Author's Profile Photo

ဇွန်မိုး

3/11/2024

မရေရာခြင်းများ

1 min read
Art
Novel
Entertainment

Sevilla ဆိုတာ စပိန်နိုင်ငံက မြို့တစ်မြို့လိုပဲ သိထားတဲ့ ငါဟာ

ဇွန်မိုးကြောင့် ​တပ်မက်ချင်စိတ်တွေ ပေါ်ပေါက်ခဲ့တယ်။ Classical guitar တီးချင်တဲ့ စိတ်ကူးကလဲ G C Am Em ၄ကွက်ပဲ သိတဲ့ ငါ့အတွက် ဝင်ရိုးစွန်းနှစ်ခုလောက် ကွာဝေးနေတယ်။ ငါ ဂီတကို နှစ်သက်တယ်။ အဲ့ဒီကနေတဆင့် တူရိယာတွေကို နှစ်သက်တယ်။


I watch you when you are sleeping, You belong with me

Do you feel the same?Am I only dreaming?


ဆိုတဲ့ Eternal Flame က ငါရဲ့အချစ်ဦးကို သတိရသွားစေတယ်။ ငါ မိုးစက်နဲ့ဗီသိုပင်ကို စာတွေထဲကနေ ရင်းနှီးခဲ့တာကြာပြီ။ ဒါပေမယ့် သူတို့နဲ့ တွေ့ချင်စိတ် ရှိမနေခဲ့ဘူး။ ဘာကြောင့်လဲ မေးရင် ငါ့မှာ အဖြေမရှိခဲ့။ နန်းမေမေကြည်ရှေ့မှာ ဂစ်တာတီးပြရင်း အောင်ပွဲခံသွားခဲ့ ပါပီယွန်ထက် ဇွန်မိုးဟာ ငါ့အတွက်တော့ အလက်ဇန်းဒါးသည်ဂရိတ်ပဲ။


ငါသာ Papillonရဲ့ နေရာမှာဆို လူရိုင်းမလေးနှစ်​ယောက်နဲ့ပဲ နေခဲ့မှာ။ ပိုက်ဆံဆိုတာ ရှာဖို့မလိုတဲ့ဘဝ ဘယ်လောက်တောင် သာယာလိုက်သလဲ။

''ချစ်လှစွာသော လောကဓံတရားရေ ဖြစ်ချင်တိုင်း မဖြစ်ရတာကိုပဲ ချစ်နေရပါတယ်'' ဆိုတဲ့ ငါ့လက်ဖျံပေါ်က မောင်ချောနွယ်ရဲ့ ကဗျာစာသားကို မြင်တော့လဲ ငါ့အတ္တဟာ အငွေ့ပျံသွားခဲ့ပေါ့။


အိုကီနာဝါ တောင်ကုန်လေးရော အခုရှိသေးလား။

အထပ်မြင့်တိုက်တွေပဲ နယ်ချဲ့ခဲ့ပြီလား။ ငါ သေချာမသိဘူး။ မူရာကာမိနဲ့ တွေ့ဖို့ ပြတင်းပေါက်တွေ ငါလိုက်ရှာသေးတယ်။ အဲ့ချိန်မှာ ငါကိုယ်တိုင် မူရာကာမိ ဖြစ်ခဲ့လေသလား ငါ မသည်းကွဲဘူး။

အီဖယ်တာဝါပေါ်မှာ အရက်ထိုင်သောက်နေတဲ့အိုပါဆွန်းကို တွေ့တော ငါ လှမ်းမေးတယ်။

''ခင်ဗျား short storyတွေ ဘယ်လိုရေးလဲ'' ဆိုတဲ့

အမေးကို လက်နဲ့ရေးတာပေါ့ကွာလို့ ပြန်ဖြေတော့

ငါ့မှာ အားရဝမ်းသာနဲ့ အော်ရယ်မိတယ်။


''လရောင်အောက်မှာ အလှဆုံး အရာက မိန်းမပဲ''လို့ ပြောခဲ့တဲ့ Santiagoလဲ ဒီကမ္ဘာမှာ မရှိတော့ဘူး။ ဟစ်တလာရဲ့ ဓာတ်ငွေခန်းထဲက ဂျူးတွေနဲ့ ပါလက်စတိုင်း မြေပေါ်မှာ နိုင်ငံရအောင်တည်ခဲ့တဲ့ ဂျူးတွေအကြား ကွာခြားချက်ဟာ ငါ့အတွက်တော့

အဖြေမရှိခဲ့။ ဘုန်းနိုင်ဟာ နောက်ဆုံးမှာ တစ်ယောက်တည်းကျန်ခဲ့ရတာရော လောကနိယာမလား။ ဘဝမှာ ဘာဖြစ်ချင်လဲလို့ မေးလာတိုင်း

ဘာမှမဖြစ်ချင်တော့ဘူးလို့ ပြန်ဖြေတဲ့ ငါ့ကို မျက်နှာပြောင်တယ်ပဲ ထင်နေကြတာတော့ ငါလဲ မတတ်နိုင်ဘူး။


Green Mileထဲက လူဝကြီးဟာ ကြွက်ကလေးကို အသက်ပြန်ရှင်နိုင်အောင်လုပ်ပေးနိုင်သတဲ့။ သူကိုယ်တိုင်ကတော့ လျှပ်စစ်ခုံပေါ်မှာပဲ အသက် ပေးသွားရရှာတယ်။ ရေတွင်းထဲကို ခုန်ချသွားတဲ့ မြဟာ

လမင်းကြီးကို ပြည့်ပြည့်ဝဝ ရရှိသွားခဲ့မယ်လို့ ငါယုံကြည်တယ်။ စီးကရက်ကို ၃ဖွာဆက်တိုက် ခပ်ပြင်းပြင်း ဖွာပြီးတော့ အနားမှာရှိတဲ့ ဂစ်တာကို ကောက်ကိုင်ပြီး လေးမှုရဲ့လက်စအတိုင်း တီးလိုက်တယ်။ သီချင်းကောက်ဖွင့်လိုက်တော့ ကိုအောင်ရဲ့ တေးသံလွင်လွင် လွင့်ပျံလာတယ်။


'' ကြယ်ပြာလေးရယ် အငွေ့ပျံမသွားပါနဲ့...''


ငါ ခပ်ကျယ်ကျယ် လိုက်ညည်းလိုက်တယ်။ လပြည့်ညရဲ့ လမင်းကြီးကတော့ ငါ့ရဲ့အရှေ့တည့်တည့်မှာ

ပြုံးပြုံးကြီး မင်းမူနေလေရဲ့.....။



ဇွန်မိုး
3.11.2024

Keep Reading

နှစ်ခါပြန်မကြည့်ရဲတဲ့ရုပ်ရှင်Oppenheimer ရုပ်ရှင်ကိုလေ့လာခြင်းညမင်္ဂလာ (Movie Review)၂၁ရာစု မြန်မာ​ခေတ်ပြိုင် ပန်းချီ - ၁မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)လွင့်မျောနှင်းစက်များ❝ဈေးရောင်းခြင်း အနုပညာ❞ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၃)