သန်းမြင့်အောင်
“ဟယ်တော့်...အဲဒါ ဘာလုပ်တာလဲ၊ ဒီလောက်အများကြီး ယူထားတာဆေးရုံက မသိဘူးလား”ရှူး...တိုးတိုးပြောပါ၊ အဲဒါအစ်ကို့တပည့်တွေတစ်နေ့တစ်ချပ် ကန်တော့ထားတာ၊ ငါ့ညီမ ယူသွား သိလား”“မယူပါဘူး၊ သူတို့ ကန်တော့ရအောင် သူတို့ပစ္စည်းမှ မဟုတ်တာ၊ ဆေးရုံကပစ္စည်းကို တိတ်တိတ်ယူထားတာ ခိုးတာပဲ၊ ပြန်ပေးလိုက်နော်၊ ဆရာမတွေကို ပြန်အပ်လိုက်၊ နောက်ကိုလည်း မယူနဲ့တော့”
“အေး…မယူတော့ဘူး”“အဲဒါတွေ ဆရာမကို ကျွန်မအပ် ပေးခဲ့ရမလား”“အစ်ကို အပ်လိုက်မယ်လေ၊စိတ်ချ၊ ဆရာမကိုပဲဖြစ်ဖြစ်၊ ထမင်းစားဆောင်ကိုဖြစ်ဖြစ် ကျွန်တော့်တပည့်တွေ ယူလာခဲ့တာ ကျွန်တော်က ပြန်အပ်ပါတယ်လို့ ပြောလိုက်မှာပေါ့”
"အင်း... ဒါတော့လည်း သိသားပဲ၊ ဒါဆို ကျွန်မ ပြန်တော့မယ့်"“မုန့်ဝယ်ကျွေးသွားဦးလေဟာ...အစ်ကိုက ညီမလာရင် မုန့်ဝယ်ကျွေးမယ်လို့ ပြောထားတာ” “ထန်းလျက်ခဲလည်းပါတယ်၊ပဲကြီးလှော်လည်း ပါတယ်၊ ဝေစားကြပေါ့”“ကွမ်းယာဆိုင်က ဆားငန်စေ့တို့ ဘာတို့ စားချင်တာ”
“ကဲ-..ဒါဖြင့်လည်း လာ...လာ”ကျွန်မ အရိပ်အခြည်ကိုကြည့်နေကြသည့်ဝေဒနာရှင်တွေက ခွင့်ပြုချက်လည်းရရော “ဟေး”ခနဲ အော်ကာ ခုန်ပေါက်စုရုံးပြီး ထွက်လာကြတော့၏။“အစ်ကိုနော်၊ အစ်ကို့လူတွေကို ငြိမ်ငြိမ်နေခိုင်း၊ ဆူညံနေရင် ကျွန်မ ဝယ်မကျွေးတော့ဘူး”ပြောလို့သာ ပြောရသည်။ နည်းနည်းတော့ လန့်နေ၏။ စောစောက တစ်ကျပ်တောင်းသည့်လူလည်း ထိုအုပ်စုထဲတွင် ပါလာ၏။ သူကတော့ ငြိမ်သည်။
“ဟေ့ကောင်တွေ တိတ်တိတ်ကလေးလိုက်ခဲ့ကြ၊ငါ့ညီမက ဆူရင်မကြိုက်ဘူး”ဟု လှမ်းအမိန့်ပေးလိုက်သဖြင့် အားလုံးငြိမ်ပြီး ကုပ်ကုပ်ကလေးတသီကြီးလိုက်လာကြ၍သူကတော့ရှေ့ဆုံးမှခေါင်းကိုမော့၊ရင်ကိုကော့ပြီးခပ်ကြွားကြွားပုံစံဖြင့်ဆေးရုံဝင်းအတွင်းရှိ ကွမ်းယာဆိုင်သို့ ရောက်လာကြသည်။ နေရာဒေသနှင့် ပတ်ဝန်းကျင်အနေအထားကြောင့် လွတ်လွတ်လပ်လပ် ရောင်းဝယ်၍ မရသော ဆိုင်ကလေးမှာလေးဖက်လေးတန်ကိုသံဆန်ခါဖြင့် ကာရံထားရပြီး ရောင်းသူနှင့် ဝယ်သူက သေးငယ်သော သံဆန်ခါပေါက်မှနေပြီး အပေးအယူ လုပ်ကြရသည်။
