Vanessa
သူစိမ်းဆန်သောအရာတစ်ခုနှင့် ရင်းနှီးကျွမ်းဝင်ရန် အစပျိုးခဲ့သည့်အချိန်ကား ၂၀၁၃ခုနှစ်။ ကျွန်တော် တံငါသည်ဘဝမရောက်ရေး အဖအရေးဆိုသော တစ်ချက်လွှတ်ဥပဒေကြောင့် ငယ်မွေးခြံပေါက်ပင်လယ်နားနီးဒေသ၊ ချစ်လှစွာသောဖခင်၊ ခြံထဲမှာတင်ဥလာပြီး ခြံထဲမှာပင် စတည်းချနေထိုင်သော ကြက်ဖ ... ထို ထိုသော ခင်တွယ်စရာအနည်းငယ်တို့ကို ချန်ရစ်ပြီး အသက်မွေးဝမ်းကျောင်းဖို့ရာ သည်အရပ်ကို ကျွန်တော် မဖြစ်မနေခြေချခဲ့ရသည်။ သည်အရပ်ကို “မြို့ပြ”ဟု အစွဲပြုသည်။
မြို့သားတစ်ယောက်အတွက် အထူးတလည်မဟုတ်သော်ငြားလည်း မြို့နှင့်အလှမ်းဝေးပြီး မြို့ကိုအခါအခွင့်သင့်မှ တစ်ခါတစ်ခေါက်ရောက်သည့် ဆင်ခြေဖုံးရွာငယ်လေးမှ ကျွန်တော့်အတွက်တော့ ခြေနင်းရာ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းများနှင့် သိပ်အသားမကျ။ ကြေးမြင့်အစားအစာများအား အနားမကပ်ဝံ့သလို အိမ်အမြင့်ကြီးများကို မော့ကြည့်ရသည်မှာလည်း ဇတ်ညောင်းလှ၏။ လူအုပ်ကြားထဲ ဖြတ်လျှောက်ရသည်ကိုပင် အသက်ရှူမဝဟု ခံစားမိသည်။ ကားလမ်းကူးလျှင်လည်း သတိကြီးကြီးထားရ၏။ ရည်ရွယ်ချက်ဖြင့် ခြေဦးလှည့်ပြီးမှတော့ ရှေ့ဆက်လျှောက်ခြင်းသည်သာ တစ်ခုတည်းသောရွေးချယ်မှု ဖြစ်ခဲ့သည်။ တော်သေးသည်က လက်ထဲရှိသည့်ငွေတစ်ချို့နှင့် ဈေးပေါပေါ အဆောင်တစ်ခုတွင် ခြေဆန့်ရုံအခန်းတစ်ခန်းကိုတော့ အလျင်အမြန်ငှားလိုက်နိုင်သည်။ မြို့ပြနှင့်အစကောင်းခဲ့သည်ဟုပဲ ဆိုရမည်။
ခြေလျင်ဖြင့်ခရီးမပေါက်သည့်အရပ်တွင် အလုပ်ရှာဖွေရေးအတွက် ကားခအမြောက်အများကုန်ခဲ့၏။ သို့သော် ကုန်ရကျိုးနပ်ပါသည်။ လစာ တစ်သိန်းနှစ်သောင်း (၁၂၀၀၀၀ိ/)ကျပ်ဖြင့် မိတ္တူဆိုင်တစ်ဆိုင်တွင် အလုပ်ဝင်လုပ်ပြီး ကိုယ့်အစာအိမ်အတွက် ကိုယ်တိုင်တာဝန်ယူနိုင်ခဲ့သည်။ အိမ်ကိုတော့ဖြင့် တစ်ပြားတစ်ကျပ်မှ မထောက်ပံ့နိုင်ခဲ့။ တာဝန်ကျေမှုဆိုသည်ကို အကောင်အထည်မဖော်နိုင်သေးသ၍ ကျွန်တော် အင်အားရှိသလောက် ရုန်းခဲ့ပါသည်။ သင်ယူနိုင်သမျှ သင်ယူခဲ့၏။ လုပ်ငန်းခွင်အတွင်း ပြိုင်ဆိုင်မှု၊ ပုတ်ခတ်မှု၊ ထိုးနှက်မှု၊ ရိုင်းပင်းမှု၊ ကိုယ်ချင်းစာမှု စသဖြင့် မျိုးစုံရင်ဆိုင်ခဲ့ပြီးနောက် မြို့ပြကိုရောက်ပြီး တစ်နှစ်ခွဲလောက်အကြာတွင် အနေအစားချောင်သည့်အပြင် အနေအထားတစ်ခုပါရောက်လာပြီမို့ ဖခင်၏ဖြစ်စေချင်သည့်စေတနာသရုပ်ကို သဏ္ဌာန်ဖော်ပေးနိုင်ခဲ့သည်။ ဒါက မြို့ပြ၊ ကျွန်တော်နှင့် ဖခင်တို့ကြားက ကျွန်တော်သတ်မှတ်လိုက်သည့် ပထမဆုံးသော မှတ်မှတ်ရရ ပျော်ရွှင်မှုတစ်ခု။
စာမဖွဲ့လောက်သော အခြေအနေအရပ်ရပ်ကို တကူးတကစာဖွဲ့နေခြင်းဟု မြင်နိုင်သော်ငြားလည်း မြို့ပြကို တစ်ကောင်ကြွက်ဘဝနှင့်ရင်ဆိုင်ရသည်က နက်နဲသည်မို့ ရင်ထဲစွဲသလောက် တစ်ချိုးတစ်ကွေ့ချင်းစီတိုင်းကို ဖော်ပြချင်သည့်ဆန္ဒအပြည့်အဝ ရှိပါသည်။ တစ်ဆစ်ချိုးဆိုလို့ ကျွန်တော် မြို့ပြသူတစ်ယောက်နှင့် ချစ်သူဖြစ်သည့်ကဏ္ဍလည်းပါသေးသည်။ ချစ်စကြင်စရယ်မို့ အဆင်ပြေသည်က ကာလကြာ နှစ်ပေါက်ခဲ့၏။ သည်လိုဆိုတော့ဖြင့် ယခင်ကခက်ထန်သည့် မြို့ပြကြီးကိုတောင် ကျွန်တော့်အတွက် ပျော်စရာအတိဟု မှတ်ထင်မိသည့်အချိန် ဖြစ်သည်။ သို့သော် စရိုက်မတူ လူနှစ်ဦး ပေါင်းဖက်ဖို့အထိ ကံမပါခဲ့သည့်အကြောင်း တွေးမိလျှင် မြို့ပြကိုပဲလက်ညှိုးထိုး အပြစ်တင်ပစ်လိုက်ချင်သည်။ ချစ်သူကိုတော့ အပြစ်မဆိုရက်ချေ....
