မြသွန်း(တောင်ဒဂုံ)
?အေးတဲ့ရာသီဥတု၊ အေးတဲ့အစားအစာ၊ အေးမြချမ်းစိမ့်တာတွေကိုမှ အရမ်းကိုနှစ်သက်တဲ့မိတ်ဆွေတို့အတွက် ဒီနေ့မှာတော့ ရေခဲဘုရင်မအကြောင်းကိုပြောပြပေးချင်ပါတယ်။ ရေခဲဘုရင်မလို့ပြောတော့ FrozenကားထဲကElsaကိုပဲ လူတော်တော်များများက ပြေးမြင်မိကြမယ်ဆိုတာသိပါတယ်။ ဒါမယ့်ဒီနေ့ပြောပြပေးသွားမယ့်ရေခဲဘုရင်မကတော့ animation ကားထဲက ကာတွန်းဇာတ်ကောင်မဟုတ်ဘဲနဲ့ real life ထဲက လူစင်စစ်တစ်ဦးပဲဖြစ်ပါတယ်။ အခုဆိုရင်သူက Tiktok,YouTube စတဲ့ Social Media တွေပေါ်မှာ နာမည်ကြီးဆယ်လီတစ်ဦးတောင်ဖြစ်နေပါပြီ။ ဒါကတော့ Galkina Annechkaလို့အမည်ရတဲ့ ရေခဲမင်းသမီးချောလေးရဲ့ story ပဲဖြစ်ပါတယ်ရှင်။
?Galkinaဟာ ရုရှားနိုင်ငံသူတစ်ဦးဖြစ်ပြီးတော့ အခုဆိုရင် သူမရဲ့တစ်မူထူးခြားတဲ့ဗီဒီယိုတွေကြောင့် အင်တာနက်ပေါ်မှာ လူပြောများလာခဲ့ပါတယ်။ သူ့ရဲ့ဗီဒီယိုတွေထဲမှာဆိုရင် ဆီးနှင်းထူထပ်တဲ့နေရာတွေ၊ ရေခဲပြင်တွေ၊ အရိုးခိုက်အောင်အေးစိမ့်နေမယ့် ရေခဲရည်တွေထဲမှာ ဂျိုင်းပြတ်အင်းကျီနဲ့ပဲ ဘာမှမဖြစ်သလိုနေပြတယ်၊ ရေခဲရည်ထဲမှာစိမ်ပြီး ရေခဲတွေစားပြတယ်၊ ရေငုပ်တယ်၊ ရေကူးတယ်၊ နောက်ပြီးရေခဲနဲ့လည်း ပုံသဏ္ဍာန်အမျိုးမျိုးဖန်တီးပြီးတော့ ဗီဒီယိုတွေရိုက်ပြခဲ့ပါတယ်။ သာမန်လူတစ်ယောက်က ဒီလိုမျိုးရေခဲလွှာတွေပေါ်မှာ နေပြဖို့မပြောနဲ့၊ ရေခဲတုံးတစ်တုံးကိုပဲ..မိတ်ဆွေတို့လက်ထဲမှာ (၅)မိနစ်လောက်ကိုင်ထားကြည့်ပါ။
?အေးစိမ့်လာလွန်းလို့ ကြာကြာကိုင်နိုင်ကြမှာမဟုတ်ပါဘူး။ အဝေးကြီးမကြည့်ပါနဲ့.. သက်ြန်ရောက်လို့ ကားနဲ့ရေပတ်ခံထွက်ကြပြီဟေ့ဆိုရင် လမ်းမှာရေခဲရည်တစ်ခွက်လောက်နဲ့ အပတ်ခံလိုက်ရလို့ကတော့ အားးကနဲအော်တတ်ကြတယ်မဟုတ်လား။ ဒါမယ့်ဒီမိန်းကလေးကတော့ -၂၇°Cရှိတဲ့အပူချိန်မှာရေကူးနေတာတောင် သွားတွေအချင်းချင်းရိုက်၊ နှုတ်ခမ်းတွေတုန်နေဖို့မပြောနဲ့ ကြက်သီးမွှေးတစ်မျှင်ကလေး ထလာတဲ့အရိပ်ယောင်တောင် မမြင်ခဲ့ရပါဘူး။ ဒါကြောင့်လူတွေကလည်း ဒီလောက်အအေးဒဏ်ကြီးကို သူဘယ်လိုများခံနိုင်သလဲဆိုပြီး အံ့ဩနေကြပါတယ်။ ဆိုတော့ သူမက ဘာလို့အခုလိုအန္တရာယ်ရှိတဲ့အရာကို လုပ်ပြနေတာလဲ? ဒီလိုလုပ်တာကြောင့် သူ့ရဲ့ကျန်းမာရေးကရော ဘာမှမဖြစ်သွားဘူးလား? ဒီမေးခွန်းတွေကို လူအများက မေးလာကြပါတော့တယ်။
? တကယ်တော့ သူ့ရဲ့ပြောပြချက်အရ Galkinaဟာ နေ့စဉ်နေ့တိုင်းအိမ်မှာရေချိုးရင်တောင် ရေခဲရည်နဲ့ပဲချိုးတယ်လို့သိရပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ခန္ဓာကိုယ်က ဒီလောက်ထိအအေးဒဏ်ကို ခံနိုင်ရည်ရှိနေတာပါ။ ခန္ဓာကိုယ်တင်မဟုတ်ပါဘူး.. စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း အများကြီးလေ့ကျင့်ယူထားရပါတယ်။ အခုလိုမျိုးတဖြည်းဖြည်းနေ့သားကျလာတာနဲ့ ကမ္ဘာ့အအေးဆုံးနေရာတွေအထိ သွားရောက်ပါတော့တယ်။ ဒီလိုတွေလုပ်လာတာဟာ အများအမြင်အရပြောမယ်ဆိုရင် Social Media ပေါ်မှာနာမည်ကြီးချင်လို့ ကိုယ့်ကိုယ်ကိုညှင်းဆဲရာရောက်နေပါတယ်။ သူမကိုယ်တိုင်ကလည်း ရေခဲဘုရင်မတစ်ဦးဖြစ်ချင်နေတာပါ။
? ဒါမယ့် သူ့ရဲ့အစွန်းရောက်တဲ့လုပ်ရပ်တွေကြောင့် ထိခိုက်ဒဏ်ရာတွေ၊ ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် သူ့ရဲ့fanတွေကလည်း သူ့အတွက်အရမ်းကိုစိုးရိမ်နေကြရပါတယ်။ တစ်ဖက်မှာလည်းတစ်ချို့လူတွေက Galkinaဟာ onlineပေါ်ကလူတွေကိုဂျင်းထည့်နေတာပါဆိုပြီး ဝေဖန်နေကြပြန်ပါတယ်။ ဒါမယ့် ဂျင်းထည့်နေတာကတော့ မဖြစ်နိုင်ဘူးထင်ပါတယ်.. ဘာလို့လဲဆိုတော့ သူ့ရဲ့ဗီဒီယိုတွေကို အကဲခတ်ကြည့်ရသလောက်တော့ အားလုံးမှာအတုအပလုပ်ထားတယ်ဆိုတဲ့လက္ခဏာတွေကို မတွေ့ရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မေးချင်တာတစ်ခုက မိတ်ဆွေတို့ရော သူမနဲ့အတူရေကူးချင်ပါသလား?
Keep Reading