“ဟေ့ ကောင်တွေ ဘာယူမှာလဲ၊. ကြိုက်တာယူကြ” "တစ်ခုစီပဲနော်၊တစ်ခုစီပဲ" ကိုမြင့်ဦး၏ အပြောကို ကျွန်မက နောက်မှ လှမ်းသတိပေး လိုက်ပြီးသည့်နောက်ဆိုင်ကလေး၏ရှေ့သံဆန်ခါပေါက်ကိုအလုအယက်တိုးပြီး တစ်ယောက်တစ်ပေါက် အော်ကြတော့သည်။
“ဆေးလိပ်ပေးပါ၊ ဆေးလိပ်”“ဆီးငန်စေ့” “ငှက်ပျောသီးတစ်လုံး”“ကွမ်းယာ၊ စမုန်စပါး၊ အာမွှေး”“ငါးမုန့်ကြော်ရှိလား”“ နေကြာစေ့ တစ်ထုပ်”“ မြေပဲဆားလှော်”
အထဲက ဈေးသည်က ရုတ်တရက် ကျွန်မကို မမြင်၍ ဘာမျှ ယူမပေးဘဲအပြင်ကို ချောင်းကြည့်နေသေးသည်။ ကျွန်မက သူမြင်သာအောင်လက်ပြပြီးတစ်မျိုးစီပေးလိုက်ပါဟု အမူအရာလုပ်ပြမှသွက်သွက်လက်လက်ထရောင်းတော့သည်။ဆန်ခါပေါက်သေးသေးကြားမှဝေဒနာလက်ဖဝါးပေါင်းများစွာကို ဖြေရှင်းနေရတာတော်တော်နှင့်မပြီး။ တချို့က ရပြီးတာကိုဝှက်ပြီး နောက်တစ်ကျော့ ပြန်တောင်းချင်နေသေးသည်။ အားလုံးအတွက် ပိုက်ဆံရှင်းပြီးတော့မှ ကျွန်မ ထွက်လာခဲ့သည်။ ဒါတောင်ခပ်လှမ်းလှမ်းရောက်မှ နောက်မှ တစ်စုံတစ်ယောက်၏ အသံကို ကြားလိုက်ရသေးသည်။“ဒီမှာ...ဒီမှာ ဆရာကြီးရဲ့ ညီမရေ၊ နောက်တစ်ခါလာရင် ဝါးလက်ခုပ်တစ်လက်လောက် ဝယ်လာခဲ့စမ်းပါ”
“ဘယ်လိုလဲ ညီမလေး မောလာပြီလား၊ သူ့ရောဂါက တစ်မျိုး၊ ငါတို့ သားအမိတွေက တစ်မျိုးနဲ့ ငါ့ညီမတော့ ကြားက သေမှာပဲ၊သွားရတာအဆင်ပြေရဲ့လား” အိမ်ရောက်တော့မမအိကထုံးစံအတိုင်းအိမ်ရှေ့ခန်းမှာသင်ဖြူးဖျာတစ်ချပ်နှင့်တုံးလုံးလှဲရင်း သမီးငယ်လေးကို ရင်ခွင်ထဲထည့်ကာ သိပ်နေသည်။ ကျွန်မ သူတို့ရှေ့မှာထိုင်ချလိုက်သည်နှင့် ခပ်လှမ်းလှမ်းတွင် အရုပ်ကလေးတွေနှင့်ဆော့နေသောသားကြီးကကျွန်မပေါင်ပေါ် လာတက်ထိုင်လိုက်သည်။ သားကြီးကို သူ့အဖေက လွမ်းနေတာကို ကျွန်မ ကလေး စိတ်မကောင်းမှာစိုး၍ မပြောပြဖြစ်တော့။
