Author's Profile Photo

ဂျာနယ်ကျော် မမလေး

14/11/2024

သည်အပူ (ဇာတ်သိမ်းပိုင်း)

1 min read
Art
သည်အပူ (ဇာတ်သိမ်းပိုင်း)
's photo

မလှသင်သည် မီးကုန်ယမ်းကုန် ဒေါထလိုက်ပြီးနောက် မောလာ၍ ခေတ္တနားလိုက်သည်။ တစ်အောင့်လောက် နားပြီးလျှင် မထိန်းနိုင် မချုပ်နိုင် ဒေါသထွက်လာပြန်သည်။“အလှ.. အလှ.. လာခဲ့စမ်း”မီးဖိုထဲမှ ကုန်းဟစ်၍ခေါ်သဖြင့် အလှသည် ကြောက်ရွံ့ကြောက်ရွံ့ဖြင့်မလှသင် အနားသို့ ရောက်လာလေသည်။

“ညည်း အိမ်မှာနေပြီးတော့ မသိဘူးလားဟင်၊ ညည်း ဘာအသုံးကျသလဲ။ခုတော့ လူကြားလို့ ကောင်းသေးရဲ့လား။ “ကျွန်မ” မဟုတ်တော့ဘူးတဲ့တော်သခင်မတဲ့...ထွီ”ဦးသာဖူးသည်အိမ်အောက်မီးဖိုထဲမှအသံဗလံများကိုနားစွင့်လျက်မျက်စိမှိတ်ထားလေသည်။ဆူသံပွက်သံများသည်ရပ်စဲသွားခြင်းမရှိ။ဆင့်ကဲ၍ပန်းကန်ခွဲသံကွဲသံများပါဆက်တိုက်ပြင်းထန်လာတော့လေသည်။

ကွဲသံ၊ ခွဲသံများကြား၍ ဘုမသည် မျက်လုံးမျက်ဆန်ပြူးလျက် ဦးသာဖူး၏ဒူးကို ကိုင်လှုပ်လိုက်လေသည်။“နေပါစေ ခွဲချင်သလို ခွဲပေစေ။ သူ့ဒေါသကုန်မှ ပြီးမယ်၊ အေးမယ်”ဦးသာဖူးသည် မျက်လုံးမဖွင့်ဘဲ ခပ်တိုးတိုးပြောလျက် ရင်တလှပ်လှပ်ဖြင့်မှိန်းနေလေ၏။

(၅)
မလှသင်သည်ဆောက်တည်၍မရအောင်အရူးတစ်ပိုင်းဖြစ်နေလေသည်။မှန်လည်းမကြည့်နိုင်၊သနပ်ခါးမလူး၊ခေါင်းစုတ်ဖွားနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေလျက် အတော်ကြီး ပိန်ချုံးသွားလေ၏။ အချိန်ရှိသရွေ့ ဘုမအကြောင်းပဲခေါင်းထဲဝင်နေသည်။ ထမင်းစားနေလည်း ဘုမကလွဲ၍ ဘာတွေစားနေမှန်း သတိမထားနိုင်ပေ။ သူများစကားလာပြောလျှင်လည်း ဘုမကလွဲ၍ ဘာတွေပြောနေမှန်းသတိမထားမိပေ။တစ်ခါတစ်ရံလည်းမျက်ရည်နှင့်မျက်ခွက်၊တစ်ခါတစ်ရံလည်းရှစ်ခေါက်ချိုးမျက်နှာထားကြီးနှင့် မြင်မြင်ကရာ ဖိမဲ ဖိဆူနေကာ စားရမှန်း၊ အိပ်ရမှန်းမသိအောင် စားလည်း သည်စိတ်၊ အိပ်လည်းသည်စိတ် ဖြစ်နေလေသည်။

ဦးသာဖူးသည်နေ့စဉ်ဘီလူးထွက်ထွက်နေသောသမီးမလှသင်၏ဒေါသကို မခံရပ်နိုင်လာ၍ရက်များမကြာမီပင် စက်ဝင်းထဲက အိမ်သို့ဘုမနှင့်ပြောင်းရွှေ့နေလိုက်လေ၏။မလှသင်သည်ဦးသာဖူးအိမ်ပေါ်မှဆင်းသွားကတည်းကစက်ထဲသို့ မသွားတော့ချေ။ မောင်ပါမှာ ဦးသာဖူးနှင့် မလှသင် စပ်ကြားတွင် အဖေ့အမိန့်ကိုလည်း မလှန်ဝံ့၊ အစ်မအမိန့်ကိုလည်း မပယ်ဝံ့ဖြင့် ဒုက္ခများနေရှာ၏။

