သန်းမြင့်အောင်
ဘုန်းကြီးကျောင်း၏ တောင်ဘက်ပိုင်း သဲချောင်း အနီး ဇာတ်စင်ဆောက်နေကြသည်မှာ တပျော်တပါးဖြစ်သည်။ မိုးတွင်းရေရလွန်းလျှင်လည်းညင်ညင်သာသာစီးဆင်းတတ်သော သဲချောင်းကလေးမှာ မိုးပြတ်သွားသည်နှင့် ခြောက်သွေ့နူးညံ့သော သဲဖြူမွမွကလေးများသာရှိတော့၍ အချို့ နေရာများတွင် လက်ယက်တွင်းကလေးများနှင့်အညာဒေသ၏အိုအေစစ်ကလေးလို ဖြစ်နေသည်။ရှားစောင်းပင်များ၊တမာပင်များနှင့်လေအဝှေ့မှာတမာရနံ့ကလေးများတစ်ချက်တစ်ချက်သင်းပျံ့လာတတ်သည်။ ကိုယ့်အရပ် ကိုယ့်ဒေသတွင်သာမြင်ရခဲသောမြင်ကွင်းကိုကြည့်ချင်မြင်ချင်၍မြနုရောက်လာတော့ ပွဲနေရာမဲနှိုက်မည့်အချိန်နှင့် ကွက်တိဖြစ်နေသည်။
ပွဲမဲနှိုက်သည့်အလေ့မှာ မြို့တွင် မတွေ့နိုင်။ မြနုတို့အညာရွာကလေးတစ်ဝိုက်တွင် တစ်ရွာမှာ တစ်နှစ်လျှင် တစ်ကြိမ်သာ ဘုရားပွဲလုပ်လေ့ရှိပြီးထိုအချိန်တွင် အငြိမ့်၊ဇာတ်တို့ လပြည့်(သို့)လပြည့်ကျော် တစ်ရက်စသည့် တစ်ညညတွင်သာ ပွဲခံအငြိမ့်ခံသဖြင့် ရွာသူရွာသားများမှာ တစ်နှစ်လုံး နေပူမရှောင် မိုးရွာမရှောင် လယ်ထဲယာထဲ ကျွဲနွားနှင့် ဖက်ရုန်းနေခဲ့ကြသည့် ပင်ပန်း နွမ်းနယ်သမျှကို သည်တစ်ညသာ ဖြေဖျောက်ပျော်ရွှင်ကြရသဖြင့် ဘုရားပွဲကို အမျှော်ကြီး မျှော်ကြသည်။ ထိုသို့ မျှော်ကြသည်မှာ ကာယကံရှင် ရွာသားများသာမဟုတ်၊ ပတ်ဝန်းကျင်ရွာများဖြစ်သည့် ဆည်၊သိမ်၊ ပျဉ်းပင်၊ ဈေးကုန်း၊ ထန်းငယ်တော၊ နှောတွင်း၊ ပြာပုံ၊အိုရင်းစသည့် ရွာများပါဖြစ်သည်။ရွာနီးနားချင်းတို့သည် အချင်းချင်းချစ်ခင်ကြသည်။ တစ်ရွာမှ ပျော်ပွဲရွှင်ပွဲကိုအခြားတစ်ရွာမှ ဝင်နွှဲလေ့ရှိသည်။ ထိုသို့သော ပွဲခံသည့်အခါများတွင် ရွာထဲရှိ အိမ်တိုင်းမှမိမိတို့နှင့် ပတ်သက်ရာရွာနီးချင်းမိတ်ဆွေသင်္ဂဟများကို မိမိတို့အိမ်မှ ဧည့်ခံရသည်။
