Author's Profile Photo

ဇေယျ

8/11/2024

လမ်းဘေးတက္ကသိုလ် အပိုင်း(၇)

4 mins read
Art
လမ်းဘေးတက္ကသိုလ် အပိုင်း(၇)'s photo

အရှေ့အာရှ ယဥ်ကျေးမှုပြတိုက်

စာသုံးအုပ်ကိုပိုက်၍မိုးတစိမ့်စိမ့်ရွာနေသောဘရော့ဒ်လမ်းအတိုင်းပြန်၍ လျှောက်ခဲ့ကြရာကက်စတရိခေါ်လမ်းခွသို့​ ရောက်သောအခါ​ လက်ယာဘက်​ လမ်း​ထောင့်ရှိ​ တိုက်ကြီးတစ်တိုက်​ အဝင်ဝတွင်​ “အင်ဒီယန်း အင်စတီတျူ' ကြေးဆိုင်းဘုတ်တစ်ခုကို မြင်မိလေ၏။ထိုအဆောက်အဦကြီးအကြောင်းကိုရှေးကပင်ကြားဖူး၏။ကမ္ဘာပေါ်အရပ်ရပ်မှအရှေ့တိုင်းယဉ်ကျေးမှလေ့လာသူတိုင်း အလေးဂရုပြုကြသော ဌာနကြီးဖြစ်မည်။ မူလက ထိုတိုက်ကြီးကိုဝင်ရောက်ရန် ကြံ​ရွယ်ချက်မရှိသော်လည်း ယခုကဲ့သို့ အခန့်သင့်တွေ့​ကြုံရခိုက်တွင်ခေတ္တမျှပင်ဖြစ်စေဝင်ရောက်သင့်သည်ဟုတွေး၍ မင်္ဂလာ ဦးဘသန်းအား တိုင်ပင်ရာ ၄င်းကလည်း သဘောတူသဖြင့် တံခါးကြီးကိုတွန်း၍ဝင်သွားကြလေ၏။

အတွင်းသို့ရောက်သောအခါလူတစ်စုံတစ်ယောက်မျှမတွေ့၊အပေါ်ထပ်သို့တက်သောကွေ့လိမ်လိမ်လှေခါးဟောင်းကြီးတစ်ခုသာတွေ့ရ၏။​ အခွင့်မရဘဲအပေါ်ထပ်သို့တက်သွား၍ဖြစ်ပါ့မလားဟုတွေးတောနေစဉ်အစောင့်နှင့်တူသောအင်္ဂလိပ်ကြီးတစ်ယောက်ထွက်လာ၍၄င်းအားနှုတ်ဆက်မေးမြန်းရာ၄င်းကဝင်ရောက်ရပါသည်၊အပေါ်ထပ်ကိုသာတက်သွားပါ၊လွတ်လွတ်လပ်လပ် ကြိုက်သလို ကြည့်နိုင်ပါသည်​ ဟုပြောလေ​၏။ကျွန်တော်တို့ကထပ်မံ၍ လမ်းညွှန်စာအုပ်​က​လေးများ မရှိဘူးလား၊ တစ်အုပ်လောက် ယူလိုပါသည်။အ
ဖိုးအခနှင့် ရောင်းလျှင်လည်း ဝယ်ပါမည်ဟုပြောရာ ထိုလူကြီးက လမ်းညွှန်စာအုပ်မရှိပါ၊ သို့သော်ကြည့်​၍လွယ်ကူပါသည်၊အပေါ်ထပ်ကိုတက်သွားလျှင်ဤဌာနကိုကြီးကဲအုပ်ချုပ်သူဒေါက်တာကောန်းနှင့်တွေ့ပါလိမ့်မည်၊ သူ့ကိုမေးပါ၊ အားလုံး ပြောပြပါလိမ့်မည်ဟုပြော၍ ကွေ့လိမ်လိမ် လှေကားကြီးသို့ တက်ခဲ့လေ၏။

