ထင်လင်း
"ကျွန်မ ကျွန်မ ကိုဖေတင်စိတ်မကောင်းမှာစိုးလို့ စာတွေပြန်မရေးတာ။ကျွန်မတို့မှာ ကိုကိုနှင့် က ရှေ့ဆင့်နောက်ဆုံးသွားကြပြီး စီးပွားရေက ပျက်၊ မေမေက မမာ့"မရင်ရွှေ စကားဆက်မပြောနိုင်ဘဲ မျက်ရည်တွေ စီးကျလာတော့ ကျွန်တော်က "လောကဓံပဲ မရင်ရွှေ၊ တွေ့ကြကြုံကြရမှာပဲ။ ကိုယ် ဘာမျှမသိဘူး။ မရင်ရွှေကိုစောင့်ရင်းစောင့်ရင်းနှင့်စာတွေရေးနေတာအလိုက်ကန်းဆိုး မသိတတ်ရာများကျနေလားတော့ မပြောတတ်ဘူး။ ဘာသတင်းမျှမရတာနှင့် စိတ်မငြိမ်လို့ ထလိုက်ခဲ့တာပဲ။ လိုက်လာခဲ့မိတာ တော်သေးတာပေါ့လေ”လို့ပြောပြီး၊ မရင်ရွှေအားတက်အောင် ပြောဖို့ စကားလုံးတွေကိုပဲ စဉ်းစားနေမိတယ်။
“ကိုဖေတင်စာတွေ ရပါတယ်။ ကျွန်မတို့လည်း စိတ်ထိခိုက်စရာတွေ တစ်ခုပြီးတစ်ခု ကြုံနေရတော့ကိုဖေတင်လည်းစိတ်ထဲမတင်မကျဖြစ်နေမယ်ဆိုတာသိပေမယ့် ဒီအကြောင်းတွေကြောင့်တော့ ထပ်ပြီး စိတ်မဆင်းရဲပါစေနှင့်တော့လို့။ဒါတွေ ထည့်ရေးမိမှာစိုးလို့”
“ရေးလိုက်ရောပေါ့မရင်ရွှေရယ်။ကိုယ်အခုလိုက်လာတာကတော့ ဘာဖြစ်နေလဲ သိချင်လွန်းလို့ပဲ ဆိုပါတော့။ ကိုယ်ရေးလိုက်တဲ့ စာတွေက အခုလိုဆိုတော့ မြွေပူရာ ကင်းမှောင့်ဆိုတာလို ဖြစ်နေတာပေါ့။ကိုယ် မသိဘူးလေ။အခုမှ သိရတယ်။ သိရတော့လည်း မရင်ရွှေတို့မှာ လိုတဲ့အကူအညီမျိုးပေးချင်တယ်။ မရင်ရွှေဘေးက ကိုယ် မားမားမတ်မတ် ရပ်ချင်တယ်"
မရင်ရွှေငိုပြန်ပါတယ်။ မရင်ရွှေအခုလိုငိုတာကို ကျွန်တော် တစ်ခါမျှ မမြင်ဘူးတော့ ကျွန်တော့် ရင်ထဲမှာ လေးနေအောင်၊ နင့်နေအောင် ခံစားရပါတယ်။ ကျွန်တော်ရောက်လာတာနှင့်မရင်ရွှေငိုနေတာကိုခပ်လှမ်းလှမ်းက မြင်နေရတဲ့ သူတို့အမေက ကျွန်တော်တို့အနား ရွေ့လာပြီးထိုင်တော့၊ မရင်ရွှေက “မေမေ။ ဒါ အရင်ပြောပြောနေတဲ့ ကျွန်မသူငယ်ချင်းကိုဖေတင်”လို့ ကျွန်တော်နှင့် မိတ်ဆက်ပေးပါတယ်။ အမေကြီးက ဝလွန်းနေတော့ အထိုင်အထလေးပါတယ်။
“ဪ-အေးအေး။ သမီးကတော့.. ခဏခဏ ပြောပါတယ်။ ကိုဖေတင်က ဘယ်သို့၊ကိုဖေတင်က ဘယ်ညာနှင့်၊အဒေါ်တို့လည်း လူမမြင်ဖူးခင်ကတည်းက ခင်နေရတာ။ အခု ဘာကိစ္စနှင့် လာခဲ့တာလဲ” ကျွန်တော်က ဘာကိစ္စဆိုတာကိုမပြောတတ်လို့ငေးနေတော့ အဒေါ်ကြီးကအလိုက်သိစွာပဲ ‘ဘယ်မှာ တည်းလဲ”လို့တခြားမေးခွန်းတစ်ခု လွှဲမေးပါတယ်။
“မြို့ ပိုင်ကြီးအိမ်မှာ ခင်ဗျ။ မြို့ပိုင်ကြီး ဦးဝင်းအောင်က ကျွန်တော့်အစ်ကိုနှင့် ညီအစ်ကိုလို ခင်တဲ့သူငယ်ချင်း"
