အာရွန်
လပြည့်ည၊ တိတိကျကျ ပြောရရင် တန်ဆောင်မုန်းလပြည့်ည။
ဟိုးအဝေး ကောင်းကင်ပေါ်မှာ ဝိုင်းဝိုင်းစက်စက်လမင်းကြီးသည်ကား ငွေမှင်ရောင်ပုံတုလို့ ရွှန်းရွှန်းတောက်တောက် လှပနေပေစွ။ လမင်းကြီးနားက အခြံအရံ တိမ်တိုက်လေးတွေဝန်းရံနေတာက အနားကွပ်ခြုံလွှာတစ်ခုကို လွှမ်းထားသလို ပနံတင့်လှပေသည်။
တန်ဆောင်တိုင်လပြည့်ဝန်းကြီးကို ကြည့်ရင်း အတွေးနက်နေမိသည်။ လ ဆိုတဲ့ တစ်လုံးတည်းသော နာမည်ဆန်းဆန်းနဲ့ ဒီဂြိုလ်က ကောင်းကင်ယံမှာ ဘာအထောက်အပံ့မှမရှိပါပဲ အိန္ဒြေရရ ရှိနေတာထက် ထူးခြားမှုတွေရှိနေသည်။
ဟော့ဒီ လမင်းကြီးရဲ့ ဆွဲငင်မှုကြောင့် ကျယ်ပြောနက်ရှိုင်းလှပါတယ်ဆိုတဲ့ ပင်လယ်သမုဒ္ဒရာ တွေတောင် ဒီရေအတက်အကျ နဲ့ လှုပ်ခါရမ်းရသည်ဟု လေ့လာတွေ့ရှိထားကြသည်။ အမှန်တကယ်တော့ အဲဒါထက် ပိုတဲ့သက်ရောက်မှုတွေ ရှိနေသည်ကားဟု ယုံကြည်သည်။
မြေကြီးပေါ်မှာ ဝပ်တွားစီးမျောနေတဲ့ ပင်လယ်ရေကိုတောင် လှုပ်ခါယိမ်းထိုးသွားနိုင်တဲ့ လမင်းရဲ့ဆွဲငင်ဓာတ်ဟာ လူသားတွေရဲ့ နှလုံးသားထဲမှာ စီးဆင်းနေတဲ့ သွေးစီးကြောင်းကိုရော လှုပ်ခါနိုင်စွမ်းရှိမယ်လို့ ပြောရင် မယုံလောက်စရာမရှိပေ။
အထူးသဖြင့် လပြည့်ဝန်းရဲ့ မျက်နှာတည့်တည့်ကို ကြည့်မိသည့် အခါမျိုးမှာပေါ့။ စင်းလုံချော လုံးဝန်းနေတဲ့ ပုံစံမျိုးလိုလည်း အပြစ်အနာအဆာမရှိ လှပနေတာမျိုးလည်း မဟုတ်။ သာမန်မျက်စိနဲ့ ကြည့်ရင်တောင် မြင်နိုင်တဲ့ အချိုင့်အခွက် တွေ တစ်ပုံတစ်ပင်နဲ့ မပြည့်စုံတတ်တဲ့သဘောတရားကို ပြည့်စုံအောင် ဖော်ပြနေပေသည်။
ဒါပေသိ ကြည့်ရင်းကြည့်ရင်းနဲ့ ဒီချိုင့်ခွက်တွေကပဲ လရဲ့ဆွဲဆောင်မှုကို တစ်မျိုးတစ်ဖုံ ပြည့်စုံစေသလို ခံစားမိစေသည်။ တစ်နည်းအားဖြင့် ဘာမှရှိမနေတဲ့ ကင်းဗတ်စအလွတ်တစ်ခုပေါ် စုတ်ချက်တစ်ခုထည့်လိုက်သလို ပြောင်ချောချောလမင်းအစား ကျောက်ပေါက်မာခပ်ကျဲကျဲနဲ့ လကမှ ပိုဆွဲဆောင်မှုရှိနေသည်ကားအမှန်ပင်။
နောက်ထပ် လရဲ့ထူးခြားမှုတစ်ခုက ကြည့်နေရင်းနဲ့ ထပ်ထပ်ကြည့်ချင်နေမိခြင်းပင်။ မျက်စိတဆုံးဝေးကွာတဲ့ လမင်းကြီးဟာ ကြည့်ရင်းကြည့်ရင်း ရင်ဘတ်ထဲမှာ နီးနီးလာသလို ခံစားမိစေတာက သူ့ရဲ့ထူးခြားတဲ့ဆွဲဆောင်ဓာတ်ကြောင့်ပဲ ဖြစ်မည်ထင်၏။
အေးမြရဲ့အလင်းရောင်နဲ့ ငွေမှင်ရောင်လမင်းကြီးကိုကြည့်ရင်းကြည့်ရင်း ကြည့်မိသူရဲ့စိတ်ကို အေးချမ်းလာစေတာကတော့ သေချာသည်။ အတွေးတွေငြိမ်လာတယ်၊ လောဘဒေါသတွေအစား ပြည့်ဝမှုတစ်ခု ရလာတယ် ၊ လောကရဲ့ အလှတရားတွေကို အသိအမှတ်ပြုရင်း ကြည်နူးသလိုလို ကျေနပ်သလိုလို ဘဝဟာ နေပျော်သလို ခံစားလာရပြန်သေးသည်။
