သန်းမြင့်အောင်

မီးကျည်မီးပန်းများနှင့် အတူ လောင်တိုက်ပြာသာဒ်ပေါ်တွင်စန္ဒကူးနံ့သာများနှင့်အတူလောင်ကျွမ်းလျက်ရှိသော ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်ကိုငေးမျှော်ရင်း ခင်ထား၏ ပါးပြင်ပေါ်သို့မျက်ရည်များစီးကျလာသည်။ “အမေနဲ့ အဖေတို့ရေ… ကံကျောင်းဆရာတော်ဘုရားကြီးရဲ့အရိုးဂူဗိမာန်ကို အဖေတို့အမေတို့ရဲ့ အလှူဒါနအဖြစ် ခင်ထား ကမ္ပည်းထိုးပြီး ဆောက်လှူပါတယ်နော် အဖေတို့ အမေတို့ ရောက်ရာဘဝကသာဓုခေါ်ကြပါ” ဟု တိုးတိုးဖွဖွ ရွတ်ဆိုရင်းက ဝမ်းနည်းလှိုက်လှဲလာသည်။
နံနက်စောစော ဝေလီဝေလင်း အရိုးကောက်မည့် အချိန်တွင် အရိုးထည့်ရန်အတွက်မြေသပိတ်ကိုလောင်တိုက်အနီးမှ ဂူဗိမာန်သို့ ညနေကတည်းကပို့ထားပြီးဖြစ်သည်။ နံနက်စောစော ကျောင်းသို့ အရုဏ်ဆွမ်းသွားပို့ရင်းနှင့် အရိုးသပိတ်ကို ခင်ထားကိုယ်တိုင် အရိုးသပိတ် ကပ်ရမည်ဖြစ်သည်။ မြေပြင်ပေါ်တွင် ဒူးတုပ်ထိုင်ရင်း ဆရာတော်ဘုရား၏ လောင်တိုက်ကိုခင်ထား ဖူးမြော်ပြီး အိမ်အပြန်လမ်းတွင်-
“မမခင်ထား..မမခင်ထား” ဟု ခေါ်သံကြား၍ လှည့်ကြည့်လိုက်သည်။ “ဟင်…မြနုနဲ့ မိစံ..” “မမခင်ထား ပွဲကြည့်မှာလား”မြနုကမေးလိုက်တော့...“မကြည့်ပါဘူး ညီမရယ် ပြန်မှာပါ၊ ကံကျောင်းကလာတာ၊မနက်ဆွမ်းပို့ရဦးမှာ၊မြနုဘယ်တော့ပြန်မလဲ””“မသိသေးပါဘူး မမခင်ထားရဲ့၊ဟို...အစ်ကို” ဆိုပြီး မြနုကရွှံ့သွားသည်။ခင်ထားလည်းခုမှသူမေးမိသည့် မေးခွန်းကိုသတိပြုမိဟန်ဖြင့် ရုတ်တရက် နှုတ်ဆိတ်သွားပြီးမှ... “ ညီမလေးတို့ပွဲဘက်သွားကြမလို့လား၊သွားလေ၊ပွဲခင်းထဲအတော်တောင်လူတွေရောက်လောက်ရောပေါ့”
“ဟုတ်ကဲ့၊ မြနုတို့လည်းတစ်ညလုံးမကြည့်ပါဘူးမမရဲ့၊ညဉ့်ဦးပိုင်းလောက်ကြည့်ပြီးပြန်မှာပါ”“ရန်ကုန်မပြန်ခင်ထမင်းလေးဘာလေး လာစားကြဦးလေ၊ မြနုနဲ့ မိစံကိုပြောတာနော်”ဘယ်လိုပြောပြော စကားက အဆင်ချောမလာသဖြင့် မြနုနှင့်မိစံခင်ထားကိုအားနာပါးနာနှင့် နှုတ်ဆက်ထွက်လာခဲ့ကြသည်။