“သိတယ်။ အဒေါ်တို့နှင့်လည်း ခင်တယ်။ သူ့မင်းကတော်များကတော့ မိဘများဆီ ခဏပြန်သွားကြတယ် ထင်တယ်"
“ဟုတ်ကဲ့။ အိမ်မှာတော့ ဦးဝင်းအောင် တစ်ယောက်တည်းပါပဲ"
“အဒေါ်တို့အိမ်မှာလည်းတည်းလို့ရပါတယ်။ ဟိုမှာသူ့တပည့်ကလေးတွေနှင့်စားရေးသောက်ရေးအဆင်ပြေရဲ့လား။ဒီကို ရွှေ့ခဲ့ပါလား"
ကျွန်တော် ဘာမျှပြန်မပြောတတ်။ မရင်ရွှေကို လှမ်းကြည့်လိုက်တော့ မရင်ရွှေက ပြုံးပြပါတယ်။ အဘွားကြီးက အတော်သဘောကောင်းပုံ ရပါတယ်။ ခဏနေပြီးတော့ သူ့ခန္ဓာကိုယ်လေးလေးလံလံကြီးနှင့် ကုန်းထပြီးအိမ်နောက်ဘက်ဝင်သွားတော့ မရင်ရွှေက “မေမေ သမီးလုပ်မယ်။ ဒီမှာ လာထိုင်ပါ။ကိုဖေတင်နှင့် စကားပြောပါ"လို့ပြောပြီးထလိုက်သွားပေမယ့်၊ခဏနေတော့ မရင်ရွှေပဲ ပြန်လာပြီး ကျွန်တော့်အနားမှာ ထိုင်ပါတယ်။
ကျွန်တော်တို့ စကားပြောနေတုန်းမှာပဲ မရင်ရွှေနှင့် မျက်နှာပေါက်ဆင်ပြီး မရင်ရွှေထက် ငယ်ဟန်ရှိတဲ့ မိန်းကလေးတစ်ယောက် အိမ်ထဲကို ဝင်လာပါတယ်။ သူ့အဝတ်အစားကိုကြည့်တာနှင့်ပဲသူဟာ ကျောင်းဆရာမတစ်ယောက်ဆိုတာသိရပါတယ်။
“ဒါက ညီမလေးလေ။ပီအေတီ ဝင်လုပ်နေတာ”ညီမလေးဟာသူ့စာအုပ်များကိုတစ်နေရာမှာတင်ထားခဲ့ပြီး ကျွန်တော်တို့အနား လာထိုင်ရင်း၊ သူ့အစ်မကို တစ်လှည့် ကျွန်တော့်ကို တစ်လှည့် ကြည့်နေတယ်။“ဒါ ကောလိပ်က မမသူငယ်ချင်းကိုဖေတင် ထင်တယ်။ ဘယ်တုန်းက ရောက်တာလဲ”
သူကလည်း တွေ့ တွေ့ချင်း ရင်းနှီးဖော်ရွေတဲ့အပြုံးနှင့်နှုတ်ဆက်တော့ မရင်ရွှေက သူ့အိမ်ကလူတွေကို ကျွန်တော့်အကြောင်း ဘယ်လောက် ပြောထားတယ်ဆိုတာ သိသာပါတယ်။ ညီမလေးဟာ မရင်ရွှေနှင့် မျက်နှာပုံပန်း ခပ်ဆင်ဆင်ပေမယ့်၊ သူက မရင်ရွှေ ကောလိပ်ရောက်ကာစကလို ဘုတ်ဆုံမ မဟုတ်။ ဖြူဖြူတုတ်တုတ်ကလေး။
ကျွန်တော်မရင်ရွှေတို့ အိမ်ကနှုတ်ဆက်ပြီး မပြန်ခင်စိတ်ထဲမှာဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။နောက်ကျွန်တော်တည်းခိုတဲ့ မြို့ပိုင်ကြီးရဲ့ အိမ်ပြန်ရောက်တော့ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံကို ကျွန်တော့်အစ်ကိုဆီ စာတစ်စောင်ရေး လိုက်ပါတယ်။ ၄-၅ ရက်လောက်ကျတော့ကျွန်တော့်အစ်ကိုလိုက်လာပါတယ်။
“မင်း ကျောင်းကိုတော့ ပြန်တက်ရဦးမှာပေါ့ကွ”
“အခြေအနေအရပဲ ကိုကို”
“ပညာတစ်ပိုင်းတစ်စနှင့် မင်း ဘာလုပ်စားမလဲ”
“အခြေအနေအရပါပဲ ကိုကို”
