ဂျာနယ်ကျော် မမလေး
လှမြတ်သက်မူ၏ အမည်ရင်းမှာ မလှမူဖြစ်သည်။ ကောလိပ်ကျောင်းသို့ရောက်သည့်နှစ်တွင် ကောလိပ်ကျောင်း၌ မူမူဟု အမည်တွင်ကာမူမူဟူ၍လူသိသူသိများခဲ့၏။ မယ်တက္ကသိုလ် အရွေးခံရသည့်နှစ်၌ တိုင်းသိပြည်သိသတင်းစာထဲတွင် ပုံနှိပ်စာလုံးနှင့်နာမည်ဖော်ပြကြေညာအံ့ဆဲဆဲ သတင်းထောက်များကို လှမြတ်သက်မူ ဟူ၍ စိတ်တိုင်းကျနာမည်ရှည်ကြီးဖြည့်စွက်မှည့်ပေးလိုက်လေ၏။
ထို့ကြောင့် မလှမူသည် မူမူအဖြစ်မှ လှမြတ်သက်မူ ဖြစ်လာရပေသည်။ လှမြတ်သက်မူဆိုသော အမည်သည် မယ်တက္ကသိုလ် အရွေးခံရသည့်နှစ်၌တစ်ကြိမ်၊ဘိလပ်ပြန်ကိုဘမောင်နှင့်မင်္ဂလာဆောင်စဉ်က တစ်ကြိမ်ဤနှစ်ကြိမ်သည်သာလျှင် ပုံနှိပ်စာလုံး၌ အမည်တွင် လိုက်ရလေသည်။ ယခုတော့လည်း မစ္စက်ဘမောင် ဖြစ်နေရ၏။
မူမူသည်သံရုံးတစ်ရုံးမှပေးပို့လိုက်သောဖိတ်စာကတ်ကို ခုံပေါ်မှဆွဲယူကာ အိပ်ချင်မပြေ့တပြေ မျက်လုံးဖြင့် ဖတ်ကြည့်သည်။ ဖိတ်စာထဲ၌ မစ္စတာနှင့် မစ္စက်ဘမောင်ဟု ပါရှိ၏။ ယဉ်ကျေးမှုအဖွဲ့နှင့် မိတ်ဆက်တွေ့ဆုံရန် သံရုံးက ဖိတ်ကြားခြင်းကြောင့် ဧည့်ခံပွဲ၌ ယဉ်ကျေးမှုကပွဲ ကပြလိမ့်မည်ဆို၍ သွားချင် စိတ် ပေါ်လာလေသည်။
မူမူသည် ဖိတ်စာကတ်ကို ခုံပေါ်သို့ ပြန်တင် လိုက်သည်။ လက်မြှောက်၍နာရီကြည့်လိုက်သည်။ ညနေလေးနာရီ မထိုးသေး၍ စောသေးသည်ဟု မျက်လုံးများမှိတ်လျက် ပြန်မှိန်းပြန်သည်။မူမူ့ဘေးတွင် ကိုဘမောင် အိပ်မောကျနေသည်။ ကိုဘမောင်မှာ နေ့လယ်တစ်နာရီလောက် ထမင်းစားပြီး တစ်ရေးအိပ်တတ်၏။ ညနေငါးနာရီလောက်ထမှအိပ်ရေးဝသွားသည်။ မူမူသည် ကိုဘမောင်နှင့် လက်ထပ်ပြီးနောက် နံနက်ထမင်းစားပြီး ကျောခင်းရမှခေါင်းမကိုက်တတ်သူမို့နေကုန်နေခန်း အိပ်တတ်ကြသည့် အကျင့်ချင်း တူကြလေသည်။
မူမူတို့လင်မယားမှာနတ်ဖက်သည့်လင်မယားဟုလူပြောများသည်။အအိပ်စုံမက်သလိုအစားစုံမက်ရာ၌ လည်းနာမည်ရလောက်အောင်ဖက်မိကြသည်။ညစာထမင်းစားပြီးတင်းမတိမ်တတ်ခြင်းကြောင့်ညတိုင်းဆိုသလိုပင် အိမ်က ထွက်သည်။ တရုတ်တန်း၊ ကုလားတန်းသို့ တစ်ပတ်ကျော့မှသာဝမ်းအေးသွားကြသည်။