ဇာတ်စင်ဆီမှ ဧည့်ခံဆိုင်းသံများ လွင့်ပျံ့လာခိုက်မှာတလင်းပြင်ထဲမှာလည်းလှည်းဝိုင်းကြီးကကျယ်လာပြီဖြစ်သည်။တစ်ရွာသားနှင့် တစ်ရွာသားတို့ နှုတ်ဆက်ကြ၊ပြေးကြိုကြ၊ နေရာပေးကြနှင့် ဇာတ်စင်ရှေ့မှ ပရိသတ်ထုကြီးကလည်း ကြီးမားသထက်ကြီးမားလာကြသည်။ တစ်ခုကောင်းသည်မှာ လူတွေ ဘယ်လောက်များများ၊ အစည်ကားဆုံး နေရာတွေမှာ တိုးကြိတ်နေလင့်ကစား ယခုလိုပွဲမျိုးမှာရှိသမျှ ထုတ်ဝတ်စားကြသောရွှေငွေပစ္စည်းပစ္စယများမည်သည့်အခါမျှမသမာသောနည်းဖြင့် ပျောက်ရိုးထုံးစံမရှိ။ ပွဲခင်းထဲမှ အပျိုများ တစ်ဦးနှင့်တစ်ဦးအလှချင်းပြိုင်၍ဖိတ်ဖိတ်လက်နေကြသလိုကာလသားများ၏ ဗိုလ်ကေကလည်း တပြောင်ပြောင်။ ပွဲမစခင် ဇာတ်စင်ပေါ်မှ မိုက်ကရိုဖုန်းရှေ့တွင် အရင်ဆုံးရောက်လာ သူက ပခုက္ကူဆရာတော်။
“ဒကာ၊ ဒကာမတွေအားလုံး နားထောင်ကြ၊ အထူးသဖြင့် သည်ရွာက ဒကာလေးတွေ ကိုယ့်ရပ်ကိုယ့်ရွာအလှူမှာ လာကြတဲ့ တစ်ရွာသူ တစ်ရွာသားတွေအပေါ်မှာဧည့်ဝတ်ကျေကြပါ၊ ကူညီရိုင်းပင်းကြပါ၊ ညှာညှာတာတာ ဆက်ဆံကြပါ၊ ကိုယ့်တစ်ရွာတည်းသား ညီအစ်ကိုမောင်နှမတွေအချင်းချင်းလည်းချစ်ချစ်ခင်ခင်နဲ့ စည်းကမ်းတကျနေပါ။ ဘာသံညာသံ ဗရမ်းဗတာတွေ မကြားရပါစေနဲ့။ မူးတဲ့ကောင်တွေ ပွဲခင်းထဲဝင်မလာကြပါနဲ့၊ ဝင်လာလို့အသံတွေထွက်လာရင် နောက်က “ဆူးထောင်”ထဲ သွားအိပ်နေရမယ်မှတ်ပါ၊ ကိုယ့်ရွာဂုဏ်ကို ကိုယ်ဆောင်ပါ၊ နာမည်ပျက်မခံပါနဲ့”
ထိုညက မြနုနှင့် မိစံ နှစ်ပါးသွားမပြီးခင် ပြန်လာကြသည်။ လသာသာတွင်ရွာလမ်းမအတိုင်း လျှောက်လာခိုက် နောက်ဘက်မှ ပျံ့လွင့်လာသော ဇာတ်ဆိုင်းသံများကိုနားထောင်ရင်း“ဪ..တို့ရွာစည်ကားနေတာဒီညနောက်ဆုံးပဲ၊မနက်ဖြန်ခါကစပြီးခါတိုင်းလိုပျင်းခြောက်ခြောက်ကြီးနေရပြန်ဦးတော့မှာ”ဟူသော မိစံ၏ညည်းသံကို မြနု မတုံ့ပြန်မိ။
“ဘုန်းကျော်...ဘုန်းကျော်... မြနု အရီးစိုး…မနိုးကြသေးဘူးလားဗျ”ထရံကို တဗုန်းဗုန်းပုတ်သံနှင့်အတူသူ့အမည် ခေါ်သံကြား၍ ဘုန်းကျော်ခေါင်းထောင်အထမှာအဖေကအပြင်ခန်းကထရံတံခါးကိုသွားဖွင့်နေပြီဖြစ်သည်။ဘယ်သူများပါလိမ့်ဟုတွေးကြည့်ရင်းက ပြန်အိပ်ရန် ကြိုးစားနေစဉ် အပြင်ဘက်မှ...
