ထင်လင်း
ကိုဖေတင် ကျွန်မကို အရုပ်ဆိုးမ ဆိုပြီး
အဲသလို မြေနိမ့်ရာလှံစိုက်ဆိုတာမျိုး မပြော
နှင့်လို့ ဒေါသသံကလေးနှင့် ဆိုလေ့ရှိတယ်။
ကျွန်တော်ကပဲ လျှော့ခဲ့ ချော့ခဲ့ရတာပါပဲ။
ကျောင်းပြန်ဖွင့်လို့ပြန်လာကြတော့ကျွန်တော်ဘူတာသွားကြိုတယ်။ ကျွန်တော် ဒီတစ်ခါတော့ ဘာမျှမမှာပါဘူး။ ဒါပေမယ့် သူက “ကိုဖေတင်ကို ပေးစရာပါတယ်”လို့ ပြောပါတယ်။“ပုန်းရည်ကြီးနှင့် ထန်းလျက်ခဲလား။ သိပ်ကြိုက်တာပဲ”
“ကြိုက်ဖြင့် မကြိုက်ဘဲနှင့်။ ပုန်းရည်ကြီးနှင့် ထန်းလျက်ခဲလည်းမပါပါဘူး။ တကတည်းမှပဲ။အိုးနှင့်အိမ်နှင့် နေတာမဟုတ်ဘူးလေး ဘာလေးနှင့်။ ဒီတစ်ခါတော့ တစ်မျိုး ပြောင်းယူလာရတယ်” ဤတစ်ကြိမ်တွင်မူ ကျွန်တော့်အတွက် ယောလုံချည်တစ်ထည် ပါလာတယ်။ ‘မရင်ရွှေရယ်။ ဒါလောက် တန်ဖိုးကြီးတာကြီး ဘာဖြစ်လို့ ယူလာရလဲ”လို့ အပြစ်တင်တော့သူက “ဟင့်အင်း။ ဒါ ဆရာတစ်ယောက်ကိုကန်တော့ချင်လို့ဆိုပြီးအိမ်ကညာပြီးတောင်းလာတာ။တစ်ပြားမျှမပေးရဘူး။ဝတ်နော်”လို့ပြောပါတယ်။"ဘာဖြစ်လို့ ညာတောင်းရလဲ မရင်ရွှေရယ်”
“ဪ-ညာရတာပေါ့။ဘယ့်နှယ် လုပ်မလဲ။ ရည်းစားကို လက်ဆောင်ပေးချင်လို့ပါလို့ အမှန်အတိုင်း ပြောရင် ပေးမလားကွယ်။ ဒီလိုပဲ ညာရတာပေါ့။ ဘာလဲ။ မဝတ်ချင်ပြန်ဘူးလား” “မဟုတ်ပါဘူး မရင်ရွှေရယ်။ မရင်ရွှေ လိမ်တောင်းတာမိသွားရင် ကိုယ်က ဘယ်လို မျက်နှာထားရမလဲ။ တော်ကြာမရင်ရွှေတို့အိမ် ကိုယ် မရောက်ဘူးလို့ မပြောနိုင်ဘူး”
“ပူပူပန်ပန် ရှိလိုက်တာကွယ်။ ကိုဖေတင့်မှာ ဒီပုဆိုးတစ်ထည်တည်းရှိတာ ကျနေတာပဲ။ မဝတ်ချင်ရင် ထားခဲ့။ ဝတ်ချင်တဲ့လူကို ပေးမယ်” “အမယ်လေး-အမယ်လေး။ မလုပ်ပါနှင့်ဗျာ။ အခု ဝတ်ဆိုဝတ်သွားပါ့မယ်” “မချုပ်ရသေးဘူး။ ၂ နှံစပ်။ ဒီအတိုင်း ဝတ်သွားမယ်ဆိုရင် ပုသိမ်ထီးတစ်လက်ပါ ငှားပေးလိုက်မယ်”
