Author's Profile Photo

ကိုလေး ( Black_sheep )

9/11/2024

ထိန်းသိမ်းစေချင် မိန်းမတို့ဣန္ဒြေ

3 mins read
Life Style
General Knowledge
18 Again

        တိုးတက်လာသော ခေတ်နှင့်အညီ ဝတ်စားဆင်ယင်ပုံမှာလည်း အမျိုးမျိုးပြောင်းလဲနေသည်မှာ မလွဲပေ။ " တောင်းမှာ အကွက် ၊ လူမှာအဝတ် " ဆိုသလို  လောကပါလတရားအရ အရှက်အကြောက်ရှိသောလူသားများအဖို့ အဝတ်အစားဝတ်ဆင်မှသာ လုံခြုံတင့်တယ်မည်ဖြစ်သည်။အရှက်အကြောက်တရားကို ယောက်ျားလေးထက် မိန်းကလေးက ပို၍ စောင့်ထိန်းသင့်သည်ဟု ကျွန်တော်ထင်မြင်မိပါသည်။ "မိန်းမတို့ဣန္ဒြေ ရွှေပေးလို့မရ"ဟူသော မြန်မာဆိုရိုးစကားအတိုင်း မြန်မာမိန်းကလေးတို့၏ ဣန္ဒြေသိက္ခာသည် ရွှေထက်ပင် တန်ဖိုးကြီးလှ၍ ရတနာတစ်ပါးသဖွယ် ထိန်းသိမ်းဖို့ရာ အလွန်အရေးကြီးလှပါသည်။ဤဆောင်းပါးတွင် မျက်မှောက်ခေတ်အမျိုးသမီးများ ထိန်းသိမ်းသင့်သော ဣန္ဒြေများအကြောင်းကို ရေးသားပါမည်။
            မြန်မာအမျိုးသမီးဟု ဆိုလိုက်လျှင် ကျွန်တော်၏ မျက်စိထဲတွင် ရင်ဖုံးအင်္ကျီနှင့် ခြေမျက်စိနားလောက်ထိရှည်သော ထဘီကို ဣန္ဒြေရှိစွာ ဝတ်ဆင်ထားဟန်ကို မြင်ယောင်မိပါသည်။ သို့သော်လည်း  အတုမြင် အတတ်သင်ကာ နိုင်ငံခြားမှ ဝတ်စားဆင်ယင်ပုံ ၊ အပြုအမူများကို လိုက်တုကာ  အပြိုင်အဆိုင်အနိုင် သူ့ထက်ငါလျှင် အလှတစ်ဖျားသာချင်သောစိတ်ထားများဖြင့် တဖြည်းဖြည်း မလုံမခြုံအတိုအပြတ်ဝတ်စားလာကြပုံများ မြင်မကောင်း ရှုမလှပေ။ ခေတ်နှင့်အညီဆိုသော်ငြားလည်း ခေတ်ဆန် ခြင်းတွင် ကောင်းသောခေတ်ဆန်ခြင်းနှင့် ဆိုးသောခေတ်ဆန်ခြင်းရှိသည်ကို သိပ္ပံမောင်ဝ(တင်မောင်မြင့်)၏ 'ခေတ်'ဆောင်းပါးကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပေမည်။
              ယခင်ကဆိုလျှင်  မိန်းကလေးများသည် နူးညံ့သိမ်မွေ့သော ပိုးသားလေးပမာ  မထိရက်မကိုင်ရက်ဖွယ်။ မိန်းမတို့၏ ဆွဲငင်ဓာတ် ၈ ပါး ၊ အလှဂုဏ်၆ပါးဖြင့် ပြည့်စုံကာ ခြေတစ်လှမ်းကုဋေတစ်သန်းဆိုသလို လမ်းလျှောက်ရာကအစ ဝတ်စားနေထိုင်ရာအဆုံး ဗိုင်းကောင်းကျောက်ဖိနေတတ်သောအမျိုးသမီးမျိုးကိုသာ မိန်းမကောင်းဟုသတ်မှတ်ကြပါသည်။ဟိရိဩတ္တပတရားကို လက်ကိုင်ထားကြကာ အရည်အချင်း၊ စိတ်ဓာတ် ၊ အကျင့်စာရိတ္တစသည်တို့သည် မျက်မှောက်ခေတ်နှင့် နှိုင်းယှဥ်ကြည့်ပါလျှင် အလွန်ကွာခြားလှပါသည်။လက်ရှိမြန်မာနိုင်ငံ၏ အမျိုးသမီး အားလုံးကို မဆိုလိုပေ။