အခြားရွာသို့သွားလျှင်လည်း ထိုသို့ပြန်လည် တာဝန်ကျေပွန်လေ့ရှိသည်။ပွဲခံသည့်အခါများတွင်ရွာခံကပွဲနေရာ ဦးပေးထားရပြီး ဧည့်သည်ကညနေခင်းကျမှလှည်းယဉ်တပ်ပြီး ကြော့ကြော့မော့မော့ လာပြီး ပွဲကြည့်ရသည့်ဓလေ့ရှိသည်။ညဘက်ပွဲကြည့်ချိန်တွင်ဇာတ်စင်နှင့် မလှမ်းမကမ်းမှာ လှည်းဝိုင်းကြီးနှင့် အလွန်ပျော်စရာဓလေ့ ဖြစ်သည်။ ထိုသို့ ဧည့်သည်ကိုဧည့်ဝတ်ပြု နေရာပေးနိုင်ရေးအတွက် အိမ်တိုင်းကဇာတ်စင်ဆောက်သည်နှင့် ပွဲနေရာဦးကြရသည်။ အ
ခြားအရပ်များလို ဦးရာလူစနစ်ဖြင့် မရ၊ပွဲကြည့်စင်၏ အရှေ့ဆုံးတောင်၊မြောက်၊ ဝဲ၊ ယာ၊ ရှေ့ဘယ်နှတောင်၊နောက်နားဘယ်နှကောင် စသည်ဖြင့်ကိုရွာထဲမှ လူအမည်များခေါ်၍ ကျောင်းရှိကိုရင်၊ဦးပဉ္စင်းတစ်ပါးပါးကမဲလိပ်ထည့်ထားသော မောင်းထောင်ခွက်ကို ကိုင်၍မဲနှိုက်ပေးသည်။မိမိအမည်ကျသည့်နေရာကိုရင်တထိတ်ထိတ်နှင့်ဇာတ်စင်ဘေးတွင်ဖျာလိပ်တွေကိုယ်စီနှင့်စောင့်နေကြပြီးနေရာကောင်းလျှင်တော့“ဟေး” ခနဲအော်၍တပျော်တပါးဖျာပြေးခင်းရသည့်မြင်ကွင်းမှာရွှင်လန်းတက်ကြွစရာ။
ထိုဇာတ်စင်နှင့်ခပ်လှမ်းလှမ်းအနောက်ဘက် တစ်နေရာတွင်တော့ရွာသားအချို့လှည်းသုံးလေးစီးနှင့်တောထဲမှဆူးတွေ ခုတ်သယ်ခဲ့ပြီး လေးဖက်လေးတန် ခြံစည်းရိုးကာသလို ပေ ၅ဝ ပတ်လည်လောက်ကို ၁ဝ ပေကျော်ကျော်မြင့်အောင် ကာရံပြီး အဖွင့်အပိတ် အပေါက်သေးသေးနှင့် “ဆူးထောင်”တစ်ခု ဆောက်နေကြသည်မှာလည်း ရွာဓလေ့တွင် ပွဲခံသည့်ညများတွင် အပျော်ကြူးပြီး မူးရမ်းကြသူများအတွက်တစ်ညတာ သိမ်းဆည်းသိုလှောင်ထားရန်နေရာ။ ဇာတ်စင်နှင့်အတူဆောက်၍ ဇာတ်စင်နှင့် အတူ ဖျက်ရသည့် ထိန်းသိမ်းရေးစခန်းငယ်။ ထိုစဉ်မှာပင် ဖုန်တလုံးလုံးနှင့် ဧယင်ကျူးမည့်အဖွဲ့လည်း ရောက်လာ၏။ မကြာခင် အငြိမ့်ကားလည်းရောက်လာတော့မည်။ရွာထဲမှကလေးတွေဇာတ်စင်ပတ်လည်မှာအော်ဟစ်မြူးထူးကခုန်နေတာကိုကြည့်ရင်းမှ မြနုတို့ငယ်ဘဝများ ပြန်လည် သတိရနေမိသည်။
