Min Pyae Mon
ဤ နတ်တို့ခင်းသော ဘဝလျှောက်လမ်း ဝတ္ထုသည် ကျွန်ုပ် ဆောက်လုပ်ရေးအင်ဂျင်နီယာ ဘဝတွင် တွေ့ဆုံခဲ့သော တပည့် မိန်းမလျာ (ပန်းရံနောက်လိုက် ယောကျာ်းလေး) တစ်ဦး၏ ဘဝကို မှီငြမ်းရေးဖွဲ့ထားသော ဝတ္ထုတပုဒ်ဖြစ်ပါသည်။
ရိုးရာနတ် ပူဇော်ခြင်းသည် မြန်မာ့ထုံးတမ်း ဓလေ့ဖြစ်ပါ၏။ ပါတ်ဝန်းကျင်၊ မိသားစုတို့ကို ကျောခိုင်းကာ ကြမ်းတမ်းသော ဘဝကိုဖြတ်လျှောက်ခဲ့ရသော လူငယ်မိန်းမလျာစိတ် ရှိသူ တစ်ဦး၏ ဘဝကို စာနာပေးနိုင်ရန် ရည်ရွယ်၍ ရေးဖွဲ့ပါသည်။
ဤ နတ်တို့ခင်းသော ဘဝလမ်း ဝတ္ထုတိုသည် ရိုးရာနတ်ဒိုး၊ နတ်သံတို့ကို ချစ်မြတ်နိုးသော နတ်ကခြင်းကို တပ်မက်မောသော လူငယ်တစ်ယောက်၏ ဘဝကိုပုံဖော်ရည်ညွှန်းထားပါသည်။
အပြင်လောကရှိ တပည့်ငယ်မှာ မိသားစု စားဝတ်နေရေး၊ ဘဝပေးအခြေနေများကြောင့် နတ်လောကသို့မဝင်ရောက်နိုင်သော်ငြား မိမိတို့၏ ပနိးတိုင်လမ်းအတွက်ကြိုးစားနိုင်ရန် ဤစာမူကို ရေးသားဖြစ်ခဲ့ပါသည်။
အချို့သော အသုံးနှုန်း၊ အချို့သော အမှားယွင်းများပါရှိခဲ့ပါက ကျွန်တော်စာရေးသူ၏ မှားယွင်းလေ့လာမှုဖြစ်ပါကြောင်း ဝန်ခံအပ်ပါသည်။
နတ်တို့ခင်းသော ဘဝလျှောက်လမ်း
(LH စာစဥျ13)
ရေးသူ…မင်းပြည့်မွန်
“ ခုနှစ်ခွေ သီတာရေမှ ပတ်ခါဆင်း.၊
သာတောင့်သာတယ်လေ့နတ်ပြည်သနင်း
ဘုန်းဘုန်းတေဇာ ဖျာဖျာရောင်လင်းပါလို့..မင်း….မင်းမြတ် ထွဋ်ခေါင်မွှေ အတုလေးရယ်တဲ့ ယှဥ်ကာပြိုင်
ယှဥ်ကာပြိုင်ပန်းမွေ့ယာရွှေကော်ဇော ရောနှောလို့ထိုင်.. ပျိုတိုင်းကြိုက်ပါတဲ့နှင်းဆီခိုင်နှင်းဆီခိုင်၊ ဝေတောင်းပိုက်တဲ့အဖွဲဲ့တော်သား. ဝေးရာကရှား
သန်းခေါင်ကို နေ့မှတ်ပါလို့ အရပ်လေးကိုတဲ့ အားမနာ၊ မသောက်ရရင် သီလစောင့်တဲ့ ကိုကျောင်းဒကာ
သောက်တော်ဘူးရယ်တဲ့ ကိုယ်မကွာကိုယ်မကွာ၊ မင်းကျော်စွာရယ်လို့..မကျော်လား..ဝေးရာကရှား.
ချစ်လို့ရယ်တဲ့ ခင်မင် ယဥ်ရှာရော့လေသလား
ကိုကြီးကျော်ရေ.(ဗျို့)”
မောင်ကြီးကျော်ရေ.(ဗျို့..)
ဤဇမ္မူဗမာ ပြိုင်ဖက်ရှားမိုးကျနတ်သား……”
ရပ်ကွက်ထိပ် နတ်ပွဲဆီက အကြိုနတ်ဒိုးသံကြားသည်နှင့် စိန်ဝင်း စိတ်အစဥ်က မြူးကြွလို့လာ၏။ ရိုးရာနတ်ဆိုသည့်အတိုင်း ပူဇော်ပသရခြင်းသည် မိရိုးဖလာ ဖြစ်သော်ငြား နတ်ကန္နားပွဲများ ခြိမ့်ခြိမ့်သဲကျင်းပခြင်းကိုမူ မြင်ရတွေ့ရခဲလှသည်။ နတ်ချင်းသံတို့ စီစီညံနေသည့် နတ်ကန္နားပွဲဆီကစူးစူးရှရှ စွဲစွဲငင်ငင် သီဆိုသည့်အသံက စိန်ဝင်း၏ ခြေလှမ်းတို့ကို နတ်ပွဲဆီသွားရန် ဆွဲဆောင်နေ၏။ နတ်ပွဲပြုလုပ်မည်ဟု အသံကြားကတည်းက စိန်ဝင်း စိတ်ထဲ နတ်ဒိုးသံတို့က ကြားယောင်နှင့်ပြီဖြစ်သည်။ ငယ်စဥ်ကတည်းက အဖွား၏ အိပ်ယာဝင် ပုံပြင်ထဲမှာ နတ်တို့၏ အကြောင်းက တခမ်းတနား ပါစမြဲပင်။ ထို့ကြောင့်ပင် နတ်ပွဲကြည့်ရန် စိတ်ထားထက်သန်ခြင်းဖြစ်မည်ဟု မိမိကိုယ်ကိုတွေးမိ၏။
“စိန်ဝင်း ငါ့ကိုလမ်းထိပ်စျေးဝယ်ပေးစမ်းနင်နတ်ပွဲမှာ ယောင်မနေနဲ့နော် ချက်ချင်းဝယ် ချက်ခြင်းပြန်ခဲ့ကြားလား.. နင့်ဘာနင် ပြန်မလာချင်မလာနဲ့ ငါဝယ်ခိုင်းတာတော့ရောက်အောင်လာပို့”
