သိုက်စိုးထွန်း(နတ်ရွာ)
ဘယ်ကိစ္စကိုပဲလုပ်လုပ် ယုံကြည်မှုရှိနေမှသာ စိတ်ရောကိုယ်ပါနှစ်ပြီး အင်တိုက်အားတိုက် လုပ်ကိုင် ဆောင်ရွက်နိုင်တာပါ။ ဘာကိုယုံကြည်တာလဲဆိုတော့ ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ၊ ကိုယ်ဆက်ဆံနေရတဲ့သူရဲ့ အပေါ်မှာ၊ ကိုယ်လျှောက်နေရတဲ့လမ်းစဉ်တွေရဲ့အပေါ်မှာ ကိုယ်နဲ့ပတ်သက်သမျှအရာအားလုံးကို ယုံကြည်စိတ်ချ နေရမှသာလျှင် ဘ၀ကိုစိတ်ရှင်းရှင်းနဲ့ လွတ်လပ်ပေါ့ပါးစွာဖြတ်သန်းနိုင်သလို လုပ်ကိုင်ပြောဆိုသမျှအရာအားလုံး ဟာလည်း အားမာန်အပြည့်နဲ့ဖြစ်နေမှာပါ။
တစ်ခုခုကို လုပ်ရမှာ ချီတုံချတုံဖြစ်နေသေးတယ်ဆိုရင် အဲ့ဒီအပေါ်မှာ ကိုယ်က သိပ်ပြီးတော့ ယုံကြည်မှု မရှိသေးလို့ပါ။ ယုံတော့ယုံတာပေါ့လေ၊ ဒါပေမယ့်ဆိုတာမျိုးလည်း မရဖြစ်ပါဘူး။ ဒါပေမယ့်ဆိုတဲ့စကားလေး ပါသွားတာနဲ့ တစ်ပြိုက်နက် သူ့ယုံကြည်မှုရဲ့နောက်မှာ သို့လောသို့လော သံသယလေးတွေရှိနေသေးတယ်ဆိုတာကို ရိပ်မိနိုင် ပါတယ်။
ကိုယ့်ဘ၀တိုးတက်ဖို့၊ ကိုယ့်လုပ်ငန်းတစ်ခုအောင်မြင်ဖို့၊ ကိုယ်ရည်ရွယ်ထားတဲ့အတိုင်းဖြစ်လာဖို့ဆိုရင်တော့ ယုံကြည်မှုတွေကအရေးကြီးပါတယ်။ ပထမဆုံးတော့ ကိုယ်လျှောက်မယ့်လမ်းကို ကိုယ်ကိုယ်တိုင်က မမှိတ်မသုံ ယုံကြည်နေဖို့လိုပါတယ်။ ကိုယ်ကိုယ်တိုင်ကမှ ယောင်ဝါးဝါးဖြစ်နေရင်တော့ အဲ့ဒီကိစ္စဟာ မအောင်မြင်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။ ကိုယ်ကိုယ်တိုင်သေသေချာချာ ယုံကြည်ရမယ်၊ ကိုယ်ယုံကြည်သလို သူများတွေ ကိုလည်း အကျိုးနဲ့အကြောင်းနဲ့ ချပြရှင်းလင်းပြီးတော့ ယုံကြည်လာအောင်လုပ်နိုင်ရမယ်၊ ကိုယ်ရော၊ ကိုယ်နဲ့ သက်ဆိုင်သူတွေပါ လက်ရှိလျှောက်လှမ်းနေတဲ့လမ်းစဉ်အပေါ်မှာ ယုံကြည်မှုအပြည့်ရှိနေပြီဆိုရင်တော့ ချမှတ်ထားတဲ့ ဦးတည်ချက်ဆီကို၊ ရည်ရွယ်ထားတဲ့ပန်းတိုင်ဆီကို ရောက်ဖို့ရာ သေချာသလောက်ဖြစ်နေပါပြီ။