ဦးသာဖူးကပိုက်ဆံများသိမ်းယူထားလိုက်သောနေ့ဆိုလျှင်မောင်ပါသည်အိမ်ပြန်ရန် ကျားမြီးဆွဲရမလို ကြောက်နေလေသည်။ ငွေများများယူလိုက်သောနေ့တွင်မလှသင်သည်မိုးမမြင် လေမမြင် ဒေါသူပုန်ထ၍ မပြီးတော့ချေ။ ကုလားမနိုင်ရခိုင်မဲလေ၏။ မောင်ပါကို အဖေနှင့် တစ်ကျိတ်တည်း၊ တစ်ဉာဏ်တည်းဟု ဆူပွက်လျက် အိမ်ပေါ်မှ အတင်းနှင်ချတတ်သည်။ မောင်ပါသည် စောင်ကြီး ခေါင်းမြီးခြုံကာ တုတ်တုတ်မျှမလှုပ်ဘဲ ပေအိပ်နေတော့လေ၏။
စက်ထဲ၌အလုပ်လုပ်နေသောဘုမအဖေဦးဆိုင်သည်ဦးသာဖူးတို့ စက်ဝင်းထဲ ပြောင်းလာမှ အလုပ်မလုပ်တော့ချေ။စက်သူဌေး ဦးသာဖူး၏ယောက္ခမဖြစ်၍ဂျပန်ပဝါပန်းနီရောင်ခေါင်းပေါင်းစရှည်ကြီးတလွင့်လွင့်၊အရက်ကလေးတမြမြနှင့်စက်ဝင်းထဲတွင် နေ့စဉ် ကြက်ပွဲကြီးဆင်ကာ ကြက်တိုက်နေချေ၏။

စက်သူဌေး ယောက္ခမ၏သတင်းသည် မလှသင်၏နားထဲသို့ ပျံ့လွင့်လာပြန်ချေသည်။ မလှသင်မှာ “ရှက်လှချေရဲ့” ဟု ထခုန်ကာအသားတွေဆတ်ဆတ်တုန်လျက်သွားလေသူအမေကိုတိုင်တည်တမ်းတ ငိုကြွေးမဆုံးနိုင် ဖြစ်နေလေသည်။ဘုမကို ရွှေဘီးတစ်ချောင်းနှင့် ရွှေလက်ကောက်များ လုပ်ပေးသည်ဟု မောင်ပါထံမှ ကြားသိရသောသတင်းသည် မလှသင်အတွက် ခေါင်းမီးလောင်သွားသောသတင်းဖြစ်လေ၏။

“တစ်သက်လုံးရွှေကိုမူးလို့မှမရှူဖူးတဲ့အလုပ်သမားသမီးကအမယ်လေး..ရွှေဘီးနဲ့ရွှေလက်ကောက်တွေနဲ့တဲ့တော်”မလှသင်သည်ကြိတ်မနိုင်ခဲမရနှင့်သူ့ခေါင်းတွင်ပတ်ထားသောရွှေဘီးကိုဖြုတ်ယူကာလွှင့်ပစ်လိုက်လေ၏။ရင်ရင်ကလိုက်ကောက်ယူကာ သိမ်းထားလိုက်ရသည်။ထိုနေ့သည် မကောင်းဆိုးဝါးနေ့ ဖြစ်လေသည်။ အမင်္ဂလာသတင်းကို ကြားရသဖြင့် ရင်ထဲ၌ နောက်နေလေသည်။ ဘယ်နေရာ ထိုင်ရမလိုလို၊ ဘယ်နေရာသွားရမလိုလို နေမထိ ထိုင်မထိ ဖြစ်နေလျက် ရင်ပူလွန်း၍ ရေတစ်ခွက်ပြီးတစ်ခွက် ခပ်သောက်နေရလေ၏။

ထိုသတင်းကြားပြီး မလှသင်မှာ ဈေးမထွက်နိုင်ဘဲ အိပ်ရာထဲတွင် လဲနေပြန်လေ၏။ သူ့ရင်ထဲ၌ လောင်နေသော အပူမှာ ဘယ်အပူနှင့်မတူဘဲအရှင်လတ်လတ်မီးမြှိုက်ခံရသကဲ့သို့မချိမဆံ့လောင်လိုက်ပူလိုက်သည့်ဖြစ်ခြင်း။ဘုမကိုအရိုးအသားရှာမတွေ့အောင် စိစိညက်ညက် ခြေပစ်ချင်နေသည်။ဦးသာဖူးကို အဖေအဖြစ်မှ သေခန်းရှင်ခန်း ဖြတ်ပစ်လိုက်ချင်သည်။ ဆန်စက်ကြီးကိုလည်း မီးရှို့ပစ်လိုက်ချင်သည်။သေသောသူကိုပင်မချန်ဘဲ သူ့အပူ ကိုယ့်အပူလာဖြစ်ရသည်ဟု မလှသင်သည် အားလုံးကို သိမ်းကျုံးစိတ်နာနေလေသည်။

အလှသည်အိပ်ရာထဲ၌ခွေနေသောမလှသင်ကိုမျက်နှာလိုမျက်နှာရအနားမှဆွပေးလိုက်သည်။“အောက်လမ်းဆေးဝါးတွေနဲ့များ လုပ်ထားသလားမှ မသိဘဲ မမ”မလှသင်သည် ဒါမျိုးတွေ ဘယ်တုန်းကမှ မယုံကြည်ခဲ့ချေ။ မယုံကြည်ခဲ့ဘဲလျက် အခုတော့ ဒါကို ယုံရကောင်းနိုးနိုး ယုံရမလိုလို ဖြစ်လာသည်။“အောက်လမ်းဆေးမိရင် ပြေတဲ့နည်းက ဘာတဲ့လဲ ညည်းသိသလား”“တံမြက်စည်းဇောက်ထိုး ရေလောင်းပြီး အဲဒီရေကို တိုက်လိုက်ရင် ဆေးပြယ်သွားတယ်တဲ့”