စိန်ဝင်း အမေ၏ စကားသံကိုမကြားယောင်ပြု၍လမ်းထိပ်ဆီထွက်လာခဲ့လိုက်သည်။ နတ်ဒိုးသံ၊ နတ်ချင်းသံ မြိုင်နေသည့် သံပိုက်ထောင်၊မိုးကာအုပ် ကော်ဇောခင်းထားသည့် ခန်းမထက်မှာလူတွေစုရုံးနေ၏။ မိတ်ကပ်၊ မျက်တောင်တု၊ ဆံထုံး ထမီဝတ်ထားသည့် မိန်းမလျာတို့ကိုမြင်တော့ စိန်ဝင်း စိတ်ထဲ ပျော်မြူးခြင်းကို ခံစားရမိသည်။လက်ခုပ်လက်ဝါး တီးကာ နတ်ဒိုးနှင့်အတူ စီးချက်လိုက်ရင်း ပိတ်နေသည့်လူတွေကြားဆီ မရမက တိုးဝင်ကာ နေရာယူလိုက်၏။ ဘုရားရှိခိုးကန်တော့ခန်းကို စတင်ဖွင့်ပြီး အပျိုတော်ဝတ်စုံဖြင့် လမိုင်းနတ်ပင့်ဆောင်နေပြီဖြစ်သည်။ ဆိုင်းဝိုင်းရှေ့မှာ ကန်တော့ပွဲထားကာ ဆီထမင်း၊ငါးကြော်၊ မုန့်ဖြူ၊မုန့်နီ တို့အပြင် အချိုရည်၊ ရေကြည် ၊လက်ဖက်၊ ကွမ်း တို့ဖြင့် စားတော်စာ ၊စားတော် ပွဲများကိုမြင်တွေ့ရ၏။
“ဟော...အများကခေါ်တော့ နတ်ကတော်...နတ်ကခေါ်တော့ အပျိုတော် ပညာရှိများခေါ်တဲ့ လမိုင်းအရှင်သခင်မကြီးကို နတ်အပျော်ကြိုက်ရအောင်လို့ ပတ်စားတော် ( စားတော်တိုက်သည့်တီးလုံး) တိုက်လို့ပေးကြရအောင် ရွာစားမောင်”
အပျိုတော်၏ အသံနှင့်အတူတူ နတ်ဒိုးသံကမြိုင်လာ၏။
“ ပွဲတစ်ပွဲမှာ အရေးကြီးဆုံးက လမိုင်းနတ်ပင့်ရတာပဲ... ခေါ်တော့သာ လမိုင်းနတ်တဲ့ တကယ်တော့ ကဝါ လမိုင်း ရဲ့သမီးတော် လမင်းရှင်သခင်မတစ်ပါးပေါ့...လမင်းလိုလှပသောသမီးပျိုပေါ့.၊ ကဝါလမိုင်းဆိုတာက အထက်လမ်းထွက်ရပ်ပေါက်တွေကိုနှောက်ယှက်တဲ့သူပေါ့... လမင်းရှင်သခင်မဆိုတာ သူရဲ့သမီးတော်တပါး...လမိုင်းနတ်ပေါ့... ပွဲတစ်ပွဲမှာအရေးကြီးဆုံးကလမိုင်းနတ်ပင့်တာပဲ.....”
နတ်ကန္နားပွဲနှင့် နတ်ရိုးရာ၊ နတ်ဒိုး၊နတ်ချင်းတို့ကို စိတ်ပါဝင်စားသည့် ဘေးနားက မိန်းမကြီးတွေ၏ စကားသံကိုနားစွံ့လိုက်မိသည်။ ပွဲတော်စာအသင့် ဆက်သကာ လေးကျွန်းစကြာအရှင်သခင်ကို လေးဖက်လေးတန်ပင့်ဆောင်ရသည့် ပင့်မြှောက်ရသည့် လမိုင်းနတ်ပင့်ဟန်က မြူးကြွစွာ ကြည့်၍ကောင်းလှသလို အပျိုတော်၏ ပင့်ဆောင်သံတို့က နတ်ဒိုးသံနှင့်လိုက်ဖက်လှ၏။ လမိုင်းနတ်ပင့်ပြီး နန်းကြီးကောက် (နတ်ကြီးကောက်) ၏။တောင်ရှည် အဖြူနှင့်အဝါ၊ ခေါင်းပေါင်းစုံညီ ရင်စည်း ဝတ်စုံပြည့် ဝတ်ထားသော နတ်ကတော် တို့က ယပ်ကိုယ်စီ၊ ဆောင်ဓားကိုယ်စီကိုယ်ကာ သပြေပန်းလက်ဆွဲ၍ သပြေကြိုခြင်း နတ်လမ်းစဥ် ကိုစတင်ကြသည်။ အလယ်တွင် ရွှေကလပ်ပေါ်၌ ငှက်ပျောစိမ်းနှစ်ဖီးတင်ကာ ဆိုင်းဝိုင်းနတ်ချော့တေးနှင့်အတူ ယပ်ကို ညင်သာစွာခပ်ကာ ချော့ကြ၏။ ယပ်သွင်းခြင်း မည်ပေ၏။ ထိုမှတဖန် ဆောင်ဓားတို့ကို ကလပ်ပေါ်တင်ကာ သပြေပန်းလက်ဆွဲ၍ ဟိုမှသည်မှ ညင်သာစွာ ယိမ်းထိုးကကြ၏။ သပြေပန်းခက်ကို ဘယ်ညာဆွဲ၍ ဦးတင်ကာ က၍လည်းကောင်း ဆောင်ဓားကိုယ်စီကိုင်ကာ ရွှေကလပ်ပေါ်ရှိ ငှက်ပျောစိမ်းပေါ်စိုက်၍ ရွှေကလပ်ကို လက်ယာရစ်မှ လက်ဝဲသို့ ၊လက်ဝဲရစ်မှ လက်ယာသို့ သုံးကြိမ်လှည့်ပတ်၏။ ဆောင်ဓားဖြင့် အလျားလိုက် ကော့ကာပင့်ကာ ရွှေကလပ်ကိုကျော်ဖြတ်၍ကပြ၏။ ယုန်ထိုးခြင်းဟုခေါ်ကြသည်။ ပြီးလျှင် ဆောင်ဓားဖြင့် ငှက်ပျောဖီးကိုစိုက်ကာ လက်ယာရစ် လက်ဝဲရစ် ကပြခြင်းသည်ပင် နတ်ကြီးကောက် (နန်းကြီးကောက်) ခြင်းဟုခေါ်ဆိုသည်ဟုဆိုပါ၏။ ရိုးရာနတ်တို့၏ ထိပ်ခေါင် ဖြစ်သည်မို့ ဂရုတစိုက်ရှိရပါ၏။ ပထမနေ့ နတ်လမ်းစဥ်ဟု ခေါ်သည့် ပထမ ကန္နားပွဲရက်၌ အပျိုတော်၊နတ်ကြီးပင့်၊မြင်းဖြူရှင်၊ကိုးမြို့၊ကရင် ၊ပုပ္ပါးမယ်တော်၊ ရွှေကိုင်းမယ်တော်၊ အမေဂျမ်း (ဖွားချမ်းသာ) တို့ကို နတ်သမ္ဘာစဥ်အတိုင်း ပင့်ဆောင်၏။