ထိုစဉ်က မြနုတို့က သည်ကလေးတွေ အရွယ် ခုနစ်နှစ်၊ ရှစ်နှစ် ကစား၍ ကောင်းတုန်းမှာ ဘုန်းကျော်တို့ကဇာတ်စင်ဆောက်၊ဆူးထောင်ကာ၊ခင်ထားတို့ ကွမ်းတောင်ကိုင်အပျိုတွေက ညကျတော့ ဒေါင်းဘယက်နှင့်ပန်းလက်ကောက်နှင့် မျက်နှာချေအဖွေးသား၊ ဆံပင်ဖွတ်မြီးထိုးအရှည်ကြီးနှင့်ပွဲကြည့်လာကြသည်မှာရွာထဲတင်မဟုတ်ဘဲ တစ်ရွာသား ကာလသားများ အလယ်မှာပင် မျက်နှာပန်းပွင့်လျက် ရှိခဲ့၏။ ထိုအချိန်တွေတုန်းကခင်ထား၏အလှကိုယှဉ်နိုင်သူမရှိခဲ့။ယခုတော့ မြနုလည်း ကလေးမဟုတ်တော့။ ဘုန်းကျော်လည်းစိုစိုပြည်ပြည် ကျားကျားလျားလျား ကာလသားအရွယ် မဟုတ်တော့သလို ခင်ထားလည်း တစ်ပတ်လျှိုဆံထုံးနှင့် အင်္ကျီလက်ရှည်နှင့်ရင့်ကျက်သယောင် ဖြစ်နေလေပြီ။
အချိန်ကာလသည် လူသားတို့၏ အနေအထားကိုပြောင်းလဲနိုင်စွမ်းရှိသလို အတွင်းဓာတ်ခံနှလုံးသားများကိုရော ပြုပြင်ပြောင်းလဲစေနိုင်လေမည်လား ဟု မြနု တွေးနေမိသည်။ အစ်ကိုဘုန်းကျော်၏ဘဝ တစ်ဖန် စိုပြည်လာစေရေးအတွက် မမခင်ထားကို အစားထိုးကြည့်မိလျှင်တော့မမညိုနွဲ့အပေါ်ရက်စက်ရာများကျနေမလားဟုလည်း မြနု တွေးတောနေမိသေး၏။
အရိုးဂူကောက်သည့် နေရာတွင် အလှူရှင် တစ်ယောက်အနေဖြင့် လက်ဖက်၊အကြမ်းနှင့်မုန့်ပဲသရေစာများကိုအစ်မဝမ်းကွဲတော်သူအားသွားပို့စေပြီးအိမ်ဆီမှလှမ်းမြင်နေရသောလောင်တိုက်ပြာသာဒ်ကိုငေးမျှော်၍မဆီမဆိုင်ဘုန်းကျော်ကိုသတိရ၍နေသည်။
ဒင်းက ငါ့ကိုမြင်လိုက်တာများ တစ္ဆေသရဲကျနေတာပဲ၊ သုတ်ခနဲတောင်လှည့်ထွက်သွားလိုက်သေးဟု မချင့်မရဲနှင့် အခဲမကျေ ဖြစ်မိနေတာဘာကြောင့်များပါလိမ့် ဟု ကိုယ့်ကိုယ်ကိုယ် တွေးနေမိပြီး “ကြည့်နေ၊ဘုန်းကြီးပျံမှာတွေ့လို့ကမခေါ်သေးဘူးစိတ်ချ၊ဒီတစ်ခါ ကိုယ်က အရင်မျက်နှာလွှဲပြမယ်”ဟု တေးထားမိသော်လည်း နေ့စဉ်ရက်ဆက် ဘုန်းကျော်မျက်နှာကို တစ်ကြိမ်တစ်ခါမှ မတွေ့ရလေသောအခါတွင်တော့စိတ်အားက ငယ်ချင်သလိုလို ဖြစ်လာခဲ့သည်။
ဆရာတော်ဘုရားကြီး၏နောက်ဆုံးဈာပနပွဲအချိန်သို့တဖြည်းဖြည်းနီးကပ်လာပြီဖြစ်သည်။ဘုန်းကျော်တစ်ယောက် ကံကျောင်းဘက်သို့ တစ်ခေါက်မျှမရောက်သေး။အိမ်မှသွားသမျှလူများကိုဦးဇင်းကသတိရတိုင်းမေးနေသည်။နောင်အလုပ်များလာတော့လည်း သူ့ကို ဘယ်သူမှ ဂရုမစိုက်အားတော့။
