toho
ယခုခေတ်တွင် မြန်မာစာအရေးအသားရေးရာ၌ အတော်များများ ပေါ့ပြက်လာသည်ကို မြင်မိသည်။တချို့မှာ စကားလုံးများကို အမှန်သိပြီး ရေးတတ်သော်ငြားလည်း internet တွင် စာပို့သောအခါ၌ မြန်မာစကားလုံးကို ပေါ့ပြက်ပြက်ရေးလာကြသည်။စာလုံးပေါင်းလည်း မှန်ကန်အောင် မရေးကြတော့ချေ။အချင်းချင်းသိနားလည်သည်ဆိုပြီး မှန်ကန်အောင်မရေးကြ။
မြန်မာလူမျိုးအများစုသည် မြန်မာစာရေးရာ၌စာလုံးပေါင်းမှားကြသည်ကို အရေးမထားကြတော့ချေ။သို့သော်လည်း English စာရေးရာ၌ စာလုံးမှားတွေ့ပြီဆိုလျှင် အချင်းချင်း မျက်နှာရှုံ့ချင်ကြသည်။သူတို့၏အမြင်မှာ တခြားဘာသာစကားကို အရေးထားကြသည်ဟု ကျွန်ုပ်မြင်မိသည်။မြန်မာစကားကို ပြောတတ်လျှင်၊ဖတ်တတ်လျှင်ရသည်ဟု တွေးထင်မှတ်ယူကြပုံရသည်။သို့သော်လည်း English လိုမျိုးဘာသာစကားကိုတော့ အတိအကျ၊အမှားအယွင်းမပါအောင် ရေးမှ သင့်တော်မည်ဟု ယူဆကြပုံပင်။ထိုအထင်သည် မှားယွင်းနေကြပြီ။ မိခင်ဘာသာစကားကို အရေးမထားသည့်နှယ် ဖြစ်နေပြီ။
တချို့လူအများစု မြန်မာစာရေးရာ၌ ဖတ်ရသည်မှာ အဆင်မပြေ၊မချောမွေ့တော့ပြီ။သတ်ပုံများလည်း ချွတ်ယွင်းလွဲမှားလာကြပြီ။အစီအစဉ်တကျလည်း မရှိကြတော့ချေ။စာဖတ်ရ၌လည်း အတော်ပင် ထောက်နေကြပြီ။ ထိုအရာများသည် ကျွနိုပ်တို့၏ ပေါ့ပျက်သော အယူ၊မှားယွင်းသော အပြုအမူများဖြစ်၏။
ယခုခေတ်တွင် ထွက်ရှိလာသော စာအုပ်များမှာမူ အရေးအသားမမှန်ချင်ကြတော့ပြီ။တချို့စာအုပ်များလည်း အရေးအသားကောင်းကြပါ၏။ပြောဟန်များပြီး ရေးဟန်ကွယ်ပျောက်လာကြပြီ။ သို့သော်လည်း ပြောဟန်ဖြင့်ရေးသည်ဆိုလျှင်တောင် စာဖတ်ချောမှအဆင်ပြေမည်။သဒ္ဒါအထားအသိုမှန်မှ အဆင်ပြေမည်မဟုတ်လား။သို့သော်လည်း ထိုအရာများကို ဂရုမထားကြသည်ကများ၏။
ကွယ်ပျောက်လာသော မြန်မာအရေးအသားများကို ထိန်းသိမ်းသင့်သည့်ဟု ကျွန်ုပ်မြင်မိသည်။ကျွန်ုပ်တို့၏ မိခင်ဘာသာစကားမှာ မြန်မာဘာသာဖြစ်သည့်အတွက် မြန်မာဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်အောင် ပြောဆို၊ရေးသားသင့်သည်ဟု ကျွန်ုပ်မြင်မိပါသည်။
Keep Reading