ကိုကို စိတ်ရှုပ်သွားဟန်တူပါတယ်။ ကျွန်တော်တို့ ဖေ ဖေဟာ ကျွန်တော်ငယ်ငယ်ကလေးက ဆုံးသွားတော့ကျွန်တော့်ကို ကိုကိုကထိန်းခဲ့ကျောင်းခဲ့ရပါတယ်။အများအားဖြင့်ကတော့ကျွန်တော်ဟာ ကိုကို့ကျောပေါ်မှာကြီးခဲ့ရတာဆိုတော့“အစ်ကို” လို့ဆိုပေမယ့် ကျွန်တော့်အဖေပါပဲ။ အမေလည်းမရှိတော့ ကျွန်တော့်ကိုကိုကိုကပဲကျောင်းထားပေးခဲ့ရပါတယ်။ကိုကိုမှာသိပ်ဆင်းဆင်းရဲရဲ မဟုတ်ပေမယ့် သားနှင့်မယားနှင့်ဆိုတော့ သိပ်လည်း ချောင်ချောင်လည်လည်ကြီး မဟုတ်ပါဘူး။သို့ပေမယ့် ကျွန်တော့်ကို အလွန်ချစ်ပါတယ်။ကျွန်တော်ဘာလုပ်ချင်လုပ်ချင်၊“မင်းဘာလုပ်နေတယ်ဆိုတာမင်းသိရဲ့လား။အေး-သိရင်လုပ်။မင်းအဆုံးအဖြတ်နှင့် မင်းလုပ်ချင်ရင် အဲဒါမင်းတာဝန်။ ငါလုပ်ပေးမှ ဖြစ်မည့်ဟာဆိုရင် ငါက သင့်သလိုလုပ်ပေးမယ်။ ဒါ ငါ့တာဝန်”ဆိုပြီး လုပ်ခွင့်ပေးလေ့ရှိပါတယ်။ ကိုကို့ဇနီးကလည်း အေးချမ်းပါတယ်။ ကျွန်တော့်ကိုလည်း မောင်အရင်းတစ်ယောက်လို ခင်ပါတယ်။
မရင်ရွှေတို့မိဘများကို မြို့ပိုင်ကြီးကသိပါတယ်။ကျွန်တော်က ရောက်လာလာချင်း ဘာကိစ္စဆိုတာ သူ့ကို ပြောမပြတော့ သူကလည်း မသိ။ အလည်လာတာပဲ ထင်နေတယ်။အခု ကိုကိုလိုက်လာမှ သူသိရတော့ မရင်ရွှေတို့ဟာ အခုအခါမှာ လောကဓံအနိမ့်ပိုင်းထဲရောက်နေကြကြောင်း၊လွန်ခဲ့သည့်နွေဦးဆီကသူတို့အစ်ကိုကြီးကကားမှောက်ပြီးသေဆုံးသွားတာရယ်၊ နောက် ရက်ပိုင်းလောက်အတွင်းမှာ သူတို့ အဖေကြီးကလည်း နှလုံးရောဂါနှင့် ရုတ်တရက် ကွယ်လွန်သွားတာရယ်။ ပြီးတော့ အစီးအပွားနှင့် ပတ်သက်ပြီး တရားမမှုတစ်ခုရှုံးလို့ သူတို့နေတဲ့တိုက်ကို ရောင်းချ၍ တရားစရိတ်နှင့် အကြွေးများကို ဆပ်လိုက်ပြီး၊အခြားတစ်နေရာမှာ အိမ်ငယ်ငယ်ကလေးတစ်လုံး ဆောက်နေတာရယ်၊စီးပွားရေးကိုသုညကပြန်စကြရတာတွေရယ်နှင့် ဘယ်အခြေရောက်ရောက် သီလသမာဓိရှိတဲ့မိသားစုဖြစ်ကြောင်း ကိုကို့ကို ပြောပြပါတယ်။
ဒါတွေကိုသိရတော့ ကိုကိုက“သူတို့မှာ အပူသောကတွေက ကောင်းကောင်းမငြိမ်းခင် သွားပြောရတာအားနာစရာများဖြစ်နေမလားကွာ။ကောင်းမှကောင်းပါ့မလား”လို့ပြောပါတယ်။တကယ်ကကိုကိုပြောတာဟုတ်ပါတယ်။အားနာစရာတော့ကောင်းတာပဲ။ ဒါပေမယ့် ကျွန်တော်က “ကျွန်တော် ဘာမျှတော့မစဉ်းစားတတ်ပါဘူး ကိုကို။ သူတို့ ဒုက္ခရောက်နေတဲ့အခါမှာကျွန်တော် သူတို့အနားမှာ ရှိနေချင်တာပါပဲ'လို့ ပြောတော့ကိုကိုလည်း အကြံအိုက်သွားဟန် တူပါတယ်။
“စာမေးပွဲတွေ ပြီးလောက်မှဆိုရင်ရော ညီလေး”
