Tawtawti
"အလှည့်"
ငယ်ငယ်တုန်းက ချို့တဲ့သည့်အခါ သီတင်းကျွတ်၊ တန်ဆောင်တိုင် ဆီမီးမြိုင်ချိန်တွင် ပြေလည်သောမိဘမှ ဆင်းသက်လာသော တခြားကလေးတွေလို ရယ်ဒီမိတ် မီးတွန်းလှည်းလေးတွေနှင့် မဆော့ခဲ့ရပါ။
ထိုမီးတွန်းလှည်းလေးများမှာ ပလတ်စတစ်အကြည်သားကို ယုန်ရုပ်၊ ကြောင်ရုပ်..စသဖြင့် ရောင်စုံ အရုပ်မျိုးစုံ ပြုလုပ်ပြီး ရောင်းချခြင်းဖြစ်သည်။ ညအချိန် အရုပ်အတွင်းတွင် ဖယောင်းတိုင်ထည့်ထွန်းလိုက်လျှင် ပလတ်စတစ်အရုပ်လေးမှာ တောက်ပသွားပြီး သက်ဝင်လှပလွန်းသည်။ တွန်းလိုက်လျှင်လည်း ကစ်.. ကစ်..ကစ်..ကစ်ဖြင့် ချစ်စဖွယ် အသံမြည်ပါသည်။
ထို့ကြောင့် ကလေးပီပီ အမတန်လိုချင်၏။
အဖေကမူ ကျွန်တော်ကစားလို့ရအောင် တွန်းလိုက်လျှင် တဂျစ်ဂျစ်နှင့် အကြမ်းစားအသံထွက်ပြီး ဖယောင်းတိုင်လည်း ထည့်ထွန်းလို့ရသော သူ့မူပိုင် လက်လုပ်တွန်းလှည်းလေးကို နို့ဆီခွက်ဖြင့် ဟမ်းမိတ် ဖန်တီးပေးပါသည်။
ယခုနှစ် သီတင်းကျွတ်သမယ နီးကပ်လာတော့..အသက်ရှစ်နှစ်အရွယ်
တူမကြီးက
မီးတွန်းလှည်းလေးလိုချင်တယ်။
လမ်းထိပ်ဆိုင်မှာ သူမြင်ခဲ့တယ် ဆိုပဲ။
ညီမလေးအတွက်ကောတဲ့။
ကျွန်တော်သည် အမတယောက်၏စိတ်ဓာတ်ဖြင့်
ကိုယ့်ညီမလေးအပေါ်ပါ ထည့်စဥ်းစားပေးဖော်ရသည့် သူကလေး၏ နှလုံးသားကို လေးစားသွားမိပါသည်။
ဒါပေမယ့် ကျွန်တော့်မှာ ငွေမရှိပါ။
ကိုယ့်အဖေလိုလည်း နှင့်သိမ့်ပေးစရာ နို့ဆီခွက် လက်လုပ်တွန်းလှည်းလေးလည်းမဖန်တီးတတ်ပါ။ တူမကြီးတို့ခေတ်တွင် နို့ဆီခွက်တွန်းလှည်းဆိုတာလည်း မရှိတော့။ သူတို့ သိလည်းမသိကြတော့။
ယခု အသက်လေးဆယ်ထိတိုင် အိမ်ထောင်ပြုဖို့မပြောနှင့်၊ ကိုယ့်တကိုယ်တာအသုံးစရိတ်ကိုပင် စာမူခရမှ အသက်ရှူဝနေရသော စာရေးသူတယောက်နှင့် တချက်တော့ ငိုင်မိသွားသည်။
သို့သော်..
ထိုဆင်ခြေတို့ကြားမှာ ဝယ်ပေးချင်လိုက်တာ။
"အဖေ့တုန်းကလည်း သားလေးတယောက်ကို ဝယ်ပေးချင်ရှာမှာပဲ"ဟု တွေးမိသေးသည်။
"တူမကြီး..ဘဘ ဝယ်ပေးမယ်"
ငွေတပြားမှ မရှိဘဲ အာမခံလိုက်သည်။
သူကလေး ပျော်သွားသည်။
ကျွန်တော့်နီးစပ်ရာဆီ မက်ဆင်ဂျာကနေ ငွေချေးသည်။
မရ။
ခေတ်ကြပ်ထဲမှာ လူတွေလည်း ပြေလည်ပုံမရှိကြပါ။
ကျွန်တော်ပူဆာတုန်းက အဖေလည်း သူ၏အရင်းနှီးဆုံးသူများဆီ ပြောကောင်းပြောခဲ့မည်။ ကလေးသဘာဝကတော့ ပျော်ချင်ရှာမည်။ လူကြီးတွေကိစ္စမသိ။
ထိုစဥ်...ကျွန်တော်ရစရာရှိသော စာမူခလေးက ဖုန်းထဲဝင်လာသည်။ ထခုန်မိမတတ်ပျော်သွား၏။
"တူမကြီး..တို့လမ်းထိပ်သွားစို့.."
