မောင်နိုင်အေး
တစ်ခါက..
အမျိုးသမီးတစ်ယောက်ဟာ
ဥာဏ်လည်း ကောင်းတယ်
ပညာလည်း တော်တော်တတ်တယ်
အကျဉ်းပြောရရင်
သူ့မှာ အိမ်ထောင်နှစ်ဆက် ရှိခဲ့တယ်
အိမ်ထောင်ကို ပိုက်ဆံကြည့်ပြီး ပြုခဲ့တော့
အဲဒီအိမ်ထောင် နှစ်ဆက်လုံးဟာ ကွဲသွားခဲ့တယ်..
သားသမီးတွေလည်း ရှိခဲ့ပေမယ့်
တစ်ယောက်နဲ့မှ မတည့်ဘူး
မောင်နှမတွေ ရှိတာလည်း
ဘယ်သူနဲ့မှ အဆင်မပြေခဲ့ဘူး..
သူ့လောက် မလည်တဲ့
မောင်တွေ ညီမတွေ အကုန်လုံးကို
လိမ်ညာ လှည့်ဖျားပြီး မိဘအမွေတွေကို
သူ့လက်ထဲ အကုန်နီးပါးရအောင် လုပ်ခဲ့တယ်
သူဟာ ကုမ္ပဏီလုပ်ငန်းတွေ လုပ်တယ်
ပြီးတော့...ချမ်းသာတယ်
နောက်တော့...
သူ အစာအိမ် ရောဂါ ဖြစ်ပြီး
ဆေးရုံ တက်ရတဲ့အခါ အစာအိမ်ကင်ဆာတဲ့..
ခွဲလိုက်တယ်.. မပျောက်ဘူး
အသည်းရောဂါပါ ထပ်ဖြစ်တယ်
ဘာမှလည်း လုပ်လို့ မရတော့ဘူး
ရောဂါရှိနေတဲ့ကြားက မြင်သမျှကို
အော်တယ် ငေါက်တယ်
ငွေနဲ့ ဖြေရှင်း စေခိုင်းနေတုန်း..
အဲဒီမှာ...
ဆွေမျိုး မကင်းတဲ့ ဆရာဝန်မလေးရယ်
သူ့အတွက် ငှားပေးတဲ့ စပါယ်ရှယ်နပ်စ်မလေးရယ်
ပြုစုကြတယ်..
တစ်ခု ရှိတာက နှစ်ယောက်စလုံးက
တရားဘာဝနာ ကိစ္စမှာ ဝါသနာပါကြတာ..
နပ်စ်မလေးကို အမြဲ အော်ငေါက်ပေမယ့်
သူ့အပေါ် အရမ်းကို သည်းခံရှာပါတယ်..
သူ စိတ်နည်းနည်း ကြည်ပြီ ထင်ရင်
တရားအကြောင်းလေးတွေ ပြော ပြော ပြတယ်..
တိပ်ခွေ ဖွင့်ပြမယ် လုပ်တော့..
"ဘာ အခွေလည်း"
"တရားခွေပါ အန်တီ" ဆိုရင်
"သိပ်ပျင်းစရာ ကောင်းတာပဲ"လို့ ပြောလေ့ ရှိတယ်
ရံဖန် ရံခါ ကြတော့လည်း
"ဖွင့် ဖွင့်"လို့ ပြန်ပြောတယ်..
တစ်နေ့ ဆရာတော်ဦးဇောတိကရဲ့
"ဘဝဆိုတာ..ကျောင်း" ဆိုတဲ့
အခွေနဲ့တရားကို နာမိပြီး
သူ တော်တော် စဉ်းစားလာတယ်
ဘာမှတော့ မပြောဘူး
နောက်နေ့..
နားထောင်တယ်..
တဖြည်းဖြည်း စိတ်ပြောင်းလာတယ်..
ဆရာမလေးဟာ အားတက်ပြီး..
အခွေတွေ ထပ်ယူလာပေးတယ်
"ခွင့်လွှတ်ပါတယ်" ဆိုတဲ့ တရားခွေ
အဲဒီအခွေကို သူ သိပ်နားမထောင်ချင်ဘူး
သူဟာ ဘာကိုမှ ခွင့်မလွှတ်နိုင်ဘူး..
တော်တော်ကြာနေမှ..
"ဖွင့်ကြည့်လိုက်စမ်း.." ဆိုပြီး ပြောလာတယ်
တရားထဲမွာ ပါတာက..
ခွင့်လွှတ်တယ်ဆိုတာ
ကိုယ့်ကိုယ်ကို လွတ်လပ်အောင် လုပ်တာ..
ခွင့်မလွှတ်နိုင်သေးသရွေ့
ကိုယ့်စိတ်က
မလွတ်လပ်နိုင်ဘူးဆိုတာ ပါတယ်..
နားထောင်ရင်း သူ နည်းနည်းတော့
သဘောပေါက်လာတယ်
ရောဂါကြောင့်
သူ ကြာကြာ မနေရတော့ဘူးဆိုတာကို
သူ သိလာပုံ ရပါတယ်..
နောက်တော့..
"သဘောထားကြီးပါတယ်" ဆိုတဲ့ တရားခွေ..
သူအများကြီး ပြောင်းလဲသွားပြီ
အရင်လောက် မအော် မငေါက်တော့
ပြုံးရွှင်လာတယ် ကောင်းမွန်လာတယ်
မေတ္တာလည်း ထားနိုင်လာတယ်..