တစ်ချို့က လုပ်တော့လုပ်ချင်တယ်၊ အဲ့ဒီဟာလေးကို စိတ်၀င်စားပါတယ်၊ ဒါပေမယ့်လက်တွေ့ လိုက်လုပ်ဖို့ကျတော့လည်း ဘယ်ကိစ္စ၊ ဘယ်အခက်အခဲလေးတွေကရှိနေလို့ပါဆိုပြီးတော့ အကြောင်းပြကြ ပါလိမ့်မယ်။ ဒါက တကယ်မယုံကြည်သေးလို့ဖြစ်ပါတယ်။ ဒီကိစ္စကိုဒီလိုလုပ်တဲ့အတွက်၊ ဒီအတိုင်းအတာအထိ အကျိုးပေး နိုင်လိမ့်မယ်ဆိုတာကို အမှန်တကယ်ယုံကြည်လာရင်တော့ ဘယ်သူမှတိုက်တွန်းနေစရာမလိုဘဲနဲ့ သူ့ဘာသာသူ ပါ၀င်ဆောင်ရွက်လာမှာဖြစ်ပါတယ်၊ တစ်စုံတစ်ယောက်က ပိတ်ပင်တားဆီးနေရင်တောင်မှ သူယုံကြည်ရာ လမ်းစဉ်ကို နောက်မတွန့်တမ်းလျှောက်လှမ်းတော့မှာဖြစ်ပါတယ်။
ယုံကြည်မှုဆိုတာက နေရာတိုင်းအတွက်အသုံး၀င်ပါတယ်။ ဘာသာရေးကိုကြည့်ရင် သိသာတဲ့အဖြေ တစ်ခုကို တွေ့မြင်နိုင်ပါတယ်။ ကိုယ်က ဒီဘာသာကိုကိုးကွယ်မှ ကောင်းလိမ့်မယ်၊ ဒီဘာသာကသာ အစစ်အမှန်လို့ ယုံကြည်လာရင် အဲ့ဒီဘာသာကိုပဲ ကိုးကွယ်တော့မှာဖြစ်ပါတယ်။ ဘယ်သူဖျက်ဖျက် ပျက်တော့မှာ မဟုတ်ပါဘူး။ ဒီအကြောင်းကိုလုပ်ရင် ဒီအကျိုးတွေရလိမ့်မယ်ဆိုတာ သေသေချာချာယုံကြည်နေရင် ဒီလမ်းစဉ်ကိုရဲရဲဝံ့ဝံ့၊ ယုံယုံကြည်ကြည် လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ လုံး၀မယုံရင် လုံး၀မလုပ်ဘူး၊ နည်းနည်းယုံရင် နည်းနည်း လုပ်မယ်၊ များများယုံရင် များများလုပ်မှာဖြစ်ပါတယ်။
တစ်ချို့ဆို ယုံကြည်မှုတစ်ခုအတွက် ကိုယ့်မှာပိုင်ဆိုင်တဲ့ အိုးအိမ်တိုက်တာတွေ၊ စည်းစိမ်ဥစ္စာတွေကို အများကြီးသုံးစွဲပစ်လိုက်ဝံ့တယ်။ ဒီလိုလုပ်ခြင်းက ကောင်းမြတ်တဲ့အကျိုးတရားတွေရလာနိုင်လိမ့်မယ်ဆိုတာကို သူက ယုံကြည်ထားတာကိုး။ တစ်ချို့ဆိုရင် ကိုယ်နဲ့အသက်ကိုတောင်မှ ပေးဆပ်ဝံ့တဲ့သူတွေရှိပါတယ်။ ဒါက ယုံကြည်တဲ့အတွက် လုပ်ဝံ့တာဖြစ်ပါတယ်။ တော်ရုံတန်ရုံ ယုံကြည်မှုမျိုးနဲ့တော့ မဖြစ်ပါဘူး။
ဘာသာရေးမှာမှမဟုတ်ပါဘူး။ ဘယ်အလုပ်၊ ဘယ်အကြောင်းအရာမှာပဲဖြစ်ဖြစ် ယုံကြည်မှုပါမှသာ အဆင်ပြေမှာဖြစ်ပါတယ်။ မယုံမကြည်ဘဲနဲ့ တစ်စုံတစ်ခုကိုကြောက်ရွံ့တဲ့အတွက်၊ တစ်စုံတစ်ယောက်အပေါ်မှာ အားနာတဲ့အတွက် လုပ်ကိုင်ရပါတယ်ဆိုတဲ့အလုပ်မျိုးရှိရင် အဲ့သလိုလုပ်ရပ်မျိုးဟာလည်း သိပ်ပြီးအသက်၀င်နိုင်မှာ မဟုတ်ပါဘူး။ စိတ်မပါဘဲ လုပ်တဲ့အလုပ်၊ စိတ်မပါဘဲပြောတဲ့အပြောတွေသာဖြစ်တဲ့အတွက် ခပ်ပေါ့ပေါ့၊ ခပ်ခြောက်ခြောက်ပဲဖြစ် နေပါလိမ့်မယ်၊ သိပ်ပီပြင်မှာမဟုတ်ပါဘူး။