ထိုးကွင်းမင်ကြောင် ဆေးနီစနှင့် လူယဥ်လှ ပျို့ထိပ်တင် မြင်းဖြူကြီးရှင်၊ ရွှေဗောင်းတော်နီလွင်လွင်နဲ့ နေဝင်လျှင်ပေါက္ကံရောက်အောင် မြင်းငေါက်လို့နှင်၊ ရောက်လိမ့်မယ် ပျိုမထင်နှင့် ၊ မြင်းဖြူရှင်ဖိုးကျော်လှ ဆေးနီတသသ။
ယမားမြင်းဖြူရှင်၊ ကန္နီမြင်းဖြူရှင်၊ရွှေပြည်ရှင် မြင်းဖြူရှင်၊ရွှေစစ်သင် မြင်းဖြူရှင် တို့ကို အစဥ်အတိုင်း ပင့်ဆောင်ကာ ကပြ၏။
အိုး....လှရက်လိုက်တာ...အစိမ်းရောင်ရင့်ရင့်ကြိုးကြီးချိတ်မှာ ရတနာဘော်ကြယ်တို့က တွဲရွဲစွာကျလျက်ရှိသည်။ ခါးအနားတွန့် အစိမ်းဖျော့ မှန်ဇာအင်္ကျီက ခန္ဓာကိုယ်နှင့်ကပ်ချပ်လျက်..။ အဆင်သွေးနှင့်လိုက်ဖက်စွာ အစိမ်းရောင် စုံချပုဝါ..အစိမ်းနုရောင် ဖယောင်း သစ်ခွပွင့်တို့ပန်ကာ ဖြီးလိမ်းထားသည့် ကန္နားစီး ကို ငေးရင်း စိန်ဝင်း သဘောကျနေမိသည်။
“အဲ့ဒါ ပုပ္ပါးဆင်းတာခေါ်တယ်ဟဲ့...သိလား...နတ်ကတော်မတွေရဲ့ အကျော်ကြားဆုံးအခန်းဟဲ့”
လွမ်းဆွေးသည့်ဟန်၊ ကြွကြွရွရွ နတ်ဒိုးသံနှင့် လိုက်ဖက်ညီစွာ ယောကျ်ားကိုယ် မိန်းမဟန်နှင့် ထောင်ထောင်မောင်းမောင်းအမျိုးသား၏ အားနှင့်မာန်နှင့် ကပြနေသည့်အသွင်က ခန့်ငြားထည်ဝါခြင်း၊ ပျော့ပျောင်းခြင်းတို့ ရောထွေးနေ၏။
“ဟော....အဲ့တာနောက်က သားတော်နှစ်ပါးလေ...ရွှေဖျဥ်းကြီး.ရွှေဖျဥ်းလေးပေါ့...အမလေး လှလိုက်တာအေ မယ်တော်က....”
အစိမ်းရောင်ဝတ်စုံနှင့် လှပငြိမ့်ညောင်းစွာ ကပြနေသည့် ကန္နားစီးနောက်က ရွှေမင်းသား၊ငွေမင်းသား သားတော်စုံညီက ရွှေဝါရောင်တောင်ရှည် ၊ အဖြူရောင်လက်ရှည်နှင့် တစ်လှမ်းချင်းလှမ်းဝင်လို့လာကာ မယ်တော် ကနေသည့် နောက်တော်ပါးမှာ ဒေါင်းတောင်ကိုယ်စီကိုင်လျက် ငြိမ်သက်စွာ ထိုင်ချလိုက်သည်။ လွမ်းဆွေးစွာ သီဆိုနေသည့်အသံ၊ ကပြနေသည့်ဟန်က ကိုဗျတ်ဝိ ကိုလွမ်းလို့လား....၊အမှူတော်ထမ်းရန် ဆင့်ခေါ်ခံရသည့် ငြင်းဆန်မရသည့်ဘဝကို သနားမိ၍လားမသိ... ဆွဲဆွဲငင်ငင်ငြိမ့်ညောင်းနေသည့်ဟန်က လွမ်းဆွတ်စေပါသည်။ ထည်ဝါခြင်း၊ ခမ်းနားခြင်းတွေကြီးစိုးလျက် ပန်းစားဘီလူးမတစ်ယောက် ဖြစ်သည်မို့ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်လျက် ကပြနေသည့် မယ်တော့် ခန္ဓာကိုယ်ကို လက်အုပ်ချီကာ ဦးညွတ်လိုက်သည်။ ကန္နားစီးတို့အခေါ် ပထမနေ့ နတ်လမ်းစဥ် ( ကန္နားစီးပထမရက်) အတွက် စိန်ဝင်းစိတ်ထဲ အားရအောင် ကြည့်ရှုခဲ့ရသည်ကို ပျော်နေမိသည်။
“ဒီကသားလေးက နတ်ကတာစိတ်ဝင်စားလို့လား.”
“ ဟင်…” ဟု စိန်၀င်း အံ့အားသင့်လျက်သင်းပျံ့သည့် ရေမွှေးရနံ့တို့က နှာဝဆီတိုးဝင်လာသည့်အပြင် ကနွဲ့ကလျအသံ သြရှရှက နတ်ဒိုးသံကြားကနေ နားဝဆီတိုးဝင်လာ၏။
“ တို့က တိုးမောင် ဒီကန္နားကိုဦးစီးတာက တို့ရယ် စောဏကမယ်ဝဏ္ဏကတဲ့ အေးကျော် ရယ်.. တို့သတိထားမိတယ်..ဒီက နာမည်ဘယ်သူ…”
မိတ်ကပ်မျက်တောင်တု တို့ဖြင့် ပြင်ဆင်ချယ်သခြင်းကို မဖျက်ရသေးသည့် ဦးတိုးမောင်၏ အသံက သာယာသော်ငြား မျက်နှာက ခန့်ညားမှုကိုပြနေ၏။
“ သားလေးကို သတိထားမိတယ်…မယ်ဝဏ္ဏပုပ္ပါးချော့နေကတည်းက သတိထားမိတာ နတ်ကဖို့ရော ဝါသနာပါရဲ့လား”
“ဟုတ်…ဘယ်လိုပြောရမလဲမသိဘူးး… နတ်ချင််းသံကြားရင််စိတ်တွေကအလိုလို မြူးလာတယ်..ပြီးရင်ကျွန်တော့်စိတ်တွေပျော်လာတယ်…အဲ့တာနတ်ကချင်တာလားဟင်….”
