Min Pyae Mon
အမေ့ရဲ့ထီး (ခ) မိညို
ဝတ်ထုတို
ရေးသူ...မင်းပြည့်မွန်
....၁....
တော်သလင်းနေက ပူလှ၏။ ခေါင်းပေါ်မှာ နင့်နေအောင် ရွက် ထားရသော စျေးတောင်းကြီးအပြင် ငါးခြောက်၊ ငပိ၊ ရေကျိုငပိ အစုံလင်ကို လက်ကနေဆွဲလွဲကာ သယ်ယူရောင်းချသည့် မိညိုသည် အညာဘက်မှာနေသည့် အောက်ပြည်အောက်ရွာထွက် ကုန်သည်တစ်ယောက် ဖြစ်သည်။ မြို့ကြီးနှစ်မြို့ကို ဆက်သွယ်ထားသည့် ကားလမ်းကနေ ၁၅မိုင်ခန့် ဝင်ရသည့် မြေနီကျောက်စရစ်ရောရာ ခင်းထားသော မိညိုရဲ့ ဇာတ်ိချက်ကြွေ မရမ်းကုန်းရွာငယ် မွေးဌာနေမှာ မိညိုက တစ်ဦးတည်းသော ပင်တိုင် အောက်ပြည်ထွက်ကုန်စျေးသည်ဖြစ်သည်။
တောသူတောင်သားအများစုသည် သားရယ်၊သမီးရယ်အတွက် ၊ အိုစာမင်းစာအတွက် ခြွေတာတတ်ကြသည်မို့ မိညိုရဲ့ ငါးခြောက်ထွက်ကုန်က အလွန်တာသွားလှ၏။ သားကြီး ငါးကြီး ဟူ၍လဲ ပေါပေါများများမရှိတတ်သည့်ရွာငယ်၊ ပဲမျိုးစုံ၊ နှမ်း၊ ဝါ စိုက်ကြသည့်ရွာငယ်လေးအတွက် မိညိုသည် အဓိကဟင်းလျာ
စျေးသည်ဖြစ်သည်။
ဆယ်စုနှစ်တခုစာလုံး ဘေးတဖက်စီရှိသည့် မြို့ငယ်နှစ်ခုကို ကူးလူးကာ ကုန်သွယ်ရသည့်မိညိုရဲ့ ခရီးလမ်းကြောင်းသည် ပျားတစ်ကောင်နှယ် လွန်းထိုးနေ၏။ ဤရွာ၊ ဤ မြေမှာနေသူအဖို့ မိညိုအတွက် လုပ်ကိုင်စားသောက်ရသည်မှာ အဆင်ပြေလှသည်။မီးယပ်ရောဂါ၊နာတာရှည် ပန်းနာရင်ကြပ်ရောဂါသည် အမေ့အတွက် အိမ်ခြံစည်းရိုးမှာ ကပ်ကာ အခန်းဖွဲ့ပြီးအိမ်ဆိုင်သဘောမျိုး ရောင်းခိုင်းရ၏။မိညိုကတော့ အဖေ့ရဲ့ ချည်ထည်အထူကြီးကိုဝတ်ကာ စျေးပတ်ရောင်းရင်း သားအမိနှစ်ယောက်ဝမ်းရေးအတွက် ပြေလည်အောင် ဖြေရှင်းရသည်။
" အမလေး မအေးရီရယ်...ဒါက အသား ကောင်းတာတော်... ဒီမယ် ဖြဲကြည့်ပါလား အတွင်းသားတွေက်ိုကရဲနေတာ ဒါမိညို စပယ်ရှယ်ရွေးလာတာနော်..."
"ရော့.. မမြမေ.. ဒါက ကိုယ်မှာလိုက်တဲ့ ငါးနီတူခြောက် တစ်ဆယ်သားကို တစ်ထောင့်သုံးရာပေးခဲ့ရတယ်တော်.. ကျုပ်က အရင်းတိုင်းပဲ ကိုယ့်ကိုပြန်ရောင်းလိုက်မယ်..."
မိညို၏ စျေးတည်ခင်းရာနေရာသည် ရွာလယ်က မန်ကျည်းပင်ရိပ်ဖြစ်သည်။
"အမလေး..မြို့ကကောင်မတွေ ဝတ်နေတဲ့ပိတ်စတော်..အသစ်ထွက်တာတဲ့.... ချော်တွတ်တွတ်နဲ့ လှနေရော ကျုပ်တောင် ဝတ်ချင်ရဲ့..."