“ခုနေတော့ ကျွန်တော့်ခေါင်းထဲမှာ ဘာမျှမရှိဘူး ကိုကို။ ကျွန်တော်မရင်ရွှေကိုပစ်ပြီးတစ်ယောက်တည်းပြန်မသွားချင်ဘူး”ကိုကိုက သက်ပြင်းချလိုက်ပြီး “ဒီကောင်ကလေး ငယ်ငယ်ကတည်းက ဇွတ်တရွတ်သမားကွ။ သူ တစ်ခုခုလုပ်ချင်ပြီဆိုဘယ်သူ ဘာပြောလိုမျှ မရဘူးကွ”လို့ မြို့ပိုင်ကြီးဘက်ကိုကြည့်ပြီး ပြောလိုက်ပါတယ်။“မင်းဘဝ မင်း ဖန်တီးရမယ်ဆိုတာကိုတော့ ညီလေးနားလည်တယ်နော်”
“နားလည်ပါတယ် ကိုကို”
။ ၄ ။
တစ်နေ့နံနက်စောစောကိုကိုနှင့် မြို့ပိုင်ကြီးတို့ တုတ်တစ်ချောင်းစီနှင့် လမ်းလျှောက်ထွက်ကြရင်း လမ်းကြုံလို့ ဝင်သလိုလိုနှင့် မရင်ရွှေတို့အိမ်ကို ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ဟိုအိမ်မှာ ဘယ်သူတွေနှင့်တွေ့လို့ ဘာတွေပြောခဲ့တယ်ဆိုတာတော့ ကျွန်တော် မသိဘူး။ အိမ်ပြန်ရောက်တော့ သူတို့ ၂ယောက်ပြောနေကြတဲ့ စကားတစ်စွန်းတစ်စ ကြားရတာကတော့ အဆင်ပြေခဲ့ဟန် တူပါတယ်။
“ဒီကောင် အမျိုးသမီးနောက် ကောက်ကောက်ပါအောင်လိုက်သွားတယ်ဆိုတော့ ငါစိတ်ထဲ ထင်ထားတာက တစ်မျိုး။ဟိုအိမ်မှာ ပထမဆုံးမြင်လိုက်ရတာက အငယ်မကလေး။ ငါကဘယ်သိမလဲ။ အင်း..ဒီကောင်ဒါကြောင့်ကိုး။လိုက်ထိုက်ပါရဲ့လို့အောက်မေ့မိတာ။ လက်စသတ်တော့ ဘယ်ဟုတ်မလဲ”
“အငယ်မလေးက ချောတယ်။အကြီးမက အခုမြင်ခဲ့ရတာ အတော်ပိန်ပြီးလှနေတာ။နဂိုက သူ့အမေလို ဝဝ၊ဘုတ်ဆုံမကြီးကွ။ တကယ့် ညိုညိုတုတ်တုတ်ခိုင်ခိုင်ကြီး”
“အေးကွာ။ ဒီကောင်ငယ်ငယ်က ပုန်းရည်ကြီး အရမ်းကြိုက်တာ ငါ သွားသတိရမိတယ်။ ဆိုးတော့ မဆိုးရှာပါဘူးလေ”
ကျွန်တော့်စိတ်ထဲမှာအောင့်ခနဲဖြစ်သွားပေမယ့်၊အခုကိစ္စမှာ ကိုကိုရယ်ရယ်ဟားဟား ပြောနေတာကိုပဲ ကျေးဇူးတင်မိပါတယ်။ သူတို့စကားတွေဆက်ပြောနေကြသေးပေမယ့်ကျွန်တော်ဆက်နားထောင်မနေတော့ဘူး။မရင်ရွှေတို့အိမ်ကိုတစ်ယောက်တည်း ထွက်လာခဲ့တယ်။
မနက်က ကိုကိုနှင့် မြို့ပိုင်ကြီးတို့လမ်းလျှောက်သွားရင်းဝင်လာကြပြီး၊မရင်ရွှေတို့မေမေနှင့်၁နာရီလောက်ထိုင် စကားပြောသွားကြတဲ့ အကြောင်းထဲမှာ အိမ်ထောင်ရေးကိစ္စကိုပါ စောင်းပါးရိပ်ခြည် တောက်ကြည့်ကြတယ်လို့ မရင်ရွှေက ပြောပြပါတယ်။ မရင်ရွှေတို့မေမေက လူငယ်ချင်း ကြည်ဖြူကြရင်တော့လည်းမဟုတ်ပါဘူးလို့ပြောလိုက်တယ်လို့ဆိုပါတယ်။သူ ဘာမျှကန့်ကွက်စရာမလိုဘူး။ကန့်ကွက်နေရမည့် အချိန်လည်း မဟုတ်ပါဘူးလို့ ပြောလိုက်တယ်လို့ ဆိုပါတယ်။
