အက္ခရာ - Haruki
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းဟာ အောင်မြင်ဖို့အတွက် အရေးကြီးဆုံးအရာလို့ ကျွန်တော်မှတ်ယူထားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုတာဘာလဲ။ ဟုတ်ကဲ့.... ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ်ဆိုတာ ကိစ္စတစ်ခုကိုဆောင်ရွက်ရာမှာ အောင်မြင်မှုရမယ်လို့ယုံကြည်ခြင်း၊ မိမိလိုချင်တာ ဖြစ်ချင်တာကို ရအောင်ကြိုးပမ်းရာမှာ သေချာပေါက်ရမယ်လို့ ယုံကြည်ခြင်းဖြစ်ပါတယ်။ တချို့လူတွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကြပေမယ့် တချို့ မှာတော့ အဲဒီယုံကြည်မှုမရှိကြဘူး။ သူတို့ ဘာကြောင့်ကွာခြားတာလဲ။ ဘာက ကွာခြားသွားစေတာလဲ။
အဓိကအကြောင်းအရင်းကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိကြသူတွေဟာ ငယ်စဉ်တုန်းက သူတို့ကို အကောင်းမြင်စကားတွေပြောပေးပြီး အားပေးခဲ့ကြတဲ့ မိဘနဲ့ ပတ်ဝန်းကျင်အောက်မှာ ကြီးပြင်းခဲ့ကြရတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိသူတွေကတော့ ငယ်စဉ်က “မင်း လုပ်နိုင်မှာ မဟုတ်ပါဘူး”၊ “မင်း ဖြစ်ချင်တာတွေ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး” စတဲ့ သေးသိမ်တဲ့စေတဲ့၊ အားငယ်စေတဲ့ စကားတွေကို အမှုမဲ့အမှတ်မဲ့ ပြောတတ်ကြတဲ့ မိဘနဲ့ပတ်ဝန်းကျင်အောက်မှာ ကြီးပြင်းခဲ့ကြရလို့ပါတဲ့။
Self-confidence is a choice.
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုတာ ရွေးချယ်မှုတစ်ခုပါ။ အကယ်၍ စာဖတ်သူလေးဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကင်းမဲ့နေသူတစ်ယောက်ဖြစ်နေရင်လည်း စိတ်ဓာတ်ကျနေစရာလုံးဝမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဆိုတာ ရွေးချယ်မှုပါ။ အဲဒီယုံကြည်မှုရှိလာအောင် လုပ်ယူလို့ရပါတယ်။ ဒါကြောင့် စာဖတ်သူလေးမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတာဟာ မိဘနဲ့ပတ်ဝန်းကျင်တွေကြောင့်ဆိုပြီး သူတို့ကို အပြစ်တင်မနေပါနဲ့။ အတိတ်ကို အတိတ်မှာပဲ ထားလိုက်ပါ။ ပစ္စုပ္ပန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရလာအောင် လုပ်ယူဖို့ ဆုံးဖြတ်လိုက်ပါ။
ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် ဘယ်လိုလုပ်ယူရမလဲ။
စိတ်ပညာရှင်တွေက ပြောကြပါတယ်။ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်အရ မိမိကိုယ်မိမိ အကောင်းမြင်တဲ့စကားတွေကို ပြောပေးခြင်း၊ အကောင်းမြင်တဲ့ အဖြစ်အပျက်ပုံရိပ်တွေကို မျက်စိထဲမှာမြင်လာအောင်ရှုမြင်ခြင်း စတဲ့နည်းတွေနဲ့ လုပ်ယူလို့ရတယ်လို့ ပြောကြပါတယ်။
နောက်ပြီး ကျွန်တော် အောင်မြင်သူတွေရဲ့အင်တာဗျူးတွေကို နားထောင်ကြည့်တဲ့အခါမှာ သူတို့ အားလုံးနီးပါးက ခုလို စကားမျိုးကိုပြောခဲ့ကြပါတယ်။ “ကျွန်တော်ဟာ ကျွန်တော့်နယ်ပယ်မှာ ပင်ကိုယ်စွမ်းရည်နဲ့ ပါရမီပါသူတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်လုပ်နေတဲ့အလုပ်ဟာ အောင်မြင်မယ်။ ကျွန်တော်လိုချင်တာ ရကိုရမယ်လို့ ယုံကြည်နေခဲ့တယ်။ အဲဒီယုံကြည်မှုကို ကြိုးစားမှု၊ ဇွဲနဲ့ အရှုံးမပေးစိတ်ဓာတ်တွေနဲ့ ပေါင်းစပ်လိုက်လို့ ကျွန်တော် ခုလို အောင်မြင်ခဲ့တာပါ” ဆိုပြီးတော့ပါ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသူဟာ ကြိုးပမ်းအားထုတ်မှုလုပ်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကြိုးပမ်းအားထုတ်လည်း အောင်မြင်မှာမဟုတ်ဘူးလို့ သူတို့ယုံကြည်နေလို့ပါ။ ကြိုးပမ်းအားထုတ်မရှိမှတော့ ဘယ်မှာအောင်မြင်ပါ့မလဲ။ ဒါကြောင့် ဘဝမှာအောင်မြင်မှုရဖို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဟာ ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာကို ဒီကစာဖတ်သူလေးသဘောပေါက်ပြီလို့ ထင်ပါတယ်။