သည်ကနေ့ ဘုန်းကြီးပျံပွဲ နောက်ဆုံးနေ့ဖြစ်သည်။ ၇ နာရီထိုးသည်နှင့်ဆရာတော်၏ရုပ်ကလာပ်ကို လောင်တိုက်ပေါ်သို့ပန်းရထားနှင့်တင်ကာမီးကျည်မီးပန်းတို့ဖောက်လွှတ်၍ ပူဇော်တော့မည်မို့ စန္ဒကူးနံ့သာ အမွှေးတုံးတို့ကို လောင်တိုက်ဆီ ပို့သူတွေက ပို့နေကြသည်။ နံနက်စောစောကတည်းက ပုံစံတူပြုလုပ်ထားသော ကတ္တီပါလွှမ်းထားသည့် ပန်းသေတ္တာများကို က ရဝိက်ဖောင်ပေါ်တင်ကာ လှော်ကားယိမ်းဖြင့် ပူဇော်သည့် နေရာ၊ သိုင်းပြာသာဒ်ပေါ်တင်၍ သိုင်းနင်းပြာ သာဒ်ပူဇော်သည့်နေရာ၊အမိုးအကာကျယ်ပြန့်အောင်ဆောက်ထားသောစင်ပေါ်မှပန်းပုခက်နှင့်ဧယင်ကျူးသည့် နေရာတိုင်းတွင် အုန်းအုန်းကျွက်ကျွက်နှင့် ကြက်ပျံမကျ စည်ကားလျက်ရှိသည်။
ရွာထဲကလူငယ်လူလတ်ပိုင်းများကသိုင်းနင်းပြာသာဒ်နှင့်လှော်ကားကရဝိက်ဖောင်ဘက်တွင်ရှိနေကြပြီးလူ ကြီးအတော်များများကတော့ ဧယင်ကျူးသည့်မဏ္ဍပ်တွင် မင်းသမီးနှင့်အပြိုင် မျက်ရည်သုတ်လျက် ရှိကြသည်။ပဋ္ဌာန်းသိပ္ပံဆရာတော်နှင့် ပခုက္ကူဆရာတော်တို့လည်း သင်္ကန်းတလွှားလွှားဖြင့် အခမ်းအနားကိုတောင်နဲ့မြောက်ရက်ဖောက်လျှောက်သလိုခေါက် တုံ့ခေါက်ပြန် အလုပ်ရှုပ်နေကြသည်။ သည်ရွာတင် မ ဟုတ်ရွာနီးချုပ်စပ်မှတစ်ကြိမ်တစ်ခါမျှမမြင်မကြုံဖူးသည့် ပွဲကြီးလမ်းကြီးအဖြစ် ခမ်းနားကြီးမြတ် သ လောက် စိတ်တွေလည်း လှုပ်ရှားနေကြသည်။ ညနေ စောင်း၍ဆရာတော်ဘုရားကြီးကိုလောင်တိုက်သွင်းရချိန် နီးလာလေဆွေးမြည့်ကြေကွဲသလို ဖြစ်လာလေနှင့်ပျော်ပွဲရွှင်ပွဲလုပ်နေရင်းနှင့်မှဆန့်ကျင်ဘက်လွမ်း ဆွတ်တသမှုတစ်မျိုးကိုပြောမပြတတ်အောင်ခံစားနေကြရသည်မှာအရွယ်ရောက်ပြီးသည့် လူစေ့တက်စေ့ပင် ဖြစ်သည်။
“မဂ္ဂင်ဖောင်ကြီးကိုဖြင့်×××အိုလေလေ...စီးနေသူတို့ဆရာအရှင်ရယ်လေ..နတ်ထက်ခွင်×××ကြွလှမ်း xx x” “တေဇာတော်ကြီးပါတဲ့… အိုလေလေ့ ထီးအသွင်... ထီးအသွင် ....”