ယုံကြည်မှုရှိရင်ရှိသလို စွမ်းဆောင်ရည်တွေမြင့်မားလာပြီး ထိရောက်အောင်မြင်တယ်ဆိုတာကို ကောက်ချက်ချနိုင်မှာဖြစ်ပါတယ်။ ကိုယ်လျှောက်တဲ့လမ်းကိုယ် ယုံယုံကြည်ကြည်နဲ့လျှောက်လှမ်းနိုင်သူဟာ ဘယ်အရာတွေကပဲ တားဆီးထားသည်ဖြစ်စေ သူ့လမ်းကိုသူ အရောက်လှမ်းနိုင်မှာပါ။
ဒီနေရာမှာ ယုံကြည်မှုဆိုတာက အကျိုးသင့်အကြောင်းသင့်၊ သဘာ၀ယုတ္တိကျတဲ့ယုံကြည်မှုမျိုးကိုသာ ဆိုလိုတာပါ။ အသားလွတ်၊ အခြောက်တိုက်၊ အစွန်းရောက်ယုံကြည်မှုမျိုးကိုဆိုလိုတာမဟုတ်ပါဘူး။ ဝါဒတစ်ခုခုရဲ့ မှိုင်းအောက်ကိုရောက်သွားသူများအတွက်ကတော့ အစွန်းရောက်ယုံကြည်မှုတွေဖြစ်လာစရာအကြောင်းရှိပါတယ်။ ကိုယ်ယုံကြည်တဲ့အရာသာလျှင်အမှန်၊ သူယုံကြည်တဲ့အရာတွေကအမှားတွေ၊ သူတို့ကိုလည်း ကိုယ့်လိုမျိုး ဖြစ်လာအောင်သိမ်းသွင်းပေးနိုင်မှတန်ကာကျမယ်ဆိုပြီး လှေနံဓားထစ်ဝါဒနဲ့ စည်းရုံးဟောပြောလိုက်တာ အနုနည်းနဲ့ မရတော့ အကြမ်းနည်းတွေပါသုံးပြီး ကိုယ်ယုံကြည်ရာလမ်းစဉ်ကိုအတင်းအဓမ္မသွတ်သွင်းချင်တဲ့သဘောမျိုးတွေ ဖြစ်တတ်ပြန်ရော။ ဒါကလည်း အစွန်းဘက်ကိုရောက်သွားပြီဖြစ်တဲ့အတွက် အားမပေးသင့်တဲ့ကိစ္စဖြစ်ပါတယ်။
၀ါဒမှိုင်းတစ်ခုခုမိသွားလို့ ကိုယ့်အသက်ကိုယ်တောင် တန်ဖိုးမထားနိုင်တော့တာတွေ၊ ညီအစ်ကိုမောင်နှမ ဆွေးမျိုးအသိုင်းအဝိုင်းဆိုတာမရှိ၊ သည်ယုံကြည်မှု၊ သည်ဝါဒတွေသာလျှင်ရှိတယ်၊ ကျန်တာတွေကဘာမှ အရေးမပါ၊ သည်လမ်းစဉ်သာလျှင် အရေးပါတယ်ဆိုတဲ့ သဘောတရားတွေကို လက်ဆုပ်လက်ကိုင်ပြုထားသူတွေလည်း ရှိကြ ပါတယ်။ ကိုယ်ယုံကြည်နေတဲ့အရာတစ်ခုဟာ ဓမ္မဓိဋ္ဌာန်ကျတဲ့ယုံကြည်မှုလား၊ အစွန်းတရားတစ်ခုခုဘက်ကို ရောက်နေပြီလားဆိုတာကိုလည်း သတိလေးဥာဏ်လေးယှဉ်ပြီး