“ဟင်း..ဟင်း…နတ်ကတော် တယောက်ဖြစ်ဖို့ဆိုတာ အသွေးသားထဲကနေဖြစ်တည်လာတဲ့စိတ်ကို အရင်းခံကြတာ…လူတွေကပြောကြတယ်..နတ်ကန္နားစီးတာက မိန်းမလျာတွေဘာလို့ဖြစ်ကြသလဲတဲ့…မာမီတို့နတ်ကတော်ဆိုတာ မိန်းမလျာစစ်စစ်တွေ မဟုတ်ပေမဲ့ သာမာန်သူတွေထက် စိတ်ဓာတ်အရနူးညံ့တဲ့ လိပ်ပြာလှတဲ့သူတွေမလို့ အရှင်ကြီး အရှင်လေးတွေ မယ်တော်တွေက ခိုဝင်တာပေါ့ကွယ်… သားလေးကိုမြင်ကတည်းက အသွေးသားထဲကနေဖြစ်တည်နေတဲ့ နတ်တို့ကို ယုံကြည်သက်ဝင်ခြင်းတွေ မာမီမြင်နေရတယ် ကဲ.... နတ်ဒိုးသံကြားတာနဲ့ သားလေးရဲ့စိတ်တွေကို ဖြေလျော့ပြီးလွှတ်ချလိုက်…နော်….အတွေးစိတ်အာရုံတွေက အရှင်တို့ဆီကိုပဲပို့သလိုက် သားလေး…”
(ရွှေကျီးရယ် ညိုပြာညိုပြာ ဝဲတယ်လို့လာ.........//
ကိုကြီးကျော် လာမဲ့လမ်း.. စီးကြိုကြစမ်း….)*၂
( ရွှေနန်းက ပြန်ပါတယ်လေ ဘာပါလဲမေး…..
ပါပါတယ် ဆပ်သဖူးရယ် နန်းဦးကမွှေး…)*၂
......................... ..ဟေ့…ဟေ့…ဟေ့..ဟေ့..ဟေ့..ဟေ့. ဟေ့..ဟေ့
နတ်ချင်းသံက ဦးမင်းကျော်နတ်ဖြစ်သည်မို့ မြူးကြွနေ၏။ အရက်သောက်ခြင်း၊ ကြက်လောင်းခြင်းကို ခုံမင်သူမို့ ဦးမင်းကျော်နတ်ဝင်သည်ကို အရက်၊ ကြက်ကြော်ဆက်သနေလေ၏။ မြူးကြွနေသည့်နတ်ဒိုးသံကြားမှာ စိန်ဝင်း စိတ်တွေကို လွှတ်ချလိုက်မိသည်။ ခန္ဓာကိုယ်က ယိမ်းထိုးလျှက်…. စိတ်တွေက မြူးကြွလျှက်… စိန်ဝင်း၏ မျက်ဝန်းအစုံသည်ပိတ်ကျလျှက်… အမြင်အာရုံတို့သည် မြင်းညိုကြီးစီးထားသည့် တည်ကြည်ခန့်ညားသော အမျိုးသားကြီးတစ်ယောက်က လက်လှမ်းနေသယောင်ယောင် နတ်ဒိုးးသံ၊ နတ်ချင်းသံနှင့် မြူးကြွစွာကခုန်လိုက်မိသည်။
၂။
“အမေ...အမေ့သားလေ နတ်ပွဲမှာ ကနေတာတော်..အခြောက်မတွေတရုန်းရုန်းနဲ့ သမီးသိပ်ရှက်တာပဲ...”
“ဟဲ့...နင့်မောင်ဟုတ်ရဲ့လား..”
“အမေ့သားမှ အမေ့သား စိန်ဝင်း မှ စိန်ဝင်းအစစ် ..ဟော..ဘေးမှာလဲ နတ်ကတော်တွေနဲ့...အမေရယ် မိတ်ကပ်တွေရော မျက်တောင်တုတွေရော အမေ့သား ခြောက်နေပြီအမေရဲ့… အမေ့သားက မိန်းမလျာစိတ်ဝင်နေပြီ”
“နေစမ်းပါဦးအေဟဲ့....ငါပြန်လာမှမေးစမ်းပါဦးမယ်...”
နတ်ကတော်၊ မိန်းလျာဆိုတာ ဆွေမျိုးထဲမှာ မရှိခဲ့သလို... မိမိတို့မျိုးရိုးထဲမှာလဲ နတ်ကတော် နတ်ကန္နားကိစ္စတွေနှင့် နီးစပ်ခြင်းမရှိခဲ့ပေ...မိရိုးဖလာနတ်တင်သခြင်းသာ ရှိခဲ့ပေမဲ့ နတ်ကန္နားပွဲတွေနှင့်အဆက်စပ်မရှိခဲ့သည်မို့... အငယ်ဆုံးသားဖြစ်သူ စိန်ဝင်း၏ ဝါသနာကို မယုံကြည်နိုင်အောင်ဖြစ်မိသည်။ငယ်စဥ်ကတည်းက တစ်ခါတစ်ရံ ကနွဲ့ကလျနေတတ်ပေမဲ့ ယခုလိုနတ်ပွဲတွေထိ ပါဝင်ဆင်နွှဲမည်ဟု ထင်မထားခဲ့သည်လဲပါသည်။
“ဟော…ပြောရင်းဆိုရင်း လာပါပြီ အမေ့သား…အမေ့ဘာသာအမေမေးတော့ သမီးကတော့တကယ်စိတ်ပျက်တယ်…”
“စိန်ဝင်း.. နင်နတ်ပွဲမှာ အပြင်အဆင်တွေနဲ့ နတ်ကနေတယ်ဆို….”
ရပ်ကွက်နတ်ပွဲမှအစတည်၍ အားလပ်ချိန်တိုင်း ဦးတိုးမောင် တို့နှင့် နတ်ကန္နားပွဲတိုင်း လိုက်ပါဖြစ်သလို ပုပ္ပါးဆင်းသည့်အခါ ကော်ဇောခင်းခြင်း၊ ပစ္စည်းသိမ်းခြင်း စသည့် အကူအနေနှင့်တမျိုး၊ အရံအနေနှင့်တဖုံ တခါတရံ ဘေးဝိုင်းအနေဖြင့် ဟေးဟေးဟားဟား ဘဝကို စိန်ဝင်း သဘောကျမိသည် မို့
“ဟုတ်တယ်..အမေ.. နတ်ဒိုးသံကြားရင် ကျုပ်စိတ်တွေနေလို့မရဘူးး ကျူပ်နတ်ကချင်တယ်အမေ....”