ကျွန်တော် မြို့ပြကို တစ်ပတ်တာစွန့်ခွာဖြစ်ခဲ့သည်က ၂၀၁၈ခုနှစ်။ ဖခင်ကွယ်လွန်သည်။ နှောင်းမှ “ကင်ဆာ”ဟုသိရသဖြင့် အနီးကပ်ရှိမနေနိုင်ခဲ့သည့်အပြင် အလည်တစ်ခေါက်မရောက်ဘဲ မြို့ပြတွင်သာအချိန်ကုန်မှန်းမသိ ကုန်နေခဲ့သည့် ကျွန်တော့်ကိုယ်ကျွန်တော် ဒေါသဖြစ်မိသည်။ ဖခင်နှုတ်မှပြောသည့် “သဗ္ဗေသတ္တာ ကမ္မသကာပဲ”ကို အထပ်ထပ်ကြားယောင်ရင်း မြို့ပြသို့ တစ်ဖန်ပြန်ခဲ့သည်။ ကျွန်တော့်တွင် မှေးစက်နားခိုဖို့ရာ မြို့ပြသာရှိတော့သည်။ တိတ်တဆိတ် ငိုကြွေးခြင်းကိုလည်း မြို့ပြသာလျှင်သိလိမ့်မည်။
မကြည်လင်သောစိတ်ကြီးစိုးပြီး ထိုနေ့က အလုပ်ထဲရှိ လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့် စကားအချေအတင်များကာ ထိုသူ၏နှာခေါင်းတည့်တည့်ကို လက်သီးဖြင့် သုံးချက်ဆင့်ထိုးမိခဲ့၏။ ဤကောင်းမှုဖြင့် အချုပ်ထဲတွင် နှစ်ညအိပ်ပြီး ကျွန်တော့်၏တောင်းပန်တိုးလျှိုးမှုကြောင့် နောက်ရက်တွင်တော့ ပြန်လွတ်လာသည်။ မုဆိုးမသွားရာ မိုးလိုက်ရွာသည်မဟုတ်ဘဲ ကိုယ်တိုင်က မိုးရွာအောင်တမင်လုပ်မိသည်ဟုပင် မှတ်ထင်မိသည်။ အလုပ်ပြုတ်ပြီဆိုသည်ကိုတော့ ရှင်းပြစရာပင်မလိုအောင် နားလည်ပေလိမ့်မည်။ အမှားကျူးလွန်မိသည်ကလည်း လူသားဆန်ခြင်းဆိုသည်ကို မည်သူမျှနားမလည်သည့်တိုင် မြို့ပြကြီးတော့ နားလည်လိမ့်မည်ဟု ကျွန်တော်ယုံသည်။
အရာအားလုံးကို ကျွန်တော်ထားခဲ့ချင်တော့သည်။
ကျွန်တော့်ဘေးတွင် တီးတိုးသံတစ်ခု ကြားနေရ၏။
ကျွန်တော့်ကိုအားတင်းထားဖို့ရာ မြို့ပြကြီးက အဖော်ပြု စကားပြောပေးနေသည်။
ကျွန်တော်အသက်ရှုမနေတော့သည်ကိုလည်း ကျွန်တော့်ကိုယ်ကျွန်တော် တစ်ချက်တစ်ချက်သတိထားမိ၏။ ခက်ခဲပင်ပန်းမှု၊ ပျော်ရွှင်မှု၊ ကြေကွဲဝမ်းနည်းမှု၊ လွမ်းဆွတ်သတိရမှုစသည့် ခံစားချက်ထွေလီကာလီမှန်သမျှကို ကျွန်တော်မြို့ပြနှင့်အတူ စွန့်ခွာပစ်ခဲ့ပြီဖြစ်သည်။ မြို့ပြကြီးကိုလည်း အပြီးတိုင်နှုတ်ဆက်ပါသည်။ ကျွန်တော်မရှိတော့သည့်နောက် မြို့ပြနှင့်ကျွန်တော်၏ ပတ်သက်မှုကို မြို့ပြကြီးသာအသိဆုံးဖြစ်ပြီး သူတစ်ဦးတည်းသာ ကျွန်တော့်ကို သတိရကောင်းရနေပေလိမ့်မည်။
ရုတ်တရက် ကျွန်တော်အိပ်မက်က လန့်နိုးလာသည်။
၂၀၂၀ခုနှစ်၊ မြို့ပြသို့ အသွား....
စာရှင် - Vanessa ✍
Keep Reading