နောက်ပြီး ကျွန်တော်တို့မြန်မာလူငယ်တွေအနေနဲ့ အောင်မြင်မှုရဖို့ ဘွဲ့တွေ၊ ဒီဂရီတွေ၊ လက်မှတ်တွေ လိုတယ်ဆိုပြီး ယူဆနေကြတာဟာ အတော်စိတ်မကောင်းစရာပါ။ ကျွန်တော်အနေနဲ့ ဘဝမှာအောင်မြင်ဖို့ ဘွဲ့တွေ၊ ဒီဂရီတွေ၊ လက်မှတ်တွေလိုတယ်ဆိုတဲ့စိတ်ကို မမွေးမြူစေချင်ပါဘူး။ ဘွဲ့ဒီဂရီဆိုတာဟာ အောင်မြင်မှုရဖို့ထောက်ပံ့ပေးတဲ့
အစိတ်အပိုင်းလေးသာသာမျှသာဖြစ်ပါတယ်။ အဲ့အထောက်အပံ့မရှိလည်း ကျွန်တော်တို့ရဲ့အောင်မြင်မှုမလျော့သွားပါဘူး။
ဒါကြောင့် အောင်မြင်မှုရဖို့ ဘွဲ့ဒီဂရီရသူတစ်ယောက်ဖြစ်ရမယ်လို့ မယူဆပါနဲ့
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဟာ အသိဉာဏ်၊ လေ့ကျင့်မှု၊ ကျောင်းပညာအရည်အချင်းတွေထက် ပိုအရေးကြီးပါတယ်။ အဲဒါကို အချက်အလက်တွေနဲ့ ကျွန်တော်သက်သေပြပါမယ်။ ကျွန်တော်လေ့လာကြည့်သလောက် အမေရိကန်နိုင်ငံက မီလျံနာသူဌေးအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းဟာ ကောလိပ်မတက်ခဲ့ဖူးကြပါဘူး။ ၂ဝဝ၃ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာရှိကြတဲ့ ဘီလျံနာသူဌေး ၂၂၂ ယောက်မှာ ၂၁ ယောက်ဟာ ကောလိပ်က ဘွဲ့ဒီဂရီ ကို မရခဲ့ကြပါဘူးတဲ့။ အဲ့ထဲက ၂ ယောက်ဆိုရင် အထက်တန်းကျောင်းတောင် ပြီးအောင်မတက်ခဲ့ကြပါဘူး။
ကျွန်တော့်အနေနဲ့ ပညာရေးနဲ့ လေ့လာသင်ယူမှုဟာ ဘဝမှာအောင်မြင်မှုရဖို့အတွက် အရေးကြီးတယ်ဆိုတာကို ဝန်ခံပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက ပိုပြီး အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ ပညာတွေ အများကြီးတတ်ပြီး ကိုယ့်ကိုယ်ကိုယ် မယုံကြည်သူဟာ ဘ၀မှာအောင်မြင်မှုရမယ်လို့ ကျွန်တော်မထင်ပါဘူး။
ဘွဲ့ဒီဂရီမရှိဘဲ အောင်မြင်ခဲ့ကြသူများ
အင်တာနက်ကုမ္ပဏီ Oracle ကို တည်ထောင်ခဲ့ပြီး CEO ဖြစ်လာသူ လယ်ရီအယ်လီဆန် ဟာ အီလီနွိုက်တက္ကသိုလ်မှာ တက်နေရင်း ဘွဲ့မရခင်မှာ ကျောင်းထွက်ခဲ့တယ်။ အခု ကျွန်တော် ဒီဆောင်းပါးကိုရေးနေချိန်မှာ သူ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁၅၅ ဘီလီယံဖြစ်နေပါပြီ။ နောက်တစ်ယောက်က ဘီလ်ဂိတ်ပါ။ သူလည်း ဟားဗတ်တက္ကသိုလ် တက်နေရင်း ကျောင်းထွက်လိုက်ပြီး ကွန်ပျူတာကို ဇောက်ချလုပ်တယ်။ Microsoft ကုမ္ပဏီကို ထူထောင်လိုက်တယ်။ ယနေ့ သူဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီး လောလောဆယ် သူ့ရဲ့ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ ၁၃၀ ဘီလီယံဖြစ်ပါတယ်။ အမေရိကန်ဒုသမ္မတဟောင်း ဒစ်ချေနီ (Dick Cheney) လည်း ကောလိပ်တက်နေရင်း ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ခဲ့သူပါ။
ယနေ့ ကမ္ဘာပေါ်မှာ ကြီးပွားအောင်မြင်နေကြသူတွေ၊ ရုပ်ရှင်တစ်ကားရိုက်ရင် ဒေါ်လာ သန်း ၂ဝ လောက် ရနေကြတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ အောင်မြင်ကျော်ကြား ဝင်ငွေကောင်းနေကြတဲ့အနုပညာသည်တွေ၊ အားကစားသမားတွေ၊ တေးဂီတပညာရှင်တွေ အတော်များများဟာလည်း ကောလိပ်ကဘွဲ့မရခင် ကျောင်းထွက်ခဲ့ကြသူတွေ၊ ကောလိပ်မတက်ဖူးကြသူတွေ အတော်များပါတယ်။
ဒါကြောင့် ဒီကစာဖတ်သူလေးလည်း ပညာမတတ်လို့ ဘွဲ့မရလို့ဆိုပြီး စိတ်ပျက်အားငယ်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိရင် သူတို့လိုအောင်မြင်မှုရနိုင်တယ်ဆိုတာကိုသိပြီး အစွမ်းကုန်ကြိုးစားလိုက်စမ်းပါ။
Haruki
Keep Reading