"ရွာစွန်က ဦးမြမောင်သားလေ.. မြို့မှာတွေ့ခဲ့သတော်.. ဟမ်းဖုန်းခါးချိတ်ပီး နားကပ်ကြီးနဲ့. လူကမဲမဲ နားကပ်ကပြူးပြောင်ပြောင် မအပ်စပ်လိုက်တာတော်..."
မိညို လာပြီဆိုရင် ကလေးရော လူကြီးရော ဝိုင်းနေတတ်၏။ တစ်ချို့က စျေးဝယ်ရန်ဖြစ်သလို၊ တချို့က သတင်းစကား၊ အတင်းစကားနားထောင်ရန် လာကြတာဖြစ်သည်။မြို့နှင့်ကူးလူးဆက်ဆံနေသည့် မိညိုသည်သာ မြို့ကအကြောင်းတွေကိုသယ်လာယူဖြစ်သလို၊ မြို့တတ်စီးပွားရှာနေသည့် ကိုယ့်ရွာသူရွာသားတွေ၏ သတင်းကို ပြောပြတတ်သည့် သတင်းသမားလဲဖြစ်သည်။
မနက်မိုးလင်းလျှင် စျေးတောင်းကြီးရွက်ကာ အထုပ်တွေဆွဲရင်း စျေးရောင်းဖို့ရွာလယ်က မန်းကျည်းပင်ရိပ်မှာ မိညို စတည်းချတတ်၏။ တစ်ခါတစ်ရံ ဘေးကရွာတွေက်ို မိညို သွားရောင်းတတ်သည်။ ညနေစောင်းအိပ်ပြန်ရောက်လျှင် ငါးခြောက်နံ့ နံနေသည့် အဝတ်တွေကို လျှော်ဖွတ်ကာ အမေနှင့်အတူ ညစာစားပြီးလျှင် စာရင်းလုပ်ရသည်။ အမြတ်ငွေစုရသည်။ တစ်ပတ်စာ ငါးခြောက်ငါးခြမ်းတွေကုန်လျှင် မြို့တတ်ကာ ကုန်သွားဝယ်ရသည်။ ကုန်ဝယ်ပြန်လာပြီးလျှင် တူရာတူရာအမျိုးစားကနေ အကောင်အရွယ်စားခွဲကာ စျေးသင့်ရသည်။ ထုပ်ပိုးရသည်များလဲရှိသည်။ ဒါကမိညိုရဲ့ ခေါက်ရိုးကျနေသည့် တနေ့တာဘဝ လုပ်ငန်းစဥ်ဖြစ်သည်။
"မိညိုရေ... နောက်အပတ်ကျ ငါးရံ့ခြောက်အလုံးဝယ်ခဲ့ပေးပါဦးတော်... မိအေးက ငါးနီတူခြောက်နဲ့ အာပြဲခြောက် (ငါးဖောင်ရိုးခြောက်) မှာလိုက်သေးတယ်"
အိမ်တိုင်ရာရောက် လာမှာသည့်လူမျိုးအတွက်ဆို မိညို စာအုပ်ထဲအသေချာရေးမှတ်ရ၏။ သေစာရှင်စာတတ်ထားသူမို့ သတ်ပုံလွဲမှားရေးသည့် မိညိုစာကို မိညိုပဲဖတ်တတ်သည်။
စင်စစ်မိညိုသည် မိန်းမသားအစစ်မဟုတ်သော်ငြား ဘဝပေးကံအရ၊ ဗီဇအရ မိညို မိန်းမသားတစ်ယောက်လိုပင်ပြုမူနေထိုင်သည်။ အဖေရှိတုန်းကတော့ ဆူဟယ်၊ ဆဲဟယ် ၊ ရိုက်ဟယ်၊ ကြိမ်းဟယ်၊ မောင်းဟယ် ရှိပေမဲ့ အဖေဆုံးပြီးကတည်းက မောင်ညိုဆိုသည့်ဘဝကနေ ကင်ပွန်းမတပ်ရဘဲ မိညိုဖြစ်ခဲ့သည်။
