Author's Profile Photo

Aung Kyaw Soe

18/11/2024

တော်စတွိုင်း၏ ပျားရည်စက်လေးများ

1 min read
Art

လူတစ်ယောက်ဟာ သားရဲတစ်ကောင်လိုက်လို့ထွက်ပြေးရင်း ရေတွင်းထဲကိုပြုတ်ကျသတဲ့
ဒါပေမယ့်အောက်ထိမကျဘဲ ရေတွင်းနံရံမှာပေါက်နေတဲ့ သစ်ကိုင်းတစ်ကိုင်းကိုဆွဲမိထားတယ်တဲ့
အောက်ငုံ့ကြည့်တော့ သူ့ကိုစားဖို့အသင့်စောင့်နေတဲ့ နဂါးတစ်ကောင်က ပါးစပ်ကြီးဟလို့
သူဆွဲထားတဲ့သစ်ကိုင်းကိုလည်း ကြွက်ဖြူနဲ့ကြွက်မဲနှစ်ကောင်က တစ်တိတိနဲ့ ကိုက်ဖြတ်နေသတဲ့
တော်စတွိုင်းကတော့ လူ့ဘဝကိုဒီလို ခိုင်းနှိုင်းခဲ့တယ်
မစန္ဒာက သူ့ဝတ္ထုထဲမှာ သားရဲကြီးဆိုတာ လူ့ဘဝမှာကြုံရတဲ့ သောက ဗျာပါဒ ဒုက္ခတွေကို တော်စတွိုင်းက တင်စားခဲ့ဟန်တူတယ်လို့ ရေးဖူးတယ်
ဒါတွေနဲ့ လုံးချာလည်လိုက်ရင်း နဂါးခံတွင်းဝဆိုတဲ့ သေမင်းဆီကို တစ်နေ့ကျ ရောက်ရမှာပဲပေါ့
ကြွက်ဖြူနဲ့ကြွက်မဲဆိုတာကတော့ လူ့ဘဝကို တရွေ့ရွေ့ကုန်ဆုံးစေတဲ့ နေ့နဲ့ညကို တင်စားထားတယ်တဲ့
စိတ်ပျက်စရာ လူ့ဘဝကြီးပဲပေါ့လေ
ဒါပေမယ့်ဒီလိုအခြေအနေမှာ အဲ့ဒီလူဟာ ငိုယိုမနေဘူးတဲ့
ဘာလုပ်နေလဲဆိုတော့ သစ်ကိုင်းကသစ်ရွက်ကလေးတွေမှာ တင်နေတဲ့ ပျားရည်စက်ကလေးတွေကို လျှာနဲ့လိုက်လျက်နေသတဲ့
တော်စတွိုင်းရဲ့ ဒီပျားရည်စက်ကလေးတွေဟာ ကန္တာရထဲက အိုအေစစ်လေးလို စိတ်ပျက်စရာလောကကြီးထဲဖြတ်သန်းရင်း ကြုံတွေ့ရတဲ့ ချိုမြိန်တဲ့အခိုက်အတန့်လေးတွေကို တင်စားထားတာဖြစ်ပါလိမ့်မယ်

ကိုယ်တွေငယ်ငယ်က အိမ်မှာ မနက်လင်းတာနဲ့မိသားစုဝင်တွေအကုန် တာဝန်ကိုယ်စီ အလုပ်ကိုယ်စီနဲ့မို့ တစ်စုတစ်စည်းထဲ မရှိကြတာများပါတယ်
ကျောင်းပိတ်ရက် မောင်နှမတွေ အိမ်ကပ်တော့လည်း တကူးတကမစုမိကြပါဘူး
ဒါပေမယ့် မိသားစုဝင်တွေအကုန် စုံတဲ့အချိန်လေးကတော့ ညစာထမင်းဝိုင်းလေးပါပဲ
အိမ်မှာက ထမင်းကို စုပြီးပဲစားကြတာများပါတယ်
ဗိုက်ဆာလို့ဆိုပြီး ထမင်းစောစားနှင့်တဲ့သူမရှိ
ထမင်းဝိုင်းဆိုတာ မိသားစုဝင်တိုင်း မဖြစ်မနေတက်ရောက်ကြတဲ့ စုံညီပွဲလေးပါပဲ
အခုအိမ်နဲ့ဝေးတဲ့အချိန်မှ ပြန်တွေးမိတော့ ဒီထမင်းဝိုင်းလေးက ကိုယ်တွေမိသားစုရဲ့ ချိုမြိန်တဲ့အခိုက်အတန့် ပျားရည်စက်ကလေးတွေပေါ့
မိသားစုဝင်တွေရဲ့အပြုံးတွေ အတူထားခဲ့ကြတဲ့နွေးထွေးမှုတွေ ဂရုစိုက်မှုတွေ ချစ်ခြင်းမေတ္တာတွေအကုန်ဟာ အစားထိုးမရတဲ့ ဘဝရဲ့ပျားရည်စက်ကလေးများပါပဲ

ဘေးမှာတော့ ရေပတ်လည်ဝိုင်းနေပါရဲ့
ဘဝမှာ ဖောင်စီးရင်းရေငတ် ဆိုတဲ့အခြေအနေတွေကြုံရလေလေ မိသားစုရဲ့ မေတ္တာရေချိုလေးတွေကို သတိရမိလေလေပါပဲ
သြော် ရေမနစ်ဖို့ကို မနည်းကြိုးစားနေရပါသော်ကော

#အောင်ကျော်စိုး




Keep Reading

မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie ReviewElio (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်