မရင်ရွှေကတော့ ကျွန်တော့်ကို ကျောင်းပြန်သွားစေချင်သေးတယ်လို့ ပြောတယ်။သူ့စိတ်ထဲမှာ ဘယ်လိုဆိုတာ မသိရပေမယ့်သူ့မှာဝမ်းသာတာရောဝမ်းနည်းတာပါရောထွေးနေတယ်လို့ကျွန်တော်အကဲခတ်မိပါတယ်။ကျွန်တော်နှင့်ထိုင်ပြီးစကားပြောနေရတဲ့အခါမှာသူအားတက်လာတဲ့လက္ခဏာတွေပေါ်လွင်နေပါတယ်။ အရင်က ကျွန်တော်နှင့်အတူ လမ်းလျှောက်သွားကြရင်း ပြောလေ့ရှိကြတဲ့ သူရဲ့ ဟာသလေးများတောင် ပြန်ပြီးအသက်ဝင်လာတော့မလိုလိုပါပဲ။ဒါပေမယ့် သူ့မှာက အခုလို လူနှင့်မဆံ့အောင်သောကတွေများထားရတာဆိုတော့ ကျွန်တော်နှင့် တွေ့နေရတာတောင်စိတ်လွတ်လက်လွတ်မရှိလှသေးဘူးဆိုတာကလည်းပေါ်လွင်လျက်ပါပဲ။သူ့အစ်ကိုနှင့်အဖေတို့ ရက်ပိုင်းလောက်အတွင်းရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြလို့၊ ၆ လလောက်အကြာမှာ အိမ်ထောင်ပြုလိုက်ရမှာကို ဝန်လေးနေဟန် တူပါတယ်။
ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့်ကျွန်တော်ကတော့ ချီးမွမ်းခြင်း,ကဲ့ရဲ့ခြင်းတွေကို အရေးမထားချင်တော့ပါဘူး။ ကျွန်တော် သူတို့ဆီ ရောက်ပြီးလို့ အကြောင်းစုံသိရပြီးကတည်းက အားလုံး တွေးပြီးပါပြီ။ ကျွန်တော်ရော မရင်ရွှေပါအခုလို ပညာတစ်ပိုင်းတစ်စနှင့်နေသွားကြလို့လည်းမဖြစ်သေးပါဘူး။မဖြစ်ဖြစ်တဲ့နည်းနှင့်အခြေအနေသာသာချင်းပညာဆက်သင်ကြရမှာပါ။ ကျွန်တော် ယုံကြည်တာကတော့ ဘာမဆိုအဆုံးကောင်းရင် အားလုံးကောင်းသွားမယ် ဆိုတာပါပဲ။ အခုအခြေအနေကတော့ ကျွန်တော်က မရင်ရွှေကိုပစ်ပြီး ကျောင်းပြန်မသွားချင်တာက အဓိက ဖြစ်နေတယ်။မရင်ရွှေကိုမထားခဲ့ချင်လို့ခေါ်သွားရအောင်ကလည်းမိသားစုအပေါ်မှာ တရားပါ့မလား။ ကိုကိုကတော့ ကျွန်တော့်ကို ဇွတ်သမားတဲ့။ ဒီလိုလည်း မဟုတ်ပါဘူး။ မရင်ရွှေကိုယ်တိုင်က ကျွန်တော်စီစဉ်တဲ့အတိုင်း ဘယ်နည်းနှင့်မျှ လက်မခံဘူးဆိုရင်တော့ ကျွန်တော်ကိုကိုနှင့် ပြန်လိုက်သွားပြီး ကျောင်းပြန်တက်ရုံပါပဲ။ ကိုကိုကတော့ သူမွေးခဲ့ရတဲ့ သူ့ညီမို့ သူက ဒီလိုထင်ရင် ပြောပါစေတော့။ သို့ပေမယ့် မရင်ရွှေကို ကျွန်တော်က ဖျောင်းဖျရုံဖျောင်းဖျတာပါ။အတင်း မတိုက်တွန်းပါဘူး။ ကျွန်တော်ကမရင်ရွှေကိုရော ကိုကို့ကိုပါ အကျိုးသင့်အကြောင်းသင့် ပြောပြတာကို မရင်ရွှေဘက်က အငြင်းအဆို မရှိပါဘူး။“ဘယ်ကောင်းမလဲကွယ်”လို့ လေပျော့ကလေးနှင့် ငြင်းတာကိုတော့ ကျွန်တော်နိုင်အောင်ပြောနိုင်ပါတယ်။