“နင်ဟာလေ..ပြောလေကဲလေ..ငါတို့မျိုးရိုးမှာ အခြောက်ဆိုတာ နတ်ကတော်ဆိုတာမရှိဘူးဟဲ့.. ကချင်ဦး…ကချင်ဦး..”
တဖြန်းဖြန်း ကျောကုန်းကိုရိုက်သံနှင့်တူတူ စိန်ဝင်း ငြိမ်ခံနေလိုက်သည်။
“နတ်ကတိုင်း အခြောက်မဟုတ်ပါဘူး အမေရဲ့…နတ်ကတော်တိုင်းက မိန်းမတွေလိုဝတ်စားပီး အပြင်လောကမှာမနေပါဘူးအမေရဲ့.. ကျုပ်ဝါသနာပါတာကို ကျုပ်လုပ်ပါရစေအမေရယ်..ကျုပ်ကိုခွင့်ပြုကြပါ….”
“အေး...နင့်ဘာနင် ကချင်ရင် အပြင်မှာထွက်နေ ငါ့အိမ်မှာတော့ နတ်ကတော်ကိုလက်မခံသလို...
နတ်ကတဲ့အခြောက်မကိုလဲ ငါ့အိမ်မှာခေါ်မထားနိုင်ဘူး စိန်ဝင်း...ပြီးနင့်အစ်မမျက်နှာ နင့်အဖေမျက်နှာကိုလဲ ကြည့်ဦး...”
“အမေရယ်...ကျုပ်ဝါသနာပါရာကိုလဲ လုပ်ချင်တယ်... ကျုပ်နတ်ကချင်တယ်..
ညကျအဖေပြန်လာရင်ပြောမယ်...အဖေလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ကျုပ်နတ်ကတော်လောက ကိုဝင်မယ်...”
“နင်က နင့်ဘာသာဆုံးဖြတ်ပြီးပါပြီရော...စိန်ဝင်းရယ်...နင့်သဘောကမှဒါဆိုရင်လဲ ငါတို့က အဆက်သွယ်ဖြတ်ထားရုံပေါ့... နင်လုပ်ချင်ရာသာလုပ်တော့...”
မိမိအခန်းကျဥ်းရှိရာဆီကိုသာ တက်လာရင်း မျက်ရည်တွေကြားကနေ မိမိအားကိုးရာနတ်တို့ကို
“အရှင်ကြီးတို့ရဲ့ သားတော် စနေသားသည် အဖေကြီး၊အမေကြီးတို့ရဲ့ ရင်ငွေ့ကို ခိုလှုံလိုပါသည်ဘုရား… ခွန်းအားတွေပေးသနားတော်မူပါဘုရား”ဟု တိုင်တည်လိုက်မိသည်။
“တော့်သား...ကနတ်ကချင်လို့တဲ့... ကျုပ်ကိုလာပြောနေတယ်...တော်ကရော..ဘယ်လိုလုပ်မယ်တွေးတုန်း...”
“ဟ..ငါတို့အမျိုးထဲမှာ နတ်ကတော်မျိုးရိုးလဲမရှိပါဘူး ဒီကောင့်ကျမှဘယ်လိုဖြစ်တာလဲ.. “
“ တော့် အမေရဲ့စကားတွေလေ... တော့်အမေက သူ့ဘာသူတောင် နတ်တင်တာ ပသတာလုပ်နေတာမလား...”
“အေး… သူလမ်းသူရွေးပစေပေါ့ဟာ…သူကမှကချင်ရင်လဲ အိမ်မှာမနေနဲ့ ဆင်းတော့လို့…ဒါပဲကွာ..ငါပင်ပန်းလာတာနားတော့မယ်…”
မျှော်လင့်ထားသည့် အားကိုးရာကောက်ရိုးတပင်လွတ်ထွက်သွားသလို ခံစားရမိသည်။ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချကာ မိမိ၏ အဝတ်စားတို့ကို ပီနံအိတ်ထဲကောက်ထည့်လိုက်သည်။ မိမိ၏ဆုံးဖြတ်ချက်အရ ခိုလှုံရာနေရာသည် ကန္နားစီး ဦးအေးကျော်နှင့် ဦးတိုးမောင်တို့၏ နေအိမ်ဆီ ဖြစ်သည်။.
“ဟော…. စိန်ဝင်း နင်ဘယ်လိုဖြစ်လာတာ…”
“မာမီ…ကျွန်တော်အိမ်ကနှင်ချခံရတယ်… ကျွန်တော်မာမီတို့ရဲ့ ရင်ငွေ့ကိုခိုပြီး နတ်ကပါရစေ… ကျွန်တော့်ကို ဘဝပြောင်းပေးပါတော့.. ကျွန်တော်လေ.. နတ်ကချင်တယ်…”
ဦးတိုးမောင် ခေါင်းအသာညိမ့်ကာ ပြုံးရွှင်စွာ ကြိုဆိုလိုက်သည်။ဘဝမှာနတ်ကတော် လုပ်ရန် ကန္နားစီးအိမ်ထဲသို့ ပထမဆုံးခြေလှမ်းကို နောင်တကင်းစွာ ချနင်းပစ်မိသည်။ ဧည့်ခန်းတွင်းမှာ နတ်ရုပ်နှင့် နတ်အသုံးဆောင်ပစ္စည်းတွေက စီရီစွာရှိနေသလို အိပ်ခန်း ၊ မီးဖို သပ်ရပ်စွာရှိနေသည့် အိမ်ငယ်လေးသည် စိန်ဝင်း၏ ဒုတိယအိမ် ဖြစ်လာခဲ့သည်။ တီရှပ်ဝတ်ကာ ပုဆိုးကို ဘယ်ဖုံး၊ ညာဖုံး ၊ကျောက်ရောင်စုံ ပြိုးပြိုးပျက်ပျက်လက်လက်ထနေသော လက်စွပ်တို့ဝတ်ကာ နေ့စဥ်နေထိုင်သည့် ဦးအေးကျော်နှင့် ဦးတိုးမောင်တို့၏ ဝေယျာဝစ္စများကိုပါ စိန်ဝင်းတာဝန်ယူရသည်။ ရေမွှေးနံ့တို့ကြိုင်ကာ ပိုက်ဆံစလင်းဘတ်အိတ်ကြီးများ ထည်လည်းအသုံးပြုခြင်းသည် နတ်ကတော်တို့၏ ဟန်ပန်ဟုပြော၍ရသည်။
နေ့စဥ်ဝတ္တရားတွေအတွက် လုပ်စရာတွေသည်များလွန်းသော်ငြား နတ်စင်သန့်ရှင်းရေး၊ ပူဇော်ကန်တော့ခြင်းတို့ကို အဓိက ထား၍ နေ့စဥ်လုပ်ဆောင်ရ၏။ နတ်ကိုချစ်မှ နတ်ကချစ်မှာ သား ရဲ့… ဝေယျာဝစ္စ ဆိုတာ စိတ်ပါလက်ပါလုပ်လေ ကုသိုလ်ရလေပေါ့.. ဆိုသည့် လက်ဦးဆရာတို့၏ စကားသံကြားမှာ စိန်ဝင်း နှစ်ခြိုက်စွာပြုမူမိပါ၏။ နေ့စဥ်မပျက်ဖွင့်တတ်သည့် နတ်ချင်းစာသားတို့သည်ပင် စိန်ဝင်း အလွတ်နီးပါးရလုပြီ။
“နတ်ကတော် ဆိုတာ လှလှပပပြင်ထားရုံနဲ့ မရဘူးသား... တို့နတ်လောက ကအပြိုင်ဆိုင် အရမ်းပေါတယ်…အတိုက်ခိုက်အရမ်းပေါတယ်….တို့တွေက သိက္ခာတရားကို လေးမြတ်တန်ဖိုးထားရတယ်…သူတစ်ပါးအိမ်ထောင်ကို ပစ်မှားဖို့ယောင်လို့တောင် စိတ်မကူးရဘူး ဘဝမှာ ကံအကျိုးပေးမကောင်းလို့ ယောကျာ်းကိုယ်နဲ့ မိန်းမစိတ်ဖြစ်လာရတယ်…နုချင် နွဲ့ချင်လာတယ်… ဒါကိုမှ ကာမေသုကိုထပ်လွန်ကျူးရင် တို့တွေဘဝက ကောင်းဖွယ်ရာမရှိနိုင်ဘူး… .”