အဖေရှိစဥ်က ဂုတ်ထောက်နေသည့်ဆံပင်တွေကအခုဆို ကျောလည်ထိရှည်နေပြီဖြစ်သည်။ စျေးခံတောင်းရွက်ရသော ငါးခြောက်နံ့စွဲနေသည့် ဆံပင်ရှည်ကို တပတ်နှစ်ကြိမ် လျှော်တတ်၏။ တခါတလေ ရက်ခြားလျှော်တတ်၏။ မိန်းမသားမဟုတ်သည့်အတွက် ဓမ္မတာရက်က်ို မိညိုတွေးပူစရာမလိုပါ။ အဝတ်အစားအတွက် သံသေတ္တာတစ်လုံးစာ အဖေ့ရဲ့အမျိုးသားအဝတ်တွေအပြင် အမေ့အဝတ်စားတွေကိုလဲ ပွဲနေပွဲထိုင်ဝတ်ကာသုံးဖြစ်သည်။
နာတာရှည်ရောဂါသည် အမေကပင် မိညိုကို သားသဖွယ်၊ သမီးသဖွယ် ခိုင်းစေတတ်သေးသည်မို့.. အမေနှင့် မိညိုဘဝသည် အေးချမ်းလှ၏။ထမင်းအိုးတစ်လုံးတည် အိမ်ဝန်းခြံထဲ တံမြက်လှည်းပြီး ဘုရားဆွမ်းတော်ကပ်ခြင်း၊ ဟင်းချက်ခြင်းကို မနက်ခင်းပြုရ၏။ ရောင်းမကုန်သည့်ငါးခြောက်ငါးခြမ်း၊ စားချင်လွန်းသည့် ငါးခြောက်ငါးခြမ်းသည်ပင် တဆုပ်တဖဲ့ နေ့လွဲ ညစာအဖြစ်ဖန်တီးရ၏။ ကြက်ဥအတွက်အိမ်မွေးကြက်တွေက ရသလို ဟင်းရွက်အတွက် ရွာခရိုးတခုလုံးက စျေးဆိုင်သဖွယ်စားသုံးရန်အဆင်ပြေလှသည်။ ခံတတ်ရွက်အချဥ်စိမ်၊ လက်ပံခြောက်၊ သရက်သီးခြောက်သည် ရာသီစာဖြစ်သလို မန်ကျည်းပင် သည်လဲ မိညိုတို့ရွာ၏ မသေဆုံးသောစျေးဆိုင်ဖြစ်သည်။
....၂....
"မိညို... ညည်းအမေ အိပ်ယာထဲလဲပြန်ပီလား... စျေးဆိုင်လဲပိတ်ထားတာကြာပြီနော်... ကြည့်ရတာအားမရပါဘူးအေဟဲ့.. မြို့ဆေးခန်းဖြစ်ဖြစ်ပြပါလား..."
အသက် ၆၀ စွန်းစွန်းဝင်လာပြီဆိုသည်နှင့် ဇရာရိပ်ပြလာသည့် မိခင်ဖြစ်သူအတွက် မိညို တဖန်ပူရပြန်၏။ မိညိုအောက်က အငယ်လေးမွေးပြီး ကလေးဆုံးသည့်အပြင် ရွာခေါ် မီးယပ်ကျိုး၊ မီးယပ်ရောဂါသည် အမေက တဖြေးဖြေးသေးကျုံ့ကာ ခြေလက်ပင်မသယ်ချင်ဖြစ်နေခဲ့တာမျိုးလဲရှိသည်။ ပြောင်းဖူးဖက်လိပ်ကို လက်ကမချတတ်သည့်အမေ့အတွက် ရင်ကြပ်ရောဂါက ပို၍ဆိုးဆိုးလာ၏။
"ကျုပ်လဲ ပြောတာပါပဲတော်.... သူကမပြချင်ဘူးတဲ့"
အမေကျန်းမာရေးဖောက်တော့ ပိုက်ဆံဆိုသည့်အရာကို တွေးမိလာ၏။ အမြတ်နည်းယူပြီး အကြွေးကျန်ရောင်းရသည့်ဘဝမှာစုမိဆောင်းမိကသိပ်မရှိခဲ့ပေ။ သားရယ် သမီးရယ်ဟူ၍ မိညိုကလွဲလျင် မရှိသည့် အမေ့အတွက် ဆေးဖိုးကခေါင်းထဲဝင်လာလျှင် မိညို စိတ်ပူမိ၏။အဖေ့တုန်းက နာတာရှည်ကို ဆေးမကုလိုက်ရဘဲ သေဆုံးသွားသည်မို့ အမေ့ကိုပါ ထိုသို့ဖြစ်မှာကြောက်မိသည်။
