MoeKyaw
အမြတ်ဆုံးအလှူ (သို့) ကထိန်
* * * * * * * * * * * * * * * *
ကထိန်ခင်းခြင်းသည် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ မြင့်မြတ်သော အလှူတော်မင်္ဂလာတစ်ရပ်ဖြစ်သည်။
ကထိန်ဟူသောဝေါဟာရမှာ ကထိနဟူသောပါဠိဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်ပြီး မြဲမြန်ခိုင်ခန့်ခြင်းဟူ အဓိပ္ပါယ်ရသည်။
ဝါတွင်း သုံးလ ကာလပတ်လုံး ဝါကျိုး၊ ဝါပျက်မရှိဘဲ သီတင်းသုံးတော်မူသော ရဟန်းတော်များရှိရာကျောင်းတိုက်တွင် ကထိန်သင်္ကန်းလျာကို အလှူ့ရှင်များက ဆက်ကပ်လှူဒါန်းရသည်။
ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းရာတွင် (ဣမံ စီဝရံ သံဃဿ ဒေမ) ဣမံစီဝရံ ဤကထိန်သင်္ကန်းလျာကို၊ သံဃဿ သံဃာတော်အရှင်မြတ်အား၊ ဒေမ လှူဒါန်းဆက်ကပ်ပါ၏ ဟူ၍ လျှောက်ထားဆက်ကပ်လှူဒါန်းရသည်။
ကထိန်ခင်းရာတွင် သတ်မှတ်ထားသော ကာလအတွင်းတွင်သာ ခင်းရ၏။
မိုးလကုန်စဲ ကထိန်ပွဲဟူသော ဆိုရိုးစကားနှင့်အညီ၊ ကထိန်ပွဲတော်များကို မိုးလကုန်စဲသည့် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ခင်းကြလေသည်။
ထိုရက်ထက်စော၍ လည်းကောင်း၊ ကျော်လွန်၍ လည်းကောင်း ကထိန်ခင်းခွင့်မရှိပေ။
ကထိန်ခင်းရာတွင် ကိစ္စရှစ်ပါးရှိအပ်သည်။
၁။ ကထိန်သင်္ကန်းကို အလှူခံခြင်း၊
၂။ ကထိန်ခံထိုက်သော သံဃာပုဂ္ဂိုလ်ကို သံဃာတော်တို့က စိစစ်ရွေးချယ်ခြင်း၊
၃။ ကထိန်သင်္ကန်းအလှူခံရန် ရွေးချယ်ခြင်းခံရသော ရဟန်းအား သိမ်တွင်း၌ ကထိန်သင်္ကန်းကို ကမ္မဝါစာညှပ်၍ ပေးခြင်း၊
၄။ တိစိဝရိတ် အဓိဋ္ဌာန်တင် သင်္ကန်းဟောင်းကို ပစ္စုဒ္ဓိုရ်ပြု အဓိဋ္ဌာန်ဖြင့် စွန့်ရခြင်း၊
၅။ ခင်းမည့်သင်္ကန်းအသစ်ကို ကပ္ပဗိန္ဓု ထိုးရခြင်း၊
၆။ သင်္ကန်းအမည်ဖြင့် အဓိဌာန်တင်ခြင်း၊
၇။ နှုတ်မြွက်၍ ခင်းခြင်း၊
၈။ သာဓု အနုမောဒနာပြုခြင်း တို့ဖြစ်သည်။
ကထိန်ခင်းရာတွင် ကထိန်သင်္ကန်းကြီးတစ်စုံ သို့မဟုတ် တစ်ထည်သာလျှင်ရှိသည်။
နှစ်စုံ နှစ်ထည်မရှိအပ်ပေ။
ကထိန်ခင်းရန်အတွက် ဘုရားရှင်ခွင့်ပြုတော်မူခဲ့သော သင်္ကန်း သုံးထည်ရှိသည်။
