ဂျာနယ်ကျော် မမလေး
ခုနစ်ရက်လည်၍ ရှစ်ရက်မြောက်သော ညတွင် မသာအိမ်၌ ခြောက်နေလေ၏။ မနေ့ညက ဖဲဝိုင်းမှဆူညံကြသည့် အသံဗလံများသည် အာရုံ ပျက်ပြားလောက်အောင်၊အိပ်မရအောင်အနှောင့်အယှက်ဖြစ်သည်ဟုထင်ခဲ့သည်။ ခြောက်ကပ်သွားသော ဤညကျမှ အဖော်ပြုစရာအသံများ မရှိတော့သဖြင့် ဦးသာဖူးသည်တစ်ကိုယ်တည်း ဘဝကို ချောက်ချားလာလေသည်။တစ်ကိုယ်တည်းပါကလား ဟု အားလျော့စိတ် ပိုများလာသည်။
ကြာလေ...ကြာလေ တိတ်ဆိတ်လွန်းသဖြင့် ဦးသာဖူးသည်ရင်ဖိုမိလေတော့သည်။နေမထိထိုင်မသာဖြစ်သလိုအသက်ရှူကျပ်လာချေ၏။ ဘယ်ကမျှ အသံမရှိ၍ ကိုယ့်အသံကိုယ် ပြန်၍ အဖော်လုပ်လိုက်ရသည်။ဦးသာဖူးသည် လည်ချောင်းထဲမှ ညှစ်ထွက်လာသော ချောင်းဟန့်သံသည်တစ်ကြိမ်မက နှစ်ကြိမ် သုံးကြိမ် ဆင့်ထွက်လာသည်။ အသံပြုပြီး ဘယ်ဘက်မှ ညာဘက်သို့ စောင်းလိုက်လေသည်။ ခဏတစ်ဖြုတ် မျက်စိကို ဖွင့်လိုက်ပြီးလျှင်ပြန်၍မှိတ်လိုက်၏။
မျက်စိ မှိတ်ထားခြင်းဖြင့်လည်း စိတ်ကို ငြိမ်ငြိမ်ထား၍မရအောင်ဖြစ်နေလေသည်။ မငြိမ်ရာက နောက်လာလေသည်။ ခါတိုင်း ညဥ့်နက်သန်းခေါင်လောက်တွင်ချောင်းတစ်ချက် ဟန့်လျက် ဘယ်ပြန် ညာပြန် လူးလိုက်သည်နှင့် တစ်ချက်တည်းနံဘေး၌ အိပ်နေသော ဒေါ်သီသည် နိုးတတ်လေ၏။
“ကိုသာဖူး ဘာဖြစ်သလဲ၊ရှင့်ခြေထောက်ကိုက်နေလို့လား” ဒေါ်သီသည် ငေါက်ခနဲ ထထိုင်လိုက်ကာ ခြေထောက်ကို ကိုင်စမ်းရင်း ထိတ်ထိတ်ပျာပျာမေးတတ်သည်။ စောင်ခြုံထဲမှ ခြေဖျားကို ကိုင်စမ်းကြည့်ကာအေးသည်ထင်လျှင် စောင်တွေနှင့် ထပ်ထွေးပေးတတ်သည်။ဒူးဆစ်ကိုက်ခဲလာ၍မသက်မသာဖြစ်လာပါကအချိန်မတော်ရေနွေးထကျိုလေသည်။သက်သာအောင်ရေနွေးအိတ်နှင့်ကပ်ပေးနေသည်မှာ မိုးစင်စင်လင်းသွားသည့်ညများပင် ရှိလေ၏။
“ အင်မတန်မှ စိတ်ကောင်းရှိတဲ့ မယား၊ အင်မတန်မှကြင်နာပြုစုတတ်တဲ့ မယား၊ ဒီ မယားမျိုးရှာမှ ရှားပါတကား” မျက်စိမှိတ်လျက် ဒေါ်သီ့အကြောင်းကို ပြန်စဉ်းစားရင်း ရင်ထဲ၌ တလှပ်လှပ်ဖြစ်သွားလေသည်။တလှပ်လှပ်ဖြစ်ဆဲမှာပင်အခုတော့“ဒေါ်သီမရှိပြီ” ဟူသော အသိသည် ချုပ်တည်းထိန်းသိမ်း၍ မရအောင် ရင်ဝ၌ တစ်ဆို့သွားပြန်လေ၏။