မလှသင်သည် သူ့ယောက်ျားသာဆိုလျှင် တိုက်များတိုက်လိုက်မည်လား မသိချေ။ အဖေတစ်ယောက်လုံး ဖြစ်နေ၍သာ မလှသင်သည် သည်အကြံအစည်ကို ပြုလုပ်ရန် အားမသန်ဘဲနေတော့သည်။ ကြံရာမရတော့သဖြင့် နဖူးပေါ်လက်တင်လျက်ရင်ဝကို အပူလုံးကိုဖိလျက် အံကြိတ်လိုက်လေ၏။“ဗေဒင်လေးဘာလေး မေးကြည့်စမ်းပါဦး မမရဲ့”ဒေါသမီးဖိစီးလျက် အိပ်ရာထဲ၌ ခြေပစ်လက်ပစ်ဖြစ်နေသော မလှသင်သည်ငေါက်ခနဲ ထထိုင်လိုက်လေသည်။ ခါးပေါ်၌ ဖားလျားကျသော ဆံပင်များကို နောက်တွင် ဆွဲထုံးလိုက်သည်။

ရေတစ်ခွက် တောင်းသောက်လိုက်ပြီး ထီးတစ်ချောင်းဆွဲလျက် အိမ်ပေါ်မှခပ်သုတ်သုတ်ဆင်းသွားလေ၏။ မိမိကို မသိသော ဗေဒင်ဆရာကိုလိုက်လံမေးမြန်းစုံစမ်းကြည့်သည်။ နောက်မှ အသိတစ်ယောက်က ညွန်ပြလိုက်သော အင်္ဂဝိဇ္ဇာဗေဒင်ဆရာ၏ အိမ်ပေါ်သို့ ခပ်ကုပ်ကုပ်ကလေး တက်သွားလေ၏။

နှုတ်ခမ်းမွေးကျင်စွယ်နှင့် မျက်စိတစ်ဖက်လပ်နေသော ဗေဒင်ဆရာသည်မလှသင် အိမ်ပေါ်တက်လာသည်နှင့် စာဖတ်နေရာမှ ဒန်ကိုင်းမျက်မှန်ကိုမလျက်အကဲခတ်သောမျက်လုံးအကောင်းတစ်ဖက်ဖြင့်လှမ်းကြည့်လိုက်သည်။“ထိုင်သူငယ်မ၊ဘယ်နှခုလဲ၊ ဘယ်နေ့လဲ”အင်္ဂဝိဇ္ဇာဆရာ ခုနှစ်သက္ကရာဇ် မေးမြန်းပြီးနောက် ဘောင်မရှိသော ကျောက်သင်ပုန်းကလေးတစ်ချပ်ပေါ်တွင် တွက်ချက်နေလေ၏။

“သူငယ်မလောလောဆယ်အပူသင့်နေပြီ”“ဟုတ်ပါတယ်ဘကြီးရယ်”မလှသင်သည်အမောဆို့လာသောအသံဖြင့်ပြောလိုက်သည်။“တခြားအပူမဟုတ်ဘူးဗျ၊ခြေနှစ်ချောင်းအပူ“အစစ်ပါပဲဘကြီးရယ်”ဗေဒင်ဆရာသည်မျက်နှာမော်လိုက်ကာမျက်မှန်ကိုင်းကို မလျက် အာရုံစိုက်ကြည့်လိုက်သည်။ ပြီးမှ ခေါင်းတဆတ်ဆတ်ညိတ်နေလေ၏။ ထို့နောက် ငုံ့၍တွက်နေပြန်သည်။

မလှသင်သည် ရင်တဖိုဖိုဖြင့် စောင့်ဆိုင်းနေသည်။ သည်ဆရာမှတစ်ပါး သူ့တွင် ကိုးကွယ်ရာမရှိတော့သကဲ့သို့ အားထားသော မျက်လုံးကြီးဖြင့် စိုက်ကြည့်နေလေသည်။“ခြေနှစ်ချောင်းက မိန်းမ မဟုတ်ဘူး၊ ယောက်ျားနဲ့ဆိုင်တယ်။ ရှင်းရှင်းပြောရရင် မယားငယ်ယူသပေါ့ကွယ်”“ဟုတ်လိုက်တာ ဘကြီးရယ်”

မလှသင်သည် မျက်လုံးများ ဝင်းဝင်းလက်သွားပေသည်။ သူ့အပူတွေ သက်သာရာရတော့အံ့ဟု မျှော်လင့်ဇောဖြင့် သူ့ရင်ထဲ၌ တစ်ခဏအေးချမ်းသွားလေ၏။ဗေဒင်ဆရာသည်ကျောက်သင်ပုန်းပေါ်၌ကျောက်တံသံထွက်အောင်ပြင်းပြင်းဆွဲခြစ်တွက်လျက် ကျောက်တံနှင့် တဒေါက်ဒေါက် ခေါက်ပြောလိုက်ပြန်၏။“အင်း... ဒီကိန်းကျလို့ ဒီအပူသင့်ရတာပါ။ မယားငယ်ယူတာ မကြာသေးဘူး”