ဦးတိုးမောင်ထံမှ ပတ်၀န်းကျင်ကခေါ်သည့် နတ်ကတော် မိန်းမလျာဘဝ နေထိုင်နည်းတို့ကို သင်ယူရ၏။ တစ်ရက်တစ်ရက် ဦးတိုးမောင်နှင့်သာ နေရင်းအချိန်ကုန်ဖြစ်သည်။ လူပုံသွယ်လျလျ ဖြတ်ဖြတ်လတ်လတ်ရှိသည့် ကန္နားစီးဦးတိုးမောင်သည် သဘောကောင်းသလို နတ်တို့နှင့် ပတ်သတ်လျှင်လဲ အလွန်စည်းကမ်းကြီးပါ၏။ ယောကျာ်းဝတ် ပုဆိုးကို ဝတ်နေရသော်ငြား ၊ အမူကျင့် အပြောဆိုဟန်ပန်တို့သည် မိန်းမသားဆန်ဆန် နေတတ်သော်ငြား ပြင်ပြင်ဆင်ဆင်နေသည်ကရှား၏။မိမိတို့၏ အလှပထက်နတ်တို့၏ ပူဇော်ပသမှုများကို မှားယွင်းစွာ မမှတ်သားဖို့က ပို၍ တာဝန်ကြီးလေသည်။
၃။
“ ကျေးဇူးတင်ပါတယ် မာမီတို့ရယ်… မာမီတို့ ကျွေးမွေးနေရာပေးထားလို့သာ စိန်၀င်း ဆိုတာ နတ်လောကမှာ နေရတာပါ..အဲ့ဒီကျေးဇူးကိုမမေ့ပါဘူး ခု အနေထားနဲ့ လက်ဗလာချည်း ကန်တော့ရတဲ့အတွက် စိတ်မကောင်းပါဘူးမာမီ ကာယကံ၊ဝစီကံ၊မနောကံ တို့နဲ့ပစ်မှားမိခဲ့တာရှိရင် သားကိုခွင့်လွှတ်ပေးပါ…”
မျက်ရည်စက်လက်ဖြင့် စိန်ဝင်း ဦးတိုးမောင်နှင့် ဦးအေးကျော်တို့ ကို ကန်တော့လိုက်မိ၏။ မိမိ အိမ်ပေါ်ကဆင်းလာကတည်းက ဆရာဖြစ်သူတို့၏ ကျွေးမွေးစောင့်ရှောက်မှုအောက်မှာ စိန်ဝင်း လူလုံးလှခဲ့ရ၏။ လှချင်ပချင်သော၊ နတ်လောကကို အပေါ်ယံအမြင့်ဖြင့် လွယ်ကူသည်ဟုထင်ခဲ့သော စိန်ဝင်း အတွက် သင့်တင့်သော၊ဆီလျော်သော အဝတ်စား နေရာတို့ရရှိခဲ့၏။
“ အိမ်ကိုစိတ်ချလက်ချပြန်.. ပြန်လာတဲ့အခါ သားကို ရေစင်တိုက်ပီး စံခန်းဝင်နိုင်တဲ့သူ ဖြစ်တဲ့ထိ မာမီတို့ လုပ်ပေးဖို့ရည်ရွယ်ထားတယ်…”
နတ်ဆရာကောင်း တစ်ယောက်ဖြစ်ဖို့ နတ်တို့ဆီမှာ ကတိသစ္စာတည်ပြီး ရေစင်သောက်ရခြင်း ကိုဆိုလိုသည်ဟု စိန်ဝင်းသိပါ၏။ မိမိတို့ နတ်လောက၏ ကန္နားစီးများသည် တန်းပြည့်နတ်ဆရာ ဖြစ်ရန် စံခန်းဝင်ကြရသည်။ စံခန်းမဝင်နိုင်သော နတ်ကတော်သည် ဘယ်တော့မှ တန်းပြည့်နတ်ဆရာ မဖြစ်လာနိုင်သည်ကိုလဲ စိန်ဝင်း သိပါ၏။ တစ်ပွဲမှ စ၍ သုံးပွဲ၊ ငါးပွဲ၊ ခုနှစ်ပွဲပြည့်လျှင် စံခန်း ဝင်ရ၏။ စံခန်းဝင်ပြီးသည့်တိုင် ကြက်၊ ဓား၊ ဖလား အပ်ပြီးမှသာ ပြီးပြည့်စုံသော တန်းပြည့်နတ်ဆရာ တစ်ယောက် ဖြစ်လာမည်ဖြစ်သည်။
“မာမီတို့ကို ကျေးဇူးဆပ်ချင်ရင် နတ်လောကမှာ အောင်မြင်တဲ့ ကန္နားစီးတစ်ဦးဖြစ်အောင်လုပ်ပါ့မယ်လို့ ကတိပေး…”
“ဟုတ် ကတိပေးပါတယ်…မာမီ…”
အိမ်အပြန်လမ်းသည် ဖြောင့်ဖြူးနေသော်ငြား… အိမ်အဝင်လမ်းကို စိုးရိမ်မိပါ၏။
“အဖေ.... အမေ...”