ဦးသာဖူးသည်သေခြင်းသေလျှင် သူကသာ အရင်သေလိမ့်မည် ဟု ထင်နေသည်။ အသက် ၅၈ နှစ်ထဲသို့ ရောက်လာကတည်းက တစ်နေ့ တခြား ချူချာလာတော့လေသည်။ဒူလာရောဂါစွဲကပ်လျက်ဒူးတစ်ခါနာလျှင်လေးငါးဆယ်ရက်မထနိုင်ဘဲလဲနေတတ်သည်။ဦးသာဖူးအတွက် ဒေါ်သီမှလွဲ၍ တစ်အိမ်လုံးဘယ်သူနှင့်မျှမဖြစ်။အနားတွင် ဒေါ်သီ အမြဲရှိမှသာဖြစ်သဖြင့် ဒေါ်သီသည် မိုးလင်းက မိုးချုပ် ဦးသာဖူး၏ ဝေယျာ ဝစ္စများနှင့်ပင် မအားလပ်ရအောင် အချိန်ကုန်ရသူ ဖြစ်လေသည်။
ဦးသာဖူးမှာဇီဇာလည်းကြောင်၏၊စနစ်လည်းကြီး၏၊အသန့်အပြန့်ကိုအလွန်ကြိုက်သည်။အသက်၅၈နှစ်ထဲ ရောက်သော်လည်း နေ့စဉ် ကိုယ်လိမ်း ပေါင်ဒါလိမ်းရမှ၊ အိုဒီကလုံးရေမွှေးကလေး ဆွတ်ရမှ စိတ်လက်ကြည်လင်ချမ်းသာသည်။ သူ့၌ အမြဲတမ်းရှပ်အင်္ကျီနှစ်ဒါဇင်လောက်အသစ်ရှိရ၏။ရိုးကုမ္ပဏီကပိတ်စကိုဝယ်ချုပ်မှကြိုက်လေသည်။ သူ့အဝတ်အစားများကို ဒေါ်သီကိုယ်တိုင်လျှော်၍ ဒေါ်သီကိုယ်တိုင် မီးပူတိုက်ပေးမှ ဝတ်သည်။
ဦးသာဖူးကိုကြည့်လိုက်လျှင်ခေါင်းတုံးဆံတောက်၊ဆံပင်ဖြူဖြူ၊ကျောက်ပေါက်မာသက်သက်၊အသားမည်းမည်း၊အရပ်ပျပ်ပျပ်၊ နှုတ်ခမ်းမွေးရေးရေးရှိသောသူ့ရုပ်ကို နောက်မှ သာမန်အားဖြင့် ကြည့်မိရှုမိကြမည်။ ကော်လာနှင့်အရောင်နုနု၊ပထမတန်းအမျိုးအစား ရှပ်လက်ရှည် ခေါက်ရိုးကျကျဝတ်လျက် ပလေကတ် အဖြူစိမ်းပြာကွက်လုံချည်ဒိုဘီကျနှင့် လည်ကုပ်စပ်နှင့် လည်ပင်းစပ်မှပေါင်ဒါမှုန့်အစအနများကိုအလျင် မြင်မိ ကြည့်မိကြမည်သာတည်း။
အသန့်ကြိုက်၊အနုကြိုက်၊အကောင်းကြိုက်မင်းသားလိုကြော့မော့နေအောင်နေတတ်ထိုင်တတ်သော ဦးသာဖူးကို ဒေါ်သီသည် သူ့အလိုလိုက်လျက်၊ သူ့ အကြိုက်သိလျက် ဝတ်ရာစားရာနေရာတကာ၌ သူ့စိတ်တိုင်းကျဖြစ်အောင် ဂရုတစိုက်စောင့်ကြပ် လုပ်ကိုင်ပေးတတ်သည့် နေရာတွင် ဘယ်မိန်းမနှင့်မတူအောင် ရှာမှရှားပါပေ၏။
ဝေယျာဝစ္စများပြီး၍ ညအိပ်ရာဝင် စိပ်ပုတီးစိပ်နေခိုက်၌ပင် ဖြောင့်ဖြောင့်မစိပ်နိုင်။ ဟောလစ်၊ ထောပတ်၊ နွားနို့၊ ကြက်ဥ၊ ပေါင်မုန့်၊ ငှက်ပျောသီးမပြတ်တမ်းရှိရသောဦးသာဖူး၏အစားအစာတွေထဲမှမနက်စောစောအတွက် တစ်မျိုးမျိုးကို စိတ်ရောက်သွားတတ်၏။
ဦးသာဖူး ခါးနာ၍သော်လည်းကောင်း၊ ဒူးနာ၍ သော်လည်းကောင်း မထနိုင်ဘဲ အိပ်ရာထဲ လဲနေသည့်အခါများ၌ ဒေါ်သီသည် စိတ်ကို တစ်တောင်လောက်ရှည်ထားရလေသည်။မျက်နှာကိုလည်း ပျားရည်ဆမ်းထားသလို ချိုနိုင်သမျှ ချိုထားရလေသည်။ “ကိုသာဖူး၊ ကိုသာဖူး” ဟု ဒေါ်သီ၏ပါးစပ်ဖျားတွင် တစ်ဖူးတည်းဖူးရပြီးလျှင် အောက်ယို့ယုယသောနှစ်သိမ့်သံကလေးဖြင့် လူနာစိတ်ကြိုက် စွမ်းဆောင်တတ်သူလည်း ဖြစ်၏။ ထိုအခါမျိုးတွင်ဦးသာဖူးသည် နေကောင်းစဉ်ကထက်ကြေးထူလှသည်။ မျက်နှာသစ်ပေးလည်း ဒေါ်သီ၊ အစာကျွေးလည်း ဒေါ်သီ၊ နောက်ဖေး အညစ်အကြေးကအစ ဒေါ်သီမှာ အနားကမခွာ အမြဲမပြတ် စောင့်ပြုစုလုပ်ကိုင်ပေးနေရသည်။
ဒေါ်သီချက်သည့်ဟင်းမှလည်း တစ်သက်လုံးစားဖြစ်သည်။ ကော်ဖီဖျော်သည်ကစ လက်ရာပြောင်းသွားလျှင် သောက်မကောင်းတော့ပေ။ ဒေါ်သီ ခဏတစ် ဖြုတ်မအားလပ်ခိုက်သားသမီးများကဒေါ်သီကိုယ်စားခြေထောက်ကို ရေနွေးအိတ် ကပ်ပေးကြသောအခါ ဒေါ်သီမဟုတ်၍ စိတ်တိုင်းမကျပေ။
လူမမာတစ်ဖက်နှင့် မည်မျှပင် ပင်ပန်းနေနေ ဒေါ်သီမှာ အစားမပျက်၊ အဝမပျက် ခေါင်းချတာနှင့် အိပ်ပျော်တတ်သည်။ လူနာစောင့်ရ၍ခေါင်းမချသာလျှင်ထိုင်လျက်၊ မှီလျက်ဖြင့်လည်း အိပ်ပျော်အောင်အိပ်တတ်သူဖြစ်သည်။ကျန်းမာရေးကောင်းသူဖြစ်၍ ဒေါ်သီကို ဖြုန်းခနဲ သေသွားလိမ့်မည်ဟု မည်သူကမျှ မထင်ကြချေ။ညနေဘက်လေဖြတ်လဲကျသွားရာမှ တစ်ညလုံးသတိမရဘဲ နောက်တစ်နေ့မနက်တွင် အသက်ပျောက်သွားလေ၏။
သေခြင်းသေ သူသာ အလျင်သေလိမ့်မည်ဟု ထင်နေသော ဦးသာဖူးသည် မဆည်နိုင်အောင် အပူမီးကြီး တောက်သွားလေ၏။ “မင်းမရှိရင် ငါ ဘယ်လိုနေရမလဲ”ဟု မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရလေသည်။ဦးသာဖူးသည်မျက်စိမှိတ်ထားသော်လည်း ဒေါ်သီကို မြင်နေရသည်။ အဖုံဖုံ အနည်းနည်း မြင်နေရသည်။ မိမိက အသက် ၁၈နှစ်၊ဒေါ်သီက၁၆နှစ်အရွယ်လူငယ်ချင်း ချစ်ကြိုက်ပြီးလူကြီးတွေကမြန်မြန်ဆန်ဆန်ပေးစားလိုက်သည်။
အသားဖြူဖြူ ပိန်ပိန်ပါးပါး၊အိမ်ထောင်ပြုစက ဒေါ်သီ၏ ပုံသဏ္ဌာန်။ အသက် ၁၈ နှစ်အရွယ်၊ ကလေးနှစ်ယောက်အမေ ဖြစ်လာသော ဒေါ်သီ၏ ပုံသဏ္ဌာန်၊ ကလေး ၁၂ ယောက်မွေးပြီး ဝဝဖိုင့်ဖိုင့်ကြီးဖြစ်လာသော ဒေါ်သီ၏ ပုံသဏ္ဌာန်၊ ဦးသာဖူး၏ မျက်စိရှေ့တွင်ဒေါ်သီ၏ပုံသဏ္ဌာန်တွေကိုပုံအမျိုးမျိုးပြောင်းမြင်မိနေသည့်အနက်မှလင့်အကြိုက်လိုက်၍လင့်အလိုကျဖြစ်အောင် နှိမ့်ချချိုသာထားသော ဒေါ်သီ၏ မျက်နှာအမူအရာများသည် အရွယ်အမျိုးမျိုး ရုပ်ပုံအသီးသီး၌ပင် ထင်ပေါ် လျက်နေပါပေ၏။. ဒေါ်သီ၏ စိတ်ကောင်းပုံ၊ သဘောကောင်းပုံ၊မနေတတ်ပုံ၊ကြင်နာတတ်ပုံစသည့် ဒေါ်သီ၏ အကြောင်းတွေ မမေ့နိုင်စရာ တစ်ပုံတစ်ခေါင်းကြီးထဲမှ သူမတူအောင်အချက်အပြုတ်ကောင်းပုံမှာ အမှတ်ရစရာအကောင်းဆုံးဖြစ်လေ၏။
ခံတွင်းပျက်၍ စားမကောင်းလျှင် စားကောင်းအောင်ဖွယ်ဖွယ်ရာရာ လုပ်တတ်ပါပေသည်။ ဦးသာဖူးသည်ဒေါ်သီ၏အကြောင်းတွေကိုစားမြုံ့ပြန်တွေးရင်း တွေးရင်းပင် ရင်ထဲ ပူလောင်လာလေသည်။ ပူလောင်နေရာမှ “ဒေါ်သီမရှိတော့ ခက်ပြီ” ဟု ဟာသွားပြန်လေသည်။ဦးသာဖူးအတွက် ဒေါ်သီမရှိလျှင် အခက်ကြီးခက်မည်မှာသေချာပေသည်။ဦးသာဖူးမှာမိုးတွင်းတွင်လည်း မိုးတွင်းဖြစ်၍ နေမကောင်းတတ်ပေ။ဆွယ်တာလည်ပတ်နှင့် ခြေအိတ်စွပ်လျက် အိပ်ရာဖြူဖြူဖွေးဖွေးပေါ်တွင် စောင်ကြီးတွေနှင့် ထွေးပေးထားရ၏။
နွေအခါကျပြန်လည်း နွေအခါမို့ နေမကောင်းတတ်ပေ။သနပ်ခါးရည်ကျဲကလေးလူးပေးကာဂျာစီရှန်သားလည်ဟိုက်လက်ပြတ် အင်္ကျီပါးပါးဝတ်ပေးလျက် အနားကွပ်သော သင်ဖြူးဖျာချောချောကလေးပေါ်တွင်လှဲစေကာ ဒေါ်သီမှာ ယပ်တောင်တစ်ချောင်းနှင့်ထိုင်ကာ ယပ်ခတ်ပေးနေလေ၏။ ဆောင်းဝင်ပြန်တော့လည်း တစ်ဆောင်းတွင်းလုံး နေကောင်းသည်မရှိ။ရေနွေးနှင့် ရေအေးစပ်၍ ရေချိုးပေးပြီး အလုပ်အားလပ်သွားသော အခိုက်အတန့်အချိန်ကလေး၌ပင် ခြေဖျားလက်ဖျားဆုပ်ပေးနေရလေ၏။
ရာသီဥတုများပြောင်းသွားတိုင်း တစ်မျိုးမဟုတ်တစ်မျိုး ချူချာခြင်း ဖြစ်တတ်၏။ ၁၂ ရာသီစလုံး နေမကောင်းသော ဦးသာဖူးကို ကြည့်လျက် “ဦးသာဖူးတို့မမာရတာကလည်း ဇိမ်ပါပဲလား” ဟု အိမ်နီးနားချင်းများက ပြောကြလေသည်။ ဒေါ်သီသည် ဦးသာဖူးကို ၁၂ ရာသီစလုံး အရိပ် တကြည့်ကြည့်နှင့် စိတ်ရှည်ရှည်ထား၍ ပိုးမွေးသလို မွေးနေရ၏။
ယခုဒေါ်သီမရှိသည့် နောက်ပိုင်း၌ ဘယ်လိုမမာ၍ညဘယ်သူပြုစုမည်ကို ရှေ့ဆက်မတွေးဝံ့တော့ချေ။ ဦးသာဖူးမှာစွမ်းအားလျော့ပြီး စိတ်ဓာတ်ကျလျက် ပူပန်သောကရောက်နေစဉ် ဒူးနှစ်ဖက်က နာချင်သလိုလို ကျဉ်ချင်သလိုလို ဖြစ်လာလေသည်။ ဦးသာဖူးသည် တကယ်နာတာလား၊စိတ်ကထင်တာများလားဟု ရုတ်တရက် မခွဲခြားနိုင်သေးသဖြင့် ပူပင်သောကများကို ရပ်ကာ နာသည့် နေရာကို အာရုံစိုက်ကြည့်လိုက်သည်။
စိတ်ကထင်လို့မဟုတ်ဘဲတဖြည်းဖြည်းနာနေမှန်းသိလာလေသည်။တော်တော်ကြာလျှင်သည်ထက်ပိုနာတော့မည်။သည်ထက် ပိုကိုက်လာတော့မည်။“အမယ်လေး…ခုမှခက်ပါပြီ၊မသီရေ…မသီရဲ့”ဦးသာဖူးသည်မရှူနိုင် မကယ်နိုင်သဖြင့် ရှိုက်ငင်လိုက်ပြီးနောက် ကယောင်ချောက်ချားဖြစ်လျက် ချောင်းကို ညှစ်ပစ်ဆိုးလိုက်လေ၏။
(၂)
အိမ်ပေါ်ထပ်မှဦးသာဖူး၏ချောင်းဆိုသံကြားသဖြင့်ဦးသာဖူး၏သမီးအကြီးမလှသင်သည် အိပ်ရာမှငေါက်ခနဲထလိုက်လေသည်။ အိပ်ရာထဲ ဝင်လှဲနေရသော်လည်း မလှသင်မှာ တစ်ရေးမျှမပျော်ချေ။အမေ မရှိတော့သည့်အတွက် ရှေ့ရေးကိုသာ အတောမသတ် ပူပန်ရလေသည်။
မောင်နှမရှစ်ယောက် ကျန်ရစ်ခဲ့သည်။ မိမိက အကြီးဆုံးမို့ မီးခိုးမဆုံး အကုန်လုံးအတွက် လိုက်ပူမိလေသည်။ ဦးသာဖူးချူချာလာမှမလှသင်သည်သူ့အောက်ကမောင်ပါနှင့်မောင်နှမနှစ်ယောက်ဦးစီးပြီးစီးပွားရေးတာဝန်ကိုယူနေကြရသည်။အငယ်ခြောက်ယောက်မှာ ကျောင်းနေကြသည့်အရွယ်၊ လူလားလည်း မမြောက်ကြသေးပေ။
မလှသင်သည်ဖြုန်းခနဲအမေဆုံးသွားသဖြင့်အပူကြီးပူလိုက်ရလေ၏။ အမေသေ၍ အပူကြီးပူရသည်ကတစ်ဖက်၊ အမေ့နေရာတွင် လူစားမရှိသည့် အိမ်အတွက်ကတစ်ဖက်ဖြင့်အဘက်ဘက်မှလျှောက်၍ ပူပင်သောက ရောက်နေရှာသည်။မလှသင်မှာ အိမ်ထောင်မပြုဘဲ အပျိုကြီးဘဝနှင့် နေလာခဲ့ရာ အသက် ၄၀ပြည့်သွားချေပြီ။ ဒေါ်သီအသက် ၁၇ နှစ်အရွယ်က မလှသင်ကို မွေးခဲ့၏။ သမီးနှင့်အမေမှာ ညီအစ်မကဲ့သို့ ဖြစ်နေကာ အမေကို အစ်မဟုလည်း ခေါ်၏။
ဒေါ်သီအသက်၅ဝကျမှကလေးအမွေးရပ်သွားသည်။ကလေးတစ်မြုံတစ်ခေါင်းကြီးကို သူကအကြီးဆုံးမို့တစ်ယောက်ပြီး တစ်ယောက် ထိန်းကျောင်းခဲ့ရလေ၏။ သားသမီး ၁၂ ယောက်မွေးဖွားသည့်အနက် လေးယောက်ပျက်စီးကာရှစ်ယောက် ကျန်ရှိလေ၏။
ဒေါ်သီ၏ တစ်သက်တာလုံးချက်ရေးပြုတ်ရေးနှင့် ဦးသာဖူး၏ ဝေယျာဝစ္စများဖြင့်သာ အချိန်ကုန်နေရသူဖြစ်သဖြင့် မွေးသမျှ ကလေးတွေကိုမလှသင်ကတစ်ယောက်ပြီးတစ်ယောက်ကောက်ထိန်းကာသားသည်အမေတစ်ပိုင်းဖြစ်ခဲ့ရလေ၏။မလှသင်သည် ကလေးတွေလက်ကလွတ်မှဈေးထဲတွင် အထည်ဆိုင် ထွက်သည်။မလှသင်အောက်ကမောင်ပါကို၁၀ တန်းအောင်ပြီး မိန်းမပေးစားခိုင်းလိုက်၏။မောင်ပါ၏ မိန်းမအလှကိုအမေနှင့် အဖော်ရအောင် အိမ်တွင်နေကြပါဟု သူပင်နေရာချပေးလိုက်သည်။
မနက်စောစောအလှက ဈေးဝယ်ရသည်။ဒေါ်သီနှင့်အလှတို့ကချက်ကြသည်။ သူက ဆိုင်ထွက်၊ မော်ငပါက ဆန်စက်သွားရ၏။ စက်ထဲသို့ ဦးသာဖူးမသွားနိုင် မလာနိုင်ဖြစ်မှ ညနေ ဆိုင်သိမ်းပြီး စက်သို့လိုက်သွားကာ စာရင်းရှင်းငွေသိမ်းပြီးမှ မောင်ပါနှင့် ပြန်ခဲ့ကြရာ နေဝင်မိုးချုပ်မှ အိမ်ပြန်ရောက်လေ၏။ မောင်ပါအောက် ယောက်ျားကလေးသုံးယောက် ရှိ၏။ အနီ၊ အကျား၊ အဗိုတို့မှာ ဆယ်တန်း၊ရှစ်တန်း၊ ခုနစ်တန်းရောက်ကြသေးသည်။ ရင်ရင်၊ ခင်ခင်နှင့် အပုတို့မှာလေးတန်း၊ ငါးတန်း၊ ခြောက်တန်း၊ မလှသင်သည် အမေနဲ့ကလေးတွေနဲ့ မနိုင်ပါဘူးဆိုကာ ငယ်ငယ်ကပင်သူ့သဘောနှင့်သူကျောင်းထွက်လိုက်သည်။
၁၂နှစ်သမီးအရွယ်လောက်ကပင် တစ်အိမ်လုံး သူ့လက် သူ့ခြေဖြစ်ကာ ငွေကိုင်၊ သော့ကိုင်၊ သေတ္တာမှောက် ဖြစ်လာလေ၏။သမီးအကြီးဆုံးမို့အိမ်တွင် သူအချုပ်၊သူအခရာ၊ သူ့ဩဇာကြီးသည်။မလှသင် အပျိုဖြစ်လာလျှင်ဒေါ်သီပင်သူ့ဩဇာကို မလွန်ဆန်ရဲတော့ချေ။ သူ မသိဘဲ မလုပ်ဝံ့၊ သူ့မပြောဘဲ မပေးဝံ့၊ သူမကြိုက်လျှင် မစီစဉ်ဝံ့၊ တစ်အိမ်လုံး ဦးသာဖူးကလွဲ၍ အရေးပါသူမှာ မလှသင် ဖြစ်နေလေသည်။မောင်နှမတွေအပေါ်၌ အကြီးဆုံးလုပ်ရသဖြင့် အစားသာညှာသည်၊ အဝတ်သာညှာသည်၊ဘယ်သူ့အပေါ်မှာမှ မျက်နှာသာမပေးချေ။အားလုံးကအမေကိုအရုပ်လိုမှတ်ကြပြီးမလှသင်ကိုကြောက်ကြရသည်။မလှသင်မျက်လုံးတစ်ချက်ပြူးကြည့်လိုက်ရုံဖြင့်အငယ်တွေမှာ နေစရာ ထိုင်စရာမရှိအောင် ဖိမ့်ဖိမ့်တုန်နေကြလေသည်။
မလှသင် အသက်၂ဝ လောက်တွင် ဒေါ်သီက နေရာချပေးချင်သဖြင့် သမီးမျက်နှာသာခိုက် နားချကြည့်ဖူးသည်။”အမေကဟောတစ်ယောက် ဟောတစ်ယောက် မွေးနေတာ ကျွန်မလင်ယူလို့ဘယ်ဖြစ်မတုံး”မလှသင်က ငေါက်ဆတ်ဆတ် ပြန်ပြောပြီးကတည်းက သူ့အတွက် အိမ်ထောင်ရေးကို မတိုက်တွန်းဝံ့ဘဲ သည်အတိုင်း ကြည့်နေရလေ၏။
အပေါင်းအဖော်များနှင့် အိမ်ထောင်ရေးအကြောင်း စကားစပ်လာလျှင်“ကလေးဆယ့်တစ်ယောက် ကြည့်ခဲ့ရလို့ ကျွန်မတော့ လင်စိတ်သားစိတ်ကုန်ပါပြီရှင်”ဟုပိတ်ပြောတတ်ကာ အိမ်ထောင်မပြုဘဲ အသက် ၄၀ ပြည့်လာခြင်း ဖြစ်လေ၏။ အိမ်ပေါ်ထပ်မှ ဦးသာဖူး၏ ချောင်းသံကို နားစွင့်ပြီး မလှသင်သည်သက်ပြင်းကြီးချလိုက်ကာ ဆေးလိပ်ကောက်ညှိလိုက်သည်။ “အဖေ့အတွက်က တစ်ခက်”ဟုညည်းလျက် ဆေးလိပ်ကို အတွင်သာ ဖွာသောက်နေသည်။
Keep Reading