ဗေဒင်ဆရာ၏ ဟောကိန်းမှာ တစ်ခွန်းထက်တစ်ခွန်း သွေးထွက်အောင် မှန်လှချေ၏။ မှန်လွန်လွန်း၍ မလှသင်သည် သိပ်လွန်သွားမည်ကိုစိုးရိမ်သဖြင့်သူကအလျင်ဦးအောင်ဖွင့်ပြောပြသည်။“ယောက်ျားဆိုပေမဲ့ကျွန်မအဖေပါဆရာရဲ့”ဗေဒင်ဆရာသည် တဒေါက်ဒေါက် ခေါက်နေသော ကျောက်တံကို အရှိန်သတ်လိုက်သည်။ ဣန္ဒြေပျက်သွားကာ ယောင်ယမ်းပြီး ရပ်လိုက်မိခြင်းအတွက်ကပျာကယာပင် အမူအရာကို ပြန်ပြင်ကာ အသံခပ်ပြတ်ပြတ်နှင့် လှိမ့်ဝါးချလိုက်လေသည်။“ခြေနစ်ချောင်း ယောက်ျားလို့ ပြောတာဟာ အဖေလည်း ယောက်ျားပဲ၊ အစ်ကိုတို့ မောင်တို့လည်း ယောက်ျားပဲ မဟုတ်လား”

“ဟုတ်ပါတယ် ဆရာရယ်၊ ဟုတ်ပါတယ်”“ကိုင်း.. ဆို ဘာသိချင်သလဲ”ဗေဒင်ဆရာသည် ကျောက်တံကိုလွှတ်ချကာ ဟန်နှင့်ပန်နှင့်ဆေးလိပ်ညှိသောက်လိုက်လေသည်။“သူတို့မြဲမှာလား၊ကွဲမှာလားသိချင်လို့ပါ”ဗေဒင်ဆရာသည်ဆေးပြင်းလိပ်တိုကို ပါးစောင်တွင်ခဲပြီး ဆက်၍တွက်ပြန်လေ၏။

“မကွဲဘူးဗျ၊ မြီမှာ။ မမြံစေချင်ရင် ဆေးဖယောင်းတိုင် ထွန်းရမယ်”မလှသင်သည် ငြိမ်သွားလေ၏။ အကင်းပါးလှသော ဗေဒင်ဆရာသည် မမြဲစေချင်မှန်းကို ဖွင့်မပြောဘဲနှင့် သိနှင့်ပြီးဖြစ်သည်။ အတွေ့အကြုံများနေသောသူပီပီခပ်တိုတို ခပ်ဆတ်ဆတ် ထပ်ပြောလိုက်သည်။“မယားငယ်ဝတ်တဲ့ အင်္ကျီဟောင်းနဲ့ ငွေ ၁၅ ကျပ်ယူခဲ့၊ ကြားလား သူငယ်မ ဒါပဲ။”

မလှသင်သည်ငွေငါးကျပ်ကိုကျောက်သင်ပုန်းပေါ်တင်လိုက်ကာ“ဟုတ်ကဲ့ဆရာ”ဟုဆိုလျက်ဗေဒင်ဆရာ့အိမ်ပေါ်မှလေးလေးကန်ကန် ဆင်းလာခဲ့သည်။ဘုမ၏အင်္ကျီဟောင်းရရန် ရုတ်တရက်မလွယ်ချေ။ ဦးသာဖူးနှင့် ခင်မင်သောဒေါ်စိုးကို ဖျတ်ခနဲ သတိရလိုက်မိသည်။ ဒေါ်စိုးမှာ စက်ထဲမှ ဆန်အိတ် ၁၀၀၊ ၂၀၀ဆွဲသော ဖောက်သည်ရင်းတစ်ယောက် ဖြစ်လေ၏။ ဒေါ်စိုးကို တစ်ဖက်လှည့်နှင့်ယူခိုင်းရန် အကြံရသွားသဖြင့် ဒေါ်စိုးဆိုင်သို့ တန်းသွားလေ၏။

(၆)
မလှသင်သည်ဒေါ်စိုးဆိုင်ပေါ်တွင်မတွေ့ချင်သောသူတွေနှင့်ပက်ပင်းသွားတိုးနေလေ၏။ဆန်ဆိုင်ပေါ်တွင်လက်ဖက်ရည်ဝိုင်းကြီးဖွဲ့လျက်အပျင်းဖြေစားနေကြသောမိန်းမတစ်စုသည်မလှသင်ကိုမြင်မြင်ချင်းအချင်းချင်းလက်တို့ကာမျက်နှာချိုသွေးလိုက်ကြသည်။

“ဘယ့်နှယ် အပျိုကြီး ဘယ်လိုဖြစ်လာပြန်သတုံး၊ ပိန်လှချည့်လားတော်”အသက် ၄ဝ အရွယ်၊ အရပ်မြင့်မြင့်၊ နှာတံပေါ်ပေါ်၊ မဟာနဖူးနှင့် စိန်ဘီးကလေးစိုက်ထားသော သူဌေးကတော် ဒေါ်နုမေက ဆီးပြောလိုက်သည်။“ပိန်ဆို ဒီအပူက ဘယ်အပူနဲ့မှ မတူပါဘိ”

ဒေါ်နုမေနား၌ထိုင်နေသောမသန်းရီသည်ပြောပြီးဟားတိုက်ရယ်လိုက်လေ၏။ရွှေကိုင်းမျက်မှန်တပ်ထားသောမသန်းရီ၏ပါးစပ်ထဲမှ ရွှေသွားများမှာ အတုံးလိုက် အခဲလိုက် ဝင်းသွားလေသည်။“အပျိုကြီးနှယ်တော် ဟုတ်ပါရဲ့။ လင်မယူ လင်မယူနဲ့ အခုတော့ အပျိုကြီးမမရယ် ဒုက္ခများလှတယ်”