လှေကားဆုံး၍ ပထမအထပ်ကိုရောက်သွားလျှင်ပင် ကျွန်တော်တို့ မမျှော်လင့်မိသည်များကို တွေ့ရ၍ အံ့​အားသင့်သွားမိ၏။ကျွန်တော်တို့ရှေ့တိုက်အထပ်ကြီးတစ်ဝိုက်တွင် မှန်ဗီရိုကြီးများ စီတန်းလျက်ရှိသည်။မှန်ဗီရိုကြီးများအတွင်း၌ အာရှတိုက် အရှေ့ပိုင်း အိ​န္ဒိယ၊မြန်မာ၊ ယိုးဒယား၊ ဂျာဗျား၊ ကမ္ဘောဒီးယား၊ ချမ်ပါ၊တရုတ်၊ ဂျပန် စသော နိုင်ငံများမှ ရှေးဟောင်းပစ္စည်းပြည့်နှက်လျက်ရှိ၏။ နှစ်ပေါင်းတစ်ထောင်နှစ်ထောင်က လက်ရာကောင်း ရှေးဟောင်းပစ္စည်းများ​ ဖြစ်၏။ ကျောက်ဆင်းတု၊ ကြေးဆင်းတု၊ ကြွေအိုး၊ ကြွေခွက်များမှာ ကြည့်၍မဆုံးဖြစ်သည်။ အိန္ဒိယ ဟိန္ဒူဘုရားစေတီများမှ ရရှိသော ရှေးနှစ်ပေါင်း တစ်ထောင်နှစ်ထောင်က သိဝနတ်၊ ဗိဿနိုးနတ်၊ သူရဿတီနတ်၊သိကြားနတ်၊ ဂဏေသျှနတ် စသည့် နတ်ရုပ်များ၊ ပန်းပုံများ၊နတ်သမီးပုံများမှာအဆန်းတကြယ်ဖြစ်ပေ၏။ဤကဲ့သို့ရှေးဟောင်းပစ္စည်းများကိုတစုတဝေးကြီးသူ့နေရာနှင့်သူအပိုင်းကဏ္ဍခွဲလျက် သပ်သပ်ရပ်ရပ်မြင်ရသည့်အခါကျွန်တော်တို့အာရှတိုက်အရှေ့ပိုင်းယဉ်​ကျေးမှုကြီးသည် မည်မျှ အပြောကျယ်၍ မည်မျှအ​ထက်တန်းကျသည်ကို​ ကောင်းကောင်းကြီး သဘော​ပေါက်မိ၏။

ဗီရိုတစ်လုံးပြီးတစ်လုံး လျှောက်၍ကြည့်ရင်းအလယ်ဆီသို့​ ရောက်သောအခါ​ မြန်မာပြည်နှင့်​ သက်ဆိုင်သောပစ္စည်းတစ်စုကို တွေ့မိ၏။ သို့သော် အားလုံးပင်သရေခေတ္တရာခေတ်နှင့်ဆိုင်လျက် လွန်ခဲ့သည့် နှစ်ပေါင်း ၁၃ဝဝ ၁၄ဝဝ ကျော်လောက်က ဖြစ်သည်။ အ​
စွန်းနားကနှစ်ကျိပ်ရှစ်ဆူ အုတ်ခွက်ဘုရားတစ်ဆုမှာ လွန်ခဲ့သည့်နှစ်က ပြည်မြို့၊ ပွင့်လှသိမ်ကုန်းကျောင်း ဘုရားပြိုတစ်ဆူက တူးဖော်ရရှိသော နှစ်ကျိပ်ရှစ်ဆူအုတ်ခွက်နှင့်တူ၏။ဤပစ္စည်းများကိုအောက်စဖို့မြို့၌ မှန်သေတ္တာကြီးနှင့် တရိုတသေ ထည့်ထားလျက် က​မ္ပည်းအက္ခရာ အညွှန်းစာနှင့်​တကွ​ တွေ့ရသောအခါ ကျွန်တော်တို့စိတ်တွင် ဝမ်းလည်းသာဝမ်းလည်းနည်း ဖြစ်ရ၏။