“သွားရတာ လာရတာကတော့ အဆင်ပြေပါတယ်၊ ဆေး ရုံက ဆရာမတွေကလည်း အားလုံးခင်နေကြတာပဲဟာ၊ ဒါပေမဲ့ မမအိ ပါတော့ ပိုကောင်းတာပေါ့၊ နောက် အပတ်ကျရင်တော့ မမအိ လိုက်ခဲ့နော်”“ငါ လိုက်တော့ရော ဘာထူးမှာလဲဟာ၊ နင်ပဲ အားလုံးပြောဆို လုပ်ကိုင်နေရတာပဲဟာ”
“ဟာ...မမအိကလည်း ကျွန်မလုပ်တာက လုပ်တာပဲ မမအိက လူနာရှင်လေ၊ နေရာတကာ ကျွန်မတစ်ယောက်တည်း လျှောက်လုပ်နေလို့ တော်ပါ့မလား” ”အေးပါဟယ်…ဟုတ်ပါတယ်၊တကယ်တော့ ဒီလူဟာ လူ့လောကကြီးထဲကို ငါ့ကို သက်သက်ဒုက္ခပေးဖို့ရောက်လာတာပဲနော်၊တစ်ခါတည်းသွက်သွက်လည်အောင်ရူးပြီးဘယ်တော့မှအိမ်ပြန်ရောက်မလားတော့ရင်ကောင်းမယ်၊ ဒါမှမဟုတ် သေသွားရင်လည်း အေးမှာပဲ” "ဟာ မမကလည်း ကလေးတွေ ရှေ့မှာ၊ သားဘွားဘွားရော" ကျွန်မကမမကိုလှမ်းဟန့်လိုက်ရင်းသားကြီး၏ ဦးခေါင်းကိုပါပွတ်၍စကားလွှဲလိုက်သည်။ သားကြီးက “ဘွားဘွား ရေချိုးနေတယ်”ဟု ဖြေ၏။
"ဟာ..ဘွားဘွားကညနေစောင်းမှရေချိုးနေပြန်ပြီ၊မြန်မြန်ချိုးလို့ သွားပြောလိုက်သား၊ သွား.. ပြီးရင် ဟိုမှာသွား ဆက်ဆော့နေတော့နော်၊ အန်တီလေး အိုက်လွန်းလို့”ဟုကလေးကိုပေါင်ပေါ်မှ အသာအယာဖယ်ထုတ်လိုက်ရသည်။
“ ကလေးတွေရှေ့မှာ စကားကို ဆင်ခြင်ပြောပါ မမရယ်၊ သူက မမကို ရှာဖွေမကျွေးဘဲ ရူးရူးနှိပ်စက်နေတာမှ မဟုတ်တာ၊ သူ့ဝေဒနာနဲ့သူဖြစ်လာတာဘယ်တတ်နိုင်ပါ့မလဲ၊အဲဒါဟာမမရဲ့ကံကြမ္မာနဲ့လည်း ဆိုင်တာပဲ၊ တကယ်လို့သာ မမချစ်လို့ယူခဲ့တဲ့ ယောက်ျားဆိုရင် ဒီအချိန်မှာ ဒီစကား ဘယ်ပြောမလဲ၊ အဲဒီလိုပဲသဘောထားကြည့်ပါလားဟင်”
“အဲဒါလည်း ပါတော့ ပါမှာပေါ့လေ၊ ဒါပေမဲ့ နင်ပြောသလို ငါ့ကံကြမ္မာကြောင့်ပါ၊ ငါ ဘယ်သူ့ကိုမှတော့ အပြစ်မပြောပါဘူး၊ ဒါပေမဲ့ အဲဒီလူကတော့ စတွေ့တဲ့နေ့ကစပြီး ခုချိန်ထိ နည်းနည်းလေးမှကို ချစ်လို့မရတာ သေချာတယ်”“ဘာပဲပြောပြော ဖူးစာပါလို့ ညားတာပါ မမရယ်၊ အဲဒီလိုပဲ သဘောထားလိုက်စမ်းပါ၊ မမက ပြတ်မှ မပြတ်သားခဲ့တာ၊ သတ္တိမှ မမွေးခဲ့တာ၊ မမနေရာမှာကျွန်မဆိုရင် တစ်မျိုးဖြစ်ချင်ဖြစ်သွားမှာ၊ခုမှတော့ဘာမှလည်း ပြောင်းလဲမလာတော့ဘူး၊မမ သူ့ကို ချစ်နိုင်အောင် ကြိုးစားကြည့်ဖို့ပဲ ရှိတောတယ်၊ လင်နဲ့ မယားပဲ ကြာရင်ချစ်သွားမှာပါ”
“ဝေးလိုက်တာဟယ်”“မချစ်သည့်တိုင်အောင်တောင် နည်းနည်းပါးပါး သနားပြီး သံယောဇဉ်တော့ရှိမှာပါ” “ဟင့်အင်းငါသူ့ကိုအမြဲစိတ်ကုန်နေတယ်” “အစ်ကိုမြင့်ဦးက ကျွန်မကို တစ်ခါက ပြောဖူးတယ်၊ အိလေးက ငါ့ကိုစတွေ့ကတည်းက ခုချိန်ထိ ဘယ်လိုမှ မခေါ်ဘဲနဲ့ စကားပြောတယ်တဲ့၊ အစ်ကိုဖြင့်အစ်ကို၊ ကိုမြင့်ဦးဖြင့် ကိုမြင့်ဦးပေါ့၊ သူ့ကို နာမည်လေးဖြစ်ဖြစ် ခေါ်ပြးစကားပြောခိုင်းပေးပါလားတဲ့၊ဘာပဲပြောပြောသံပြတ်ကြီးနဲ့ပြောပြောနေတာသူစိတ်မကောင်းဘူးတဲ့၊မမအဲဒီလောက်ကြီးတော့ မတင်းမာသင့်ဘူး ထင်တယ်”
“ငါကဘာတင်းမာလို့လဲ၊ နာမည် မခေါ်လည်း စကားပြောလို့ရတာပဲ၊သူ့ကိုနာမည်မခေါ်တာကလွဲရင် ငါ ဝတ္တရားဘာမှမပျက်ဘူးဟ"“ဟုတ်ပါတယ်၊အဲဒီလိုနေရခြင်းအတူတူသူရောကိုယ်ရောစိတ်ချမ်းသာကြတော့တော့ကောင်းတာပေါ့မမရယ်၊ကျွန်မပြောတာက မမတို့အိမ်ထောင်ရေး သာယာဖို့ပါ၊အထူးသဖြင့် မမကို သိပ်ချစ်ရှာပါတယ်၊ ခေါ်တာတောင် အိလေးတဲ့၊ ကိုယ့်စိတ်ကိုယ်ဖြေပြီးသူ့အပေါ် ချစ်လာအောင် ကြိုးစားကြည့်ပါ မမရယ်”
“ဘယ်လိုမှမရပါဘူးဟယ်၊အမှန်တော့ မေမေစိတ်မချမ်းသာမှာစိုးလို့၊ငါထွက်တောင်ပြေးချင်တာ”“ပြေးမယ့်ပြေးအစောကြီးကတည်းကပြေးရတယ်၊ခုမှတော့စိတ်ကူးမနေနဲ့တော့၊ကလေးလည်းနှစ်ယောက်ရနေပြီ”“အေးပေါ့၊အဲဒါကြောင့်မို့လို့ပေါ့”တကယ်တော့ မမအိအဖြစ်က ကာယကံရှင် “ကိုမြင့်ဦး”ထက် ပိုပြီးသနားစရာကောင်းသည်။
“အိအိခင်” ဆိုသည့် မိန်းမတစ်ယောက်၏ ရင်ထဲတွင် အရွယ်ရောက်ချိန်မှစ၍ယနေ့ထက်တိုင် “အချစ်”ဆိုတာကို ကျွန်မ ရှာမတွေ့ခဲ့။“ဣတ္ထိ ရူပံ ဓနံ” ဆိုသည့် ရှေးစကားသည် မမအိအတွက်တော့ ကံဆိုးစွာဆန့်ကျင်နေခဲ့ပြီထင်သည်။