ကျွန်မဘေးနား၌ထိုင်နေသော မအေးကြည်ကဆက်လိုက်သည်။မအေးကြည်သည် ဘီအိုစီဓာတ်ဆီဆိုင်ရှင် တရုတ်အဘိုးကြီး ဦးကြောင်ငန်း၏ နောက်မိန်းမဖြစ်သည်။ဦးကြောင်ငန်း၏သမီးအကြီး မကြင်ဝှက်ထက် မအေးကြည်က အသက်ငယ်လေ၏။ကပိုကရိုနှင့် ပူပုံဖမ်းလာသော မလှသင်သည် မျက်နှာပျက်ပျက် ရှက်ရှက်ဖြင့် အသီးသီးကို လှမ်းရယ်ပြလိုက်ပြီးမှ အသာဝင်ထိုင်သည်။

စာရင်းတွက်နေသောဒေါ်စိုးက“ညည်းအဖေစက်ထဲကအိမ်ကို ပြောင်းသွားပြီဆို” ဟု လှမ်းမေးလိုက်သည်။“ပြောင်းသွားကြပြီ ဒေါ်ဒေါ်ရဲ့၊ ဘယ်အတူနေလို့ဖြစ်ပါ့မလဲ။ပြောင်းမယ့်နေ့ကကျွန်မရဲ့အဖေနဲ့အကြီးအကျယ် စကားများကြတယ်”“ဘာဖြစ်လို့လဲ ပြောစမ်းပါဦး” ဟု ဒေါ်နုမေက မျက်ခုံးမျက်လုံးချီလျက်ကြားချင်ဇောဖြင့် ပေါင်ပုတ်မေးလိုက်သည်။

“ဖြစ်တာတော့မေးမနေပါနဲ့တော့မမမေရယ်။ကျွန်မကိုပြောသွားလိုက်တာအသည်းနာလို့မဆုံးပါဘူး”“ဘယ်လိုပြောသွားလို့လဲ”ဟု မသန်းရီက မေးလိုက်ပြန်၏။“နင်ဟာလေ.. ခုထက်ထိ လင်လည်းမယူဘူး၊ ကိုယ်ချင်းစာတရားလည်းမရှိဘူးတဲ့။ ကြည့်စမ်းပါဦးရှင် ပြောပုံက”ဝါးခနဲ ရယ်လိုက်ကြလေ၏။

“အဲဒီတော့ မလှသင်က ဘာပြန်ပြောလိုက်သလဲ”မသန်းရီက မျက်နှာပိုးသတ်ပြီး မေးပြန်သည်။ မလှသင်သည် ရောက်စကလိုညှိုးငယ်ခြင်းအရိပ်အယောင်များ လွင့်ပျောက်သွားလျက် ဒေါသအရှိန် ကြွလာလေသည်။ သူ့မျက်နှာမှာ နီမြန်းလာကာ အာပေါင်အာရင်းသန်သန်ဖြင့်ပြောပြလေသည်။“မယူနိုင်ဘူးရှင့်၊ကလေးတွေ တစ်ပြုံတစ်ခေါင်းကြီးကိုပစ်ပြီး လင်မယူနိုင်ဘူးရှင့်။ ယူနိုင်တဲ့လူသာယူကြလို့ ပြန်ပြောပစ်လိုက်တာပေါ့”

ဝါးခနဲ ရယ်လိုက်ကြပြန်လေ၏။ တော်တော်နှင့် အတောမသတ်ဘဲ ခွက်ထိုးခွက်လန် ရယ်နေကြလေသည်။ ဝါးခနဲ ရယ်သံများ ထွက်လာတိုင်းပင် ကျွန်မမှာရယ်နိုင်ဖို့ဝေးစွ ရင်ထဲ၌ နင့်နင့်သွားလေသည်။ဒေါသရှေ့ထားနေသော မလှသင်သည် သူဘာပြော၍ပြောနေမှန်းမသိ။သူ့ကိုဝိုင်းပြီးဝါးခနဲရယ်နေကြသည်ကိုလည်းဘာကြောင့်ရယ်နေကြမှန်းသူမသိ။မီးကုန်ယမ်းကုန်ထွက်လာသောဒေါသဖြင့်သာမွှန်နေလေသည်။ဆက်လက်၍သာရှူးရှူးရှဲရှဲဖြင့်အစအဆုံးဇာတ်စုံခင်းပြောနေတော့လေ၏။မလှသင်၏ဒေါသကိုအရှိန်ပြင်းထန်လာအောင်တစ်ယောက်ပြီးတစ်ယောက် ဘေးကနေ ဝိုင်းပြီး တွန်းပင့်ပေးနေကြသည်။

“အခု အစေခံမက ရွှေဘီးနဲ့ ရွှေလက်ကောက်နဲ့တဲ့ရှင်”“အဘိုးကြီးက အတော်စွဲနေမှကိုး” ဟု ဦးကြောင်ငန်း၏ နောက်မိန်းမ မအေးကြည်က ဝင်ပြောပြီး “ဟီး... ဟီး”ဟု လှောင်ရယ်လိုက်သည်။“ပါးဆွဲချဖို့ ကောင်းတယ်”ဟု ရွှေမျက်မှန်နှင့် မသန်းရီက မျက်နှာထားနှင့်ပြောလေသည်။“လက်သနခံလို့တော်”ဟုမနုမေကပြောပြီးသူ့နှုတ်ခမ်းကိုနားရွက်နားရောက်အောင်ပြဲမဲ့ထားလျက် နှာခေါင်းဝကို ပွစိပွစိလှုပ်နေလေသည်။