“ပျို့ အရီးစိုး၊ ဘုန်းကျော်ရော..ဘုန်းကျော် အိပ်တုန်းလား”ဟူသော အသံနှင့်အတူ “ဘယ်သူများလဲမှတ်တယ်၊ ဦးခက်ကြီးကိုး၊စောစောစီးစီးပါလားဗျ၊ဘာတွေအရေးကြီးလာတုံး” ကံကျောင်းမှ ကပ္ပိယကြီး ဦးခက် ၏အသံကပါ ဘုန်းကျော်ထံသို့ ဝင်ရောက်လာသည်။ “ဘုန်းကြီးလွှတ်လို့ဗျ၊ ဘုန်းကျော်ကို အပါခေါ်ခဲ့တဲ့၊အိပ်နေရင်နှိုးခဲ့ဆိုပြီး ကျုပ်ကို ခိုင်းလိုက်လို့ဗျ” ဆိုတော့ဘုန်းကျော်တုန်သွားသည်။ ဘုန်းကြီးစိတ်ထွက်နေပြီထင်၏။ ဦးဇင်းကိုတော့ ဘုန်းကျော် ကြောက် သည်။ မိုးမလင်းတလင်းကြီး ဘာလို့များ အခေါ်လွှတ်ပါလိမ့်၊ ပွဲကလည်း ပြီးနေမင့်ဟာဆိုပြီး ဇဝေဇ၀ါ ဖြစ်သွားသည်။
“ဟေ့ကောင် ဘုန်းကျော်၊ မင့်ကို ကျောင်းက ခေါ်လို့တဲ့၊ ထ...ထ...လိုက်သွားဦး”အခန်းဝမှ အဖေ့အသံနှင့်အတူ ဘုန်းကျော် လူးလဲထလိုက်သည်။ ကမန်းက တန်း မျက်နှာသစ်ပြီး မြနုအခန်းမှနေ၍ ..”မြနုညီမလေး လိုက်ခဲ့ဟာ၊ ဘုန်းကြီးခေါ်လို့တဲ့”မြနုက အိပ် မှုန်စုံမွှားအသံ နှင့်“တော့်ခေါ်တာ၊ ကျုပ်ခေါ်တာမှ မ ဟုတ်တာ၊လိုက်နိုင်ပါဘူး၊ ညက ပွဲကြည့်ထားလို့ အိပ်ဦးမယ်”ဆိုတော့ ဘုန်းကျော် ခေါင်းကုတ်ပြီး လှည့်ထွက်ခဲ့သည်။
"ဟေ့ကောင်သုတ်သုတ်လုပ်ကွာ၊ဘုန်းကြီးစိတ်တိုနေဦးမယ်၊မြန်မြန်လာ”ကပ္ပိယဦးခက်ကလောဆော်ရင်းရှေ့က သုတ်ခြေတင်တော့ ဘုန်းကျော် အမီလိုက်ရသည်။"လောင်တိုက်ကို ခေါ်တာကွ၊ ဘုန်းကြီးက လောင်တိုက်မှာ” လောင်တိုက်ဆီ အရောက်မှာတော့ ညကဆရာတော်ဘုရား၏အရိုးပြာများကငြိမ်းအေးနေကြပြီဖြစ်သည်။ ဦးဇင်းက လောင်တိုက်ပြာပုံအနီးမှာရပ်ရင်း သူ့ကို စောင့်နေသည်။"ဘုန်းကျော်”
”ဘုရား” "မင်း ဘယ်နေ့က ရောက်လဲ” လဆန်းကိုးရက်နေ့ကပါဘုရား “အခု ဘာနေ့လဲ” “လပြည့်ကျော်တစ်ရက်နေ့ပါဘုရား”“ဆရာတော့်ကိစ္စမှာ မင်းလုပ်အား ဘာပါပြီးပြီလဲ” “.......” “ဟေ့ကောင်ပြောလေ၊ မင်း ဘာလုပ်ပြီးပြီလဲ” “ဘာ ဘာ မှမလုပ်ရသေးပါဘူးဘုရား”
“ခွေးကောင် ငမူး သွား ဟောဟိုမှာ မြေသပိတ်ကိုယူ၊ဆရာတော့် အရိုးပြာတွေကို အသာလေးကောက်ထည့်၊ ကိုယ့်ဆရာတော် ပျံလွန်လို့မှမင့်လုပ်အားမပါဘဲနေမှာစိုးလို့ငါသတိတရနဲ့ခေါ်ရတာ၊ကောက်.. သေ သေချာချာရိုရိုသေသေကောက်”ပဋ္ဌာန်းဆရာတော်၏ အမိန့် သြဇာအောက်တွင် ဘုန်းကျော် ကလေးတစ်ယောက်ပမာ ရိုကျိုးလျက်ရှိ၏။ မြေသပိတ်ထဲတွင် အ ရိုးပြာများအားလုံး ရောက်သောအခါတွင် ဆရာတော့်ရှေ့တွင် ခြေစုံရပ်၍ တရိုတသေကပ်သည်။