မောင်တွေ ညီမတွေကို ပြန်တွေ့ချင်လာတယ်
အခေါ်ခိုင်းတယ်.. ဒါပေမယ့်
ဟိုဘက်က ခံထားရသူတွေက
သေခန်း ဖြတ်ထားကြပြီ
အတွေ့ မခံကြတော့ဘူး..
အမျိုး မကင်းတဲ့ ဆရာဝန်မလေးက
စေ့စပ်ပေးရှာတယ် တောင်းတောင်းပန်ပန်
အကြိမ်ကြိမ်ပြောမှ
မလာချင် လာချင် လာကြတော့တယ်..
လာကြတော့..
သူ ပြေပြေလည်လည် ပြောပါတယ်..
သူမှားခဲ့တာတွေ ရှိရင် သူ့ကို ခွင့်လွှတ်ပါတဲ့..
သူနာထားတဲ့ တရားခွေထဲမှာ ဆရာတော်က..
"သေခါနီးမှာ..
ကိုယ်ကိုယ်တိုင်က
မကျေမနပ် ဖြစ်နေရတဲ့သူ မရှိချင်ဘူး..
ခွင့်လွှတ်ပါတယ်...
ကိုယ်မှားခဲ့ရင်လည် ခွင့်လွှတ်လိုက်ပါ
သူတို့ မှားခဲ့လို့ မကျေနပ်တာ ရှိရင်လည်း
အားလုံးကို
ခွင့်လွှတ်တဲ့စိတ်နဲ့ပဲ သေချင်ပါတယ် " လို့ ပါတယ်..
အဲဒါလေးကို သူ့စိတ်ထဲမှာ သိပ်ခံစားရတယ်..
သူလည်းခွင့်လွှတ်တယ်
သူ့ကိုလည်း ခွင့်လွှတ်ပါဆိုတာကို
သူ သိပ်လိုချင်နေတယ်..
တဖြည်းဖြည်း တစ်ယောက်ချင်းလာ
တလှည့်စီလာ၊ စုလာ ၊ လာရင်းကနေ
မောင်နှမတွေ ပြန်တည့်ကြတယ်
ဒီမှာတင် ဘယ်သူမှ မသိအောင်
တိတ်တိတ်လေး
ရှေ့နေတွေ ခေါ်ပြီး သေတမ်းစာ ရေးတော့တယ်..
အဝေးနိုင်ငံက သားသမီးတွေကို ခေါ်တယ်
ပေးသင့် ပေးထိုက်တဲ့ အမွေတွေ ပေးလိုက်တယ်..
အရင်က မတရား ယူထားတဲ့
မိဘ အမွေတွေကို
မောင်နှမတွေကို အကုန်ပြန်ပေးတယ်
ပေးမယ် ပြောပြီးမှ ပြေလည်တာ မဟုတ်ဘူး
ပြန် ပြေလည်ပြီးမှ ပေးတာ..
သူ့ နောက်ဆုံး အချိန်တွေဟာ
တော်တော် အေးချမ်းလာတယ်..
တစ်နှစ်ကျော်ကျော်လေး အတွင်းမှာ
တရားလေးနာ တရားလေး အားထုတ်ရင်း
စိတ်ထားတွေ တဖြည်းဖြည်း ပြောင်းလဲသွားပြီး
ကြည်ကြည်လင်လင် အေးအေးချမ်းချမ်းနဲ့ပဲ
သူ သေသွားခဲ့တယ်..
မောင်နှမတွေဆို
သူ့သေတမ်းစာနဲ့
အမွေတွေ ပေးထားတာတွေ တွေ့ရတော့
အကြီးအကျယ် ဝမ်းနည်းတော့တာ..
အရင်တုန်းက စိတ်ဆိုးခဲ့တာကိုတောင်
ပြန်ပြီး စိတ်မကောင်း ဖြစ်ကြတယ်..
အဲဒါ ဘာကြောင့်လည်း..
တရားကြောင့်..
ဘုရားဟောတဲ့ တရားတော်တွေကို
ဆရာတော်က နားလည်လွယ်အောင်
စကားရိုးရိုးနဲ့ တဆင့် ပြန်ဟောပေးသွားတာ..
သူ မသေခင်လေးမှာ ခဏ ခဏ ပြောသွားတယ်..
"ငါ.. ခုလို စိတ်မျိုးနဲ့ သေရတာ ကျေနပ်ပါတယ်..
တသက်လုံး ရခဲ့တဲ့ ပစ္စည်းဥစ္စာတွေဟာ
အခုအချိန်မှာ ငါ့ကို ဘာကျေနပ်မှုမှ မပေးနိုင်ဘူး..
ဒီလို စိတ်ထားမျိုးနဲ့ ဒီလို အသိဉာဏ်မျိုး
စောစောစီးစီး ကတည်းက နေနိုင်ခဲ့ရင်
ဘဝဟာ ပိုပြီး ကျေနပ်စရာ ကောင်းမှာပါ" တဲ့...
ဘဝကို အကောင်းဆုံး ဘယ်လို နေကြမလဲ.....
(ဆရာတော်ဦးဇောတိက၏ အသက်ရှင်နေလျက်
ဘဝသေနေသူ တရားတော်အား မှီငြမ်းပါသည်။)
#မောင်နိုင်အေး
#followforfollowback
Keep Reading