ကရဝိက်ဖောင်ပေါ်မှ နတ်သမီးငယ်များ အသွင် ဆင် ယင်ထားသော မိန်းကလေးငယ်များ၏ ညင်သာဆွတ် ပျံ့သောတေးသံတစ်ပိုင်းတစ်စကိုခံစားကာသိုင်းနင်းပြာသာဒ်ဘက်သို့ထွက်လာရင်းမြနုအစ်ကိုဘုန်းကျော်ကို ဒေါသထွက်ချင်လာသည်။ "တစ်ရွာလုံး သည်လောက် အုန်းအုန်းကျွက်ကျွက်ဖြစ်နေတာ သူမို့နေနိုင်တယ်၊ လွန်ကို လွန်လွန်းတယ်”ဟု တွေးမိတော့ မျက်နှာက ချက်ချင်းညိုပြီး မျက်မှောင်ကုတ်မိလျက်သားဖြစ်သွား၏။ မြို့မှရောက်လာသော သူငယ်ချင်းကို ပွဲတော်ရက်အတွင်း မခွဲမခွာအရိပ်တကြည့်ကြည့်ရှိနေသော မိစံက မြနုပုံစံကို သတိပြုမိသွားတော့…
“ဘာဖြစ်လို့လဲမြနု၊ ညည်းကို ဘယ်သူက ဘာလုပ်ပြလိုက်လို့တုံး”ဟု မေးရှာသည်။ သည်အချိန်မှာ မြနုတို့အရွယ်တွေအတွက် သွားလေရာမှာ ရွယ်တူကာလ သားကလေးတွေက ကွက်ကြည့် ကွက်ကြည့် ရှိနေကြသည်မို့ မိစံကမေးမိခြင်း ဖြစ်သည်။ မြနုကတော့ ဒါတွေကိုအမှတ်ပင်မထားမိ။“ဟင်...မြနုဘာဖြစ်လို့လဲ” “ဘာမှမဖြစ်ပါဘူးဟာ၊ ငါ့အစ်ကိုအကြောင်း တွေးမိလို့ပါ၊အရင်နေ့တွေကတော့ထားပါအေ၊သည်နေ့သည်လောက်တစ်ရွာလုံးအုန်းအုန်းကျွက်ကျွက်ဖြစ်နေတာကိုသူလာမကြည့်နိုင်တာကို ငါ အံ့ဩလို့ပါ”
“ဟုတ်ပါ့အေ၊ ညည်းအစ်ကိုတော့ စံပဲ၊လျှောက်ကြည့်ရင်းနဲ့မေ့နေဦးမယ်မြနုရေ၊ ညည်းနဲ့ ကျုပ်သည်ညနေထမင်းရုံဝင်လုပ်ရမယ်လေ” “အေး ဟုတ်သားပဲ”
သူတို့ နှစ်ယောက် ထမင်းရုံဘက်သို့ ထွက်လာကြသည်။မိစံကပထမပိုင်းမှာလှော်ကားယိမ်းအတွက်အ ဝတ်အစားဝယ်ဆင်သည့်ဘက်မှာမို့ လှော်ကားတက်နှင့် တာဝန်က ပြီးပြီဖြစ်သည်။ နောက်နေ့များတွင်တော့ကျောင်းမှာလိုသည့်နေရာ ဝင်ကူကြရသည်။ မြနုအစ်ကိုညွန့်စိန်တို့၊ ကျော်ဌေးတို့အရွယ် ယောက်ျားကြီးတွေကထမင်းရုံမှာဒိုင်ခံထမင်းနှင့် ပဲဟင်းအိုးကြီးတွေကို အဆက်မပြတ် တည်သူတည်၊ ထမင်းရုံထဲ ဇ လုံကြီးတွေနှင့် သယ်ပိုးမရွှေ့ပြီး ထမင်းပြင်သူပြင်၊ ပန်းကန်ဆေးသူဆေးနှင့် ဘယ်သူမှအအားမနေရ။