“ဒေါသဖြစ်တာတော့ မပြောပါနဲ့၊ ရုပ်သာကြည့်ပါတော့။ အမေသေလို့ ဘာမှမကြာသေးတော့ စိတ်မချမ်းသာလိုက်တာ။ ကျွန်မရင်ထဲမှာ ဆတ်ဆတ် ဆတ်ဆတ်နဲ့အမြဲတုန်နေတော့တယ်။ မအိပ်လည်း မအိပ်နိုင်ဘူး၊ အစားဆိုတာလည်း ကြည့်တောင်မကြည့်ချင်ဘူး။ တစ်ညတစ်ည မအိပ်နိုင်တိုင်း ဆေးလိပ်ထသောက်တာ ဆေးလိပ်အစိတ်လောက်ကုန်တယ်”

“ဘိုးသူတော်လဲတော့တောင်ဝှေးရှိသတော့်၊အပျိုကြီးလဲတော့ဘယ်သူရှိပါ့မလဲ။ကြည့်လည်းပူရှင့်ရှင့်မှာကလေးတွေတစ်ပြုံကြီးနဲ့”မနုမေသည်မလှသင်အပေါ်၌ကရုဏာရှိသယောင်ယောင်နှင့်သရော်လိုက်လေသည်။“ပူတယ်လေဆယ်နေကဲ”မအေးကြည်ကမနုမေကိုမျက်စပစ်လျက်သံနေသံထားကလေးနှင့်ခပ်ဆွဲဆွဲဆိုပြလေသည်။မဲ့ရွဲ့နေသော မနုမေသည် ချက်ချင်းပင်ဟား.. ဟား... ဟား... ဟားဟု ရယ်မောလိုက်လေသည်။

ဒေါ်စိုးသည် စာရင်းစာအုပ်ကို ပိတ်ပြီးလျှင် ဆန်အိတ်ကို မှီထိုင်လျက် လက်ပိုက်ပြီး ဘာတစ်ခွန်းမှ ဝင်မပြောဘဲ မလှသင်ကို စိုက်ကြည့်နေလေသည်။မြင်နေကျရုပ်နှင့်အခြားနားကြီးခြားနားသွားသောအဖြစ်ကိုစိုက်ပြီးကြည့်နေပုံရသည်။ယခင်ကမလှသင်ဈေးထွက်လျှင်ဝတ်စားပြင်ဆင်လာပုံများမှာပွဲထိုင်သွားမည့်သူကအရှုံးပေးရလောက်၏။ယခုမူကားလက်ဝတ်လက်စားလည်း မဝတ်၊ ဆံထုံးနောက်တွဲထုံးလျက် ခေါင်းပေါ်မှ ဆံပင်များမှာ နားထင်ပေါ်၌ ဟိုလွင့်သည်လွင့် ဖွာကျနေလေသည်။ မမှုန်မသဘဲထားသော မျက်နှာမှာလည်း ထင်းထင်းကြီး ပြောင်တင်းနေသည်။အိမ်ထဲဝတ်သော အင်္ကျီဟောင်းနှင့် ဝတ်၍ ထွက်လာသည်။

ကျွန်မသည်တစ်ချိန်လုံးငြိမ်နေသည်။မျက်စိရှေ့မှောက်တွင် အပူသည်နှင့်အပူသည်ကို ဝိုင်းဝန်းနောက်ပြောင် သရော်ကြလျက် မြှောက်ထိုးပင့်ကော်လုပ်ပေးနေကြသောမိန်းမတွေကိုပါစိတ်ဝင်စားနေမိလေသည်။“ဒါဟာသရော်စရာလား”ဟုကျွန်မစိတ်ထဲ၌တွေးနေမိသည်။မြှောက်ထိုးပင့်ကော်လုပ်စရာလားဟုစိတ်ထဲ၌မကောင်းဘဲဖြစ်နေသည်။မလှသင်နှင့်ကျွန်မမှာသူတို့အချင်းချင်းလောက် ရင်းရင်းနှီးနှီးမရှိ။ ဒေါ်စိုးဆိုင်တွင် ဆန်လာဝယ်ရင်း မလှသင်ရော သူတို့နှင့်ရော မကြာခဏဆုံတတ်လေသည်။

မလှသင်နှင့် သိကျွမ်းစက ဟောဟောဒိုင်းဒိုင်း ပွင့်ပွင့်လင်းလင်းရှိသဖြင့် ခင်မင်စရာကောင်းသည်ဟု မှတ်ထား၏။ မနုမေမှာ သူ့နဂိုအနေအထိုင်ဆိုလျှင် ယဉ်ကျေးသယောင်ယောင် နူးညံ့သယောင်ယောင် ထင်ရလျက် စကားပြောကြည့်မှ သဘောနုမှန်း သိထားသည်။ စကားပြောသံကလည်း အောင့်အောင့် ဆောင့်ဆောင့်အသံမျိုးဖြင့်ပြောတတ်သည်။ ဘယ်သူ့ရှေ့မှ မရှောင်ဘဲ မဲ့ကာရွဲ့ကာဖြင့် ပြောတတ်သူဖြစ်လေသည်။