အထုပ်လေးဆွဲကာ အပြုံးတွေဖြင့် လှိုက်လှိုက်သည်းသည်း ခေါ်ဆိုလိုက်မိ၏။ စိန်ဝင်းမရှိသည့် နှစ်နှစ်အတွင်းမှာ အိမ်ဝိုင်းတခြမ်းက ပဲ့ပါသွားပြီဟုထင်သည်။ အံ့အား တသင့်စကားပြောဆိုရန်မေ့နေသည့်အဖေ့နားကပ်ကာ
“အဖေ နေကောင်းတယ်မလားဟင်... ခြံက တဝက်ရောင်းထားတာလား အဖေ...”
စကားပြောဆိုခြင်း အလျင်းမရှိ အိမ်အပေါ်ထပ်ကို အဖေတက်သွားသည်။
“ အဖေ ကျနော့်ကို စိတ်ဆိုးနေတာ သိပါတယ် အဖေ... အဖေနေကောင်းကျန်းမာရဲ့လားလဲ အမြဲစိတ်ရောက်ရပါတယ်.. အမေရော.. အဖေရောကို သားသတိရပါတယ်....အဖေ”
မီးဖိုချောင်ကနေ အိမ်ပေါ်တက်ကာ အမေကအဖေ့နားလာထိုင်သည်။
“ဒါက... အမေတို့ အဖေတို့ လိုရာသုံးဖို့ပါ...သား အဖေနဲ့အမေ့ကို ကန်တော့ပါရစေ...”
“မင်း အဲ့ဒီလို ဘဝရောက်ကတည်းက ငါက သားအဖြစ်ကနေ စွန့်ပစ်လိုက်ပြီးပြီ စိန်ဝင်း… မင်းပြန်လိုက်တော့ ..”
ကျောပေးကာပြောထွက်လာသည့် အဖေ့၏ စကားသံတို့ကြောင့် ရင်နာမိသည်။ မိရင်းဖရင်း ရှိသော်ငြား စွန့်ပစ်ခံစကားလုံးများက ရင်နှင့်အမျှ အပ်နှင့်ထိုးသကဲ့သို့ တဆစ်ဆစ်နာကျင်မှုတို့က မျက်ရည်အဖြစ်ကျလာမိသည်။
“အေး… ကန်တော့ချင်ရင် တစ်ခါတည်း ကန်တော့သွား… ငါ့ဘဝမှာမင်းမရှိသလို… မင်းဘဝထဲမှာလဲ သည်အဖေ သည်အမေ မရှိတော့ဘူး လို့ပဲ မင်းတွေးလိုက်တော့…”
အဖေ့၏ စကားသံတို့ကို ရင်ထဲသိမ်းကာ ဦးချလိုက်မိသည်။ မျှော်လင့်ထားသော လမ်းခရီးသည် သည့်ထက်မက ကြမ်းတမ်းမည်ကို စိန်ဝင်း တွေးဆမိပါသည်။
ကန္နားစီး စိန်၀င်းမောင် ( ရေနံ့သာ )
ဆိုင်းဘုတ်ကို ကြည့်ကာ စိန်၀င်း ပြုံးလိုက်မိသည်။ သည်လိုနေ့မျိုး ရောက်ရန်အတွက် သုံးနှစ်သုံးမိုးထက်မကသော အချိန်တို့ကို မိသားစုနှင့်အတိုက်အခံပြုကာ ပေးဆပ်ခဲ့ရလေသည်။ အသက် ၂၈ အရွယ်မှာ ကန္နားစီးဘ၀ရောက်ရန် သင်ကြားပေးခဲ့သော လက်ဦးဆရာ ဦးတိုးမောင်နှင့် ဦးအေးကျော်တို့ကို ကျေးဇူးတင်ရ၏။ တူတူနေထိုင်သည့် မိန်းမလျာများကြားတွင် ရည်းစားသနာကင်းကာ စိန်၀င်း၏ ကန္နားစီးပညာခန်းအတွက် စိန်၀င်းကြိုးစားခဲ့ခြင်းသည် အောင်မြင်ခဲ့ပြီဖြစ်သည်။ ဘ၀မှာရရှိချင်ခဲ့သော မိသားစု၏ အသိမှတ်ပြုခြင်းကို စိန်၀င်းရရှိရန် ကြိုးစားရဦးမည်။
“တို့တွေရဲ့လောက က ပိုက်ဆံချမ်းသာတဲ့အိမ်ရှင်တွေပဲ အလာများတယ် ဒါပေမဲ့ ကန္နားပေးပါဆိုပြီး အတင်းမတိုက်တွန်းရဘူး အဝင်း… အေးကျော် ကြွေဟောရင် သား လေ့လာလို့ရတယ်… ကိုယ်ကပေးနိုင်တာ ကိုယ်ကပြန်ရတာ ကနေ အဓိဋ္ဌာန်သစ္စာဖြစ်တည်ပြီး အောင်ပွဲဆိုတဲ့ ကန္နားပွဲတွေဆိုတာဖြစ်တည်လာတာ… နတ်ကန္နားလောကဆိုတာ ယောကျာ်းသားတွေရဲ့ အထင်မြင်သေး သွေးတိုးစမ်းတာလဲ ခံရတယ်… မိန်းမလျာချင်းတူရင်တောင် အမေတို့က ပြင်ဆင်ခြယ်သနေရတဲ့မိန်းမလျာလေ အမေတို့အသံ၊ အသွင်ပြင်က မိန်းမသားဆန်ချင်ဆန်နေမယ် ဘဝတက်လမ်းတွေမှာ မေတ္တာရေးဖျက်လို့ ပျက်ရတဲ့ ကန္နားစီးတွေလဲ ဒုနဲ့ဒေးပါပဲ …”
ဆရာသခင် ကန္နားစီး ဦးတိုးမောင်၏ စကားသံတို့ကို နှလုံးသွင်းကာ နေထိုင်ဖြစ်သည်။
“နတ်ကတော်တစ်ယောက်က နတ်တစ်ပါးစီမှာရှိတဲ့ ထုံးစံတွေ ၊ ဓလေ့တွေ ပြီးရင် အဆောင်အယောင် နဲ့ အာဟာရ လို့ ခေါ်တဲ့ ပွဲတော်စာ၊ အ၀တ်စားနဲ့ အကခုန် ၊ဆိုင်ရာအချိန်၊ နေရာ ပူဇော် ခြင်းတွေကို မမှားယွင်းအောင် မှတ်သားထားရမယ်…”
“ (တောင်တော် ရွှေပုပ္ပား........ ပန်းမျိူးတစ်ရာ ဖူးပွင့်နေ
မယ်တော် လာရာလမ်း ပန်းမျိုးတစ်ရာ ကျဲပြန့်နေ ) ၂ ”
နတ်ဆိုင်းသံ ငြိမ့်ငြိမ့်သံကြားရသည်နှင့် ကန္နားစီးစိန်၀င်းမောင် ဒေါင်းတောင်ကို ပင့်၍၀ိုက်ကာ ကလိုက်၏။ နတ်ကတော်မတို့ အပြိုင်ကျဲလေ့ရှိသော ပုပ္ပားမယ်တော်ချော့နေခြင်းဖြစ်ပါ၏။လွန်းတစ်ရာ ကြိုးကြီးချိတ်ထမီ ဆင်စွယ်ရောင်ခံမှာ ကျောက်စိမ်းနု၊ ကျောက်စိမ်းရင့် ၊ ဖက်ဖူးစိမ်းချိတ်လှိုင်းတို့က လူးလွန့်နေ၏။ ကဒေါင်းပါသည့် ရွှေရောင်ပန်းဖောက် ဘယက် ဆွဲကြိုးက လည်တံတ၀ိုက် လှုပ်ရှားတိုင်း ၀င့်ကြွားနေ၏။ မိခင် ဖခင်တို့ကို ဖိတ်ကြားထားသည်မို့ မိဘတို့ လာရာလမ်းကို မျှော်ရင်း ကပြရပါ၏။
“ (တောင်တော် ရွှေပုပ္ပား........ ပန်းမျိူးတစ်ရာ ဖူးပွင့်နေ
မယ်တော် လာရာလမ်း ပန်းမျိုးတစ်ရာ ကျဲပြန့်နေ ) ၂
...................................................................................
