆိုသလိုပေါ့။

"အနှိပ်စက်ခံရမှာ ကြောက်လို့ပဲဖြစ်ဖြစ်၊ အသတ်ခံရမှာ ကြောက်လို့ပဲဖြစ်ဖြစ်၊တိုးတက်မှုနဲ့ အမှန်တရားဘက်က ရပ်တည်မဲ့လူတွေသာ သမိုင်းတစ်လျှောက်မှာ ပေါ်ပေါက်မလာခဲ့ရင် လူ့လောကဟာတိရစ္ဆာန်လောကသာသာလောက်ပဲ ရှိနေဦးတော့မှာပေါ့ မြိုင်ရယ်"

စာအုပ်ကြော်ငြာရင် ခဏခဏဖော်ပြခံရတဲ့ စာသား။ပြောသူကတော့ ကိုတင်ဦး။ဒီစကားအသွားအလာကိုကြည့်ရုံနဲ့တင် မြိုင်’စာအုပ်ထဲက ကိုတင်ဦးကိုတစ်စိတ်တစ်ဒေသ ပုံဖော်ကြည့်လို့ရပါတယ်။ကိုတင်ဦးလိုလူမျိုး ရှိကောင်းရှိမယ် သို့သော်ရှားပါလိမ့်မယ်။အဖိုးတန်သားကောင်းရတနာဆိုတာ ဒီလိုပါလားပေါ့။ ဂျာနယ်ကျော်မမလေးရဲ့ သူလိုလူ ကိုဖတ်ဖူးသူကတော့ ကိုတင်ဦးရဲ့ နိုင်ငံအတွက် ဇနီးမယားကိုတောင်ဝတ္တရားမကျေနိုင်ဘဲ ကိုယ်ကျိုးစွန့်လုပ်ကိုင်ပုံတွေကို တွေ့မြင်ရင် စောဒကတက်ကြမယ်မထင်ဘူး။

ကိုသက်တင်ကတော့ မြိုင်ဝတ္ထုရဲ့ဗီလိန်။ မိဘလောင်းရိပ်မိနေတဲ့ သူဌေးသား။ဘာဆိုဘာမှမလုပ်တတ် သူများသမီးပျိုလေးတွေကို ရိသဲ့သဲ့၊မိဘချင်းသဘောတူစေ့စပ်ထားတဲ့ မိန်းကလေးကို ရင်းနှီးပြီး ယုံကြည်မှု ခင်မင်မှုမှတည်ဆောက်မယ်မကြံသေး၊ ပိုင်စိုးပိုင်နင်း ဆက်ဆံချင်တယ်။သူများသားမယားကိုလည်းမရှောင်ဘူး။ အပျော်အပါးမက်တာသဘာဝပေမယ့် မိန်းမသားတွေအပေါ် အားနည်းချက်ကို အခွင့်ကောင်းယူတတ်တဲ့အပြင် လက်ပါတတ်တဲ့ လူစားမျိုးကတော့ အောက်တန်းကျတဲ့လုပ်ရပ်တွေပဲ။ကိုသက်တင်မှာ ကောင်းကွက်ဆိုရင်တော့ အတော်လေးရှာယူရမှာပါ။ဒီဝတ္ထုက စာရေးသူရဲ့ခံယူချက်တွေ၊ဒဿနတွေကို ကိုယ်စားပြုထားပြီး ဆရာဗန်းမော်တင်အောင်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းလို့တောင်ပြောလို့ရတဲ့ဝတ္ထုလို့ မှတ်သားရပါတယ်။ အကျဉ်းကျစဉ်အတွင်း တစ်ဝက်ကျော်မျှ ရေးသားပြီးစီးပြီး လွတ်မြောက်လာသည့်နောက် မဂ္ဂဇင်းကိုစီမံကွပ်ကဲနေဆဲမှာ မြိုင် ဝတ္ထုကြီးကို အပြီးသတ်ရေးသားခဲ့ပါတယ်တဲ့။မြသန်းတင့်ရေးတဲ့ မုန်တိုင်းထဲကလူ ဆောင်းပါးမှာတွေ့လိုက်ရတဲ့ ဗန်းမော်တင်အောင်ကတော့ ဆူညံရှုပ်ထွေးပွက်လောရိုက်နေတဲ့ ပတ်ဝန်းကျင်အခြေအနေမျိုးမှာတောင် စာကောင်းပေကောင်းတွေကို စျာန်ဝင်စားမပျက် ရေးထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒီ မြိုင်ဝတ္ထုကလည်း ဒီအတောအတွင်းလက်ရာတွေထဲကတစ်ပုဒ်မလို့ အံ့ဩလေးစားမိတယ်။

ဒီဝတ္ထုမှာ စာရေးဆရာရဲ့ ခံယူချက် သဘောထားကိုပီပီပြင်ပြင်ပိုမြင်နိုင်ပြီး အလွှာမတူတဲ့မြေမှာ မေတ္တာပန်း လန်းဆန်းပွင့်ဖို့ ဘယ်လောက်ခက်ခဲလဲမြင်သာစေပါတယ်။ တစ်ဖက်က လိုလာလျှင် ကိုယ့်ဖက်ကပိုပေးရသလို တစ်ဖက်ကပိုလာလျှင်လည်း ကိုယ့်ဖက်လျှော့သင့်လျှော့မှရမယ့်ဆိုတဲ့အချက်၊စိတ်ကူးယဉ်ထဲက ဟီးရိုးဆန်ဆန် လက်တွဲဖော်ဆိုတာမျိုးမှာလည်း တကယ့်တကယ် အိမ်ထောင်ကျတဲ့အခါ ချို့ယွင်းချက်တွေ အားနည်းချက်တွေနဲ့ ကြုံတတ်တဲ့အချက်။ အထက်တန်းစားတွေရဲ့ အထဲကလှိုက်စားပြီး အပုပ်နံ့ထွက်နေတာတွေကိုလည်း ဖော်ထုတ်ပြပါသေးတယ်။ပြောရမယ်ဆိုရင် မြိုင်ဝတ္ထုဟာ ဝတ္ထုတစ်ပုဒ်ဆိုတာထက်ကိုပိုပြီး စာပေဗဟုသုတတိုးစေသလို စာဖတ်ခြင်းအရသာကိုလည်းသိသာစေမယ့်ဝတ္ထုကောင်းပါပဲခင်ဗျာ။

#Youths_book_reflections #မြိုင်
#bookreview #ဗန်းမော်တင်အောင်

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးအင်တာနက်နဲ့ လူနေမှုဘဝ ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်လိုမှသုံးပါရှောင်တာက ကြောက်ခြင်းမဟုတ်