ဆင်ခြင်သုံးသပ်ဖို့လိုဦးမှာပါ။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲနေတဲ့အတွက် လူ့လောကအသိုင်းအဝိုင်းထဲမှာ ဂွတီးဂွကျဖြစ်နေရသူ တွေလည်း ရှိကြပါတယ်။ ကိုယ်လုပ်တဲ့ဟာမှမှန်တယ်၊ ကိုယ်ပြောတဲ့ဟာမှမှန်တယ်၊ ကျန်တဲ့သူ လုပ်တဲ့ပြောတဲ့ အရာတွေက ဘာမှသုံးမရသလိုလိုပြောဆိုလုပ်ကိုင်မှုတွေရှိနေပါတယ်။ ဒီဝါဒစွဲနေသူတစ်ယောက်ကိုတော့ တော်ရုံတန်ရုံ ဆိုဆုံးမမှုမျိုးလောက်က တိုးမပေါက်နိုင်တော့တဲ့သဘောရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် အစွန်းရောက် နေလို့ ရောက်မှန်းမသိဘဲ အဲ့ဒီအစွန်းတရားကြီးပေါ်မှာ ထိုင်နေမိလျက်သားဖြစ်နေပါတယ်။ အစွန်းကနေထိုင်နေတာ ဖြစ်တဲ့အတွက် အရာအားလုံးကို မှန်မှန်ကန်ကန်မရှုမြင်နိုင်တော့ပါဘူး။ ကိုယ့်ကိုယ်ကို အထင်ကြီးမှုတွေမြင့်မား လာမယ်၊ ဒါနဲ့နည်းတူ တစ်ခြားသူတွေအပေါ်မှာ အထင်အမြင်သေးမှုတွေက ကပ်ပါလာမယ်။ သူဟာ လူ့အသိုင်း အဝိုင်းထဲမှာ ဘယ်သူ့ကိုမှ သိပ်ပြီးလေးလေးစားစား မဆက်ဆံချင်တော့ဘူး။ သူများကသာ သူ့ကို လေးစားစေချင်နေ တော့တာ။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲနေသူတွေကြောင့် ပတ်၀န်းကျင်မှာ ကမောက်ကမဖြစ်ကြရပုံတွေက အများကြီး ရှိနေမှာပါ။
လွန်ကဲတာမကောင်းသလိုပဲ ယုံကြည်မှုပျောက်ဆုံးတာကျတော့လည်း မကောင်းပြန်ပါဘူး။ ဒါလည်း အစွန်းတရားတစ်ခုပါပဲ။ ဟိုတစ်ဘက်ကကျတော့ ငါလုပ်ရင်ဘာမဆိုဖြစ်တယ်ဆိုတာမျိုးနဲ့။ ယုံကြည်မှုပျောက်ဆုံး နေသူအတွက်ကျတော့ ငါလုပ်လိုက်ရင် ဘယ်ဟာမှကို အရာမထင်ဘူးဆိုတာမျိုးဖြစ်လာတယ်။ တစ်ခုခုကို လုပ်နေတယ်။ လုပ်တယ်၊ လုပ်တယ်၊ ကြိုးစားပြီးရင်း ကြိုးစားတယ်။ ဘယ်လိုပဲကြိုးစားကြိုးစား ရလဒ်က ကောင်းကောင်းထွက်မလာဘူး။ တစ်ကြိမ်ကြိုးစားတယ်၊ မရဘူး၊ နောက်တစ်ကြိမ်ထပ်ကြိုးစားတယ်၊ ဒါလည်း မရပြန်ဘူး။ ဒီတစ်ခါတော့ထပ်ကြိုးစားကြည့်လိုက်ဦးမယ်ဆိုပြီး အားတင်းရင်းနဲ့ ထပ်ကြိုးစားလိုက်သေးတယ်၊ ဒါလည်း အဆင်မပြေပြန်ဘူး။ ဒီလိုတွေကြုံရတာကြာလာတော့ ကိုယ့်ကိုယ်ကိုယ် တော်တော်လေးသံသယ ၀င်လာတယ်။ ငါလုပ်တဲ့အလုပ်တွေအဆင်မပြေဘူး။ ငါပြောသမျှစကားတွေ မအောင်ရာဘူး။ ငါသွားတဲ့လမ်းတွေ ဘယ်တော့မှအရာမထင်ဘူး။ ဒီတော့ ငါဟာ တော်တော်ကိုအသုံးမကျတဲ့သူပဲဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပျောက်ဆုံးသွားတတ်တယ်။
