အောင်သင်း
ကျွန်တော်က တက္ကသိုလ်တွင် ဆရာတစ်ယောက် အဖြစ် အမှုထမ်းခဲ့ဖူးပါသည်။ စာသင်ကြားပို့ချမှုတွင်လည်း အပြောအဟော အသင်အကြား ကောင်းသည်ဟုအတန်အသင့် နာမည်ရခဲ့ပါသည်။ တက္ကသိုလ် မရောက်သေးမီကလည်းတောင်တွင်းကြီးမြို့ “မိုးထိအလယ်တန်းကျောင်း” တွင် အလယ်တန်းပြဆရာအဖြစ် နှစ်နှစ်၊သုံးနှစ်ခန့် အမှုထမ်းခဲ့ဖူးပါသေးသည်။ ထိုစဉ်ကလည်း သင်ကြားမှုနှင့် ပတ်သက်၍အတန်အသင့် နာမည်ရခဲ့သည်ပင် ဖြစ်ပါသည်။
ကြွားဝါနေခြင်းဟုမထင်ပါနှင့်။ကျွန်တော့်အဖို့ဘာမျှပင်ပင်ပန်းပန်းကြိုးစားမနေဘဲထိုသို့အဆင့်လောက်ထိအောင်ရောက်နိုင်ခဲ့သည်မှာအမှန်ဖြစ်ပါသည်။ထို့ကြောင့် တော်ရုံတန်ရုံစာသင်ကောင်းသည်ဆိုသောဆရာမျိုးကိုလည်း “ဪ...စာသင်ကောင်းတယ်ဆိုပဲ" ဟု အောက်မေ့လိုက်ရုံမျှသာ ရှိပါသည်။
စာသင်ကြားမှုနှင့် ပတ်သက်၍ ကျွန်တော်ကြောက်ဒူးတုန်ပြီး လန့်သွားလောက်အောင် ကြုံရသည်မှာ၁၉၆၃-၁၉၆၄ တစ်ဝိုက်လောက်ဆီက ဖြစ်ပါသည်။သည်တော့ကျွန်တော်ကတက္ကသိုလ်တွင်ဆရာဖြစ်နေလေပြီ။တက္ကသိုလ်ကျောင်းပိတ်လျှင်ကျွန်တော့်ဇာတိတောင်တွင်းကြီးမြို့သို့ပြန်သွားလေ့ရှိပါသည်။
တောင်တွင်းကြီးမြို့သို့ ပြန်ရောက်သွားလိုက်လျှင်လည်းကျွန်တော်အများဆုံးအချိန်ဖြုန်းသောနေရာမှာရွှေအင်းတောင်ဘုရားကြီးရင်ပြင်ပေါ်ရှိ "အမျိုးသားပြတိုက်"တွင်ဖြစ်ပါသည်။ ထိုပြတိုက်ကိုစတင် တည်ထောင်ခဲ့သူများတွင်ကျွန်တော်လည်းအမှုဆောင်တစ်ယောက်အဖြစ် တက်ကြွစွာလုပ်ဆောင်ခဲ့သူဖြစ်သောကြောင့်ရန်ကုန်တက္ကသိုလ်သို့ရောက်နေလင့်ကစားကျွန်တော့်ကို အဝေးရောက်အမှုဆောင်အဖြစ်ထည့်သွင်းထားကြပါသည်။ ကျွန်တော်ကလည်း ရန်ကုန်တွင် လုပ်ဆောင်ဖွယ် ရှိသည်တို့ကို လုပ်ဆောင်ပေးရပါသည်။
ကျွန်တော်တို့အမှုဆောင်အဖွဲ့မှတက်ကြွစွာလှုပ်ရှားသူများတွင် မိုးထိကျောင်းက မူလတန်းပြဆရာ“ဦးဉာဏ်စိန်တစ်ယောက်လည်း ပါဝင်ပါသည်။ မိုးထိကျောင်းနှင့်ရွှေအင်းတောင်ဘုရားမှာကပ်လျက်ရှိနေသည်ဖြစ်သောကြောင့်ပြတိုက်ဘက်သို့ သွားလျှင် ဆရာကိုဉာဏ်စိန်ဆီသို့ဝင်သွားလေ့ရှိပါသည်။
ကိုဉာဏ်စိန်ကမူလကတော့အနုပညာနည်းပြ(ပန်းချီနည်းပြ)ဆရာဖြစ်ပါသည်။ထိုစဉ်ကဘာကြောင့်ရယ်မသိပန်းချီနည်းပြဆရာများကိုလည်းစာသင်ဆရာလုပ်လိုက်သောကြောင့် သူက မူလတန်းဆရာအဖြစ် “သူငယ်တန်း” ကို သင်ကြား နေရပါသည်။