၁။ သံဃာဋိ၊ ဒုကုဋ်နှစ်ထပ်သင်္ကန်းကြီး၊
၂။ ဥတ္တရသင်္ဂေါ၊ ကိုယ်ဝတ်ဧကသီ၊
၃၊ အန္တရဝါသကော၊ ခါးဝတ်သင်းပိုင် တို့ဖြစ်ကြသည်။
ထိုကထိန်သင်္ကန်းလျာနှင့်အတူ အရံအဖြစ်ထည့်သွင်းလှူဒါန်းသော သင်္ကန်းလျာများကို ညှပ်သင်္ကန်းဟုခေါ်သည်။
ကထိန်သင်္ကန်းကိုလှူရာ၌ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ရွယ်၍ မပေးလှူအပ်ပေ။
သံဃာအများကိုရည်ရွယ်၍ ပေးလှူရသည်။
သံဃာတော်များကသာ ကထိန်သင်္ကန်းလျာကို အလှူခံသင့်သော သံဃာတော် တစ်ပါးကို ရွေးချယ်ပေး၍ ကထိန်သင်္ကန်းအလှူကိုခံယူစေသည်။
ကထိန်အလှူကိုခံယူထိုက်သော ထိုရဟန်း၌ ရှိအပ်သောအင်္ဂါရပ်ရှစ်ပါးရှိသည်။
၁။ ရှေးဦးစွာ ပြုလုပ်ရမည့်ကိစ္စရပ်များကို သိရှိသတိပြုခြင်း၊
၂။ ပစ္စုဒ္ဓိုရ် (အဓိဋ္ဌာန်ဖြင့် သင်္ကန်းဟောင်းကိုစွန့်ခြင်း) ပြုတတ်ရခြင်း၊
၃။ အဓိဋ္ဌာန်တင်တတ်ရခြင်း (အဓိဋ္ဌာနံ)၊
၄။ ခင်းပုံခင်းနည်းကိုသိထားရခြင်း (အတ္တာနံ)၊
၅။ မာတိကာ (အစီအစဉ်)ကိုသိရခြင်း၊
၆။ ကြောင့်ကြကိုသိထားရခြင်း (ပလိဗောဓံ)၊
၇။ ကထိန်နှုတ်ပုံကို သိထားရခြင်း(ဥဒ္ဓါရံ)၊
၈။ အာနိသင်(အကျိုး)တို့ကို သိထားရခြင်း (အာနီသံသံ) တို့ဖြစ်သည်။
ကထိန်ခင်းခံရသော ရဟန်းသည် အောက်ပါ အကျိုး ငါးပါးကို ခံစားရမည်ဖြစ်သည်။ (ကထိနသိက္ခာပုဒ်မှ ကောက်နှုတ်ချက်)
၁။ ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ၊ မြို့တွင်းရွာတွင်း ဆွမ်းတကာအိမ်သို့ကြွသွားနိုင်သည်။ (အနာမန္တစာရ)
၂။ အဓိဋ္ဌာန်တင်ပြီးဆောင်သော သင်္ကန်းကိုမယူဘဲ၊ ကြွနိုင်၊ နေနိုင်သည်။ (သမာဒါနစာရ)
၃။ အလိုရှိတိုင်း သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာမ မပြုဘဲ ထားနိုင်သည်။ (ယာစဒတ္တစီဝရ)
၄။ ထမင်းသုံးဆောင်ပါ၊ ထမင်းစားကြွပါ ဟူ၍ မအပ်မရာဖိတ်ကြားခြင်းရှိသော ဂဏဘောဇဉ်ကို သုံးဆောင်နိုင်သည်။ (ဂဏဘောဇန)
၅။ ကထိန်ခင်းသော ကျောင်းတိုက်၌ ကထိန်ခင်းပြီးနောက် တပေါင်းလပြည့်အတွင်းပေးလှူသော သင်္ကန်းလျာပုဆိုးနှင့် သင်္ကန်းများကို ကျောင်းတိုက်အတွင်းရှိ သာဓုအနုမောဒနာပြုကြသော ရဟန်းတော်များသာ ရယူပိုင်ဆိုင်နိုင်သည်။