မသန်းရီမှာ မလှသင်နှင့် အိမ်နီးချင်းအထည်ဆိုင် ထွက်သည်။ တစ်ဖက်သားကို အောက်ကျို့ပြောရမှာလည်း ဝန်မလေးပေ။ အထက်ကစီးပြောရမှာလည်းဝန်မလေးပေ။ဘယ်လိုလူတန်းစားနှင့်ဖြစ်ဖြစ် လေပေးလေဖြောင့်သူဖြစ်သည်။ မအေးကြည်ကို တစ်ခါတစ်ရံမှ တွေ့ရသည်။ သူ့ကို တွေ့လိုက်လျှင် ရုပ်ရှင်မင်းသမီးများလားဟု ထင်ရသည်။ အိမ်ထောင်ရေးကြောင့်ဖြစ်စေ၊ စီးပွားရေးကြောင့်ဖြစ်စေပြဿနာတစ်ခုခုအမြဲဖြစ်နေတတ်ကာဘယ်နည်းနှင့်မျှတင်းတိမ်ရောင့်ရဲခြင်းမရှိနိုင်သူဖြစ်မှန်းသတိထားမိသည်။

ကျွန်မငြိမ်ချက်သားကောင်းနေတုန်းဒေါ်စိုးဆီကအသံထွက်လာသည်။ကျွန်မမှာညင်သာပျော့ပျောင်းလှသောဒေါ်စိုး၏အသံကိုနားစိုက်ထောင်နေမိသည်။“မလှသင်ရယ်… ဒေါသရှေ့ထားရင် မှားတော့မပေါ့။ သေသေချာချာ စဉ်းစားကြည့်စမ်းပါကွယ်။ ညည်းမလိမ္မာလို့ညည်းဒုက္ခများနေရတာ၊ညည်းအနေနဲ့ဒီကိစ္စကို သိသိချင်း ရှေ့နောက်ဆင်ခြင်စဉ်းစားပြီး အုပ်အုပ်ဆိုင်းဆိုင်းနဲ့ ပေးစားလိုက်ဖို့ခွင့်ပြုလိုက်ဖို့ ကောင်းပါတယ်။ ညည်းသာ ဒီလိုလုပ်ရင် သူတို့လည်း အိမ်ပေါ်ကပြောင်းမဆင်းသွားဘူးပေါ့။ စီးပွားလည်း ခွဲမနေရဘူး။ ခါတိုင်းလိုလည်း ညည်းဩဇာခံရမှာပဲ။ ညည်းရဲ့ လက်ဝေခံသုံးကြရမှာပဲ။ ကုန်ကုန်ပြောမယ် မလှသင်ရယ်၊ရွှေဘီးတို့ ရွှေလက်ကောက်တို့ဆိုတာ ညည်းဆင်မှ သင်းဝတ်ရမှာပါ၊ ငါပြောတာမဟုတ်ဘူးလားအေ”

ကျွန်မသည်မလှသင်ကိုလှမ်းကြည့်လိုက်သည်။မလှသင်မှာငိုင်ပြီးတွေနေလေသည်။ သူ့အတွေးတွေမှာ မကြည်လင်သေးမှန်း မျက်နှာအိုနေခြင်းကပြနေပေသည်။“ဒါတော့လည်းဒေါ်ကြီးစိုးရယ်ခိုင်းတဲ့ကောင်မကိုအိမ်ဦးခန်းတင်ရမှာဘယ်ဖြစ်နိုင်ပါ့မလဲ၊ မဟုတ်တာ။ တစ်နည်းနဲ့မကွဲ တစ်နည်းနဲ့ကွဲအောင် ကြံဖို့ပဲရှိတယ်”မနုမေက ဝင်ပြောသည်။ မလှသင်သည် သူ့ဘက်မှ မနုမေ ဝင်ရောက်ထောက်ခံအားပေးခြင်းကို အကြိုက်ကျသော မျက်လုံးမျိုးဖြင့် ငွေစောင်းကြည့်လိုက်လေသည်။

“ဒီလိုလည်းမဟုတ်သေးဘူးမနုမေရဲ့။ခိုင်းတဲ့ကောင်မထားပါဦး၊သူ့အမေမသီကိုယ်တိုင်တောင်ဘယ်တုန်းကများ အိမ်ဦးခန်းမှာ နေသွားရသလဲ။ သူ့ခမျာသေသာသွားရှာရော၊ မီးဖိုချောင်နဲ့ အချိန်ကုန်သွားရတာပါ၊ သူ့ယောက်ျား ဝေယျာဝစ္စနဲ့ နေ့ရှိသရွေ့ အလုပ်များနေရတဲ့ သီကို ဘယ်တုန်းကများ အိမ်ဦးခန်းမှာ တွေ့ဖူးကြလို့တုံး။ သူ့ခမျာ ကျွန်မယား ကျေးမယား ကျနေတာပဲ။ ကိုသာဖူးနဲ့က အဲဒီလိုမိန်းမမျိုးနဲ့မှဖြစ်မှာ။ အိမ်ဦးခန်းနေမယ့် မိန်းမမျိုးနဲ့ ဖြစ်မလား၊ စဉ်းစားကြည့်ကြပါဦး။ သူ့ဝေယျာဝစ္စနဲ့ သူ့သည်းညည်းခံနိုင်မယ့်ဟာမျိုး သူ့အနားမှာ တစ်ယောက်အမြဲရှိမှာဖြစ်မှာ၊ သူ့ဒဏ်ကို တာရှည် ဘယ်သူခံနိုင်မလဲ”