ကျွန်တော့်ကိုတော့ မရင်ရွှေက နိုင်ပြီးသား။ သူနှင့်ကျွန်တော် တတိယနှစ်မှာလည်း ရှေးကလိုပါပဲ။ အဲ ရှေးကလိုပါပဲလို့ ဆိုရပေမယ့်၊ဒီတတိယနှစ်မှာတော့မရင်ရွှေ အပေါင်းအသင်း နည်းနည်းများလာတယ်။ကျွန်တော်ကပဲသဝန်ကြောင်တတ်လာသလားမပြောတတ်ဘူး။သူကယောက်ျားဖြစ်ဖြစ်,မိန်းမဖြစ်ဖြစ် တစ်ယောက်နှင့် အလုပ်ကိစ္စများပြီး ကျွန်တော်သွားတဲ့အ
ချိန် သူချက်ချင်းကျွန်တော့်ဆီလာမတွေ့နိုင်ရင် ကျွန်တော်က မျက်နှာပုပ်နေသလားတော့ မသိဘူး။ ကျွန်တော်က ဘာမျှမပြောရခင် သူက ဖြေရှင်းလေ့ရှိပါတယ်။
“ဒါက မြို့ထဲက ကျွန်မတို့ အစ်ကိုဝမ်းကွဲပါ။ အိမ်ကမှာလိုက်တဲ့ကိစ္စ လာပြောတာ။ ကိုဖေတင်ကလည်း ဘယ်လိုဖြစ်နေလဲ။ မျက်နှာကြီးပုပ်လို့”“သိပ်နေမကောင်းလို့ပါ” “ဘာဖြစ်ရပြန်တာလဲ” “မျက်စိထဲစပါးမွေးစူးနေတယ်။ရင်ထဲမှာလည်း ပူနေတယ်”
တကယ်။ မရင်ရွှေကို သိပ်စိတ်ချပြီး မနေနိုင်ပါ။ အခြေအနေကို အပေါင်းအသင်းများကတစ်ဆင့် စုံစမ်းရပါတယ်။ သူ့ဆီကို လာတတ်တဲ့ ဧည့်သည်များဟာကျောင်းကအသင်းအမျိုးမျိုးရဲ့အမှုဆောင်ကိုယ်စားလှယ်များ,ကျူတာပေါက်စများသာမက အားကစားလောကမှ ကြက်တောက်ရိုက်,လှေလှော်, ဘော်လီ
ဘောနှင့်ပတ်သက်သည့် မိတ်ဆွေများ။ကျွန်တော် ပုံမှန်သွားလေ့ရှိတဲ့ နေ့များမှာ သူ့ကို ခါတိုင်းလိုပဲတွေ့ရတတ်ပေမယ့်၊ သူကို အဲဒီလို တစ်ယောက်မဟုတ်တစ်ယောက်နှင့် ပြုံးကာရယ်ကာ စကားပြောနေတာကို တွေ့ ရတတ်ပါတယ်။
“မရင်ရွှေ အရင်က ဒီလိုမဟုတ်ဘူး”“ဘယ် ဒီလိုဟုတ်မလဲ။ ဟိုတုန်းက ဒီ ဘုတ်ဆုံမကြီးကိုဘယ်သူမျှ အရေးမလုပ်ကြဘူး။ အခု ဒီဘုတ်ဆုံမက ညိုပြာညက်ကလေးဖြစ်လာတော့ ကိစ္စအမျိုးမျိုးနှင့် လာဆက်သွယ်ကြတော့တာပေါ့။ဟဲဟဲ”“ကိုယ်တော့ညည အိပ်လို့တောင်မပျော်ဘူး”
“ခြင်ကိုက်လို့လား” “ဘယ်ကလာ” “ဘယ်လိုဖြစ်လို့လဲ” “စိတ်မချလို့” “ဘာကိုလဲ” “မရင်ရွှေကိုပေါ့”
“တော်စမ်းပါကွယ်။ ဒီက ရယ်စရာပြောနေတာပါ။ကိုဖေတင်ကလည်း တကယ့်ကို ကလေးလိုပဲ။အရင်က ဒီလိုမဟုတ်ပါဘူး”