ကျွန်တော်က သူနှင့် ထွေရာလေးပါး စကားပြောချင်သောကြောင့် သူ့အခန်းဆီသို့ လိုက်သွားပါသည်။ သူသင်ကြားနေသည်ကို အမှတ်မထင်တစေ့တစောင်းလှမ်းကြည့်နေမိသည်။ ဘာစာမှ သင်သည်လည်း မဟုတ်ပါ။ သင်ပုန်းပေါ်တွင် အရုပ်တစ်ရုပ်ရေးနေပါသည်။ ကျွန်တော် မှတ်မိသလောက် အရုပ်ကမတ်တတ်ရပ်နေသောလိပ်ရုပ်။ ထိုစဉ်က ကာတွန်းစာအုပ်များတွင် တွေ့ရသော “ဖိုးရွှေလိပ်” မှန်းကျွန်တော်သိလိုက်ပါသည်။
ကျွန်တော်သာ သိသည်မဟုတ်ပါ။ သူ့တပည့် ကလေးတွေကလည်း သိကြပါသည်။“ဟေး..ဖိုးရွှေလိပ်ကွ” စသည်ဖြင့် အော်ကြပါသည်။သူက ထိုလိပ်ရုပ်၏ လက်ထဲသို့ တုတ်ကောက်တစ်ခုတပ်ပေးလိုက်ပြန်သည်။ကလေးတွေက “တုတ်ကောက်နဲ့ကွ” ဟု အော်လိုက်ပြန်ပါသည်။ ပါးစပ်တွင် ဆေးတံတပ်ပေးလိုက်ပြန်သည်။ ကလေးတွေက “ဆေးတံနဲ့ဟေ့” စသည်ဖြင့် အော်လိုက်ကြပြန်ပါသည်။
ထိုအရုပ်ရေးပြီးမှကိုဉာဏ်စိန်ကအတန်းထဲရှိကလေးများဘက်လှည့်ပြီး“တစ်နေ့မှာ ဖိုးရွှေလိပ်ဟာ မနက်စောစော လမ်းလျှောက် ထွက်လာတယ်။ အဲဒီလိုနဲ့ လမ်းမှာဘယ်သူနဲ့တွေ့သလဲဆိုတော့…”ဟုပြောလိုက်ပြီးနောက်.သင်ပုန်း တစ်ဖက်စွန်းတွင်အရုပ်တစ်ရုပ်ကိုရေးနေပြန်ပါသည်။ကလေးတွေကလည်း ဘယ်သူနဲ့ များတွေ့မည်လဲ စောင့်ကြည့်နေကြပြန်ပါသည်။ စင်စစ် ကလေးတွေသာ မဟုတ်ပါ။ကျွန်တော်လည်း စောင့်ကြည့်နေမိပါသည်။ သူဆွဲနေသောပုံမှာ တစ်စတစ်စ ပုံ ပေါ်လာပါသည်။ ကလေးတွေက “ယုန်ကလေး” ဟု တစ်ပျော်တစ်ပါးကြီး အော်လိုက်ကြပြန်ပါသည်။ယုန်ကိုလည်းဟိုဟာတပ်၊သည်ဟာဆင်လိုက်ရာမျက်မှန်နဲ့အထုပ်အပိုးနဲ့ဖြစ်သွားပြန်ပါသည်။သူက တစ်ခုခု တပ်ဆင်ပေးလိုက်တိုင်း ကလေးတွေကလည်းတသောသောနှင့်သဘောကျနေပါသည်။ သူကဆက်၍-
“အဲဒီလို ဘဘကြီး ဦးရွှေယုန်နဲ့ တွေ့ လိုက်တော့ ဖိုးရွှေလိပ်က ဘယ်လိုလဲ ဘဘကြီးရဲ့ ဘယ်ကြွမလို့လဲလို့ မေးလိုက်တယ်”ရှေ့လျှောက်ပြီးသူဆက်ပြောနေသည်တွေကိုတော့ကျွန်တော်လည်းမမှတ်မိတော့ပါ။အမှန်အတိုင်းပြောရလျှင်ဘာရယ်မဟုတ် သူ့ပါးစပ်ထဲရောက်လာသမျှ သူစိတ်ကူးပေါက်သမျှတွေကို ပုံလိုလိုဘာလိုလို လုပ်ပြီးပြောနေခြင်းဖြစ်ပါသည်။
ဆရာကိုဉာဏ်စိန် ကျွန်တော့်ကို မြင်လိုက်တော့ သူဘာသာသူ သဘောကျစွာ ရယ်လိုက်ပြီး“လာလေဗျာ၊ ခင်ဗျားကော နားထောင်သွားပါဦးလား”တဲ့။ “တော်ပါပြီဗျာ၊ ကျောင်းဆင်းရင်သာ ဘုရားပေါ်လာခဲ့ပါ” ဟုရယ်မောပြောဆိုပြီးထွက်လာခဲ့ပါသည်။
နောက်တစ်နေ့သူ့စာသင်ခန်းထိရောက်သွားပြန်တော့ သည်။ ထိုနည်းတူ အရုပ်တွေရေးပြီး ပေါက်တတ်ကရ ပုံပြင်လိုလိုဘာလိုလိုတွေ ပြောနေတာကိုပဲတွေ့ရပြန်ပါသည်။ သုံး,လေးရက်လောက်ရှိတော့ကျွန်တော်က မနေနိုင်တော့ဘဲ...