ကိုဘမောင်ဘိလပ်မှ ပြန်ကာမူမူနှင့် လက်ထပ်ပြီးကတည်းကပင်ပင်ပန်းပန်းအလုပ်လုပ်သူမဟုတ်ပေ။ လခစား အစိုးရအလုပ်လုပ်ရန် စိတ်ပျက်သည်ဟု အကြောင်းပြကာ ရှောင်သည်။ စက်မှုလက်မှု ကိုယ်ပိုင်လုပ်ငန်းကြီးတစ်ခုခုတည်ထောင်ရန်မူမူ၏မိဘများကအရင်းအနှီးထုတ်ပေးမစချင်သည်ကိုပင် ခေါင်းရှုပ်စရာတာဝန်ဟူဟူသရွေ့တို့နှင့်လွတ်လွတ်ကင်းကင်းရှိအောင်ငြင်းလေသည်။
ကိုဘမောင်သည် လက်ထပ်ပြီး ဝတ်လုံတော်ရ ဆိုင်းဘုတ်ကလေးကို မဟာဗန္ဓုလလမ်း၌ သွားချိတ်ထားလိုက်ကာ ၁ဝ ရက်နေမှ တစ်ရက်လောက် ရုံးတက် သူဖြစ်သည်။ ကိုဘမောင်မှာ သားသမီး မရှိ၊ အိမ်ထောင်သက်တစ်လျှောက်လုံး ပူပင်ကြောင့်ကြကင်းသည်။မူမူနှင့်လက်ထပ်ပြီးငွေတိုးချေးစားသောယောက္ခမတိုက်ပေါ်တွင် ရုံးတက်ချင်မှတက်သော အလုပ်နှင့် ငါးနှစ်ခန့် အေးအေးဆေးဆေး နေခဲ့လေသည်။ယောက္ခမများ သေဆုံးကုန်၍ ခယ်မအိမ်ထောင်စုနှင့် အတူတူစုနေကြရာ မျက်နှာပူတော့မှ ယောက္ခမတိုက်ပေါ်မှ ဆင်းခဲ့ပြီး ဦးလေးအိမ်သို့ ပြောင်းရွှေ့လာခဲ့ကြသည်။
ကိုဘမောင်၏ ဦးလေး အတွင်းဝန် ဦးဘသောင်းမှာ သားမယားမရှိ၊ မုဆိုးဖိုကြီးဖြစ်သည်။ ဦးဘသောင်းအိမ်၌ အိပ်ခန်းတစ်ခန်း စိုးပိုင်ထားကြသောကြောင့် အိမ်လခအတွက် ပူပင်သောက ကင်းသည်။
ထမင်းစားချိန် ကျရောက်နေလျှင် အခန်းတံခါးဖွင့်၍ စားပွဲ၌ ဆင်းစားကြရန် အဆင်သင့်ရှိနေ၏။ အဝတ်အ စား၊ အခြားအသုံးအစွဲစရိတ်များအတွက် ယောက္ခမတိုက်ခန်း လခဝင်ငွေများ မှန်မှန်ရှိလေသည်။
အတွင်းဝန်ဦးဘသောင်းအိမ်ပေါ်၌ ခရီးဝေးမှ ခေတ္တတည်းခိုနေသောဧည့်သည်အချိုးအတိုင်းနေ့ရှိသရွေ့ဧည့်သည် လုပ်နေကြလေသည်။ အတွင်းဝန် ဦးဘသောင်းမှာ အိမ်ကပ်သူမဟုတ်ချေ။ ရုံးနှင့် ကလပ်နှင့် အချိန်ကုန်သူဖြစ်သည်။
မူမူသည် ပြန်မှိန်းနေရင်း ညပွဲဝတ်ရန် သေတ္တာထဲမှ ထဘီများကို ရွေးချယ်စိတ်ကူးလျက်ရှိသည်။ ယခုတလော ညပွဲများ၌ အနက်ခေတ်စား၏။ညပွဲတွင်အများအားဖြင့် မျက်နှာဖြူမများ အနက် ဝတ်ဆင်လာကြသည်။ မြန်မာမများလည်းအနက်ရောင်ဝတ်ကြကာ ခေတ်စားနေချေသည်။ အချို့မှာ ထဘီအနက်၊ အင်္ကျီအနက်ပါချုပ်ဝတ်နေကြပြီ။ မူမူသည် အင်္ကျီလုံချည်အနက် ဝတ်ချင်လျက်တစ်ခုသောအကြောင်းကြောင့် အောင့်နေရသည်။အနက်ထဲ၌ မည်းညစ်ညစ်ဖြစ်သွားမည့် ညိုပြာသောအသားကို ငဲ့နေရသည်။