‌ဪ... ငါတို့ ယဉ်ကျေးမှု ရှေးဟောင်းပစ္စည်းများကိုသူတို့မဖျောက်မဖျက်၊ အလေးတမူ တရိုတသေ သိမ်း​ဆည်းထားလျက် ကမ္ဘာ့ပညာရှိများ လေ့လာ သိမြင်နိုင်အောင် ပြသထားပေသည်တကားဟု ကျေးဇူးတင်မိ၏။ငါတို့နိုင်ငံတွင် ဤပစ္စည်းမျိုး မြောက်မြားစွာ ရှိ​၏။သို့သော် မည်သူတစ်ဦးတစ်ယောက်ကမျှ စနစ်တ
ကျသိမ်းဆည်းစောင့်ရှောက်ထားခြင်းမရှိ၊ သူ့လက်ငါ့လက်အကြောင်းမသိသူထံရောက်၍ တိမ်မြုပ်ပျောက်ကွယ်နေရ၏။ ကြာသည်ထက်ကြာသော် ငါတို့လက်​တွင် ဘာမျှရှိတော့မည်မဟုတ်၊ကိုယ့်ယဉ်ကျေးမှု အ ဖိုးတန် ပစ္စည်းများကို နောင်လာနောက်သားတို့ တွေ့လိုမြင်လို လေ့လာလိုလျှင် နိုင်ငံခြားသို့ သွားရမည့်အခြေသို့ ရောက်တော့မည်ဟု တွေးတောမိ၏။

ထို့နောက်သုံးထပ်သို့ တက်သွားကြရာ လူတစ်ရပ်လောက်ရှိသောရှေးတရုတ်ကြွေအိုးကြီးတစ်လုံးရှေ့တွင် တရုတ်ကြီးနှစ်ယောက်နှင့် အင်္ဂလိပ်ကြီးတစ်ယောက် စကားပြောနေကြသည်ကို တွေ့ရ၏။ ၄င်းတို့အနီးသို့ ကျွန်တော်တို့ ရောက်သွားသောအခါ အင်္ဂ လိပ်ကြီးကနှုတ်ဆက်၍ကျွန်တော်တို့လည်း ပြန်လည်နှုတ်ဆက်ကာ-

“ဒေါက်တာ ကောန်းပါလား ခင်ဗျာ”
“ဟုတ်ပါတယ်၊ ခင်ဗျားကို ဘယ်ပါတီ”
“ကျွန်တော်တို့က မြန်မာပြည်က မြန်မာအမျိုးသားတွေပါ၊ ဒီတိုက်ကြီး သတင်းကြီးတာနဲ့ ဝင်ကြည့်ကြပါတယ်”
“ခင်ဗျားတို့ အောက်စဖို့မှာ နေသလား”
“ကျွန်တော်တို့ အောက်စဖို့မှာ မနေပါဘူး၊ လန်ဒန်က ယနေ့ပဲ လာခဲ့ပါတယ်၊ ဒီကမိတ်ဆွေကြီး ဦးဘသန်းကတော့ လန်ဒန်မှာ အမြဲလိုလို နေပါတယ်၊ ကျွန်တော်ကတော့ ကိစ္စတစ်ခုနဲ့ ခဏမျှ လာရောက်ခြင်းဖြစ်ပါတယ်”

ဗီရိုတစ်လုံးနှင့် မြန်မာပစ္စည်း

“ကြာကြာမနေနိုင်ကြတာကို ဝမ်းနည်းပါတယ်၊ လွန်ခဲ့တဲ့ လထဲကလဲ မြန်မာလူကြီးလူကောင်း သုံးလေးယောက်ဒီကိုရောက်လာကြဖူးပါတယ်၊ကျွန်တော်မြန် မာမိတ်ဆွေများနဲ့များများတွေ့ချင်ပါတယ်၊တရုတ်၊ကု လား၊ဂျပန်အရှေ့တိုင်းသားတွေမပြတ်မလပ်လာကြပေမဲ့ မြန်မာများတော့ အလွန်ပဲ အလာနည်းပါတယ်၊ အားလုံး လျှောက်ကြည့်ပြီးကြပါပြီလား၊ အောက်ထပ်မှာ မြန်မာပစ္စည်း ဗီရိုတစ်လုံး ရှိပါတယ်”

“ဟုတ်ကဲ့၊ ကျွန်တော်တို့ မြင်ခဲ့ကြပါပြီ၊ တော်တော် ကောင်းပါတယ်”
“ကောင်းပါတယ်၊ သို့သော် မြန်မာ့ပစ္စည်း အင်မတန် နည်းပါတယ်၊ ဟိန္ဒူ၊ တရုတ်၊ တိဘက်၊ ဂျပန်၊ ယိုးဒ ယား၊ ဂျာဗား၊ သီဟိုဠ်ကပစ္စည်းတွေ အမြောက်အမြား ရှိပါတယ်၊ သူတို့နဲ့စာရင် မြန်မာ့ပစ္စည်းမရှိသလောက်ပါပဲ၊ ဒီထက် များများထားပြီး ပြချင်ပါတယ်”