“ခင်ဗျားကဘာစာမှ သင်တာလည်း မတွေ့ရပါကလားဗျ” ဟုရယ်မောကာ မေးလိုက်တော့...“စာသင်တာဟာအရေးကြီးတာမှတ်လို့ဗျာ၊ ဘယ်အချိန်သင်သင်ရတဲ့ကိစ္စ”ဟုရယ်ပြီးပြောပါသည်။ပြီးမှ “တကယ်ပြောတာဗျ.. စာသင်တာ ဘယ်အချိန်သင်သင်ဖြစ်တယ်၊ ဒီ အ ချိန်မှာ ကလေးတွေ ပျော်နေဖို့လိုတယ်။ ကျောင်းကိုကြောက်စရာကြီးလို့အောက်မေ့မသွားဖို့ အရေးကြီးတယ်ဗျ။ ကျောင်းနေပျော်အောင် လုပ်နေရတာဗျ”
ကျွန်တော့် စိတ်ထဲတွင် “အင်း…သူ ပြောတာလည်း ဟုတ်သားပဲ” ဟု တွေးလိုက်မိသည်။နောက်တစ်နေ့ ရောက်သွားတော့ သူ လုပ်ပုံကိုင်ပုံကို ကြည့်ချင်သည်နှင့်ကျောင်းခန်းအပြင်ဘက်ပြူတင်းပေါက်နားထိုင်ခုံကလေးတစ်လုံးကိုချပြီးကြည့်နေမိပါသည်။ ကျွန်တော် အလန့်ဆုံးကိစ္စကို ထိုနေ့တွင် တွေ့ ရပါတော့သည်။
ရှေ့ဆုံးတန်းက ကလေးတစ်ယောက်မှာတအီအီနှင့်ငိုနေပါသည်။ သူဆွဲနေသော အရုပ်တွေကိုလည်း မကြည့်၊စာသင်ခန်းအပြင်ဘက်သို့သာတကြည့်ကြည့်လုပ်ပြီးတအီအီငိုနေပါသည်။ကလေးကြည့်ရာဆီကိုလှမ်းကြည့်လိုက်တော့ မန်းကျည်းပင်ရိပ်တွင်ထိုင်နေသော မိန်းမကြီးတစ်ယောက်ကို တွေ့ရပါသည်။ ကိုဉာဏ်စိန်ကလည်းထိုကလေးကိုရှိသည်ပင်မအောက် မေ့၊သူ့ဘာသာသူအရုပ်တွေကိုရေးလိုက်ပုံပြောလိုက်လုပ်နေပါသည်။
ကျွန်တော်ကတော့ထိုကလေးကိစ္စကိုကိုဉာဏ်စိန်ဘာလုပ်မလဲ ဆိုသည်ကို စောင့်ကြည့်နေမိပါသည်။ အ တော်လေးကြာတော့ ကိုဉာဏ်စိန်ကပြူတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်ပြီး..“ဒေါ်အေးသာ စိတ်ချလက်ချ ပြန်စမ်းပါ။ ခင်ဗျားမရှိရင် ခင်ဗျား မြေးကို ကျုပ် ထိန်းနိုင်ပါတယ်။ ခင်ဗျားရှိနေလို့ကတော့ ဒီကောင် တစ်သက်လုံး အငိုတိတ်မှာ မဟုတ်တော့ဘူး”
ထိုသို့ပြောလိုက်ခါမှဟိုအကောင်ကလေးကလည်း အ သံမြှင့်ပြီးစီခနဲငိုလိုက်ပြန်ပါတော့သည်။အဘွားဖြစ်သူအဒေါ်ကြီးကလည်း သူ့မြေးကို သံယောဇဉ်မဖြတ်နိုင်ဘဲ ပေကပ်ကပ် လုပ်နေပါသည်။“ခက်တယ်ဗျာ.. ကလေးတွေကို ထိန်းရတာ ကျုပ်က မကြောက်ပါဘူး။ အဲဒီလို အဘွားကြီးတွေကို ထိန်းရတာ အခက်ပဲ” ဟု ညည်းသလိုလို ကျွန်တော့်ကို လှမ်းပြောပါသည်။