ပြီးတော့ ကိုကိုက ကျွန်တော်ဖြစ်ချင်သလို စီမံပေးလိုက်တာကတော့ ဟုတ်ပါပြီ။ ‘ပညာတစ်ပိုင်းတစ်စနှင့် ဘာလုပ်စားမလဲ'တဲ့။ သူကတော့တကယ်ကြောင့်ကြလိုမေးတာပဲ။မေးထိုက်ပါတယ်။သူ့မှာ“ညီ”ပေမယ့်ငယ်ငယ်ကတည်းကမွေးလာခဲ့ရတာဆိုတော့ “သား” ပဲ။ ကျွန်တော် ထင်ရာလျှောက်လုပ်လို့ ဒုက္ခဖြစ်ရင် “မင်းဘဝ မင်း ဖန်တီးတာ။ မင်းတာဝန်နှင့်မင်း။ မင်းထိုက်နှင့် မင်းကံ။ မင်းလုပ်လို့ဖြစ်တာ မင်းပဲခံ”ဆိုပြီး ပစ်ထားမယ်မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်ကကိုကိုစိတ်ချအောင် အာမခံရပါတယ်။
“ကျွန်တော် ယောက်ျားပါ ကိုကို။ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းပါတယ်။ ကိုယ့်ရပ်တည်မှုအတွက် လိုအပ်ရင် ကျွန်တော့်လက်၊ ကျွန်တော့်ခြေကို အသုံးချပြီး အလုပ်ကြမ်းဖြစ်စေ လုပ်ပါ့မယ်။ စကားအဖြစ်တင် ပြောတာမဟုတ်ဘူး။ တကယ်လုပ်မှာပါ။ ကျွန်တော်စိတ်ကူးမယဉ်တတ်ပါဘူး။ကိုကိုသိပါတယ်။ကျောင်းဆက်တက်ပြီးပညာကိုဆုံးခန်းတိုင်ရောက်ခဲ့လည်းကျွန်တော့်ရပ်တည်မှုအတွက် အာမခံချက်က ရှိတာမဟုတ်ပါဘူး။ ဘွဲ့ ကလေးတစ်ခု ရထားတော့ တော်သေးတာပေါ့လို့ပြောရရုံပါပဲ။ တကယ်ကကျွန်တော်အခုပြောသလိုအလုပ်မရွေးရင်စားဝတ်နေရေးဆိုတာပြဿနာမဟုတ်ပါဘူး။ကိုကိုစိတ်ချစေချင်ပါတယ်”
ကိုကိုကကျွန်တော်ပြောတာကိုအလေးအနက်စဉ်းစားပြီး နားထောင်နေပါတယ်။ ပြီးတော့“အေးကွာ။ယောက်ျားဆိုဒီလိုမှာပေါ့”လို့ ဆိုပါတယ်။ ကိုကိုဟာ ကျွန်တော့်ကို နားအလည်ဆုံးလူတစ်ယောက် ဖြစ်ပါတယ်။ မရင်ရွှေတောင်မှကျွန်တော့်ကို ကိုကိုနားလည်သလို နားမလည်ပါဘူး။ ဒါကြောင့် ကိုကိုပြန်ခါနီးမှာ ကျွန်တော်နှင့် မရင်ရွှေတို့ ထိုင်ပြီးကန်တော့ကြတော့၊ ကိုကိုက “ငါ့နှမ။ ကိုကို့ညီကတော့ ဇွတ်တရွတ်သမားကွ။ညည်းကိုင်တတ်ရင်တော့မြင်းကောင်းနွားကောင်းများလိုပဲ ခိုင်းလို့ကောင်းမှာပဲ။ မကိုင်တတ်ရင်တော့ ညည်းစိတ်ဆင်းရဲရမှာပဲ”လို့ ပြောသွားပါသေးတယ်။
။ ၅ ။
ကျွန်တော် ကျောင်းရောက်စက မရင်ရွှေကို ကြိုက်တယ်လို့ ဆိုတုန်းက ကျွန်တော့် အပေါင်းအသင်း သူငယ်ချင်းတွေကဟားတိုက်ပြီးရယ်ခဲ့ကြပါတယ်။ ကျွန်တော်ဟာ မျက်စိ သူငယ်အိမ် စောင်းနေသူ၊ မျက်စိပေါက် လွဲသူပေါ့။ ကျွန်တော် ဂရုမစိုက်ခဲ့ပါဘူး။ မရင်ရွှေကို ဇွဲနှင့်လိုက်ပြီး ချစ်ရေးဆိုခဲ့သူ ဖြစ်ပါတယ်။
အလှအပတွေ ကြားထဲက အရုပ်ဆိုးမကြီးမို့ အညှာလွယ်လိမ့်မယ်ထင်လို့သူ့ကိုလာစတယ်လို့မရင်ရွှေကထင်ခဲ့တယ်။ကျွန်တော် ဒီလိုလူ မဟုတ်ဘူးဆိုတာကို နောက်တော့သူကောင်းကောင်းသိသွားတယ်။ နောက် ကျွန်တော်အလှမကြိုက်ဘူးဆိုတာကိုသူ တကယ်နားမလည်ဘူး။ ကျွန်တော့်ကို တစ်လောကလုံးရာမှ တစ်ယောက်သာရှိတဲ့ “အလှမကြိုက်သူ”လို့ထင်ခဲ့တယ်။ အခုလည်း ဒီအထင်ဟာ ပျောက်မသွားသေးဘူး။