“ကျွန်တော်တို့ မြန်မာပြည်မှာ ဒီလိုပစ္စည်းမျိုးတွေ မ နည်းပါဘူး၊ ကျွန်တော် လန်ဒန်ကို မလာခင်မှာပဲ က မ္ဘာအေးစေတီမှာ ဒီလို ပစ္စည်းတွေ အမြောက်အမြား ရောက်ရှိနေပါတယ်၊ နောက်ထပ် စုံစမ်းကြမယ်ဆိုရင် အများကြီး တွေ့နိုင်ပါတယ်၊ ခင်ဗျား မြန်မာပြည်ကို ရောက်ဖူးသလား”
“မရောက်ဖူးပါဘူး”

ကမ္ဘာ့ယဥ်ကျေးမှုအတွက် အရေးကြီးတဲ့ အာရှတိုင်းယဥ်ကျေးမှု

“တစ်နေ့နေ့ ခင်ဗျား ကိုယ်တိုင်လာပြီး စုံစမ်းရင်ကောင်းမယ်၊ မြန်မာပြည်ဟာ လွတ်လပ်ရေး ရပြီးတဲ့နောက်အခက်အခဲတွေနဲ့ တွေ့ကြုံရပြီး ယခုအခါ နဂို မူလအတိုင်းလောက် ပြန်ပြီး သာယာလာပါပြီ။ ကျွန် တော်တို့အစိုးရကလည်း ပြည်ထောင်စုယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ထားဖို့ယဉ်ကျေးမှုဌာနကြီးတစ်ခု ဖွင့်ထားပါပြီ၊ ဒီဌာနကြီးမှာ ရှေးဟောင်းယဉ် ကျေးမှုနဲ့ဆိုင်တဲ့ကမ္ပည်းကျောက်စာဌာနလည်း ရှိပါတယ်၊ ခုတော့ အစမျှလောက် ရှိသေးတယ်၊ နောက်မကြာမီမှာပဲ နိုင်ငံတော်ပိဋကတ်တိုက်၊ နိုင်ငံတော်ပြ တိုက်ဆိုတာတွေနဲ့တော်တော် ပြည့်စုံလာပါလိမ့်မယ်၊ စကားမစပ် ခင်ဗျားရေးတဲ့ အင်ဒီယန်းပလပ်စတစ်ဆိုတဲ့ စာအုပ်ကို ရှေးကဘားနဒ်စာကြည့်တိုက်မှာ တွေ့ရဖူးပါတယ်၊ သို့သော်ကျွန်တော့်မှာ ဂျာမန်ဘာသာ မ တတ်လို့ မဖတ်ခဲ့ရပါဘူး၊ရုပ်ပုံတွေကိုသာ ကြည့်ပြီး သဘောကျရပါတယ်”

“ဒီလိုကြားရတာဝမ်းသာပါတယ်၊ကျွန်တော်အခွင့်သာတဲ့ တစ်နေ့မှာ မြန်မာပြည်ကို ရောက်ဖို့ မျှော်မှန်းပါတယ်၊ အရှေ့တိုင်း ယဉ်ကျေးမှုကြီးဟာ ကမ္ဘာ့ယဉ် ကျေးမှုကြီးအတွက် အတော်ပဲ အရေးကြီးပါတယ်၊ နှံ့ စပ်အောင်ကြည့်ကြပါ၊ ခင်ဗျားတို့ကလဲ ကြာကြာမနေနိုင်၊ကျွန်တော်ကလည်းဒီကနေ့ အချိန်များများမရ၊ခုတွင်ပဲ အစည်းအဝေးတစ်ခုတက်စရာရှိပါတယ်၊ ကျွန် တော် မှတ်သားထားရအောင် ဒီစာအုပ်ကလေးထဲမှာခင်ဗျားတို့အမည်နာမနေရပ်စသည်များကို ရေးခဲ့ကြပါ”ဆို၍ကျွန်တော်တို့လည်း ၄င်း၏ မှတ်တမ်း စာအုပ် ကလေးထဲတွင် ရေးပေး၍ နှုတ်ဆက်ပြီးလျှင် ပြတိုက်ကြီးမှ ပြန်၍ ထွက်ခဲ့ကြ၏။