လွန်ခဲ့သောကာလများဆီကအိအိခင်သည်သည်လိုတွေဝေငြိမ်သက်ကာအသက်မဲ့သောမျက်လုံးပိုင်ရှင်မဟုတ်။ အပျော်အရွှင် အရယ်အပြုံးနည်းကာစိတ်အလိုမကျမှုဖြင့်အမြဲတမ်းတင်းတင်းစေ့ထားတတ်သောနှုတ်ခမ်းပိုင်ရှင်မဟုတ်။ထာဝရပျင်းရိငြီးငွေ့ကာ လေးကန်ဖင့်နွှဲနေသော လှုပ်ရှားမှုများပိုင်ရှင်၊ အိစက်စက် ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်အချိုးအစားနှင့် မဟုတ်။
မိန်းမတစ်ယောက်၏ ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲသွားစေသော အချိုးအကွေ့တစ်ခုကို ကျွန်မ ပြန်လည်တွေးတော မြင်ယောင်မိပြန်သည်။မိန်းမတစ်ယောက်အတွက်လက်ထပ်ခြင်းဟာနယ်ပယ်သစ်တစ်ခုကိုစတင်ဝင်ရောက်ခဲ့တဲ့ခြေလှမ်းများလို့ သတ်မှတ်နိုင်မယ်ဆိုရင်တော့ အဲဒီခြေဖဝါးတွေ၊ ဒဏ်ရာအနာတရ မဖြစ်အောင် ပြေလွင်ပြီး ခရီးပေါက်မယ့်လမ်းကို မိမိကိုယ်စွမ်း ကိုယ်စနဲ့ရွေးချယ်ခွင့် ရှိရမယ်ဟု ကျွန်မ ထင်သည်။
ခုတော့သိပ်ပြီးနုံအ၊လှပသည့်အမျိုးသမီးတစ်ယောက်ရဲ့ အိမ်ထောင်ရေး သို့မဟုတ် အရွယ်လွန်ယောကျာ်းတစ်ယောက်နှင့် အရွယ်ရောက်ပြီးစ မိန်းကလေးတစ်ယောက်ရဲ့ ရှားပါးတဲ့ အဖြစ်သနစ်တွေကတော့ မယုံနိုင်စရာပင်။
ကျွန်မတို့ငယ်ငယ်လေးကတည်းကအဖေဆုံးသွား၍ကျွန်မတို့ကိုမိသားစုသုံးယောက်မွန်ပြည်နယ်ထဲကမြို့သေးသေးလေးတစ်မြို့မှာအမေ့ဆွေမျိုးတွေကြားထဲကြီးပြင်းခဲ့ရသည်။မြို့သေးသေးလေးဆိုပေမယ့်တကယ်တမ်းကျတောရွာကြီးကြီးတစ်ရွာလိုပါပဲ။ အဲဒီတုန်းက သိပ်ကိုရှေးကျခဲ့သည်။ကျွန်မတို့ကြီးတော်အပျိုကြီးများကမေမေနှင့်ကျွန်မထက်မမအိကို ပိုချစ်ကြသည်။ ကျွန်မတို့ဆွေမျိုးထဲတွင် မမအိကိုအဖိုးတန်ရတနာတစ်ပါးသဖွယ် ထားစရာနေရာမရှိအောင် သည်းသည်းလှုပ်ကြသည်။