“မရင်ရွှေကလည်း အရင်က ဒီလိုမှမဟုတ်ဘဲ”မရင်ရွှေက သက်ပြင်းတစ်ချက်ချလိုက်ပြီး “ကိုတင်ဖေကလည်း အလကား သဝန်ကြောင်နေတာ။စိတ်ဆင်းရဲတာပေါ့”တက္ကသိုလ်မှာ တတိယနှစ်တောင် ရောက်လာနေမှ အပေါင်းအသင်းဆိုတာလည်း နည်းနည်းတော့ ကျယ်ဝန်းလာတာပေါ့။ဒါနှင့်ပဲ ဒီကအပေါ် မေတ္တာလျော့သွားတော့မှာကျနေတာပဲ”လို့ပြောပါတယ်။
ဘာအကြောင်းကြောင့်ပဲ ပဋိပက္ခဖြစ်ဖြစ်ရ နောက်ဆုံးကျတော့ ကျွန်တော်ကပဲ “ကိုယ့်ရင်ထဲမှာ ဖြစ်လာတဲ့ဝေဒနာကိုမရင်ရွှေ မသိဘူး။ အေးလေ… ကိုယ်က ပြောမှ မပြောတတ်တာပဲ။ဖြစ်လာမှ ဖြစ်သလိုခံပေါ့” လို့ အလျှော့ပေးလိုက်ရတာပါပဲ။ဒါကို မရင်ရွှေက မကြိုက်ဘူး။ သူ့အပေါ် သံသယဖြစ်တဲ့စကားမျိုးပြောတော့ သူက “ကိုဖေတင် ကျွန်မကို အရုပ်ဆိုးမဆိုပြီး အဲသလိုမြေနိမ့်ရာလှံစိုက်ဆိုတာမျိုးမပြောနှင့်’လို့ဒေါသသံကလေးနှင့်ဆိုလေ့ရှိတယ်။ကျွန်တော်ကပဲလျှော့ခဲ့ချော့ခဲ့ရတာပါပဲ။
တတိယနှစ်မှာ ကျွန်တော် စာ သိပ်မကျက်ဖြစ်ပါဘူး။စိတ်တွေလည်းလေနေတယ်။မရင်ရွှေဆီက ပြန်လာရင်မရင်ရွှေကတော့ “စာကျက်နော်”လို့ မှာလိုက်တာပါပဲ။ ဒါပေမယ့်ကျွန်တော်က တစ်နေ့တာ သူနှင့် တွေ့ခဲ့ရတဲ့ အကြောင်းတွေ၊သူ့စကားတွေကို ပြန်တွေးတဲ့အခါ သူမှာလိုက်တဲ့ “စာကျက်နော်”အထိ ဘယ်တော့မျှ မရောက်တော့ဘူး။ တစ်ခါတလေစိတ်ရှုပ်ရှုပ်နှင့် အိပ်ချင် အိပ်ပစ်လိုက်တယ်။ သူငယ်ချင်းတွေနှင့် လျှောက်လည်ချင် လည်နေလိုက်တယ်။ ကျောင်းကိုမတက်တဲ့ရက်က များလာတယ်။ ကျွန်တော် အဲသလို ပေတေတေလုပ်နေတာ ရက်ကြာလာတော့ ကျွန်တော့်အပေါင်းအသင်းတွေက မရင်ရွှေဆီကို သတင်းပို့ကြတယ်။ ဒီတော့ မရင်ရွှေကကျွန်တော်ရှိရာကို လိုက်လာတယ်။
“ဘယ်လိုဖြစ်နေရပြန်တာလဲ။ကိုဖေတင်ကလည်းကွယ်။တကယ်စိတ်ညစ်ရတယ်”ကျွန်တော်ဘာမျှပြန်မပြောဘဲတုဏှိဘာဝေလုပ်နေလိုက်တယ်။ သူ့ကို သူ့အဆောင်ပြန်ပို့ရင်း အတူတူလျှောက်လာကြတော့ မရင်ရွှေက စကားတွေပြောလာတယ်။“ဒီက ဘုတ်ဆုံမက သူ့မှာ လူချင်းတူတူ သူချင်းမျှမျှဖြစ်ပါစေတော့လို့ကြိုးစားလိုက်ရတာ။စားချင်တိုင်းလည်းမစားရ၊ အိပ်ချင်တိုင်းလည်း မအိပ်၊ တော်ပြီ-တော်ပြီ။