              မျက်မှောက်ခေတ်တွင် ကျွန်တော်၏မျက်စိရှေ့အမြင်မလိုသော မိန်းမပျိုများ၏ ပုံသဏ္ဍာန်များကို ပြရမည်ဆိုလျှင် အနက်ရောင်ကေသာအစား ဆံနီ၊ဆံဝါပြိုးပြက်ပြက်ဖြင့် ရောင်စုံကေသာ ပုတ်သင်ပမာ ခြယ်သကာထားသော မိန်းမပျိုများ ၊  လုံခြုံသော အဝတ်အစားရှိပါလျက် ဟိုတစ်ကွက်ဒီတစ်ဖက် အပေါက်အဖာများ အဆန်းထွင်ကာ မလုံမခြုံဝတ်စားကြသောမိန်းမပျိုများနှင့် စကားအရာ ကြမ်းတမ်းပါသော မိန်းမပျိုများဖြစ်သည်။တစ်ခုသော နေ့တစ်နေ့၌  ကျွန်တော်မြို့ထဲသို့သွားလာနေစဥ် မိန်းကလေးတချို့အား မနှစ်သက်ဖွယ်မြင်တွေ့ရလိုက်သည်မှာ အတွင်းခံဘောင်းဘီသာသာနှင့် ရင်သား ထိပ်ဖျားမပေါ်ရုံလောက်ပင်(ရိုင်းတာမဟုတ်ပါ၊နှိုင်းစာကြည့်ပါ)။ထိုမိန်းကလေးတချို့အား တခဏတာ မှင်သက်ကြည့်မိသော် လက်ကြားဆေးလိပ် ၊ ပါးစပ်ကားအာကျယ် ၊ ကာလာစုံဆံကေသာနှင့်မြင်မတော်သည်မှာ အမှန်ပင်။ဤအခြင်းအရာကိုကြည့်ကာ အပြစ်တင်ရမည့်သူမှာ မိဘလား ၊ သားသမီးလားဟု ​​တွေးနေမိပါသည်။
           သားသမီးကို မဆုံးမသော မိဘသည် အင်မတန်ရှားပါသည်။ မိဘက အတိုအပြတ်ဝတ်သော သမီးမိန်းကလေးများကိုဆုံးမလိုက်လျှင် " သမီးက ခေတ်နှင့်အညီဝတ်တာ။ဒီဘက်ခေတ်ကြီးမှာ ဆံထုံးထုံးပြီး ရင်ဖုံးထဘီနဲ့သွားနေရမှာလား။သမီးတစ်ယောက်တည်း အဲ့လိုဝတ်စားနေတာမဟုတ်ဘူး၊မိန်းကလေးအားလုံး ဒီဘက်ခေတ်မှာဒီလိုပဲဝတ်နေကြတာ " စသည်ဖြင့် ခွန်းတုံ့ပြန်သံများကိုပါ ကြားရတတ်ပါသည်။ဝတ်စားဆင်ယင်မှုကို အနောက်နိုင်ငံများကဲ့သို့ လိုက်တု၍ဝတ်ဆင်ရန်မလိုအပ်ပါ။အဘယ်ကြောင့်ဆိုသော် အနောက်နိုင်ငံများ၏ ယဉ်ကျေးမှုသည် မိမိတို့ယဉ်ကျေးမှုနှင့်မတူပါ။ထို့ကြောင့် အနောက်နိုင်ငံများအတွက် အမြင်မရိုင်းသော်လည်း အမိမြန်မာပြည်အဖို့ အမြင်ရိုင်းဖွယ် ဝတ်စားဆင်ယင်မှုဖြစ်ပါသည်။ရှေးယခင်ကတည်းက မြန်မာအမျိုးသမီးမှန်လျှင် မြန်မာယဉ်ကျေးမှုနှင့်အရှက်အကြောက်တရား ရှိတတ်ရမည်ဖြစ်သည်။ကျွန်တော်ဖတ်ဖူးသော စာတစ်စုမှမိန်းကလေးများ ကျင့်သုံးအပ်သောကိုယ်ကျင့်တရား ( ၇ )ပါးကို မျှဝေပါမည်။ဤသည်မှာ-
၁။ အရှက်အကြောက် ရှိရမည်။
(ရှက်​သင့်သည့်နေရာမှာ ရှက်​၊ ​ကြောက်​သင့်သည့်​နေရာမှာ ​ကြောက်​)
၂။  ရတနာသုံးပါး အတွက် နေ့ညမပျက် ဆောင်ရွက်အားထုတ်ရမည်။
၃။ မိဘ၊ ဘိုးဘွားကို အထူး ရိုသေလေးစားရမည်။
၄။ မိခင်အလုပ် (အိမ်မှုကိစ္စ) ဟူသမျှကို တတ်ကျွမ်းကူညီနိုင်ရပါမည်။
၅။ အတတ်ပညာ သင်ကြားခြင်းတို့ကို ပျင်းရိတွန့်တိုသောစိတ်ကို မထားဘဲ ၊ထကြွ လုံ့လ ဝိရီယရှိရပါမည်။
၆။ ဆွေမျိုး၊မိတ်သင်္ဂဟ တို့၏၀တ္တရားကို နားလည်ရမည်။
၇။ (မျက်​စိ၊ နား၊ နှာ​ခေါင်း ၊ လျှာ၊ ကိုယ်​ကာယအထိအ​တွေ့၊ စိတ်​) ဆိုသည့်ဣန္ဒြေ၆ ပါး ကိုရိုသေစောင့်ထိန်းနိုင်ရမည်။