သေတ္တာထဲ၌ ရှိသော ထဘီများအနက် ကုလားပြည်မှလူကြုံနှင့် မှာလိုက်သော ဆာရီအနက်တော့ စိတ်ပျက်သည်။ဆာရီထဘီအနက်မှာပွဲအပေါင်းပေါင်းနွှဲခဲ့ပြီး၍အထပ်ထပ်ထပ်နေချေပြီ။ ရွှေခက် ငွေခက်များ နွယ်ထားသော အဝါနုနုကလေးကိုဝတ်သွားရန် စိတ်ကူးကြည့်ပြန်သည်။ သည်ထဘီမှာ မင်္ဂလာဆောင်ပွဲထိုင်သာ ရွေးဝတ်ခဲ့သည်။ အကြိမ်အရေအတွက် သိပ်မထပ်သေးပေ။ဝါနုနုကလေးကိုဝတ်သွားမည်ဟု စိတ်ကူးကာမှ ထဘီက အောက်မှခံဝတ်ရမည့် အတွင်းခံ ပိတ်ထဘီကတစ်မှောင့် ဝင်နှောက်နေပြန်သည်။
မူမူသည်အဝတ်လျှော်ရန်သူ့လက်ကလေးများ ပုံပျက်သွားမှာ စိုးပူသည်။မူမူ၏လက်ချောင်းကလေးများ ခုံပေါ်၌ချလိုက်လျှင် ကျောက်စရစ်ခဲကလေးများခုံပေါ်တွင် ပုံချလိုက်က ထွက်လာမည့် အသံကဲ့သို့ပင်“ဂျလောက်” ဟု မြည်ထွက်သွားတတ်လေသည်။ လက်သည်းခွံများကို လက်ဆစ်တစ်ဆစ်ခန့် ကာလအတန်ကြာ ဇွဲနပဲနှင့်အရှည်ကြီး မွေးထားကာ ဆေးနီနီရဲရဲကြီး ဆိုးထားလေသည်။
အတွင်းခံပိတ်ထဘီသည်အောက်က ခံဝတ်ထားသော အဝတ်ဖြစ်၍ ဖြူဖြူမည်းမည်း လူမမြင်ဟု ချုပ်ကတည်းကမလျှော်မဖွပ်ဘဲဝတ်ခဲ့သည်မှာငါးလလောက်ရှိတော့မည်။ တစ်ခါတုန်းက ခုတင်ခြေရင်းတွင် ပိတ်ထဘီကိုကွင်းလုံးပုံချွတ်ထားခဲ့စဉ်ဘိလပ်ပြန် ကိုဘမောင်သည် ညစ်မည်းနေသော ပိတ်ထဘီကို အဝတ်ဟောင်းတစ်ခုအမှတ်ဖြင့်နောက်ပိတ်ဖိနပ်ပွတ်သုတ်သွားခြင်းကြောင့် ဟောင်းရာမှ ပိုညစ်သွားသည်။
မူမူသည် ပဝါသားကဲ့သို့ ခပ်ပါးပါး ရွှေထဘီ ပျော့အောက်၌ ညစ်ထပ်ထပ်ပိတ်ထဘီကို ထပ်မံ စိတ်ကူးကြည့်ရာတွင်ဝါနုနုရွှေထဘီမှာ ခဲသားရောင် ပြောင်းသွားလျက် ညိုညစ်ညစ်ဖြစ်နေကာ အဟောင်းနှင့်တူနေတော့သည်။ ခုနေအလျှော်လည်းညပွဲအမီ ခြောက်နိုင်မည်မဟုတ်၍ ပိတ်ထဘီဟောင်းနှင့် ခံဝတ်၍ ဖြစ်မည့် ထဘီများကို ရွေးရ၊ စိတ်ကူးရပြန်လေသည်။
ဟိုတစ်ထည်လည်း မကြိုက်၊ သည်တစ်ထည်လည်း နေရာမကျ။ တစ်ထည်ပြီးတစ်ထည် စိတ်ကူးဖြင့် ရွေးရှာကြည့်သည်ပင် အမောသား၊တစ်ထည်စီတစ်ထည်စီရွေးရင်းရင်ထဲ၌ကျပ်ချင်သလိုလို၊ခေါင်းသည်လည်းအုံတုံတုံ၊နားထင်ထဲသွေးရောက်လာကာ တစ်ထည်မှ စိတ်တိုင်းမကျချေ။
မူမူနှင့် ကျောချင်းကပ်လျက် တခေါခေါ ဟောက်နေသော ကိုဘမောင်၏ အသံကြီးမှာ အာခေါင်တွင်ကပ်၍ လျှာလိပ်ဟောက်နေခြင်းကြောင့်လက်တလောနားထင်ထဲ သွေးရောက်လာသော ဝေဒနာကို တိုးလာစေသည်။ လျှာနှင့် လိပ်ထွက်နေသော အပြင်းအထန်ဟောက်သံကြီးသည်နားကျိန်းလာသည်။မူမူသည်ကိုဘမောင်၏ ခါးကို တံတောင်နှင့်သုံးလေးချက်ဆောင့်တွက်ပစ်လိုက်သည်။
ကိုဘမောင်၏ ဟောက်သံသည် တုံ့ဆိုင်းသွားသည်။ အင်... ဆိုသော အသံကြီးကိုကြာရှည်ဆွဲကာ လေးတွဲ့တွဲ့ ညှစ်ထုတ်လျက် ပက်လက်လန်လှန်လိုက်သည်။မကြာခင်သောအချိန်ကာလအပိုင်းအခြားအတွင်းကိုဘမောင်သည် တစ်ဖက်သို့ ပြန်စောင်းသွားကာ ဟောက်သံကြီး ပေါ်ထွက်လာပြန်သည်။
မူမူသည် အိပ်ရာမှ ငေါက်ခနဲ ထလိုက်သည်။ ကိုဘမောင်၏ လက်ပြင်ကြီးကို လက်သီးနှင့် ထုပစ်ခဲ့ကာစိတ်နှင့် မာန်နှင့် ခုတင်ပေါ်မှ ဆင်းလိုက်လေသည်။ကြမ်းပြင်ပေါ်၌ အမှုန့်များ ပက်ဖြူးထားသကဲ့သို့ ဖုံနေသော ဖုန်တို့သည်ဒေါနှင့် မောနှင့် နင်းသွားသော ခြေရာတွေကို ပုံကျကျတသီကြီးဖော်ပြကြလေသည်။
မူမူသည် ခုတင်ခြေရင်းရှိ မှန်ခုံရှေ့၌ ရပ်ကာ မှန်ထဲကြည့်လိုက်သည်။မှန်သားပေါ်၌အကွက်များ၊အစက်များဖြင့်ရှုပ်ရောမှေးမှိန်နေသဖြင့်အားမရ၍ မျက်နှာနှင့် မှန်နှင့် ကပ်ကာအားပြု၍ ကြည့်ရလေသည်။နေ့လယ် တစ်ရေးဝဝကြီး အိပ်ထားသောကြောင့် မျက်ခွံကလေးသည်မို့နေသည့်အတွက်ကျေနပ်သွားသည်။မျက်ခွံအထက်ကမျက်ခုံးနှစ်ဖက်မှာ တင်ထားသလိုတန်းသွယ်လျက်ရှိ၏။ အရင်းတုတ်တုတ်၊ အဖျားသွယ်သွယ်၊ မပါးမတူရှိအောင်ဂရုစိုက်လျက် နေ့စဉ်နှင့် အမျှ ပြုပြင်ပေးသည်။ မျက်ခုံးကို ပုံကျမကျစစ်ဆေးကြည့်နေရင်းကျောင်းနေဖက်မေဂျာဖေသက်ကိုသွားသတိရသည်။မေဂျာဖေသက်မှာနိုင်ငံခြားသွားမည်ဖြစ်၍ အကယ်၍ ညပွဲ၌ဆုံမိကြလျှင် မျက်တောင်မွေးကြီးများအထက်သို့ ကော့မတင်ပေးနိုင်သော ကိရိယာတန်ဆာပလာများမှာလိုက်ဖို့ရာသတိထားလိုက်လေသည်။
မူမူသည် မှန်ပေါက်ထွက်မတတ်မျက်နှာနှင့် မှန်အပ်ထားလျက်စင်းကျနေသော နှာတံကလေးကို သုံးလေးခေါက်မျှ တည့်တည့်၊ဘေးစောင်းလုပ်ကြည့်နေသည်။သုံးလေးခေါက်စလုံးအားရနှစ်သိမ့်သွားလေ၏။
ကောလိပ်ကျောင်း၌အမည်မသိသောသူများကမူမူကိုနှာတံပေါ်ပေါ်နှင့် ဟု ဝိသေသ အထူးအမှတ်သားပြုပြောကြတာ ဘယ်တော့များမှမမေ့၊မှန်ကြည့်တိုင်းအမှတ်ရရရှိသည်။
ကျောင်းထွက်မှ အိမ်တွင်နေ့ရှိသရွေ့စားပြီးအိပ်၊အိပ်ပြီး စားရှိနေရ၍ ပုံပန်းပျက်ကာ အလွန်ဆူဖြိုးသောကိုယ်လုံး ကိုယ်ထည်ကြီးကို နည်းနည်းလေးမှ စိတ်တိုင်းမကျသည်မှတစ်ပါး ဘယ်တော့ကြည့်ကြည့် လှနေသောမျက်နှာ၏အလှကို အားအထားဆုံး ဖြစ်ပေသည်။
မူမူ၏အကြည့်သည် မျက်ခုံး၊ မျက်လုံး၊ နှာတံမှဆင်းလာခဲ့ကာ နှုတ်ခမ်းပေါ်တွင် ဝဲနေလေ၏။ မူမူသည် နှုတ်ခမ်းကလေးကိုစိမ်ပြေနပြေကြည့်နေရာက ခုတင်ဘေး၌ရှိသော စားပွဲခုံဘက်သို့ ဆတ်ခနဲလှည့်ကြည့်လိုက်သည်။စားပွဲခုံပေါ်၌ ကိုဘမောင်၏ အမှုတွဲများမှာအနေ့နေ့အရက်ရက်ကအတိုင်းဖရိုဖရဲပုံယိုင်လျက်ရှိ၏။ ကိုဘမောင်၏ ဆေးပြင်းလိပ်တိုများနှင့် ပြာပုံသည်လည်းပြန့်ကျဲလျက်ရှိနေ၏။ မနေ့ညက အိပ်ရာဝင်ခါနီး စားထားကြသော မြေပဲလှော်ခွံများမှာ ခုံပေါ်၌ ပွပွလျက် မနေ့ညက ပုံအတိုင်းပင်ရှိသည်။
ပုရွက်ဆိတ်များသည် မြေပဲခွံတွေထဲ၌ တပျော်တပါးကြီး အုံဖွဲ့ပြေးလွှားနေကြရင်း တစ်နေရာ၌ ရှိသောကွမ်းယာထုပ်ထဲသို့ လမ်းမှားရောက်သွားကြရာမှ တသီတတန်းကြီး ပြန်ပြေးထွက်ကြလျက်နှုတ်ခမ်းပြတ်သတ်နေသည့် နှီးခွက်စုတ် တင်ထားသော ရေတ ကောင်းအိုးပေါ်တွင် ကြောင်အိမ်လှေကားတက်ကြသလို ကွေ့ပတ်ပြေးတက်နေကြလေသည်။ ရေခွက်ထဲ၌ တစ်ဝက်ခွေနေသော စံပယ်ကုံးသည် ညှိုးဝါးနေကာ တစ်ဝက်မှာ ရေတကောင်းပေါ်သို့ ကြိုးစတန်းလန်းနှင့် တွဲလောင်းကျလျက်ရှိသည်။
ဘားမားစတား၊တိုင်းရင်းမေ၊စုံထောက်ဝတ္ထု၊ဟောလိဝုဒ်ရုပ်ရှင်စာစောင်များမှာနှစ်နှင့်ချီ၍ခုံပေါ်၌ ဖုန်လူးနေကြလေသတည်း။