ကိုကိုက တစ်ခါ ကျွန်တော်ဟာ ငယ်ငယ်ကတည်းကဇွတ်တရွတ်သမားတဲ့။ကိုင်တတ်ရင်မြင်းကောင်း, နွားကောင်းတဲ့။ ကိုကိုကတော့ သိလို့ပြောတာ ပြောပါစေတော့။
မရင်ရွှေနှင့်ကျွန်တော်တို့အိမ်ထောင်သက်၁၄-၅နှစ်ကာလအတွင်း ကျွန်တော်ဟာ မရင်ရွှေရဲ့ လက်ထဲမှာမြင်းကောင်းနွားကောင်းလို ဖြစ်ခဲ့ရပါတယ်။ မရင်ရွှေရော ကျွန်တော်ရော ဘွဲ့ ရသည်အထိပဲ ကျောင်းကို တစ်လှည့်စီတက်ပြီး ဖြေခဲ့ကြပါတယ်။ သူ ကျောင်းပြန်သွားတော့ ကျွန်တော်က အလုပ်ဝင်လုပ်ပါတယ်။ လခစားအလုပ်ရော အပြင်အလုပ်ပါလုပ်ပြီးကျွဲလို နွားလို ကုန်းရုန်းပြီးရှာခဲ့ပါတယ်။ကျွန်တော်ကျောင်းပြန်တက်ချိန်မှာမရင်ရွှေကကျွန်တော့်လိုပဲ။သူလုပ်တတ်သမျှကောင်းရောင်းကောင်းဝယ်အလုပ်မှန်သမျှ အကုန်လုပ်ပြီးကျွန်တော့်ကိုထောက်ပါတယ်။အဲဒီလိုရုန်းကန်နေကြရတဲ့၂နှစ်-၃ နှစ်ကာလအတွင်းမှာ မရင်ရွှေရဲ့အမေကြီးကွယ်လွန်ပြီး၊ညီမကလေးကသူ့လိုကျောင်းဆရာတစ်ယောက်နှင့်အိမ်ထောင်ကျသွားပါတယ်။အဲဒီကကျော်တော့ ကျွန်တော်နှင့်မရင်ရွှေ ၂ ယောက်စလုံး အလုပ်လုပ်ပြီးတော့ အိုးအိမ်ထူထောင်ရေးကို စကြရပါတယ်။ အခက်အခဲ လုံးဝမရှိဘူးလို့တော့ မဆိုလိုပါဘူး။ လခစားအလုပ်က လျှောက်ထားပြီး ချက်ချင်းရတာမဟုတ်ပါဘူး။ စောင့်ရပါတယ်။
စောင့်နေတုန်းကျွန်တော်တို့ပြတ်တစ်လှည့်ငတ်တစ်လှည့်နေခဲ့ကြရပါတယ်။ထမင်းဆီဆမ်းဆားနှင့်ဘဲဥတစ်လုံးကိုတစ်ယောက် တစ်ခြမ်းစီဝေစားပြီးပြီးခဲ့ရတဲ့ထမင်းနပ်ပေါင်း များစွာရှိခဲ့ပါတယ်။
လက်ဖက်ရည်, ကော်ဖီနှင့် မုန့်ပဲသရေစာ ရှောင်ပြီး နေခဲ့ကြရတဲ့ ကာလလည်း အတော်ကြာကြာ ရှိခဲ့ပါတယ်။ ဒါတွေဟာ လူ့ဘဝမှာ ရေးကြီးခွင်ကျယ်ကိစ္စတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ “ဆင်းရဲလိုက်တာရယ်”လို့လည်း မအောက်မေ့ပါဘူး။ ဘာဖြစ်လို့ မစားကြလဲမေးရင်၊“မရှိလို့”ဆိုတဲ့အဖြေပေးပြီး၊ နောက်ထပ် ဘာထပ်ဆင့်မေးခွန်းကိုမျှ မမေးပါဘူး။ ဖြေစရာလည်း မရှိပါဘူး။
အဲဗျာ။အဲသလိုရှားရှားပါးပါးရုန်းကန်နေရတာတောင်မရင်ရွှေဟာသူကောလိပ်ကျောင်းရောက်စကနီးပါးဝဝကြီးပြန်ဖြစ်လာလို့ ကိုယ်ကာယလေ့ကျင့်ခန်းတွေပြန်လုပ်နေရပါတယ်။ ဒီတစ်ခါတော့ကျွန်တော်သူ့ကို မကန့်ကွက်တော့ဘူး။ “ဟိုတုန်းကတော့ မပိုင်ဝက်မွေး ဆိုတာလိုကိုးလို့ သူ့ကိုပြောတော့၊‘အခုတော့ ဒီဝက်မကြီးကို ပိုင်သွားတော့ လုပ်ချင်တာလုပ်တော့လား။ ဟုတ်လား'လို့ သူက ပြန်ပြောတယ်။
