Author's Profile Photo

အတွေး ( The Idea )

16/11/2024

"ဘဝတစ်ကွေ့မှ လပြည့်ည"

1 min read
General Knowledge
Creative
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
"ဘဝတစ်ကွေ့မှ လပြည့်ည"'s photo

အလှပဆုံးသော "ည" တွေဖြစ်တဲ့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ရဲ့ အချိန်နာရီ စက္ကန့်လက်တံတွေဟာ အနုပညာဆန်ဆန် ပဲရွေ့လျားနေကြတယ်။

ကျွန်တော့ဘဝအတွက်
အမှတ်တရအဖြစ်ဆုံး နေ့ရက် တွေပေါ့။

မြေပြင်ကိုပဲကြည့်ကြည့်။
ကောင်းကင်ကိုပဲငေးငေး။

အဝါရောင်မီးတွေရဲ့ နွေးထွေးတဲ့အငွေ့အသက်နဲ့ ပျော်ရွှင်မှုတွေကို အလိုလိုခံစား‌မိ‌နေတာ။

ဒီညတွေမှာ အမှတ်‌တရတွေရှိခဲ့သလို။
ဒီညတွေဟာ ဘဝအတွက်မှတ်သားစရာတွေရှိခဲ့တယ်။

အရာဝတ္ထုပစ္စည်းတွေ၊ မြင်ကွင်းတွေက ကျွန်တောိတို့ရဲ့ လက်တွေ့ ဘဝထဲကအဖြစ်အပျက်တွေနဲ့ ဆက်စပ်တွေးတောမိရင်း အတွေးအမြင်သစ်တွေ ခံစားမိတဲ့ညတွေပေါ့။

ဒီဆောင်းပါးထဲမှာ ကျွန်‌တော့အတွေးထဲက ဇာတ်ကောင်တွေနဲ့ မိတ်ဆက်ပေးပါရစေ။

"ကျွန်တော် မီးပုံးပျံ"

ကျွန်တော်ဟာ အမြင့်ဆုံးကိုတက်ဖို့အတွက် လောင်စာရဲ့ အကူအညီနဲ့ လေရဲ့သိပ်သည်းဆထက်ပေါ့အောင်လုပ်ရတယ်။ ကျွန်တော့်ကို စပြီး လွှတ်တင်တဲ့အချိန်မှာ လူတွေလက်ခုပ်တီးကြပြီး အမြင့်ဆုံးရောက်ခဲ့တဲ့အချိန်
ကတော့ လူတိုင်းငေးကြည့်နေကြတဲ့အချိန်ပေါ့။

ဒီအချိန်ပြီးသွားရင်တော့ ကျွန်တော်မီးပုံးပျံကို ဘယ်ကောင်မှ ဂရုမစိုက်ကြတော့ဘူး။ တခါတလေ ဒီလူတွေကပဲ သူတို့အိမ်ခေါင်မိုးတွေပေါ်ကျမှကြောက်နေကြသေးတယ်။

▫️ လယ်ကွင်းထဲဖြစ်ရင်ဖြစ်မယ်။
▫️ ရေကန်ထဲဖြစ်ရင်ဖြစ်မယ်။
တစ်နေရာရာကိုတော့ ပြုတ်ကျသွားမှာပါပဲ။ ကျွန်တော်အစွမ်းကုန် "လှ" ခဲ့ပါတယ်။ အမြင့်ဆုံးလည်းတက်ခဲ့ပါတယ်။ ဖြည်းဖြည်းလေးလည်းဆင်းခဲ့ပါတယ်။

"ကျွန်မ ဖယောင်းတိုင်"

ဒီနေ့ ကျွန်မ အစွမ်းကုန်လှတဲ့နေ့လေ။ အရင်ရက်တွေလို မီးပျက်မှထွန်းတဲ့ လိုသုံးမဟုတ်ဘူးရှင့်။

လမင်းကြီး ထိန်ထိန်သာနေတဲ့အောက်မှာကို ထွန်းထားလို့ ကျွန်မ ဖိုးလမင်းနဲ့တောင်အပြိုင်အဆိုင် တောက်ပပြလိုက်သေးတယ်။ ဒါပေမဲ့လည်း အချိန်တန်ရင်တော့ ဘယ်သူမှသတိမထားမိလိုက်ဘဲ အရည်ပျော် ပျောက်ကွယ်သွားမှာပါ။

အလင်းရောင်တွေအများကြီးကြားထဲ အလင်းအစအနလေးတစ်ခု မှေးမှိန်ပျောက်ကွယ်သွားတာကို ဘယ်သူကသတိထားမိလိုက်ပါ့မလဲ။ ဒါပေမဲ့ နောက်‌ဆုံးမီးတောက်အထိ ကျွန်မ အစွမ်းကုန်တောက်ပခဲ့ပါတယ်။

"ဖိုးလမင်းရဲ့ ထင်မြင်ချက်"

ဒီနေ့က လပြည့်နေ့တဲ့။ ဘယ်နားပြည့်လာလဲတော့မသိပေမဲ့ ကမ္ဘာပေါ်ကကောင်တွေအတွက် ကျွန်တော်က ဒီနေ့ညမှာ အလင်းဆုံးပဲ။

ကျွန်တော့ထက်လင်းတဲ့ အရာတွေ၊ "နေ" ထက်တောင်တောက်ပတဲ့ "ကြယ်" တွေရှိတယ်။ ဒါပေမဲ့ ဒီကောင်တွေအတွက် အကျိုးမရှိရင် အသိအမှတ်မပြုချင်ကြဘူး။

လူ‌တွေက ကမ္ဘာကြီးလည်လို့သာ လိုက်လည်နေကြတာ ကမ္ဘာက လည်တာတစ်ပတ်ပြည့်ပေမဲ့ ဒီကောင်တွေက လည်တာ တစ်ပတ်မပြည့်ကြဘူး။

လက်တစ်ကမ်းလောက်ကိုပဲကြည့်ကြပြီး ဟိုးအဝေးကြီးက အရာတွေကို မမြင်နိုင်သေးဘူး။

စင်္ကြာဝဠာ ထဲလိမ့်နေတဲ့ ဂေါ်လီလုံးလေးတွေထဲမှာ ဒီကောင်တွေရှိတဲ့ ကမ္ဘာဟာ သောက်ပြဿနာအများဆုံးပဲ။

အခုလည်း Mars ကိုသွားပြီး ပြဿနာရှာဖို့ကြံနေကြပြန်ပြီ။ တော်သေးတယ် ငါတောင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅.၆ ဘီလီယံလောက်ကတည်းက ရေတွေမရှိတော့လို့။

ကဲပါ ငါလည်းဒီကောင်တွေကို "နေ" နဲ့ပေါင်းပြီး နည်းနည်းကြပ်(ကြတ်) လိုက်ဦးမယ်။

------------------------------------------------
- အတွေး

Keep Reading

ဖိုမ ပညာပေး သင်ကြားရေးသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား(အပိုင်း-၆)Victor Hugo ဘဝအမောပြေမီးလောင်မြေအတ္တအမွေအနှစ်လား လံကြုပ်လား အပိုင်းသုံးအမွေအနှစ်လား လံကြုပ်လား အပိုင်းငါးအထက်တန်းစားနှင့်အောက်တန်းစားအတ္တမာန အမွေအနှစ်လား လံကြုပ်လား အပိုင်းလေး