မူမူသည် စားပွဲခုံသို့ လှည့်ကြည့်လိုက်သည့်အခါ ခုံပေါ်၌ မြင်မကောင်းအောင်စုပေါင်းနေသော ဤအရာတွေကို မမြင်လေသည်၊ မြင်လေသည်မဆိုနိုင်။မက်စ်ဖက်တာ ကုမ္ပဏီမှ လက်ဆောင်ပေး၍ စားပွဲပေါ်၌ ထောင်ထားသောရုပ်ရှင်မင်းသမီးဂျက်နက်လေး၏ ပုံကားကို ကွင်းကြည့်လိုက်သည်။
နှုတ်ခမ်းရဲရဲဆိုးထားသော ရုပ်ရှင်မင်းသမီး ဂျက်နက်လေး၏နှုတ်ခမ်းလေးကို စိုက်ပြီးကြည့်လျက် သူ့နှုတ်ခမ်းလေးနှင့် ဆင်မဆင်၊တူမတူမှန်ထဲထည့်ပြီးကြည့်နေသည်။ အပေါ်နှုတ်ခမ်းသည် ခလယ်၌ ချိုင့်ကာအထက်သို့.ခုံးမို့ပြီးမှ ကျသွယ်ရှူးလျက် အောက်နှုတ်ခမ်းသည် ပွင့်အာလန်ကျနေသော နှင်းဆီပန်းနှင့် တူရမည်ဖြစ်သည်။
ဘာပြောပြော မျက်နှာပဲ စိတ်တိုင်းကျသည်။ မျက်နှာပဲ ကျေနပ်သည်။သည်မျက်နှာပိုင်ရှင်မျိုးသည် ဘာမျှအရေးထားစရာ မဟုတ်၊ ဘယ်လိုနေနေ ဘယ်လိုဝတ်ဝတ် လှသည် ချောသည်ပင် ဖြစ်ရမည် ဟု စိတ်ချယုံကြည်လိုက်သည်။
မူမူသည်မှန်ဝအောင်ကြည့်ပြီးနဖူးပေါ်၌ ကောက်လိပ်ကျနေသောဆီနှင့်မထိရသည့်လှိုင်းဆံပင်ကို ကောက်သည်ထက် ကောက်လိမ်စေရန် ရေမချိုးခင် ဝိုင်ယာကြိုးနှင့်လိပ်ထားဖို့အတွက်ဝိုင်ယာကြိုးလိုက်ရှာလေ၏။မှန်ခုံမှာရှေးရှေးက ပုံစံဘဲဥသဏ္ဌာန်မှန်တွင် သစ်သား ပန်းပွင့်များဖြင့် ထွင်းကပ်ထားသည်။ ဆွဲအံအသေးလေးနှစ်ခု မှန်အောက်၌ရှိ၏။ ဆွဲအံကလေးနှစ်ခုကို ဖွင့်ရှာရာတွင်အထဲ၌ပစ္စည်းများပြည့်ကျပ်နေလေ၏။ပြည့်နေသောပစ္စည်းများမှာဘာတွေမှန်းကျကျနနမမှတ်မိ။တစ်ခါမှလည်းမရှင်းမကြည့်၍ဘာတွေမှန်းသေသေချာချာမပြောနိုင်ချေ။ဓာတ်မီးခဲကြိုး၊ဝိုင်ယာကြိုးသာအတွင်ရှာသည်။အထက်အံဆွဲငယ်လေးနှစ်ဖက်၌ မတွေ့၍ ခုံအောက်က အံဆွဲကြီးကို ဆွဲဖွင့်လိုက်သည်။
အံဆွဲထဲ၌ စိတ်ရှိလက်ရှိ ဖွေရှာပစ် လိုက်ရာ ကိုဘမောင်၏ အပေါ်အင်္ကျီ၊ ရှပ်အင်္ကျီ၊ စွပ်ကျယ်၊ ပုဆိုးစသော အဝတ်အထည်များမှာ မူမူ၏ ပန်းရောင်ကြိုးသိုင်းခုံမြင့်ဖိနပ်နှင့် လိပ်ထွေးလုံးပတ် ရှုပ်ပွသွားလေသည်။