တူမကြီးနှင့် လမ်းထိပ်မှာ ဖုန်းထဲက ငွေထုတ်သည်။
မီးတွန်းလှည်းလေးတွေ ဝယ်ကြသည်။
သူကပျော်...ကိုယ်ကကြည်နူး။
အဖေသည်လည်း ကျွန်တော့်၏ တဂျစ်ဂျစ်အလင်းလေးကို သူ၏ အနာဂတ်တောက်ပမှုလို ကြည်နူးခဲ့ပေမည်။
သို့သော်
အဖေဆုံးပါးခဲ့သည့် ဆယ့်ငါးနှစ်ရှိသည့်တိုင် ကျွန်တော့်ဘဝက မလင်းလက်နိုင်သေး။
ညအချိန်။
တူမကြီး၏ ယုန်ရုပ်မီးတွန်းလှည်းလေးသည် ဖယောင်းတိုင်အရှိန်နှင့် အရောင်ဟပ် လှပနေသည်။
ခေတ်သည်ပြောင်းပြီ။
ကျွန်တော့်တုန်းကလို လှည်းထဲမှာ ထည့်ထွန်းရမည့် ဖယောင်းတိုင်သည် ရိုးရိုးမဟုတ်တော့။
ထိုအစား မီးတွန်းလှည်းအပြင် သက်သက်ထပ်ဝယ်ရသည့် ဓာတ်ခဲထည့် ဒီဂျင်တယ်ဖယောင်းတိုင်လေးက ခလုတ်ဖွင့်လိုက်ရုံ။ ယုန်ရုပ်ထဲထွန်းထားလျှင် ဖယောင်းတိုင်က မီးမညှိရဘဲ လင်းနေပြီ။
တူမနှစ်ယောက်စလုံး သဘောတွေကျနေကြသည်။
သုံးနှစ်သမီးခန့် တူမလေးက ပိုလည်သည်။
"ဘဘကို ချစ်တယ်..အာဘွား"
ဟု ကျွန်တော့်ပါးပြင်ကို မွှေးမွှေးပေးသည်။
"သီတင်းကျွတ်ပြီးရင် တန်ဆောင်တိုင်မှာလည်း တွန်းလို့ရဖို့ မပျက်စီးအောင် သိမ်းထားဦးနော်"
ကျွန်တော်မှာတော့ တူမကြီးက အပြုံးနှင့် ခေါင်းငြိတ်လက်ခံသည်။
ကျွန်တော့်တုန်းကလည်း နောင်နှစ်တိုင်အောင် သိမ်းဆည်းထားဖူးသည်။
ပစ္စည်းသင်္ခါရအရ ပျက်ကာမှပျက်ကော စည်းကမ်းရှိအောင်လို့သာ အဖေ့ဆုံးမစကားကို ကျွန်တော်က အမွေဆက်ခံခြင်းမျှဖြစ်သည်။
အဖေသည် သူတတ်နိုင်တာကို ကျွန်တော့်အတွက် တာဝန်ကျေပြွန်အောင် ကြိုးစားပေးခဲ့ရှာသည်။
ကျွန်တော့်အလှည့်တွင်လည်း တူမတွေအတွက် ကိုယ်တတ်နိုင်သလောက် တာဝန်ယူခွင့်ရလိုက်သဖြင့် ဝမ်းသာမိသည်။
အထူးသဖြင့် ကလေးတွေကို မညာလိုက်ရသည်မှာ ကံကောင်းခွင့်တပါးဟု ယူဆသည်။
သီတင်းကျွတ်အလွန် တန်ဆောင်တိုင်တွင်လည်း မီးတွန်းလှည်းလေးတွေနဲ့ ဆော့ကစားရင်း သူတို့ပျော်နေကြဦးမည်။
သူတို့လေးတွေလိုပင်
နိုင်ငံအတွင်းက ကလေးအားလုံးကိုလည်း
တိုင်းပြည်၏ အနာဂတ်တောက်ပမှုအဖြစ် ကြည်နူးရန် မီးတွန်းလှည်းလေးတွေကိုယ်စီဖြင့် ပျော်ရွှင်နေကြသည်ကို မြင်ချင်မိပါသည်။
-တော်တော်တည်
Keep Reading