ကိုယ့်ကိုယ်ကိုယ်မယုံကြည်နိုင်တာကလည်း သိပ်တော့မကောင်းတဲ့ကိစ္စဖြစ်ပါတယ်။ လုပ်သမျှအလုပ်တွေ ထဲမှာ အင်တိုက်အားတိုက်၊ စိတ်နှစ်ပြီးမလုပ်နိုင်တော့ဘူး။ အရာရာကို စမ်းတဝါးဝါးနဲ့သာ ရင်ဆိုင်နေရတော့တယ်။ လုပ်ရင်းကိုင်ရင်းနဲ့ မအောင်မြင်မှုတွေက များလွန်းမကများလာတော့ ဒီလိုလေးလုပ်ရကောင်းနိုးနိုး၊ ဟိုလိုလေး ပြင်လိုက်ရ ကောင်းနိုးနိုးနဲ့ တောင်စမ်းစမ်းမြောက်စမ်းစမ်းဘဝြကီးထဲမှာ သံသရာလည်နေတတ်ပြန်တယ်။ လုပ်ရတဲ့ အလုပ်တွေ၊ ပြောရတဲ့အပြောတွေကလည်း မလုပ်မဖြစ်လို့သာလုပ်ရတယ်၊ မပြောမဖြစ်လို့သာပြောလိုက်ရတယ်။ ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ၊ ကိုယ်ပြောတဲ့စကားအပေါ်မှာ ကိုယ်ကိုယ်တိုင်က ယုံကြည်မှုနည်းနေတဲ့အတွက် သိပ်ပြီး အားမပါတော့ဘူး။ ဒါကိုမြင်ရသူအတွက်ကလည်း သိပ်အားမရနိုင်တော့ဘူးဖြစ်နေပြန်ရော။
တစ်ခုရှိတာက ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်သူတွေဟာ သူများအပေါ်မှာလည်း မယုံကြည်နိုင်ဘူးတဲ့။ ကိုယ့်ကိုယ်ကိုယ်တောင်မှ စိတ်မချတာဆိုတော့ သူများအပေါ်မှာလည်း ဘယ်မှာစိတ်ချလက်ချယုံကြည်နိုင်ပါတော့ မလဲပေါ့လေ။
ယုံကြည်မှုရှိနေတဲ့သူကတော့ အလုပ်ဆိုရင်လည်း ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည်လုပ်တယ်၊ စားသောက်နေထိုင် ပြောဆိုတဲ့နေရာမှာလည်း ယုံယုံကြည်ကြည်ပဲ။ ပေါင်းသင်းဆက်ဆံတဲ့အခါမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ သူ့စိတ်ကိုက ရှင်းနေတယ်။ ကိုယ့်ကိုယ်ကိုယ်မယုံတဲ့သူကျတော့ သူများအပေါ်မှာလည်း သိပ်မယုံချင်ဘူး။ သူများတွေ ပုံမှန်စားသောက်နေထိုင်နေကြပေမယ်
Unlock to read this premium article with 10 points.