ဒေါက်တာကောန်းမှာ အရှေ့တိုင်း ယဉ်ကျေးမှုလေ့ လာရေး၌ ကမ္ဘာသိ ထင်ရှားသော ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်၏။ အိန္ဒိယပြည် တရုတ်ပြည် စသော အာရှတိုက်အရှေ့ပိုင်းနိုင်ငံများ၏ ရှေးဟောင်းရာဇဝင်ယဉ်ကျေး မှုကို အထူးလေ့လာကျွမ်းကျင်သူ ဖြစ်၏။ အထူးအား ဖြင့် အိန္ဒိယ၊ တရုတ်နှင့် ဂျပန် ပန်းပု၊ ပန်းချီ၊ ကြွေးအိုး၊ကြွေခွက်ပညာများကိုလေ့လာ၍ ကမ္ဘာသိအောင် ခမ်းနားထင်ရှားသောစာအုပ်ကြီးများကိုပြုစုရေး သား ထား၏။သို့သော်၄င်းရေးသားသောစာအုပ်များမှာ အ င်္ဂလိပ်ဘာသာဖြင့် များများမရှိဘဲ ဂျာမန်ဘာသာ၊ ပြင်သစ်ဘာသာတို့နှင့်သာရှိသောကြောင့် မြန်မာပြည်က အသိနည်း၏။ မြန်မာပြည်က ကောင်းကောင်းသိသင့်သောပညာရှိကြီးတစ်ဦး ဖြစ်ပေသည်။

၄င်း ကြီးမှူးအုပ်ချုပ်ရသော “အင်ဒီယန်-အင်စတီတျူ”မှာ အောက်စဖို့ ယူနီဗာစီ တက္ကသိုလ်ကျောင်းကြီး၏ တစ်စိတ်တစ်ဒေသ ဖြစ်ပေသည်။ ပြတိုက်နှင့် စာကြည့်တိုက် တွဲထားသည်။ စာကြည့်တိုက်တွင် အိ န္ဒိယနိုင်ငံမှ သက္ကတပါဠိ စသော ဘာသာမျိုးစုံ ပုံနှိပ် စာအုပ်များ၊လက်ရေးစာအုပ်များ၊ကမ္ဘာအရပ်ရပ်မှအိ န္ဒိယနိုင်ငံအကြောင်းရေးသားသော ဘာသာမျိုးစုံ စာ အုပ်များ၊အိန္ဒိယနိုင်ငံရင်းပန်းချီရုပ်ပုံများကိုစုပုံသိမ်း ဆည်းထားသဖြင့် ကမ္ဘာအရပ်ရပ်မှ အောက်စဖို့ တ က္ကသိုလ်သို့ လာရောက် ပညာသင်ကြားသူတို့အနက် အရှေ့တိုင်းပညာများကို လေ့လာသူတို့အဖို့ အထူးအ ကူအညီရသောဌာနကြီးဖြစ်လေသည်။ 

ပြတိုက်မှ အထွက် စာကြည့်တိုက်ထားသည့် အခန်းကြီးထဲကို ဝင်၍ ကြည့်လိုသော်လည်း ကျွန်တော်တို့ရောက်သွားသော အချိန်မှာ အခန်းပိတ်ထားခိုက်နှင့်ကြုံနေ၍မဝင်ခဲ့ရပေ။အောက်စဖို့တွင်တစ်လလောက်နေ၍ လေ့လာရသော်ကောင်းလေစွ ဟုတွေးတောလျက် ကျေနပ်မှုနှင့် မကျေနပ်မှု ရောထွေးကာ တိုက်ကြီးအပြင်သို့ထွက်ခဲ့ကြ၍ ကမ္ဘာကျော်ဘော့ဒလီယန် ပိဋကတ်တိုက်ကြီးဆီသို့ရှေးရှုလျှောက်သွားကြလေသည်။

အပိုင်း၈ဆက်ရန်
#ဇေယျ


Keep Reading

၂၁ရာစု မြန်မာ​ခေတ်ပြိုင် ပန်းချီ - ၁မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)လွင့်မျောနှင်းစက်များ❝ဈေးရောင်းခြင်း အနုပညာ❞ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၃) ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၁) ဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲစာအရေးအသားကောင်းစေမယ့်သော့ချက်