ဘဝပေးကုသိုလ်အရ မမအိက အသားအရေ၊ မျက်နှာပေါက်၊ ကိုယ်လုံးကိုယ်ထည်ပြောစရာမရှိအောင် လှသည်။ အရွယ်ရောက်လာလေ မမအိက ပိုလှလာလေ၊ ကြီးတော်ကြီးတွေက ကြပ်မတ်ထိန်းသိမ်းလေ ဖြစ်လာသည်။ မမအိက ကြီးတော်အပျိုကြီးတွေသွင်းသည့် ပုံစံအတိုင်း အိမ်တွင်းပုန်း၊ ဗိုင်းကောင်းကျောက်ဖိ၊ မိန်းမပီသသလောက်ကျွန်မက ပေတူးတူး၊ ဂျစ်ကန်ကန်နှင့် လမ်းသလားတတ်လွန်း၍ ကျွန်မကို စိတ်တိုင်းမကျ၊ အမေကတော့ အေးသည်။ ဘယ်သူ့ကိုမှ ဘာမျှမပြော။ အားလုံး သူ့အစ်မသဘောသာ။
အဲဒီလောက် အိမ်ထဲမှာ ဗိုင်းကောင်းကျောက်ဖိထားသော မမအိထံမှ ရည်းစားစာတစ်စောင် မိသောနေ့က ကျွန်မတို့အိမ်မှာ ကမ္ဘာပျက်နေပုံကိုကျွန်မ ဓာတ်ပုံရိုက်ယူထားသလိုမျက်စိထဲ စွဲနေသည်။ မမအိက သူ မဟုတ်သလို ကြောင်တောင်တောင်နှင့်ငေးကြည့်နေပြီး အမေက မျက်ရည်တွေတွေသာ ကျနေသည်။ ဒေါ်လေးက တစ်ကိုယ်လုံးနတ်ကျသလို ဆတ်ဆတ်တုန်ပြီး မမအိ သေတ္တာတွေ၊ မွေ့ရာတွေ၊ ခေါင်းအုံးတွေပါမကျန်ဆွဲဖွလှန်လှောပြီး သဲလွန်စ ထပ်ရှာရင်းက ပါးစပ်မှလည်း ကျူးလွန်မိသည့်အပြစ်ထက်ပိုပြီးအဆမတန်နားမခံသာအောင်ရေရွတ်ပြောဆိုနေသည်။သူကိုယ်တိုင်လည်းမျက်ရည်တွေသုတ်လိုက်၊နှပ်တွေညှစ်လိုက်နှင့်ကယောင်ကတမ်းဖြစ်နေသည်။အကြီးဆုံးကြီးတော်ကြီးကတော့စိတ်ကိုမနည်းထိန်းထားရပုံနှင့် ပြောင်းဖူးဖက် ဆေးပေါ့လိပ်ကြီးကို ထောင်းထောင်းထအောင် ဖွာနေရာကနေ..
“အဲဒါပေါ့၊ သမီးတစ်ကောင် နွားတစ်ထောင်ဆိုတာ၊ ဘယ်လောက်ပဲ အထိန်းအသိမ်းကောင်းကောင်း၊ သူကိုယ်တိုင်က စိတ်ပါနေရင် သံကွန်ချာ ခုနစ်ထပ် အုပ်ထားတောင် မလုံတော့ဘူးမှတ်၊ အေးပေါ့အေ၊ ငါတို့ကတော့ ကိုယ့်သားသမီးကို ဣန္ဒြေကြီးလှပြီမှတ်တာ၊လင်လိုချင်စိတ်ပေါက်လာတော့လည်းလင်ပေးစားလိုက်ရုံပေါ့”“မ…မဟုတ်ပါဘူးဒေါ်ကြီးရဲ့”မမအိက ကြောက်ကြောက်နှင့် တစ်ခွန်းတော့ ပြန်ပြောဖို့ ကြိုးစားသေးသည်။သို့သော် မအောင်မြင်လိုက်။
အပိုင်း(၃)ဆက်ရန်...
#ဆူးပန်းတစ်ပွင့်၏သိပ်သည်းဆ
#သန်းမြင့်အောင်
Keep Reading