“ကဲမပြန်ချင်ရင်နေဗျာ၊ ဒါပေမဲ့ ကလေးမမြင်လောက်တဲ့နေရာဟိုဘက်ထောင့်ကွယ်မှာဖြစ်ဖြစ်သွားနေစမ်းပါ”ကိုဥာဏ်စိန် အထပ်ထပ်ပြောမှအဘွားကြီးလည်းမသွားချင် သွားချင် ထောင့်ကွယ်ကလေးသို့ ထွက်သွားပါသညါ။သူ့အဖွားကို မမြင်ရတော့ ဟိုချာတိတ်ကလည်း ငိုလိုက်သည်မှာ တစ်တန်းလုံးသူ့ကို ဝိုင်းကြည့်နေကြရနောင်ပင် ဖြစ်သည်။
ကိုဥာဏ်စိန်ကတော့ သူ့အရုပ်တွေကို ဆက်ပြီး ရေးပြန်သည်။ကလေးတွေကလည်း ခွေးရုပ်ကလေးကွ၊ကြောင်ရုပ်ကလေးကွ စသည်ဖြင့် အော်လိုက်ကြပြန် သည်။ဟိုချာတိတ်ကတော့သူများတွေကစီခနဲအော်လိုက်လျှင်ကယောင်ကတမ်းခဏလောက်အငိုရပ်ပြီး ကြည့်လိုက်သည်။ပြီးတော့ အပြင်ကိုလှမ်းကြည့် အ ဘွားကိုရှာပြီးနောက် တအီအီငိုပြန်ပါတော့သည်။
ကျွန်တော်ကတော့ ထို ကလေးနှင့် ကိုဥာဏ်စိန်ကို ကြည့်ပြီး စိတ်အိုက်လှပါပြီ။ ငါဆိုရင် ဘာလုပ်မလဲတွေးလိုက်ပြန်တော့လည်း ဘာမှ မလုပ်တတ်ပါ။ရိုက်နှက်ပစ်လိုက်ရအောင်လည်း တကယ့် လူမမည် က လေးကို ဒီလိုလုပ်လို့ ဖြစ်နိုင်ပါ့မလား။
ကိုဥာဏ်စိန်ကတော့ခပ်အေးအေးပါပဲ။အရုပ်တွေရေးလိုက်၊ ပုံပြင်လိုလိုတွေ ပြောလိုက်၊ ဟိုချာတိတ်ကလည်းငိုမြဲပါပဲ။အတော်လေး ကြာတော့ ကိုဉာဏ်စိန်လည်းစိတ်ကုန်လာပုံမျိုးနှင့် ထိုကလေးကိုစိုက်ကြည့်နေပါသည်။ သို့သော်လည်း သူ့မျက်နှာက ပြုံးစိစိပါပဲ။ဟိုကောင်ကသူ့ကိုဆရာစိုက်ကြည့်နေမှန်းသိတော့ခဏမျှ ဆရာကိုပြန်ကြည့်ပြီး အငိုတိတ်သွားပါသည်။ပြီးတော့ စီခနဲ ခပ်ကျယ်ကျယ်ကြီး ငိုလိုက်ပြန်ပါသည်။
ကိုဉာဏ်စိန်က အတန်းဘက်လှည့်ပြီး ကလေးများအား…“ဟေ့ကောင်တွေမင်းတို့တွေ့တယ်မဟုတ်လား၊ဒီကောင် ကျောင်းရောက်ပြီ ဆိုကတည်းက ငိုတာ ခုထက်ထိ မတိတ်ဘူးကွ။ဒီကောင်မှာ“အငို”တွေအများကြီး ပါလာတယ်။ သူတစ်ယောက်တည်း ငိုနေလို့ ကတော့ ကုန်မှာမဟုတ်ဘူး။မင်းတို့ပါဝိုင်းပြီးငိုပေးလိုက်ကြစမ်းကွာ။ ဒါမှ သူ့အငိုတွေ မြန်မြန်ကုန်မှာ”