အောက်အံဆွဲကို ဖွင့်ရှာပြန်သည်။ ချည်ထဘီ၊ ပိုးထဘီ၊ ထဘီတစ်ပတ်ရစ်တွေထိုးသိပ်ထည့်ထား၍ အံဆွဲနှင့် ညပ်နေသည်။ အီကွဲမှာတော်တော်နှင့် ဖွင့်မရ၊အားထုတ်ပြီး ဆောင့်ဆွဲဖွင့်တော့မှ ပွင့်တော့၍ ချွေးကျလာသည်။ ဆံပင်လိပ်ရန် ဝိုင်ယာကြိုးကိုင် အပူတ ပြင်းလိုက်ရှာတော့မှအံဆွဲထဲ၌ယခင်လက မသန့်ရှင်းသောထဘီများမလျှော်ရသေးဘဲခေါက်ထိုးထည့်ထားကာ ွားတွေ့မိသည်။တစ်နေ့မှပဲတစ်နေ့မှပဲဟု လျှော်ရန် စိတ်မှတ်ထားလိုက်သည်။ အံဆွဲတစ်ခုလုံး မွေဖွကြည့်သော်လည်း ဝိုင်ယာကြိုးကိုမတွေ့သဖြင့် စိတ်အိုက်အိုက်နှင့် ပြန်ဆောင့်ပိတ်ပစ်လိုက်သည်။
မှန်ခုံပေါ်၌ ရှိရှိသမျှ ဘူးခွက်တို့ကို ဖွင့်မှောက် ရှာသည်။ရေမွှေး၊ပေါင်ဒါ၊ခေါင်းလိမ်းဆီ၊မိတ်ကပ်စသော မက်စ်ဖက်တာများ ခုံပေါ်၌ရှုပ်ယှက်ခတ်သွားတော့မှဝိုင်ယာကြိုး ဘယ်မှာ ရှိမှန်း သတိရလေသည်။ မူမူသည် ခေါင်းအုံးအောက်၌ပြေးယူလေသည်။
ကိုဘမောင်သည် ဒုန်းဒိုင်း အသံဗလံများကြောင့် နိုးသွားလေသည်။မူမူသည်ဝိုင်ယာကြိုးယူရန် ခေါင်းအုံးကို မ.ဖယ်ပစ်လိုက်ရာ ကိုဘမောင်၏ မျက်နှာပေါ်သို့အုပ်ကျသွားသည်။
“ဟေ့… ဘာလုပ်နေတာလဲကွ” ကိုဘမောင်သည် မျက်နှာပေါ်ကျလာသောခေါင်းအုံးကိုခြေရင်းဘက်သို့ပစ်လိုက်ပြီးနောက် အာလေးလျှာလေးသံကြီးနှင့် မေးလိုက်သည်။“ထလေ ကိုရဲ့၊ ငါးနာရီထိုးတော့မယ်။ ညပါတီသွားရမှာ”ကိုဘမောင်မှာ အိပ်ရေးမဝသေးချေ။ ညနေခြောက်နာရီမှထကာ ရေချိုးအဝတ်လဲလည်း မူမူ့ကို သူက စောင့်ရဦးမှာ မြင်ယောင်သေးတော့၍ မထဘဲ ပြန်မှိန်းအိပ်ပြန်လေသည်။
မူမူသည် ရှေ့၌ ကျနေရမည့် လှိုင်းဆံပင်ကို ဝိုင်ယာကြိုးနှင့် ညှပ်၍ ပူးလိပ်လိုက်ကာ နဖူးထိပ်၌ ကွေးစုထားလိုက်ပြီးနောက် ဆံပင်ကို ခပ်မြင့်မြင့်ဖြီး၍ လိပ်ခွေထုံးထား လိုက်လေ၏။ ခေါင်းဖြီးပြီး၍ အင်္ကျီများချွတ်ကာ ထဘီ ရင်ရှားလေ၏။ ရေမချိုးဘဲ ညပွဲဝတ်သွားမည့် အင်္ကျီထဘီများကို အသင့်ထုတ်ထားရန်ရှိသေး၍ ခုတင်အောက်က သားရေသေတ္တာကြီးကို ဆွဲထုတ်ယူလေသည်။
အပိုင်း(၂)ဆက်ရန်...
#လှတစ်မျက်နှာ
#ဂျာနယ်ကျော်မမလေး
Keep Reading