ကထိန်သင်္ကန်းလှူရခြင်းသည် ရိုးရိုးသင်္ကန်းလှူခြင်းထက် ပို၍ အကျိုးရှိသည်၊ ကုသိုလ်ပိုရသည်ဟူ၍ ဗုဒ္ဓဘာသာဝင်များယုံကြည်ကြသည်။
ဤကထိန်သင်္ကန်းကိုလှူသောသူသည် ယောက်ျားဖြစ်လျှင် (ဧဟိ ဘိက္ခူ ရဟန်းလာလော့) ဟု မြတ်စွာဘုရားက ခေါ်တော်မူလျှင် တန်ခိုးဖြင့်ပြီးသော သင်္ကန်းဝတ်ရုံပြီး ဧဟိဘိက္ခူရဟန်းအဖြစ်ကို ရရှိသည်။
မိန်းမဖြစ်လျှင် အဘိုအနဂ္ဃတန်သော ပစ္စည်းတန်းဆာကိုဝတ်ဆင်ရသည်။
ကထိန်သင်္ကန်းကို အလှူခံရသော ရဟန်းတော်၌ အာနိသင် အကျိုးငါးပါးရရှိဘိသို့ (သဒိသံ၊ ပါကံ၊ ဇနေတိ) တူသောအကျိုးပေးသည်ဟူသောစကားနှင့်အညီ ကထိန်သင်္ကန်းလှူဒါန်းသူမှာလည်း အနှောင်အဖွဲ့အတင်းအကြပ်မှကင်းလွတ်ခြင်း၊ အစာငတ်မွတ်ခြင်းဘေးမှကင်းခြင်း၊ မိမိပိုင် အဝတ်ပုဆိုးများကို ခိုးသူတို့ မယူနိုင်ခြင်း စသည့်အကျိုးတရားများကို ရရှိနိုင်သည်။
ကထိန်အစ သာဝတ္ထိကဟု ဆိုရိုးစကားရှိသည်။
မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူစဉ်၊ ပါဝေယျတိုင်းမှ ဘဒ္ဒဝ္ဂီ ညီနောင် သုံးကျိပ်ဖြစ်သော ရဟန်းတော်များ ဘုရားရှင်ကို ဖူးမြင်ရန်ရောက်လာကြသည်။
ခြေလျင်ခရီးဖြင့် ကြွလာကြသည်ဖြစ်၍ လမ်းတွင်လေမိုးပြင်းထန်သဖြင့် ရဟန်းတော်များ မိုးရေ စိုစွတ်လျက်၊ ညွန်အလိမ်းလိမ်းဖြစ်ကြကုန်သည်။
မိုးရေစိုစွတ် ညွန်အလိမ်းလိမ်းဖြစ်သော သင်္ကန်းများနှင့်ပင် မြတ်စွာဘုရားထံမှောက်ရောက်ရှိ ပူဇော်ကြလေသည်။
ဘုရားရှင်သည် ထိုရဟန်းတော်များကို သင်္ကန်းလျာ အသစ်များလဲလှယ်ဝတ်ရုံခွင့် ပြုတော်မူလေသည်။
ထိုခရီးသည်ရဟန်းသုံးကျိပ်ကို အကြောင်းပြု၍ ပုရိမဝါကပ်ခြင်း၌ ပြည့်စုံသောရဟန်းတော်များအား ကထိန်လျာသင်္ကန်းများကို ဝတ်ရုံခွင့်ပြုတော်မူလေသည်။
ထို့ကြောင့် ကထိန်ခင်းခြင်းအမှုမှာ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် စတင်ခဲ့ကြောင်း မှတ်ယူရာသည်။
မြန်မာနိုင်ငံတွင်မူ ပုဂံခေတ်မှစတင်၍ ကထိန်ခင်းသည့်ဓလေ့ရှိခဲ့သည်ဟု သုတေသီတို့က ယုံကြည်ယူဆကြသည်။
Keep Reading