Nway Oo Maung
စကားသစ္စာ၊မှန်သောခါဝယ်၊
ဩဇာလေးနက်၊ပေါ်ဆီတက်၍၊
နွယ်မြက်သစ်ပင်၊ဆေးဖက်ဝင်၏။
အရှင်မဟာသီလဝံသ
ဒီကဗျာလေးက တက္ကသိုလ်ဘုန်းနိုင်၏ စာအုပ်တိုင်း၏ အစမှာ အမြဲပါနေသောကဗျာလေးဖြစ်၏။ အင်းဝစာဆိုတော် အရှင်မဟာသီလဝံသ ၏ ကဗျာလေးဖြစ်၏။ အမြဲတွေ့နေတော့မှတ်မိနေ၏၊သစ္စာ၏တန်ဖိုးကိုညွန်းသောကဗျာဖြစ်၏၊ စကားသစ္စာဆိုတာ မုသား၏ဆန့်ကျင်ဘက်ဖြစ်၏ ၊ ကိုယ်မှာဆိုစရာသစ္စာ ရှိလားဆိုတာ အရင်တွေးမိ၏။သို့ပေမဲ့သစ္စာ စကားနဲ့ပတ်သက်လို့ခေါင်းထဲအရင်ရောက်လာတာက၊မှန်ရာကို သစ္စာဆိုပြီး သစ္စာ၏စွမ်းအားကြောင့် မျက်မမြင်မိဘနှစ်ပါး မျက်စိပြန်မြင်ရပြီး၊ မြှားဆိပ်သင့်နေသော သားပြန်ကောင်းလာတဲ့ သုဝဏ္ဏသာမဇာတ်ကို သတိရမိ၏။ ထိုဇာတ်တော်ကလူတိုင်းရင်းနှီးသော ဇာတ်တော်၊ နောက်ပြီး ဇာတ်တော်ထဲက လူတွေက ပါရမီအရင့်မာကြီးတွေ၊ ထို့သူတို့စောင့်ထိန်းသောသီလ ၊ ပွါးများသောဘာဝနာ၊ ဖြည့်ကျင့်သောပါရမီတွေက ကိုယ်လိုသာမညလူ့အဖို့ အလှမ်းဝေး၏။ ကိုယ်နှင့်နှိုင်းယှဉ်၍တွေးမရ ၊ ထိုသူတို့ကား လောကမှလွတ်မြောက်ရာ ကျင့်ကြံအားထုတ်နေသူတွေ၊ ကိုယ်ကလောကအတွင်းမှာ ပျော်မွေ့နေချင်သူဖြစ်တဲ့ အတွက်ကြောင့် သာ၍ပင်ဝေးသေး၏။ ထိုအတွက်ကြောင့် လောကီနယ်ပယ်က သစ္စာ၏ ဆေးဖက်ဝင်ပုံ ဇာတ်လမ်းတို့ကို ဖတ်မှတ်ဖူးသောစာပေထဲကထပ်တွေးရပြန်၏။ တွေးတော့ တရေးရေးပေါ်ဆိုသလိုမျိုး ပေါ်လာ၏၊ ဘယ်စာအုပ်ထဲက ဖတ်ဖူးတယ်ဆိုတာတော့မမှတ်မိပေမဲ့၊ ဇာတ်လမ်းကမှတ်မိနေ၏။ ဇာတ်လမ်းက သစ္စာကိုဖော်ကျူးထားပေမဲ့ ဟာသနည်းနည်းဆန်၏။ဇာတ်လမ်းက"ရွာတစ်ရွာဝယ် လင်မယားနှစ်ယောက်ရှိ၏၊ ထိုလင်မယားနှစ်ယောက်ကား ရွာ၏ ဘုရားဒကာ ဘုရားဒကာမ၊ ကျောင်းဒကာ ကျောင်းအမတွေဖြစ်၏။ တနည်းပြောရရင် ရွာမျက်နှာဖုံးတွေပေါ့၊ သူတို့မှာ အင်မတန်ချစ်ရတဲ့ သားလေးတစ်ယောက်ရှိသတဲ့။ ထိုသားလေးက တစ်နေ့မှာ မြွေအကိုက်ခံရပြီး သေလုမျောပါးဖြစ်နေ၏။ ရွာက ဆေးဆရာလည်းတတ်နိုင်သလောက်ကုကြည့်ပြီး "အခြေနေမဟန်တော့ဘူး၊ မြို့တက်ရင်လည်းမှီမှာမဟုတ်ဘူး၊ အဒီတော့ သစ္စာဆိုပြီးဆုတောင်ကြ"ဟုအကြံပေး၏။ အဲ့ချိန်မှာ ရွာကကျောင်းထိုင်းဆရာတော်ကလည်း ကျောင်းဒကာ ကျောင်းအမသားဆိုတော့ အိမ်ရောက်လာ၏။ ကျောင်းထိုင်းဆရာတော်ပါ သစ္စာဆိုတဲ့အထဲပါရလေ၏၊ထိုအတွက်ကြောင့် ကျောင်းထိုင်ဆရာတော်က အရင် သစ္စာ စဆို၏၊အရင်းဆုံးဘုရားကန်တော့ ကန်တော့ပြီး မျက်လုံးစုံမှိတ် လက်အုပ်ချီကာ" အရှင်ဘုရား တပည့်တော်သည် သာသနာဘောင်စဝင်ချိန်ကတည်းကနေ ခုချိန်ထိ တစ်ရက်မှပျော်ပိုက်ခြင်းမရှိပါဘုရား၊ ထိုမှန်သော သစ္စာစကားကြောင့် သားလေးမြွေဆိပ်ပြေပါစေ"ဟုသစ္စာဆို၏။ ကျောင်းထိုင်ဆရာတော်ပြီးတော့ ကျောင်းဒကာ သစ္စာဆို၏၊ ရှေ့ကဆရာတော်နည်းရှိခိုးကန်တော့ပြီး လက်အုပ်ချီကာ"အရှင်ဘုရား တပည့်တော်သည် ကျောင်းထိုင်းဆရာတော်ကို မကြည်ညိုပါဘုရား ၊မိဘလက်ထက်က ကိုးကွယ်ခဲ့သော ဆရာတော်မို့ ဆက်လက် အမွေဆက်ထိန်းပြီး လှူဒါန်းဝင်ထွက်နေရပါ၏၊ဤမှန်သော သစ္စာစကားကြောင့် သားလေးမြွေဆိပ်ပြေပါစေ"ဟုသစ္စာဆိုလေ၏။ ကလေးမှာလည်း နည်းနည်းသက်သာလာ၏။ နောက်ဆုံး ကျောင်းအမ သစ္စာဆိုရ၏။ ကျောင်းအမလည်း ဘုရားရှိခိုးကန်တော့ပြီး လက်အုပ်ချီကာ "အရှင်ဘုရား တပည့်တော်သည် ကျောင်းဒကာအပေါ်ဝယ် ဘယ်တုန်းကမှ မချစ်ခဲ့ပါဘုရား၊ မိဘပေးစားလို့သာ ယူခဲ့ရပါ၏၊ ထိုမှန်သောသစ္စာစကားကြောင့် သားလေးမြွေဆိပ်ပြေပါစေ"ဟု သစ္စာဆိုပြန်၏၊ ကျောင်းအမသစ္စာဆိုပြီး သားလေးမှာအတော်ပြန်ကောင်းလာ၏။ အသက်အန္တရာယ်မစိုးရိမ်ရတော့" ဇာတ်လမ်းကဒီလောက်ပင်ထိုသူတို့ဆိုခဲ့တာတွေက သစ္စာတွေ၊ထိုအတွက်ကြောင်းလည်း ကလေးမြွေဆိပ်ပြေခဲ့၏။ ထိုဖြစ်ရပ်ကိုကြည့်ပြီး ငါ့မှာကော ဆိုစရာသစ္စာရှိလား၊ နွယ်မြက်သစ်ပင်ဆေးဖက်မဝင်နိုင်တဲ့ သစ္စာစကားမဆိုနိုင်တောင် သင့်မိသားစု ၊သင့်သူငယ်ချင်း ၊သင့်ပတ်ဝန်းကျင်၊ သင့်နိုင်ငံက ယုံကြည်နိုင်လောက်သော သစ္စာစကားရှိလား ရှိလား။
Keep Reading