နဂိုအတိုင်း ဘုတ်ဆုံမကြီးပဲ ပြန်ဖြစ်သွားအောင်နေလိုက်တော့မယ်။ အစားလည်း မဆင်ခြင်တော့ဘူး။ လေ့ကျင့်ခန်းလည်း မယူတော့ဘူး။အားကစားလည်းဘာဆိုဘာမျှမလုပ်တော့ဘူး။ဘုရားသခင်ကြည်ဖြူတော်မမူဘူး။မိရင်ရွှေညည်းခန္ဓာကိုယ်ကြီး ဝက်ကြီးလိုဖြစ်လို့လာလာ၊ ညည်း ဘာမျှမလုပ်နှင့်တော့”
မရင်ရွှေရဲ့စကားတွေကနာကြည်းသံပါနေတယ်။ကျွန်တော့်ကိုမကျေနပ်တဲ့အသံလည်းပါနေတယ်။ကျွန်တော်ဘယ်စိတ်မကောင်းပ့ါမလဲ။ဒါပေမယ့်အခြေအနေကသိပ်မကောင်းလှဘူး။တကယ်ကကျွန်တော်ကသူ့ကိုအစားရှောင်၊ကိုယ်ကာယလှပအောင်လေ့ကျင့်ခန်တွေလုပ်၊အားကစားတွေလိုက်စားတာဘာမျှကန့်ကွက်စရာမရှိပေမယ့်၊သူ့ကိုယ်သူကိုယ်ကာယအချိုး
အစားကျပြီးမှ လှပအောင်လုပ်နေတာနှင့်အမျှသူ့အနားမှာ စိတ်ဝင်စားသူတွေ ဝိုင်းဝိုင်းလည်နေတာ တစ်နေ့သူ ကျွန်တော့်ထက် နှစ်သက်စရာအရည်အသွေးနှင့် လူနှင့်တွေ့သွားမှာကို ကျွန်တော် မရင်ရွှေကို တကယ်ချစ်တဲ့လူတစ်ယောက်အနေဖြင့် မစိုးရိမ်ရပေဘူးလား။
ကျွန်တော့်အကြောင်း ကျွန်တော် သိပါတယ်။ ကျွန်တော်ဟာ တကယ်တော့ သူများထက်သာတာ ဘာမျှ မရှိသူပါ။ စာလည်း အထူးမတော်၊ ရုပ်ရည်ကလည်း မိန်းကလေးတွေ နှစ်သက်လောက်စရာ ဘာတစ်ခုမျှ မရှိ။ မိဘဆွေမျိုး အရှိန်အဝါလည်း မရှိ။အားကစားဘက်မှာထူးချွန်ဖို့မပြောနှင့်။ဘာတစ်ခုမျှအဖြစ်မရှိ။ဝါသနာလည်းမပါ။စာပေ,ကဗျာ,လင်္ကာ,အနုပညာဘက်ကလည်းဘာမျှမရ။ ဂီတအနုပညာဆို၍လေတောင်အပေါက်တည့်အောင်မချွန်တတ်။ပန်းချီ,ပန်းပုဘက်မှာလည်းတီကောင်ပုံကိုတောင် ဖြစ်အောင် မရေးတတ်။
တစ်ခါတစ်ခါကျွန်တော့်ကိုယ်ကျွန်တော်ဝေဖန်သုံးသပ်ကြည့်မိတော့ကျွန်တော်ဟာတိရစ္ဆာန်ဘာသာအကောင်မျိုးလို့ထင်ပါတယ်။တိရစ္ဆာန်များထက် ဘာများ သာပါသလဲဆိုရင်၊ ပညာရေးလို့လူတို့သတ်မှတ်ထားတဲ့ အဆင့်ဆင့်စာမေးပွဲများကိုသင်ထားရင် သင်ထားတဲ့အတိုင်း ကျက်မှတ်ပြီးအောင်အောင်ဖြေတတ်လို့ကောလိပ်ကျောင်း ဆိုတဲ့ အထက်တန်းပညာဌာနကြီးကို ရောက်လာတာတစ်ခုသာ ပြောစရာရှိပါတယ်။ ကျွန်တော် စိတ်ကူးမယဉ်တတ်ဘူး။ မယဉ်ချင်ဘူး။ မရင်ရွှေကတော့ ဒါတွေကိုမသိဘူး။ကျွန်တော့်ကိုနားမလည်ဘူး။သူ့ကိုယ်သူလည်သိပ်ယုံတယ်။ကျွန်တော်ကပါသူ့ကိုသူ့ကိုယ်သူယုံသလိုယုံစေချင်တယ်။သူ့ကိုယုံပေမယ့်စိတ်ချလို့တော့မထားနိုင်ဘူး။ကျွန်တော့်စိတ်မျိုနှင့်ကျွန်တော့်နေရာရောက်နေရင်တော့ကျွန်တော့်လိုပဲ ဖြစ်မှာပါပဲ။
ဒီလိုနှင့်ပဲ မရင်ရွှေနှင့် ကျွန်တော်တို့ရဲ့ တတိယနှစ်ချစ်ခရီးဟာ ပထမနှစ်, ဒုတိယနှစ်များကလို ဖြောင့်ဖြောင့်ဖြူးဖြူးမဖြစ်ဘဲ စာမေးပွဲတွေစစ်လို့ ကျောင်းပိတ်ချိန်ကို ရောက်လာပြန်ပါတယ်။ ကျွန်တော် မရင်ရွှေအပြန် ဘူတာကိုတော့ လိုက်ပို့ပါတယ်။ ဒါပေမယ့် သူ့ကိုဘူတာလာနှုတ်ဆက်သူကတော့ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး။
။ ၃ ။
ကျွန်တော်အိမ်ပြန်ရောက်တော့စိတ်မငြိမ်တာနှင့်မရင်ရွှေဆီကိုစာတစ်စောင်ကောက်ရေးလိုက်ပါတယ်။သူ့ဆီကစာပြန်လာသင့်တဲ့အချိန်မှာမလာတော့။ကျွန်တော်တောင်တွေးမြောက်တွေးပြီး စာတစ်စောင် ထပ်ရေးလိုက်ပါတယ်။ အဲဒီစာထည့်လိုက်ပြီး ပြန်စာလာချိန်မှာတော့ မရင်ရွှေဆီက စာတစ်စောင် ရောက်လာပါတယ်။ သူ အိမ်ပြန်ရောက်ပြီး သိပ်နေမကောင်းဖြစ်နေလို့ စာပြန် နောက်ကျရကြောင်းအပြင်၊ ကျွန်တော့်ကိုလည်း သူ့အတွက် မစိုးရိမ်ဖို့ ခါတိုင်းလိုပါပဲ။
ဒီနောက်တော့ စာအဆက်အသွယ်က ပြတ်သွားပြန်တယ်။ကျွန်တော် စိတ်မငြိမ်မသက်နှင့်ပဲ စာ ထပ်ရေးလိုက်တော့ သူ့ဆီက ပြန်လာတဲ့စာမှာစိတ်တိုနေတဲ့လက္ခဏာတွေ့ရတယ်။ကျွန်တော်ကသူ့ကိုယ်သူသိပ်လှအောင်လုပ်ရင်းနှင့်အလှအပလိပ်ပြာကလေးတွေကို လိုက်ဖမ်းနေကြတဲ့လူတွေကြား ရောက်သွားမှာစိုးလွန်းလို့ ရင်တမမဖြင့် နေရကြောင်းရေးလိုက်မိတယ် ထင်ပါရဲ့။သူက တစ်ယောက်နှင့် တစ်ယောက် ဒါလောက်ကလေးမျှစိတ်မချရင်မကောင်းတော့ဘူးဆိုတာမျိုးစာပြန်ရေးလိုက်တယ်။ကျွန်တော်သူ့ကို အားနာသွားတာနှင့်အမျှ သူကျွန်တော့်ကို စိတ်များ ခုသွားလေသလား။ စိတ်ခုရုံဆိုလျှင်ကိစ္စမရှိ။ စိတ်ကုန်သွားလျှင် ကျွန်တော် ဆက်မတွေးချင်။နောက်စာများမှာ ဒီအကြောင်းများဘာမျှထည့်မရေးတော့။ခါတိုင်းလို ရိုးရိုးအချစ်.