ဆေးကုစရိတ်ဆို၍ အဖေလုပ်ကိုင်ခဲ့သည့် ယာခင်းဖြစ်သည်မို့ အမေက ရောင်းထုတ်ဖို့ ငြင်းဆန်နေသည့် သီးနှံမဖြစ်ထွန်းသည့် ရွာအနောက်ဖျားက ကြက်လျှာစွန်းယာခင်းကြီးကိုသာမြင်မိ၏။
လိုလိုမယ်မယ်အဆုံးထိတွေးထားသော်ငြား လက်ရှိ ရှိစုမဲ့စု ပိုက်ဆံလေးကိုထုတ်ကာ မြို့ဆေးရုံပြရန်ရောက်ခဲ့သည်။ ဓာတ်မှန်ဌာန မှာဓာတ်မှန်ရိုက်၊ သွေး၊သလိပ်စစ်ရင်း ဆေးရုံတက်ရ၏။ အဝတ်စားအပိုမပါ၊ စောင်ခေါင်းအုံးမပါဘဲ သားအမိနှစ်ယောက်ဆေးရုံမှာ နေရ
သည့်ပထမဆုံးညက အလွန်အားငယ်လှသည်။
" ညည်းကြောင့် ငါမနေချင်တဲ့ဆေးရုံမှာနေရတာ... ငါအိမ်ပဲ ပြန်ချင်တယ်မိညိုရယ်..."
" ကျူပ်ကတော့်ကို နေကောင်းအောင် ကျန်းမာအောင် ကုပေးတာပါအမေရယ်... ခဏတဖြုတ်နေပီးသက်သာရင်ပြန်ရမှာပေါ့တော်..."
" ညည်းညကျ ဘယ်လိုအိပ်မှာတုန်း....စောင်မပါ..ခေါင်းအုံးမပါဘဲ..."
" ကျူပ်မနက်စောကားနဲ့ ရွာပြန်ပီး ယူသင့်တာယူခဲ့မယ်... အမေတစ်ယောက်ထဲနေရစ်ခဲ့ဦးပေါ့... ဒီမှာကဘယ်လောက်ကြာကြာနေရမယ်မသိဘူး..."
နှုတ်ဆိတ်ကာ လှဲအိပ်သွားသော အမေ့ကို ကြည့်ကာသနားမိ၏။ ဆေးရုံဆေးခန်း..ကြောက်သည့်အမေ့မှ ဖြစ်ရလေတယ်ဟု လောကဒဏ်ကို စိတ်ဆိုးမိ၏။
မနက်ဝေလီဝေလင်းထပြီး ကားကြုံဖြင့်ရွာကိုပြန်၍ လိုအပ်သည်တို့ကိုယူကာ
အဖေ့၏ကြက်လျှာစွန်းယာကြီးကိုငွေကျပ် ၁၅သိန်းဖြင့်ရောင်းချကာ မိညိုဆေးရုံကိုပြန်လာခဲ့၏။ ပိုက်ဆံအထုပ်အထည်ပါလာသည်မို့ ဆေးရုံတက်ရသည်မှာ အားရှိလှ၏။ လိုအပ်သည့်ဆေးတွေအပြင် အာဟာရဓာတ်စာကိုပါ ဝယ်ကျွေးနိုင်သည်မို့ အမေအမြန်ကျန်းမာဖို့သာမျှော်လင့်ရ၏။
နေ့လွဲညစာအတွက် ဆေးရုံနားကထမင်းဆိုင်တွင် စျေးကြီးပေး၍ဝယ်စားရသည်။ တစ်နေ့တာဝတ်သမျှအဝတ်တွေကို ဆေးရုံကအများသုံးရေကန်မှာဖွပ်လျော်ရသည်။ နေ့စာညစာအတွက် ဆေးရုံနားနီးထမင်းဆိုင်အချို့ကိုအားကိုးဖြစ်သည်။
အဆုတ်မှာအနာဖြစ်သည်ဟု ဆရာဝန်ခေါ်ပြောသည့်ညက မိညိုအားပြတ်မိ၏။ လိုအပ်သောဆေးဝါးဝယ်ရန်၊ ကုသမှုဆက်လုပ်ရန်တို့ကိုဆက်လုပ်မည်ဟုဆုံးဖြတ်ထား၏။ ဆေးဖိုးဝါးခအတွက် တစ်စတစ်စလျှော့နည်းလာသည့်ပိုက်ဆံအိတ်ထဲကိုကြည့်ရင်း မိညိုအားငယ်မိသည်။
"အမေ...နေသာရဲ့လား...ဘယ်လိုနေသလဲ..."