မြနုတို့၊မိစံတို့လိုလူတွေကဒွေးဥတို့၊ဒွေးစောလှတို့ရှိသည့်ငါးခြောက်ထောင်းကြော်ထည့်၊ပဲတီသုပ်ထည့်၊ဟင်းပွဲပြင်သည့်နေရာမှာဝင်ကူရသည်။ကိုယ့်ရွာဘုန်း ကြီးပျံလာသမျှ ထမင်းရည်ချောင်းစီး ကျွေးရသည့် ရက်ရှည်အလှူအတွက် နေ့ချင်းချက်ရသည့် ထမင်းနှင့် အရည်သောက်ကို မနက်ပြန် ညပြန်အတွက် မီးဆက်နေအောင်ချက်နေသူတွေက ချွေးတလုံးလုံး၊ ဒါတောင် ငါးခြောက်ထောင်းကြော်ကို ပထမပွဲမစခင်လေးငါးရက်လောက်ကအကြီးအကျယ်နှစ်ရက်ဆက်ကြော်ပြီး ရာဝင်အိုးကြီးများနှင့် အပြီးသိပ်ထားကာ တစ်အိုးပြီးတစ်အိုး ဖွင့်ကျွေးနေ၍ ဤမျှ ကသီလင်တ မဖြစ်ခြင်းပင်။
ညနေမစောင်းခင် နှစ်နာရီခွဲ သုံးနာရီမှစ၍ ဝင်ရသောထမင်းရုံသည် ညနေ၆နာရီမြနုတို့ပြန်သည့်အချိန်အ ထိလူတွေကျနေဆဲဖြစ်သည်။မြနုနှင့်မိစံကတော့အိမ်ပြန်ရေချိုး၍ ညဘက် ဆရာတော်ဈာပန လောင်တိုက်သွင်းချိန်အမီပြန်လာနိုင်အောင်အိမ်ပြန်ပြေးခဲ့သည်။အိမ်ရောက်တော့ အစ်ကိုဘုန်းကျော်ကို အိမ်ဘေးက အကြမ်းသောက်သည့်ကွပ်ပျစ်တွင် ထိုင်နေသည်ကို တွေ့ရသည်။ လူပုံက ခပ်ယိုင်ယိုင်။
“အစ်ကို..” မြနုက သူ့ဘေးမှာ ထိုင်ချလိုက်ရင်းခေါ်တော့ သူက “ဘာတုံး” ဟု ဆိုသည်။“ဘာလို့ထိုင်နေတာလဲ မမူးသေးဘူးလား၊ မူးအောင်သောက်ပြီး အိပ်တော့လေ”ဟု မြနုက တမင်ရွဲ့ပြီးပြောလိုက်တော့ သူက...“အင်း ညကျမှသောက်မယ်၊ငါဆရာတော် လောင် တိုက်သွင်းတာ ဖူးလိုက်ဦးမယ်”
“အမယ်တော် ကျားသားမိုးကြိုး၊ ဖူးချင်သေးသပဆိုလည်း ကျုပ်တို့ ရေချိုးပြီးပြန်သွားမှာ လိုက်ခဲ့၊ ဦးဇင်းဦးကောကိုလည်း သွားနှုတ်ဆက်လိုက်ဦး၊ အစ်ကိုလာမှန်းသိသွားအောင်”“ကျောင်းဘက်မသွားပါဘူးဟ၊ငါ့ဘာသာ ဒီကနေလှမ်းဖူးမှာ၊ ပြာသာဒ်ပေါ် မီးကျည်လွှတ်ရင် ဒီကနေ မြင်ရမယ့်ဟာ၊ ငါ ဘယ်မှမသွားဘူး၊ အိမ်မှာနေလည်းအသံတွေ ကြားနေရတဲ့ဟာ”
“တော်ပြီ၊ တော့်ကို ကျုပ် ဘာမှမပြောတော့ဘူး၊ အစ် ကို အဲသလိုသာနေကျုပ်ရန်ကုန်ကို ပြန်မလိုက်တော့ဘူး တကယ်”မြနု ခြေဆောင့်ပြီး ဘုန်းကျော်အနီးမှ ထွက်လာခဲ့သည်။
#ဇာတ်သိမ်းပိုင်းဆက်ရန်...
#အကျော်တစောနဲ့ပြောလို့မကုန်ပေါင်
#သန်းမြင့်အောင်
Keep Reading