အလွမ်းကလေးများကို.ဘာမျှမဖြစ်သလိုဟန်ဆောင်ပြီးရေးပါတယ်။ဒါပေမယ့်သူ့ဆီကဘာပြန်စာမျှမလာတော့ပါဘူး။ ကျွန်တော့်မှာတော့ ပူရပြန်ပြီပေါ့။
ကျွန်တော်စိတ်မငြိမ်တိုင်းစာကောက်ကောက်ရေးပေမယ့်သူ့ဆီကဘာပြန်စာမျှမလာတော့ကျွန်တော်လည်းသို့လောသို့လောတွေးတောရင်း စိတ်မောရင်းနှင့်ပဲ ကျောင်းဖွင့်ချိန်နီးလာတဲ့အခါ ကျွန်တော်နှင့် သူ ပြန်ရက်ကိုချိန်းပြီး မရှေးမနှောင်းစီ ပြန်ရောက်လေ့ရှိပေမယ့်၊ ဒီနှစ်တော့ ကျွန်တော် တစ်ယောက်တည်း မရေမရာဘဲ ကျောင်းကို ပြန်ရောက်လာပါတယ်။ရောက်ရောက်ချင်းဆိုသလိုပဲမရင်ရွှေရဲ့ ပေါင်းဟောင်းသင်းဟောင်းတွေကိုရှာပြီး မေးရမြန်းရ စုံစမ်းရပါတယ်။ဘယ်သူမျှ အသေအချာမသိကြပေမယ့် သတင်း သန့်သန့် ကြားရတာကတော့ မရင်ရွှေ ဒီနှစ် ကျောင်းကို ပြန်မလာနိုင်ဘူးလိုလိုပါပဲ။
ဖြစ်နိုင်တာကတော့ အများကြီးပါပဲ။ မိသားစုအခြေအနေပြောင်းသွားလို့ မရင်ရွှေ အိမ်ထောင်များ ပြုရလေသလားလို့လည်း ပူရတယ်။ဖြစ်တတ်တဲ့သဘောကရှိတာကိုး။ဒါတွေတွေးမိတိုင်းကျွန်တော်စိတ်မငြိမ်ဖြစ်ပြီးစာကောက်ရေးတာပဲ။ကျောင်းဖွင့်ပြီးတစ်လခွဲလောက်ကြာသည်အထိသူလည်းရောက်မလာ။ဘာသတင်းမျှလည်းမကြားရဘဲနေတော့ကျွန်တော်ဘာလုပ်ရမှန်းမသိအောင် စိတ်တွေ ထွေလာတာနှင့်စာလည်း မကျက်နိုင်ဘူး။ ကျောင်းလည်း မတက်ချင်ဘူး။ဒီလိုဖြစ်နေတုန်းမှာ သူတို့မြို့နှင့် အဆက်သွယ်ရှိတဲ့ ကျောင်းသူတစ်ယောက်နှင့် စကားစပ်မိတော့ သူက မရင်ရွှေတို့ကိုသိပါတယ်။ မကြာခင် ရက်ပိုင်းလပိုင်းအတွင်းက မရင်ရွှေတို့အစ်ကိုလား, အဖေလား မသိဘူး။ ဆုံးသွားတယ်လို့ ဆိုတယ်။သတင်းဆိုးပေမယ့်၊ ကျွန်တော့်ရင်ထဲကအပူ နည်းနည်း သက်သာသွားသလိုပါပဲ။
အဆက်အသွယ်ဖြတ်ရတာဟာ ကျွန်တော့်အပေါ်မရင်ရွှေ စိတ်ကုန်ခန်းလို့လည်းမဟုတ်။မရင်ရွှေမိသားစုအခြေအနေအရအိမ်ထောင်ပြုလိုက်ရတာတို့ဘာတို့လည်းမဟုတ်ဘူးဆိုတာကို သိရတော့ ကျွန်တော် စိတ် နည်းနည်းငြိမ်သွားတယ် ဆိုပါတော့။