...လှချောသူရေ.... ပေါက္ကံမြေ...... ပန်းဆက်၀န်ထမ်း ကိုလူကြမ်းနဲ့
ပန်းတံတားလေး ခင်းခဲ့ပြီလေ……..ဟေ့ ဟေ့ ဟေ့ ဟေ့ ဟေ့ ဟေ့ …”
ဆိုင်းဆရာ၏ နတ်ဒိုးသံကမြိုင်လာသည်မို့ ဘယ်ညာလက်အစုံမှာ ကိုင်ထားသော ဒေါင်းမြီးတို့ကို လှလှပပဆွဲယူကာ ထိုင်မသိမ်းစကို ခတ်ရင်း ကြွကြွရွရွ ကလိုက်သည်။
“ ( ညိုပြာစိမ့်စမ်း အေးချမ်းသာယာစေ.....
ကြည်နူးစရာ ပျော်တဲ့ချိန် မယ်၀ဏ္ဏတို့ ပျော်တဲ့ချိန်
ရွှေစံကားပွင့်တို့ခူးဆက်လို့ ကိုဗျတ္တ ပန်ပေးခဲ့ဖူးတယ်လေ...
ပေါက္ကံမြေ...... ပန်းဆက်၀န်ထမ်း ကိုလူကြမ်းနဲ့
ပန်းတံတားလေး ခင်းခဲ့ပြီလေ……..ဟေ့ ဟေ့ ဟေ့ ဟေ့ ဟေ့ ဟေ့ …)”
တင်ပါးအောက်ထိဖြောင့်ဆင်းကာ ရှည်လျားသော သိန်းချီပေးထားရသည့်ဆံနွယ်တုက သဇင်ပန်း အခက် ငါးဆယ်ကျော် ဦးခေါင်းထက်မှာ ပန်ဆင်ထားသည်မို့ စိန်၀င်း၏ အလှကို ပို၍ ကျက်သရေတိုးစေ၏။ ဖခင်တို့ ကြည့်ပါလော့ဟု ဆိုနေသည့်အတိုင်း လက်ဦးဆရာနှစ်ပါး၏ ရှေ့မှာ ကန္နားစီးအဖြစ်ကပြရခြင်းကို ကျေးဇူးဆပ်ခြင်းဟု မှတ်ယူမိသည်။
ပျော်ရွှင်မိ၏။ ကြည်နူးမိ၏။ ထို့အပြင် ၀မ်းနည်းမိ၏။ ကန္နားစီးဘ၀၏ ပထမဆုံးပွဲကို အဖေနှင့် အမေ့ကို မြင်စေချင်သည်။
နတ်တို့ခင်းသော လျှောက်လမ်းသည် ကြမ်းတမ်းသည်မမည်သော်လဲ ပင်ပန်းရပါ၏။ အဆို အက နတ်သံနှောခြင်း ပူဇော် ပသခြင်း ရိုးရာဓလေ့တို့ကို တိတိကျကျလိုက်နာရပါ၏။ လုပ်ဆောင်ရပါ၏။ မိမိ၏ စိတ်သန္တန် တည်ကြည်ရပါ၏။ ကတိသစ္စာတည်ကြည်ရပါ၏။ နှုတ်ထွက်စကားမှန်ကန်ရပါ၏။
ကန္နားသိမ်းတော့ ဆိုင်းဆရာက မြင့်မိုရ်ဖေဖေဖြင့် သိမ်းပေး၏။ စိန်ဝင်း၏ စိတ်အစဥ်တို့သည် အဖေ့ဆီကိုသာရောက်သွား၏။ အဖေ၏ကျောခိုင်း၍ပြောသည့်စကားများကို ကြားယောင်မိ၏။ အဆိုအက ပြုလုပ်နေသော်ငြား ဧည့်ပရိတ်သတ်ထဲက မိခင်ဖခင်တို့ကို တွေ့ရလိမ့်နိုးရှာဖွေမိ၏။ နတ်တို့ခင်းသော ဘဝလမ်းပေါ်လျှောက်ရင်း သုံးရက်ကန္နားသိမ်းလျှင် အဖေ့တို့ခြံဝန်းလေးထဲ ကန္နားစီး စိန်ဝင်းမောင် သွားရောက် ကန်တော့ဦးမည်ဟု တွေးလိုက်မိသည်။
(အထိခိုက်မခံသော ရိုးရာနတ်တို့၏ ဓလေ့ထုံးတမ်းကို ဖော်ပြသည့်အခါ လိုအပ်ချက်၊ အမှားတစ်စုံတစ်ရာရှိခဲ့ပါက ခွင့်လွှတ်နားလည်ပေးကြပါရန် ဦးစွာပထမ ဆရာကြီးများအား တောင်းပန်ဂါရဝ ပြုအပ်ပါ၏။ ဝါသနာရှင် စာရေးသူတစ်ယောက်အနေဖြင့် နတ်တို့၏ဓလေ့ကို တင်ဆက်ပြသာခြင်းသာဖြစ်ပါ၏။)
ချစ်ခြင်းများစွာဖြင့်
မင်းပြည့်မွန်
PhotoCrd#Pinterest
Keep Reading