“ငါ့မပေးနဲ့၊ဟိုမှာ ဂူဗိမာန်အလှူဒကာမကို ပေးလိုက်၊ အလှူရှင်က လာကပ်လှည့်” ဆိုပြီး ဘုန်းကြီးက ဂူဗိ မာန်ဆီ ကြွသည်။ ဘုန်းကျော် ယောင်တောင်ပေါင်တောင်နှင့် ယခုမှ ဂူဘေးတွင် ရပ်နေသောခင်ထားကို လှမ်းမြင်သွားပြီး တုန်တုန်ယင်ယင်ကြီး ဖြစ်သွားသည်။“ဟေ့ကောင်သွားပေးလေ”ဟုနောက်မှ ကပ္ပိယကြီးက သတိပေးလိုက်မှ ခင်ထားရှိရာဂူဗိမာန်ကလေးပေါ်သို့ ဖိနပ်ကိုချွတ်ကာ တက်ခဲ့ပြီး အရိုးမြေအိုးကို လှမ်းအပေးမှာခင်ထား၏မျက်ဝန်းများနှင့်ဆုံမိပြီး ရင်ထဲ ဖိုခနဲ ဖြစ်သွား၏။
ဘုန်းကျော် လှမ်းပေးသော မြေအိုးကို လက်အလှမ်းမှာ ရင်ထဲမှာ ဆူဝေသွားသော ခင်ထားမှာ သူ့အရင် ငါလှည့်ပြန်ရမယ်၊ ဒီတစ်ခါ သူ့အရင် ငါလှည့်ပြန်ရမယ်ဟူသောတမင်လုပ်ယူရသည့်မခံချင်စိတ်နှင့်ရှက်စိတ်များဆူဝေကာ ဆရာတော်အား အရိုးမြေသပိတ်ကို ဆက်ကပ်ပြီးပြီးချင်းဆရာတော်ဘုရားကြီး၏အရိုးအိုးကိုဂူထဲထည့်ပြီးသည်နှင့် တစ်ပြိုင်နက်သူ့ကို ကြောင် တောင်တောင်ကြီး ရပ်ကြည့်နေဆဲရှိသောဘုန်းကျော်ရှေ့မှ သုတ်ခနဲလှည့်ကာ ပြေးထွက်ခဲ့ဖြစ်တော့သည်။
ခင်ထား၏ကျောပြင်ကိုနှမြောတသစွာကြည့်နေရင်းမှဘုန်းကျော်အတန်ကြာ၍အိမ်ပြန်မည်အပြုဂူဗိမာန်အ ဆင်းအတက်နေရာလေးတွင်မြေပြင်ကိုကြည့်ရင်း ငိုင်တွေနေမိစဉ် ဂူဝပိတ်သည်ကို စောင့်ဆိုင်းကြီးကြပ်နေသောဆရာတော်ကသူ့ကိုလှမ်းမြင်ပြီး“ဟေ့ကောင် ဘာငိုင်နေတာလဲ၊ သွားချင်သွားတော့”“တင်ပါ့..”ဆိုပြီးသူဆက်ရပ်နေမိသည်။ “တင်ပါ့ဆို သွားလေကွာ၊ဘာလုပ်နေတာလဲ၊ ဒီကောင် ငေါင်တောင်တောင်နဲ့” “ခင်ထားခင်ထား”သူ့နှုတ်မှ အထစ်ထစ် အငေါ့ငေါ့နှင့်“ခင်ထား တပည့်တော်ဖိနပ်တစ်ဖက် မှားစွပ်သွားလို့ပါဘုရား”
ရှက်ရှက်နှင့် လှည့်ပြေးသွားသောခင်ထား၏ ၀တ္တီပါဖိနပ်လေးနှင့်သူ့သားရေဖိနပ်အနက်တို့ကမြေပြင်မှာယှက်လျက် ဆရာတော်က ဖိနပ်နှစ်ဖက်ကို လှမ်းကြည့်သည်။ ပြီးတော့“ဒါများကွာ မင်း လိုက်သွားပြီး လဲလိုက်ပါ” “တင်ပါ့ ”ဆိုပြီးဘုန်းကျော်ယောင်နနနှင့် ဆက်ရပ်နေမိသည်။ ဆရာတော်က ခဏနေတော့ မျက်မှောင်ကြုတ်ပြီး ၊“သွားလေကွာ၊ ဘာလုပ်နေတာလဲ”ဟု ဆိုတော့မှ“တင်…တင်ပါ့ဘုရား”
ဘုန်းကျော်မြေပြင်ပေါ်မှဖိနပ်နှစ်ဖက်ကိုကောက်ကိုင်လိုက်မိတော့သည်။
#အကျော််််တစောနဲ့ပြောလို့မကုန်ပေါင်
#သန်းမြင့်အောင်
Keep Reading