ဒါပေမယ့် ကျွန်တော် မရင်ရွှေကိုမတွေ့ ရမမြင်ရရင် ဘာမျှ စိတ်ချထားလို့မရတာနှင့် သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ ကျွန်တော် မရင်ရွှေတို့ မြို့ကိုလိုက်သွားလိုက်ပါတယ်။ ကံအားလျော်စွာပဲ ဆိုပါတော့။ကျွန်တော့်အစ်ကိုနှင့် ညီအစ်ကိုလိုခင်တဲ့ ဦးဝင်းအောင်ကို ဘူတာထဲမှာတွေ့လို့ သူ့အိမ်ကို ကျွန်တော် လိုက်သွားတယ်။ ဦးဝင်းအောင်က အဲဒီတုန်းက မရင်ရွှေတို့မြို့မှာမြို့ပိုင်ကြီးပါ။သူ့မှာသားမယားတော့ ရှိဟန်တူပါတယ်။ ဒါပေမယ့် ကျွန်တော်မရှိကြပါဘူး။ ဦးဝင်းအောင်နှင့် သူ့တပည့် ၁ ယောက်−၂ယောက်ပါပဲ။
ကျွန်တော်ဘာကိစ္စလာတယ်ဆိုတာကိုဦးဝင်းအောင်ကိုပြောမပြပါဘူး။ သူ့အိမ်မှာနေတဲ့ တပည့်ကလေးနှင့် မရင်ရွှေတို့အိမ်ကို လိုက်ရှာတယ်။မြို့ပိုင်ကြီးရဲ့တပည့်ကလေးကလည်းအဲဒီအရပ်သားမဟုတ်တော့သိပ်မသိဘူး။ဟိုမေးဒီမေးနှင့်လိုက်သွားတော့ ကျွန်တော်သိတဲ့လိပ်စာမှာမရင်ရွှေတို့ကိုမတွေ့ရပါဘူး။ကျွန်တော်အတော်မောသွားပေမယ့်၊ ဆက်ပြီးစုံစမ်းမေးမြန်းလိုက်တော့ မရင်ရွှေတို့ရဲ့ နေရာသစ်ကို တွေ့ပါတယ်။ မရင်ရွှေကိုလည်း တွေ့ ရပါတယ်။
မရင်ရွှေ အတော် ပိန်သွားတယ်။ ကျွန်တော့်ကို မြင်တော့မရင်ရွှေဟာအံ့အားသင့်သွားသလို၊ပါးစပ်ကိုဟလိုက်ပြီး အတော်ကြာအောင် ငေးငိုင်ကာ ကြောင်ကြည့်နေလို့၊ ကျွန်တော်က ‘မရင်ရွှေ’လို့ ခေါ်လိုက်မှ နိုးလာသလို လှုပ်ရှားလာပြီး၊“ဘာဖြစ်လို့ လိုက်လာရတာလဲ ကိုဖေတင်ရယ်'လို့ ဆိုရင်းအသံတွေတုန်လာပြီး မျက်ရည်ကျတယ်။ တော်တော်နှင့်စကားပြောနိုင်ဘူး၊ နောက်အိမ်အတွင်းဘက်ဆီကမိန်းမဝဝဖိုင့်ဖိုင့်ကြီးတစ်ယောက်တစ်လှမ်းချင်းတအိအိဖြင့်ထွက်လာပြီး၊“ဟဲ့-သမီး၊ဧည့်သည်လား။ အထိုင်ခိုင်းပါဦးလေ" လို့ ပြောမှ မရင်ရွှေက ဖျာချောတစ်ချပ်ယူပြီး အိမ်ရှေ့မှာ ခင်းပါတယ်။”
Keep Reading