ထိုမှသာ မိန်းမကောင်းတစ်ယောက် ပီသမည်ဟု ထင်မြင်မိပါသည်။ မိန်းကလေးများ စောင့်ထိန်းအပ်သည့်အခြားသော စည်းမျဥ်းများသည်လည်း မရေမတွက်နိုင်အောင်ပင်။ သို့သော် ထို (၇)ချက်အား လိုက်နာပါလျှင်ပင် အတော်အတန် အဆင်ပြေပါမည်။
          မိန်းကလေးများနောက်တစ်ဖန် ဆင်ခြင်ရမည့်အချက်ရှိပါသေးသည်။ ထိုအကြောင်းအရာမှာ လက်မထပ်သေးဘဲ ငယ်ရွယ်သူအမျိုးသမီးများ မိမိ၏ တန်ဖိုးရှိလှသော မိန်းမပျိုဘ၀ကို ချစ်သူ၏ဆန္ဒအား ဖြည့်ဆည်းပေးရန်အဖို့ တခဏတာ စိတ်ပျော်ပါးရာတပ်မက်မှုအလိုကိုလိုက်၍ တဏှာစိတ်များတိတ်တဆိတ်အကောင်အထည်ဖော်ကြခြင်းဖြစ်သည်။ကျွန်တော်အဓိကဆိုလိုချင်သောအကြောင်းအရာအနက်အား သဘောပေါက်မည်ထင်ပါသည်။ထိုသို့သော မိန်းကလေးကို မိန်းမပျက်ဟု ခေါ်ထိုက်ပါပေသည်။မကောင်းသောမိန်းမနဲ့ မိန်းမပျက်၏အဓိပ္ပါယ်သည် ခြားနားလှပါသည်။မိသားစုဝမ်းရေးအတွက် မိမိဘဝကြီးတစ်ခုလုံး စတေးခံပြီး ရှာစားရသောမိန်းကလေးမျိုးကို မကောင်းသောမိန်းကလေးဟု ခေါ်ပါသည်။ ထိုမိန်းကလေးမျိုးသည် ဘဝသာညစ်ပေပါမည် ၊ ကိုယ့်ကျင့်တရားကား မညစ်ပါပေ။
"မျိုးစေ့ကောင်းမှ အပင်သန်မည်"ဟူသောစကားအတိုင်း အမျိုးသမီးတစ်ယောက်သည် မိခင်လောင်းတစ်ယောက်ဖြစ်ပါသည်။အနာဂတ်မျိုးဆက်သစ်များကို သွန်သင်ပေးမည့်သူဖြစ်သည်။ မိခင်ကိုယ်တိုင်ကောင်းနေမှသာ သားကောင်းရတနာ ၊ သမီးကောင်းရတနာများပေါ်ထွန်းမည်ဖြစ်သည်။ (မိခင်ကောင်းဖို့လိုသလို ဖခင်လည်းကောင်းဖို့လိုပါသည်။)
ဣန္ဒြေရှိသောမိန်းမကောင်းဟုဆိုတိုင်း ဗိုင်းကောင်းကျောက်ဖိ လုံချည်ကို ခြေမျက်စိဖုံးသည်ထိဝတ် ၊ အိမ်ထဲမှ အိမ်ပြင်မထွက် ၊ ဤကဲ့သို့မဆိုလိုပါ။ အထက်တွင်ဖော်ပြခဲ့သော ထိန်းသိမ်းသင့်သည့်အဓိကအချက်ကလေးများနှင့် အသိဥာဏ်ယှဥ်တွဲကာ နေထိုင်တတ်ဖို့ရာ အရေးကြီးပါသည်။ယခုဖတ်ရှုသူများထဲမှ သင်ကိုယ်တိုင် မိန်းကလေးဆိုလျှင်လည်း မိန်းမကောင်းတစ်ယောက်ပီသပြီလား ၊ ကိုယ့်ကိုယ်ကိုယ်သုံးသပ်ကြည့်ကာ အကောင်းမွန်ဆုံးဖြစ်အောင် နေထိုင်ပြုပြင်ရန် အကြံပြုတိုက်တွန်း ရေးသားလိုက်ပါသည်။

ချစ်ခင်လေးစားရသောဖတ်ရှုသူအမျိုးသမီးများအားလုံးအနာဂတ်အတွက်တန်ဖိုးရှိလှသော သမီးကောင်းရတနာမိန်းမပျိုများဖြစ်ကြပါစေ။

မှတ်ချက်။ ။ဤဆောင်းပါးတွင် ယခုခေတ်မိန်းကလေးများမကောင်းပါဟု မဆိုလိုပေ။တချို့သော ကိုယ်ကျင့်တရားပျက်ပြားသောမိန်းကလေးများ၏အမူအကျင့်များကိုထည့်သွင်းဖော်ပြရေးသားရခြင်းဖြစ်သည်။

#ကိုလေး ( Black_sheep )

၉ ၊ ၁၁ ၊ ၂၀၂၄ [ စနေ ]

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး