ဇေယျ
မီးရထားပေါ်မှ ရှုခင်း
လန်ဒန်မြို့မှ ထွက်စတွင် မီးရထားလမ်းမှာ ဘေးနှစ်ဖက်က ကုန်းမြင့်များရံနေ၍ ရန်ကုန်ပြည်လမ်းဘူတာမှ မစ်ရှင်လမ်းဘူတာအကြားကဲ့သို့ ရှိလေသည်။ ထိုမှလွန်သောအခါမူကားလမ်းဘေးနှစ်ဖက်လယ်လုပ်ခင်းများကို မြင်ရလေသည်။ ၄င်းတို့ လုပ်ခင်းများမှာ မြန်မာလယ်များကဲ့သို့ ကန်သင်းများမရှိ၊ အကွက်ကျယ်ကြီးများ ဖြစ်ကြသည်။ လုပ်ခင်းတစ်ခင်းနှင့်တစ်ခင်းအာချုံပင်ကလေးများ ညီညာလှပစွာ စီတန်းစိုက်ပျိုးထားကြလေသည်။ အလွန်သပ်ရပ်သဖြင့် လယ်နှင့်မတူဘဲဥယျာဉ်များနှင့်တူနေလေသည်။
တစ်နေရာတွင် လယ်ကွက်ကျယ်ကြီးတစ်ကွက်၌ မျက်စိတစ်ဆုံး စိမ်းစိမ်းစိုစိုတွေ့သဖြင့် ဂျုံခင်းလား၊ မုယောခင်းလားထင်၍ မေးကြည့်ရာ ဂျုံခင်း၊ မုယောခင်းမဟုတ်၊ မြက်ခင်းများဖြစ်နေသည်ကို သိရလေသည်။ ၄င်းတို့ အရပ်မှာ မြန်မာပြည်ကဲ့သို့ မြက်ကို ကွင်းထဲ ဆင်းရိတ်ရုံနှင့် အလကားမရ။ နွား၊ မြင်း၊ ဆိတ်၊ သိုး စသည်တို့အတွက် မြက်ကို စပါးစိုက် သကဲ့သို့ အထူးစိုက်ပြီးလျှင် ရိတ်သိမ်းထားရလေသည်။ အင်္ဂလန်ပြည်၌ တောင်သူလယ်သမားများမှာ စက်ဖြင့် ထွန်ယက်လုပ်ကိုင် သည်ဆိုသော်လည်း မြက်မှအစ လိုသမျှကို ဂရုတစိုက် စိုက်ပျိုးရသဖြင့် မြန်မာတောင်သူလယ်သမားများထက် သက်သာကြသည် မဟုတ်ချေ။
လန်ဒန်မြို့မှထွက်၍ ၄၅ မိနစ်ခန့်ကြာသောအခါ ရက်ဒင်းမြို့သို့ ရောက်လေသည်။ ၄င်းမြို့မှာ မြန်မာပြည်တောရောမြို့ပါ နှစ်နှစ်ခြိုက်ခြိုက် အဖိုးထိုက် အဖိုးတန်ထား၍ စားသုံးကြသဖြင့် လူတိုင်းလိုလိုသိသော “ဟန်တလေပါလမား”အစရှိသော ဘီစကွတ်မုန့်စက်ကြီးများတည်ရှိသည့် မြို့ဖြစ်ပေသည်။ “ဟန်တလေ-ပါလမား”ဘီစကွတ်စက်ရုံကြီးမှာမီးရထားလမ်း လက်ဝဲဘက်မနီးမဝေးတွင် တည်ရှိသည်။ ဆိုင်းဘုတ်ကြီး ထင်ရှားစွာတပ်ထားသည်။ အလွန်ကြီးမားသော အဆောက်အဦးကြီးဖြစ်သည်။ရက်ဒင်းမြို့အထွက် တောမကျ မြို့မကျ ဆောက်လုပ်နေထိုင်ကြသော တိုက်ကလေးများမှာ အလွန် လှပလျက် မွေ့လျော်ပျော်ဖွယ်ရာ ဖြစ်ပေသည်။
အောက်စဖို့ဘူတာရုံ
ထို့နောက် ကမ္ဘာကျော် တက္ကသိုလ်ကျောင်းကြီးတည်ရာ အောက်စဖို့ ဘူတာရုံသို့ ဆိုက်ရောက်ကြလေသည်။ ရထားပေါ်မှ ဆင်းလျှင်ဆင်းချင်းဘူတာထဲတွင် ပထမတွေ့ရသူမှာ ပေါ့ပီဒေး ပန်းနီပွင့်ကလေးများကို ဗန်းကလေးတစ်ချပ် နှင့် ခရီးသည်များကို ကြို၍ ရောင်းနေသော စေတနာ့ဝန်ထမ်း ကလေးမတစ်ယောက်ဖြစ်လေသည်။ ပေါ့ပီဒေးမှာ ကျွန်တော်တို့နှင့် မဆိုင်ချေ။ စစ်ကြီးအတွင်းက စစ်ပွဲ၌ကျဆုံးကြသော ဗြိတိသျှ စစ်သည်တော်များကို အထိမ်းအမှတ်ပြုသောနေ့ ဖြစ်လေသည်။ သို့သော် ကိုယ့်တိုင်းပြည် ကိုယ့်အမျိုးသားအတွက် အသက်ကို စွန့်လွှတ်သွားသော သူရဲကောင်းဟူသမျှကို ဖြူသည်ဖြစ်စေ၊ မည်းသည်ဖြစ်စေ၊ ကိုယ့်အမျိုးသား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ရိုသေလေးစားအပ်သည်ဟု နှလုံးသွင်း၍ မင်္ဂလာ ဦးဘသန်းနှင့်ကျွန်တော်တစ်ယောက်တစ်ပွင့်စီ စေတနာ ရှိသလောက်ပေး၍ဝယ်ယူလိုက်ကြလေသည်။
ဘလက်ဝဲစာအုပ်ဆိုင်
ဘူတာရုံအပြင်သို့.ရောက်သောအခါ ကျွန်တော်တို့လိုရာကို လိုက်လံပြသနိုင်သူ အောက်စဖို့တက္ကသိုလ်၌ ပညာ သင်ကြား နေသောဦးချစ်မောင်အား သွား၍ခေါ်ဦးမှ ဖြစ်မည်ဟုအကြံယူကြကာ ဦးချစ်မောင်နေသောဘက်ဒဖို့လမ်း တိုက်နံပါတ် ၁ သို့ သွားရောက်ကြလေသည်။ သို့သော် ဦးချစ်မောင်အား ၄င်း၏နေအိမ်၌ မတွေ့ချေ။ ထိုနေ့မှာ စနေနေ့ဖြစ်၍ ရက်အား ဖြစ်သည်။ ဦးချစ်မောင်မှာ စာပေလေ့လာ ကြိုးပမ်းသူဖြစ်၍ရက်အားများ၌ပင်အလကားမနေ၊၄င်းနေသော မော်ဒလိန်းကောလိပ်ပိဋကတ်တိုက်တွင် သွားရောက်လေ့လာ ကျက်မှတ်နေတတ်သည်ဟု သိရသောကြောင့် မော်ဒလိန်းကောလိပ်သို့ လိုက်သွားကြလေသည်။
ကောလိပ်ပိဋကတ်တိုက်သို့ရောက်၍ စုံစမ်းကြရာ ခါတိုင်းတော့ လာတတ်သည်၊ သို့သော် ထိုနေ့ မလာကြောင်း ပြောပြလိုက်၍ ပြန်ထွက်ခဲ့ကြရလေသည်။ ဦးချစ်မောင် လန်ဒန်မြို့သို့ သွားကောင်းသွားနေမည်။ ရှိစေတော့ လမ်းစခန်းမေးမြန်း၍ သွားကြမည်ဟုကြံကာ လမ်းမကြီးသို့မထွက်တော့ဘဲ လမ်းကြားကလေးတစ်သွယ်ကို လျှောက်လာခဲ့ကြလေသည်။ လမ်းက လေးမှာလူသွားလူလာမရှိ၊ရှင်းလျက်ရှိသည်။အတော်ဝေးဝေးသွား၍ အကွေ့တစ်ကွေ့ ရောက်မှ ကျောင်းသားလိုလိုလူရွယ်လူလတ်တစ်ယောက်ကိုတွေ့၍ “ဘလက်ဝဲ”စာအုပ်ဆိုင်ကို ဘယ်လမ်းက သွားပါသလဲဟုမေးရာ ထိုသူလည်း ရပ်၍-
“ဒီလမ်းအတိုင်းပဲ လျှောက်သွားပါ၊ တော်တော်သွားမိရင် လမ်းကျယ်တစ်ခုကို တွေ့ရပါလိမ့်မယ်၊ ၄င်းလမ်းကျယ်ကို လိုက်သွားပါ၊ တော်တော်သွားမိရင်“ဘရော့စထရိ”ဆိုတဲ့လမ်း ရောက်ပါလိမ့်မယ်၊ လက်ျာဘက်ကို ကွေ့၍လျှောက်သွားပါ၊ဘလက်ဝဲကိုရောက်ပါလိမ့်မယ်”ဟု ဂရုတစိုက် ရည်ရည်မွန်မွန် ပြန်ပြောလေသည်။ ကျွန်တော်တို့ကတော်တော်ဝေးသလားဟုထပ်၍မေးရာမဝေးပါဘူး၊လမ်းလဲမမှားနိုင်ပါဘူး၊ရှေ့တည့်တည့်ကိုသာ လျှောက်သွားပါ ဟုပြော၍“သိုင်းကျူး” ဆိုကာ ဆက်၍ လျှောက်လာခဲ့ကြလေသည်။ ၄င်းက “မဝေးလှဘူး”ဆိုသောစကားသည် မန္တလေး“တစ်ပြလောက်” နှင့် အတူတူဖြစ်နေသည်ကို တွေ့ရလေသည်။
သို့သော် လမ်းမူကား မမှားချေ။ နောက်ဆုံး“ဘရော့စတရိ”ရှိ ဘလက်ဝဲ စာအုပ်တိုက်ကြီးသို့ ရောက်သွားကြလေသည်။ တိုက်တွင်းသို့ ဝင်လိုက်သောအခါပထ မအထပ်၌ ကျောင်းသုံးစာအုပ်များနှင့် နောက်ဆုံးပေါ် ပညာရပ်အသီးသီးနှင့်ဆိုင်သော စာအုပ်များကိုတွေ့ရလေသည်။စုံစမ်းဝယ်ယူနေကြသောကျောင်းသားများနှင့် ကျွန်တော်တို့ကဲ့သို့ အရပ်သူအရပ်သားများမှာလည်း ဆိုင်ကြီးတစ်ဆိုင်လုံး ပြည့်နှက်နေလေသည်။စီခင်းထားသော စာအုပ်တန်းကြီးများနှင့် ဝယ်ယူနေကြသော လူတန်း ကြီးကိုမြင်ရသည်မှာ စာအုပ်ဆိုင်နှင့်မတူဘဲ ဈေးတန်းကြီးနှင့် တူနေလေသည်။
ကျွန်တော် ထိုဆိုင်ကြီးသို့ အထူးတလည် သွားသည့်ကိစ္စမှာ စာအုပ်သစ်များအတွက်မဟုတ်ဘဲ မြန်မာနိုင်ငံနှင့်သက်ဆိုင်သော ရှားပါးနေသည့် စာအုပ်ဟောင်းများကိုစုံစမ်းရန်ဖြစ်သောကြောင့် အောက်ထပ်ရှိ စာအုပ်များကို သာမန်မျှလောက်သာကြည့်ပြီးနောက် အရှေ့ပိုင်းဆိုင်ရာ စာအုပ်များရှိရာ တတိယအထပ်သို့ စုံစမ်း၍ တက်သွားကြလေသည်။ တတိယအထပ်မှာ အောက်ထပ်နှင့်မတူချေ။ ကျွန်တော်တို့ ရောက်သွားသောအခါစာအုပ်ဝယ်သူဆို၍ တစ်ယောက်မျှ မရှိ၊ ရောင်းသူလည်းတစ်ယောက်မျှမတွေ့၊ ကျွန်တော်တို့နှစ်ယောက်နှင့် စာအုပ်များသာ ရှိနေလေသည်။
သို့နှင့် စာအုပ်တန်းကြီးများကို လျှောက်၍ကြည့်ကြရာ အိန္ဒိယပြည်ဆိုင်ရာစာအုပ်များ၊တရုတ်ပြည်ဆိုင်ရာ စာအုပ်များ၊ အင်ဒိုချိုင်းနားဆိုင်ရာ စာအုပ်များ၊ ဂျပန်ပြည်ဆိုင်ရာ စာအုပ်များ၊သီဟိုဠ်ကျွန်းဆိုင်ရာ၊ တိဘက်ပြည်ဆိုင်ရာ၊ အာရပ် ပြည်ဆိုင်ရာ၊ပါရှားပြည်ဆိုင်ရာ စသည်ဖြင့် အာရှတိုက်ဆိုင်ရာ စာအုပ်အမျိုးမျိုးတို့ကို စာအုပ်စင်ကြီးများ ပေါ်၌ အတန်းလိုက် အတန်းလိုက် တွေ့ရလေသည်။ စာအုပ်များမှာလည်း လွန်ခဲ့သည့်နှစ်ပေါင်း၂ဝဝလောက်မှစ၍ ယခုနောက်ဆုံးအထိ ရိုက် နှိပ်လျက် မြန်မာငွေဖြင့် တစ်ထောင်တန် လောက်မှစ၍ ငါးမူးတန်လောက်အထိ ဖြစ်လေသည်။ ကြည့်ရင်းကြည့်ရင်းနှင့် နောက်ဆုံးတွင် မြန်မာနိုင်ငံနှင့်ဆိုင်သော စာအုပ်များထားသည့်အပိုင်းသို့ ရောက်သွားလေသည်။ တော်တော်ရှားနေသော စာအုပ်ဟောင်းများ အတော်အတန် တွေ့ရလေသည်။ ဘာသာမျိုးစုံနှင့် ရေးသားထားသော ဗုဒ္ဓဘာသာနှင့်ဆိုင်သော စာ အုပ်အများပင် တွေ့ရသည်။
အတန်ကြာမှ လူတစ်ယောက်ပေါ်လာ၍ ကျွန်တော်က စာအုပ်များကို လက်ညှိုးထိုးပြ၍ ဈေးနှုန်းမေးမြန်းရာ ကျွန်တော်က ဒီဌာနနဲ့ မဆိုင်ပါဘူး၊ ဒီဌာနနဲ့ဆိုင်တဲ့လူ အထက်ထပ်ကို ခဏတက်သွားပါတယ်၊ မကြာခင် ဆင်း လာပါလိမ့်မယ်၊ ခဏစောင့်ပါ၊ ကြိုက်သလိုလျှောက်ကြည့်ပါဟု ပြော၍ တစ်ဖက်ခန်းသို့ ကူးသွားလေသည်။
အပိုင်း၆ဆက်ရန်...
#ဇေယျ
Keep Reading