မလှသင်၏မျက်လုံးများတွင်မျက်ရည်များဝဲနေလေ၏။အိုနေသောမျက်နှာထားမှာ ညှိုး၍လာလေသည်။ ပြောင်တင်းနေသော မျက်နှာသည်သွေးမရှိသလိုဖြူဖပ်ဖြူရော်ပင်ဖြစ်လာလေသည်။“ဒေါသရှေ့ထားရင်မှားမှာချည်းပဲ၊ညည်းတို့ကိုအမွေခွဲပေးသေးတာလည်းမဟုတ်ဘူး။မလှသင်ညည်းဒေါသကိုညည်းမရုပ်သိမ်းနိုင်ဘူးဆိုရင်စက်တွေ၊အိမ်တွေညည်းအမေနာမည်နေရာမှာ ဘုမ နာမည် ရောက်လာလိမ့်မယ်။ ဒါမျိုးဆိုတာလူမတတ်ပေမဲ့ လက်ဖက်ထုပ်က တတ်လာလိမ့်မယ်။ ငါပြောချင်တာက ခုနေ ညည်းစိတ်ကိုပြင်ဖို့ အချိန်ရှိပါသေးတယ်။ ညည်းမှာရှိတဲ့ အသိတရားတွေကို ဒေါသကဖုံးနေပြီ။ ပြီးတော့ ညည်းမှာ အကုသိုလ် ဘယ်လောက်များသလဲ၊ ညည်းအဖေအပေါ်မှာဖြစ်သမျှ ဒေါသတွေဟာ အပြစ်ချည်းပဲကွဲ့၊ ဒီအပြစ်ကမှ ကြောက်ဖို့သိပ်ကောင်းတဲ့အပြစ်ပေါ့။ ဒေါသရဲ့ကောင်းကျိုးကလည်း ဘယ်မတုံးကွယ်၊ ကိုယ့်ရုပ်ပဲ ကိုယ်ပြန်ကြည့်စမ်းပါဦး၊ အရင်နဲ့ တူသေးရဲ့လား။ ငါ့စကားကို သေသေချာချာ စဉ်းစားပါဦး၊စဉ်းစားပြီး လက်ခံနိုင်မယ်ဆိုရင် ရှေ့ကို ဒီထက်တိုးပြီးတော့ စိတ်ဒုက္ခ မရောက်ဘူးဆိုတာ ငါ အာမခံရဲပါတယ်။ ဒီအတိုင်းသာ မပြင်ရင်တော့ ဒီထက်တိုး စိတ်ဆင်းရဲရလိမ့်မယ်”

ကျွန်မမှာကြားထဲကမဆီမဆိုင်ဒေါ်စိုးကိုကျေးဇူးတင်လိုက်မိသည်။ဒေါ်စိုးကပါဝင်၍မီးထိုးပေးလိုက်လျှင်ခက်ရချေသေး၏။ မခံမရပ်နိုင်အောင်ဒေါသမီးတောက်လောင်လျက်နေပုံမှာမျက်မြင်ကိုယ်တွေ့ဖြစ်နေသဖြင့်မိန်းမချင်းစာနာစိတ်ပြင်းထန်သွားကာကရုဏာများစွာဖြစ်မိသည်။မိန်းမဘဝချင်းနှင့်လင်ပူသားပူ တွေ့ကြုံရခြင်းမျိုး မဟုတ်ရှာဘဲ လင်မယူ သားမမွေးဘဲလျက် သည်အပူတွေ၊သည်ဒုက္ခတွေလာတွေ့ကြုံနေရပုံကိုပိုမို၍လည်းသူ့အပေါ်၌ ကရုဏာဖြစ်မိ၏။ ရှေ့နောက်သိတတ်ခြင်းရှိသော ဒေါ်စိုး၏စကားကို သူ့နားထဲတွင် ဝင်သွားစေချင်သည်။

ကျွန်မကိုလာခေါ်နေသောကားမှာဆိုင်ပြင်ဘက်မှာဟွန်းသံတညံညံပေးနေလေ၏။ကျွန်မမှာရှေ့ဆက်ထိုင်မနေနိုင်သဖြင့်ပြန်ရန် နေရာမှ ထလိုက်ရသည်။“အားလုံးပဲ ပြန်ပါဦးမယ်၊ ဒေါ်ဒေါ်ပြောတာတွေ ကျပ်ကျပ်စဉ်းစားပါ မလှသင်”ဆိုင်မှ ထမပြန်ခင် မလှသင်ကို စကားတစ်ခွန်းပဲ ပြောခဲ့နိုင်သည်။ ကားထွက်လျှင် သက်ပြင်းတစ်ချက် ချမိသည်။ မလှသင်ပေါ်၌ သရော်ရက်ကြ၊ လှောင်ရက်ကြသောမိန်းမသုံးဦးကိုဥပေက္ခာပြုလိုက်ကာဒေါ်စိုးကိုတစ်ဖက်ကတစိမ့်စိမ့်ကျေးဇူးတင်လျက်တစ်ဖက်ကလည်း မလှသင်ကိုတသက်သက်သနားလျက်မြန်မြန်အမြင်မှန်ရကာမြန်မြန်စိတ်ချမ်းသာသွားပါစေဟုထပ်တလဲလဲမေတ္တာပို့လိုက်မိလေ၏။
   

Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့