ဆောင်းလုလင်
ဟောလိုးဝင်းဝတ္ထု Halloween Shortstory
ဆောင်းလုလင်
အစစ်နဲ့အတု
ဒီနေရာကို အရင်က ညပိုင်းမှာ...
လူသိပ်မလာတတ်ပါဘူး။
လူသံတွေဆူနေလို့ သစ်မြစ်ကြီးကိုကွယ်ပြီး
ကျနော် ချောင်းကြည့်လိုက်တယ်။
အမလေးဗျာ....
သရဲတွေကို တွေ့လိုက်ရလို့
ကျနော် လန့်သွားတယ်။
သရဲတကောင်က ကျနော့်ကိုမြင်သွားပြီး
ကျနော့်ဆီပြေးလာတယ်။
တခြားသရဲတွေကလည်း သံသေးသံကြောင်အော်ပြီး
နောက်က လိုက်လာတယ်။
"ဟေး... ဝါး... ဝူး... ဟီး...."
အသံမျိုးစုံအော်ပြီး
ကျနော့်ကို ဝိုင်းခြောက်ကြတယ်။
"အမလေးဗျ... ကြောက်တယ်၊ ကြောက်တယ်"
ကျနော်က မျက်လုံးစုံမှိတ်ပြီး အော်လိုက်တယ်။
"ဟား...ဟား...ဟား...ဟား..."
ရယ်သံတွေထွက်လာလို့
မျက်လုံးဖွင့်ကြည့်လိုက်တော့....
သူတို့ဟာ တကယ့်သရဲအစစ်မှ မဟုတ်ပဲ။
ကြောက်စရာကောင်းတဲ့ မျက်နှာဖုံးကြီးတွေ
စွပ်ထားတာဖြစ်နေတယ်။
"မင်းတို့ဘာလုပ်ကြတာလဲ"
"ဒီနေ့က ဟောလိုးဝင်းနေ့ Halloweenလေကွာ၊
မင်းမသိဘူးလား"
"ဘာ- Halloween"
"ဟောလိုးဝင်းနေ့မှာ သရဲလိုလုပ်ပြီး ခြောက်ရတယ်ကွ၊
မင်းမှာ သရဲဝတ်စုံမရှိဘူးလား၊ မျက်နှာဖုံးရော"
"မရှိဘူး၊ ဒါပေမယ့် လူတွေကြောက်အောင်
ငါခြောက်တတ်ပါတယ်၊ ဒီမှာကြည့်"
ကျနော်က မျက်နှာကို အစွမ်းကုန်ရှုံ့မဲ့ပြီး
သူတို့ကို ခြောက်ပြလိုက်တယ်။
"ဟား...ဟား...ဟား...ဟား..."
သူတို့က ဝိုင်းရယ်ကြတယ်။
"မင်း သရဲလုပ်ခြောက်ပုံကလည်း ရယ်စရာကြီး၊
ငါ့မှာ သရဲမျက်နှာဖုံးတခုရှိတယ်၊
မင်းကိုပေးမယ်၊ လိုက်ခဲ့ပါလား"
"ဟင့်အင်း... ငါ ဒီနေရာမှာပဲ နေရမှာ၊
လိုက်လို့မဖြစ်ဘူး"
"ဒါဆိုလည်း နေပေါ့ကွာ"
သူတို့က သံသေးသံကြောင် အော်ပြီး
ဒီနေရာက ထွက်သွားပါတယ်။
ကျနော့်ရင်ထဲမှာ
မခံချိမခံသာဖြစ်ပြီး ကျန်ခဲ့တယ်။
ဒီနေရာမှာ ကားတိုက်ခံရလို့ သေပြီးကတည်းက
ဒီသစ်ပင်ကြီးပေါ်မှာ ကျနော်နေနေရတာပါ။
ညပိုင်းမှာ....
ဒီသစ်ပင်အောက် ရောက်လာတဲ့သူတွေကို
ကျနော် ခြောက်လှန့်နေကြပါ။
ကျနော်ခြောက်လိုက်တဲ့လူတိုင်းလည်း
ကြောက်လန့်ပြီး ထွက်ပြေးကြစမြဲပဲ။
ဒီညမှ ကျနော် အလှောင်ခံလိုက်ရတယ်။
ကျနော့်ရင်ထဲမှာ
မခံချိမခံသာဖြစ်ပြီး ကျန်ခဲ့ရပါတော့တယ်။
ဆောင်းလုလင်
Keep Reading