" ငါလေ ပြောင်းဖူးဖက်ဆေးလိပ်သောက်ချင်တယ်အေ..."
" အော်.. အမေရယ်..ကိုယ့်ရောဂါနဲ့မတည့်လို့မသောက်ရဘူးတဲ့ဆရာဝန်ကြီးက..."
" အေးပါအေ...ငါကလုပ်ချင်သာပြောတာပါ.
မိညိုရယ်... အမေရွာပြန်ချင်တယ်ဟယ်... ငါလေ မြေပဲဆံစေးစေး ( အစေးပေါက်အောင်ကျေညက်အောင်ထောင်းသည်) နဲ့ထောင်းထားတဲ့ချဥ်ပေါင်ဖူးထောင်းလေး မက်မောမိသာအေ..."
"ငါးရံ့ခြာက်ဆီရွှဲရွှဲ လေးကို ငပိဖုတ်လေးနဲ့ ထမင်းဆီဆမ်း ဆီလက်ကြားယိုအောင် နယ်စားချင်သေးတယ်ဟဲ့..."
နာမကျန်းလူနာ၏စကားသံကြောင့် မိညို ငိုချင်သွား၏။ အမေ ဒီတောင်ကိုလွတ်အောင်ကျော်နိုင်ပါ့မလားဟုလဲ တွေးကာစိတ်ပူမိသည်။
" အမေနေကောင်းရင် ကျုပ်က အမေစားချင်သမျှ လုပ်ကျွးမှာပါတော်.... အမေက ဒီကနေ အမြန်ပြန်ရအောင် အစားများများစားတော့်...အားရှိရင် အမြန်ပြန်ရမှာအမေရဲ့....."
"အေးပါ.... ငါစားချင်ပေမဲ့...စားမဝင်တာအေ့.."
" အင်းပါ...အမေစားချင်တာရှိ ကျုပ်ကိုပြော.. ဝယ်ပေးမယ်...ခုတော့အိပ်လိုက်ဦး...."
ပုလင်းကြီးချိတ်ထားသည့် ပိန်လှီနေသော အမေ့ရဲ့လက်လေးကို အသာယာကိုင်ကာ ခြုံထားသည့် ချည်စောင်ပါးပါးအောက်ကိုထည့်လိုက်သည်။
အသက်မျှင်းမျှင်းကို အားယူကာ ရှူနေသည့်အမေ့ကိုကြည့်ကာ ခြေရင်းကခုံအလွတ်မှာ ထိုင်ကာ မိညိုအသံတိတ်ကြိတ်ကာငိုလိုက်မိသည်။ ကြက်လျှာစွန်း အဖေ့ရဲ့ ယာကြီးက အမေ့ဖို့ဆေးကုစရိတ်ဖြစ်ခဲ့သည်ကိုအမေနားလည်မည်ဟုထင်ပါသည်။
ဆေးရုံကုတင်ပေါ်မှာ ပက်လက်ကလေးအိပ်နေသည့်အမေ့ကိုကြည့်ရင်း မိညိုစိတ်တွေက ရွာကိုရောက်သွား၏။
အကယ်၍အမေမပါဘဲ ပြန်သွားရသည့်အခါ ရွာကသူတွေက မိညိုအပေါ် အမြင်ထူးဆန်းကာ မေးခွန်းတွေမေးကြဦးမည်ထင်သည်။ရွာလယ် မန်ကျည်းပင်အောက်က မိညို၏ ငါးခြောက်စျေးတောင်းကြီးကိုလဲဖောက်သည် တွေမျှော်နေလျော့မည်။ မိညိုလဲ ဆေးရုံနံ့ လှိုင်နေသည့် နေရာကနေ ကျန်းကျန်းမာမာအဖြစ်နဲ့ အမေ့ကိုခေါ်ကာ အမြန်ဆုံး ပြန်ချင်ပါတော့သည်။
ချစ်ခြင်းများစွာဖြင့်
မင်းပြည့်မွန်
Keep Reading