ဆရာမဂျူး ရေးတဲ့ "မြရဲ့လ " မှာတော့ အဓိကဇာတ်ကောင် မြဟာ သူ့ဘဝရဲ့အဆင်မပြေမှု နဲ့ ဒဏ်ရာတွေကို လကို မျှော်ကြည့်ရင်းနဲ့ပဲ မေ့ပျောက်သွားတတ်သည်။ အဲဒီ ဝတ္ထုထဲကလို လ ဟာတကယ်ပဲ မှတ်ဉာဏ်တွေကို လျော့ပါးစေသည်လား။ မှန်းဆမိသည်ကတော့ လ သည် မှတ်ဉာဏ်တွေကို မေ့ဖျက်သည်ထက် ခံစားချက်တွေကို လျော့ပါးစေသည်ဟုထင်မိသည်။
လပြည့်ညရဲ့ အလင်းရောင်အောက်မှာ အတွေးဆုံးနောက်ကို မြောလွင့်ရင်း နှလုံးသားရဲ့ လိုအင်ဆန္ဒတွေလျော့ပါးသထက်လျော့ပါးကာ တောင့်တမှု နည်းလာတဲ့ နှလုံးသားရဲ့ ပြည့်ဝမှုကပဲ စိတ်ကျေနပ်သာယာမှုကို ပေးစွမ်းနိုင်သည်ဟုထင်သည်။
ဒီသာယာမှုအခိုက်အတန့်လေးက ဘဝရဲ့အဆင်မပြေမှုတွေ၊ နိမ့်ကျခဲ့ရတဲ့ခံစားချက်တွေ၊ အလိုမပြည့်ခဲ့ရတဲ့ဆန္ဒတွေကို ခဏတာ မှေးမှိန်စေခဲ့တာ ဖြစ်ပေလိမ့်မည်။
လ ရောင်အောက်မှာ ကျေနပ်စရာကောင်းပေစွ၊ တသိမ့်သိမ့် ကြည်နူးစိတ်နဲ့ ဘဝတစ်ခုကို ရရှိခဲ့တာ ဒီလိုသာယာတဲ့ အခိုက်အတန့်လေးနဲ့တင် အဖိုးတန်လှပြီဟု ထင်ချင်စရာပေ။
သို့သော် နက်ပြာရင့်ရင့် ကောင်းကင်ယံက သူအစွမ်းရှိသလောက် ညို့ငင်နေတဲ့ ဒီလမင်းကို ဘယ်မှာတစ်ချိန်လုံးကြည့်နေနိုင်မည်နည်း။ ရှေ့နောက် ယိမ်းနွဲ့နေတဲ့ ဒန်းခုံပေါ်က တဖြေးဖြေး ဆင်းရင်း လက်တွေ့ဘဝထဲကို ဆက်လက်တိုးဝင်ရပေဦးမည်။
ဟိုးအဝေးက လမင်းကြီးက တဒင်္ဂ အနေနဲ့တော့ ကိုယ့်ဆန္ဒ၊ လိုအင်တွေ ၊ကျေနပ်မှုတွေ ပေးစွမ်းသလိုလိုတော့ ရှိသည်။ သို့ပေသော်ငြား အဆုံးသတ်တော့ လက်ဆုပ်လက်ကိုင်ပြစရာမရှိ ဟာတာတာလက်ဗလာနဲ့ လက်တွေ့ဘဝရဲ့ ရုန်းကန်မှုတွေဆီကိုပဲ ပြန်သွားရသည်သာက အမှန်တရားဖြစ်သည်။
ဘဝသည်လည်း စေစားတတ်တဲ့ လမင်းကြီးနှင့် ဘာများထူးချေဦးမည်နည်း။ မျှော်လင့်ဇောနဲ့ တောင့်တခဲ့တဲ့ ရုပ်ဝတ္ထုတွေ၊ ပန်းတိုင်အထင်နဲ့ အမောတကောပြေးတက်ခဲ့မိတဲ့ မဆုံးနိုင်တဲ့တောင်ထိပ်တွေ၊ အမြဲ ပြည့်ဝပြီလို့ထင်မိတဲ့ ခံစားချက်တွေနဲ့ မောခဲ့သမျှ လပြည့်ဝန်းကြီးဆီက ခပ်လှမ်းလှမ်းခံစားချက်တွေလို အချိန်တန်တော့ လွင့်ပျောက်သွားရသည်ချည်းဖြစ်ပေသည်။
လပြည့်ညရဲ့ အလှအပကို ယာယီ စေစား ခံစားပြီးတဲ့နောက် တကယ့်အဖြစ်မှန်ကို ပြန်လည်လက်ခံရှေ့ဆက်ရသလိုမျိုး ၊ ဘဝဆိုတာဟာလည်း အတုအယောင်ကျေနပ်မှုတွေ ပြီးတဲ့နောက် လက်တွေ့ဘဝ ဒုက္ခဆင်းရဲ တွေ ကျော်ဖြတ်ရင်း မောမြဲမောနေကြစမြဲသာပင်။
အဆုံးသတ်အတွေးတစ်ခုနဲ့ပဲ ခုံပေါ်ကခပ်လေးလေး ထရပ်မိသည်။ အိမ်ထဲသို့ ဝင်တော့မည်ဟု လမ်းလျှောက်သွားမိပြီးမှ တံခါးဝမှာ တစ်ချက်တုံ့လိုက်ပြီး ကောင်းကင်ကိုပြန်ကြည့်မိသည်။
အပြစ်ကင်းတဲ့ လပြည့်ည လမင်းကြီးသည် ဝင်းမြဲဝင်းနေသေးသည်။ အမှန်တရားဟုတ်သည် မဟုတ်သည်ဖြစ်စေ တန်ဆောင်မုန်းရဲ့ လပြည့်ညသည် လှမြဲလှနေသည်သာ၊ အေးချမ်းမြဲ အေးချမ်းနေသည်သာပင် ။ ။
Keep Reading