ကျန်တဲ့ ကောင်တွေလည်း သဘောပေါက်မြန်လိုက်တာမပြောပါနှင့်တော့။ တစ်တန်းလုံးမျက်စိကို လက်ဖမိုးနှင့်ပွတ်ပြီးတအီးအီး ငိုချင်ယောင် ဆောင်လိုက်ကြသည်မှာ ကျွက်ကျွက်ညံ သွားပါတော့သည်။ ကျွန်တော်လည်း အသံထွက်အောင် ရယ်နေမိပါသည်။ဟိုချာတိတ်က သူ့ ဘေးက ကလေးတွေကို ကြည့်ပြီးကြောင်တောင်တောင်နှင့်တိတ်သွားတော့ပို၍ပင်ရယ်မိပါသည်။ ကိုဉာဏ်စိန်က…
“ဟိုး... တော်ပြီ၊ အငိုတွေ ကုန်သွားပြီ”ဟု လက်တားပြီး အော်လိုက်တော့ ကလေးတွေကတဝါးဝါးရယ်မောပြီး အငိုရပ်သွားကြပါသည်။ ဟိုအကောင်လည်း က ယောင်ကတမ်းအငိုရပ်ပြီး ကျီးကြည့်ကြောင်ကြည့် ဖြစ်နေပါသည်။
ကိုဉာဏ်စိန်ကတော့ သူ့ကို လှည့်လိုမျှပင် မကြည့်တော့ဘဲသူ့ဘာသာအရုပ်တွေရေးလိုက်ပုံပြင်ကိုပြောလိုက်လုပ် နေပြန်ပါသည်။ ဟိုငနဲလေးကလည်း သူပြောနေသည့်ပုံပြင်ကို နားထောင်သလိုလိုလုပ်လိုက်၊ အရုပ်တွေကို ကြည့်လိုက် လုပ်နေပါသည်။ ခဏကြာတော့ ဘယ်လိုလုပ်ပြီး သတိရလိုက်ပြန်သည်မသိ၊ အီခနဲ ငိုလိုက်ပြန်ပါသည်။ ကိုဉာဏ်စိန်က…
“ဟ . . အငိုတွေ မကုန်သေးဘူးကွ၊ ကျန်သေးတယ်” ကိုဉာဏ်စိန် စကားဆုံးအောင်ပင် မပြောလိုက်ရပါ။ တစ်တန်းလုံး တပျော်တပါးကြီး ဝိုင်းဝန်းပြီးငိုချင်ယောင်ဆောင် လိုက်ကြပြန်ပါသည်။ သူတို့တစ်တွေက သည်လို ငိုလိုက်ရခြင်းပင် အရသာ တွေ့နေကြပုံ ပေါ်နေပါသည်။ ကျွန်တော်ကတော့ သူတို့ကိုကြည့်ပြီး ရယ်လို့သာ နေရပါတော့သည်။
ဟိုငနဲလေးလည်း မငိုဝံ့တော့လောက်အောင်ပင်ဖြစ်သွားပါသည်။ ကိုဉာဏ်စိန်၏ စကားနှင့် ဆိုလျှင်တော့'အငို'တွေ ကုန်သွားပြီပေါ့။ ကျွန်တော်သည် အထက်တွင် ပြောပြခဲ့သည့်အတိုင်း တက္ကသိုလ်က ဆရာတစ်ယောက် ဖြစ်ပါသည်။ သို့သော် ထိုကလေးငယ်၏ ပြဿနာကိုကြည့်ပြီးခေါင်းခြောက်လိုက်သည်မှာမပြောတတ်အောင်ပင် ဖြစ်ခဲ့ပါသည်။ “ဒီကလေးကို အငိုတိတ်အောင်လုပ်ပါ၊မလုပ်နိုင်ရင်မင်းကိုသတ်မယ်” ဟု ဆိုလာလျှင်ကျွန်တော်သေဖို့သာလျှင် ရှိပါသည်။ဘာမျှတတ်နိုင်မည် မဟုတ်ပါ။
အပိုင်း(၂)ဆက်ရန်...
#အောင်သင်း
#ကန့်ကူလက်လှည့်
Keep Reading