ဒီကာလအတွင်း ကျွန်တော်တို့မှာ မရင်ရွှေ ငယ်ငယ်တုန်းကလို ဘုတ်ဆုံမကလေး ၂ ယောက် ထွန်းကားခဲ့ပါတယ်။အခုဆို အကြီးမက၁၁နှစ်။သူ့အောက်အငယ်မက၉နှစ်။ကျွန်တော်ကလည်းကံအားလျော်စွာရာထူးအဆင့်ဆင့်တက်ပြီးမော်တော်ကားရတဲ့အဆင့်ကို ရောက်လာတော့ မနက်မနက်မှာကျွန်တော်ရုံ မသွားခင် ဒီဘုတ်ဆုံ သားအမိ ၃ ယောက်ကိုအိမ်နှင့် မလှမ်းမကမ်းက ရေကူးကန်တို့,အားကစားကွင်းတို့ကိုလိုက်ပို့နေရတဲ့အလုပ်တစ်ခုပိုလာပါတယ်။မရင်ရွှေဟာ“ကျွန်တော်လိုလူမျိုး ၂ ယောက် မရှိဘူး' လို့ ယုံကြည်လေသလား မသိဘူး။ သူ့သမီးတွေကိုတော့ ကောလိပ်ကျောင်းသွားချိန်မှာ သူ့တုန်းကလို ဘုတ်ဆုံမကြီးတွေ မဖြစ်စေရဘူးလို့သန္နိဋ္ဌာန် ချထားဟန် တူပါတယ်။
အခုကတည်းကကလေးတွေမှာအစားရှောင်ရတာနှင့်, လေ့ကျင့်ခန်းတွေ လုပ်ရတာနှင့်။အငယ်မကလေးကဆိုတစ်ခါတလေ မနက်စောစောအားကစားကွင်းသွားကိုယ်လက်လှုပ်ရှားဖို့သူ့ကိုနှိုးရတာသနားစရာပဲ။သူကဝဝကြီးဆိုတော့အိပ်ချင်ရှာတာပေါ့။“ဪ- မရင်ရွှေရယ်။ အိပ်ပါစေတော့”
“မရဘူး။ အစားကျတော့လည်း ဝက်လို စားပြီး ဒါလောက် အိပ်ရင် မကြာခင် ဒီကောင်မ ဝက်ပုပ်မကြီးဖြစ် လာတော့မယ်။ ရှားရှားပါးပါးခေတ်ကြီးထဲမှာ တော်ကြာ သူတို့လောက်စားတဲ့အိပ်တဲ့လူကို ဘယ်သူမျှ မကြည်ဖြူ ပေဘူး။ ထ-ထ သမီး။ တော်ကြာ နေထွက်လာလိမ့်မယ်”
သမီးကလေးက အိပ်ချင်မူးတူးကုန်းရုန်းထလာပြီး၊အတိုက်တိုက် အခိုက်ခိုက်ဖြင့် မျက်နှာသစ်ခွက်ဆီသွားတော့ သူ့အမေက ကြည့်ပြီး ပြုံးနေတယ်။ ကွင်းထဲရောက်လို့လေ့ကျင့်ခန်းတွေလုပ်။ကွင်းတစ်ပတ်ပြေးဆိုတာတွေလုပ်တော့ဒီဝက်ပုပ်မဆိုတာက မြူးခုန်နေတာပါပဲ။
ဪ-မရင်ရွှေနှင့် သမီးတွေ အဲသလို ကိုယ်ရေစစ်လေ့ကျင့်ခန်းတွေကြိုးစားပမ်းစားလုပ်နေကြတာကိုကြည့်ပြီး၊ ကျွန်တော့်မှာလည်း စိတ်ကူးတစ်ခု ဝင်လာပါတယ်။ အဲဒါကဘာလဲဆိုတော့ “အခုနေအခါမှာ တကယ်လို့များ မရင်ရွှေက စိတ်လိုလက်ရ သားယောက်ျားကလေးတစ်ယောက်များ ထပ်မွေးပေးဦးမယ်ဆိုရင်၊အလှအပကို ဒါလောက် ရေးကြီးခွင်ကျယ်လုပ်နေကြတဲ့ ဒီလောကကြီးထဲမှာ အလှမကြိုက်သူရယ်လို့ကျွန်တော်တစ်ယောက်တည်း ဖြစ်မနေရလေအောင် သားကိုအလှမကြိုက်ဖို့ အကျိုးသင့်အကြောင်းသင့်ပြောပြီး သွန်သင်ရဦးမှာပဲ”ဆိုတဲ့ စိတ်ကူးပါပဲ။
Keep Reading