ထင်လင်း
သူလာတတ်တဲ့အချိန်၊ သူလာ
တတ်တဲ့လမ်းက ကျွန်တော်သွားသွား
စောင့်တယ်။စောင့်ဆို ကျွန်တော့်အချိန်
နှင့် သူ့အချိန် ဒီလိုပဲသွားရင်းလာရင်း
ဆုံတတ်တယ်လို့ ထင်ရအောင် ခပ်ဝေး
ဝေးက သူလာတာမြင်မှ ကျွန်တော်က
ကော်ရစ်ဒါဘက် ဝင်ပြီး အမှတ်မဲ့လိုလို
နှင့် သူနှင့်မျက်နှာချင်းဆိုင်က လျှောက်
ရတာကိုး။
ကျွန်တော်က မရင်ရွှေကို ကြိုက်တယ်ဆိုတော့၊ကျွန်တော့် သူငယ်ချင်းအပေါင်းအသင်းတွေကလက်ခုပ်လက်ဝါးတီးပြီးဟားတိုက်ရယ်ကြပါတယ်။ ဒါဘာရယ်စရာရှိလို့လဲ။ သူတို့က အဲသလို ဟားတိုက်ပြီးရယ်နေကြတော့ ကျွန်တော့်မှာ အတော်အနေရအထိုင်ရခက်ပြီး၊ခပ်ကြောင်ကြောင်ပဲပေးကြည့်နေလိုက်ရပါတယ်။
သူတို့ရယ်သလို ကျွန်တော်က လိုက်မရယ်ဘဲနှင့် အူကြောင်ကြောင်ဖြစ်နေတာကို တစ်ခါ ရယ်ကြပြန်ပါတယ်။'အံမယ်လေးဟာ ဖေတင်ရာ။တက္ကသိုလ်ဆိုတာက တကယ့် ထိပ်တန်း အချောအလှကလေးတွေ ရာလိုက်ထောင်လိုက်နှစ်စဉ်ရောက်ရောက်လာတဲ့နေရာ။ မင်းမှာက ဒါကြီးကိုမှ ရွေးကြိုက်ရတယ်လို့ကွာ'လို့ တစ်ယောက်က ဆိုပါတယ်။ “ဘာ ဒါကြီးလဲကွ။ ငါ ကြိုက်လို့ ကြိုက်တယ်ပြောတာပဲ။ဒါရယ်စရာ မဟုတ်ပါဘူး”
“ဒီလိုဘုတ်ဆုံမကြီးကိုများကြိုက်ရတယ်လို့ကွာ။မင်းစိတ်ကူးတာလည်းတကယ်ဆန်းတယ်”ကျွန်တော်တို့တက္ကသိုလ်ရောက်လာကြတဲ့နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာအပေါင်းအသင်းတွေနှင့်..ဟိုနား ရုတ်ရုတ် ရုတ်ရုတ်,ဒီနား ရုတ်ရုတ်ရုတ်ရုတ် လျှောက်သွားကြရင်း တစ်ယောက်နှင့် အသိတွေဖြစ်ပြီး၊ အားလုံးနှင့် မိတ်ဆွေသွားလိုက်ကြ လာလိုက်ကြ၊ မုန့်စားလိုက်ကြ၊အချိန်စာရင်း ကူးလိုက်ကြနှင့် တက္ကသိုလ်ရောက်နှင့်ပြီးလူများ မျက်စိနောက်လောက်အောင် ဖြစ်နေတဲ့အချိန်က မရင်ရွှေကိုပထမဆုံးအကြိမ် တွေ့ခဲ့ပြီး၊ အဲသလို တစ်ယောက်က မိတ်ဆက်ပေးလို့ အသိအကျွမ်းဖြစ်ခဲ့ရတယ် ဆိုပါတော့။
မရင်ရွှေဟာ အသားညိုတယ်။အတော့်ကိုညိုတယ်လို့ပြောနိုင်ပါတယ်။ခါးတိုင်တုတ်တုတ်နှင့် သူတို့ပြောတဲ့ ဘုတ်ဆုံ ပုံစံပါပဲ။ မျက်ခုံးမွေးကထူလွန်းနေတော့၊ သူ့မျက်လုံးလှတာဟာ မပေါ်လွင်ဘဲဖြစ်နေတယ် ထင်ပါတယ်။အဲသူ့မှာကသွားတွေကမညီမညာကန့်လန့်ထပ်ပေါက်ပြီးနည်းနည်းခေါနေသလိုဆိုတော့သူ့နှုတ် ခမ်းလှတာဟာလည်းပျက်သွားသလိုပါပဲ။ နှုတ်ခမ်းက စေ့ထားရင် စူတူတူဖြစ်နေတယ်။ ရယ်လိုက်ရင် သူ့သွား ထပ်တွေက အခွေလိုက် အဖွေးသားပေါ်လာတော့ သူ့ကို “မလှဘူး”လို့ သတ်မှတ်လိုက်ကြဟန်တူပါတယ်။တကယ်ကမရင်ရွှေမှာလည်းသူ့အလှနှင့်သူရှိတယ်လို့ကျွန်တော်ထင်ပါတယ်။အသားညိုပေမယ့်စိုစို ပြည်ပြည်ညက်ညက်ညောညောရှိပါတယ်။မပြောတတ်ဘူးလေ။သူ့မှာလည်းသူ့နဖူးစာနှင့်သူမို့သူ့ကိုလှတယ်လို့ထင်တဲ့ ကျွန်တော်လိုအကောင်ကသူနှင့်တစ်ခေတ်တည်း ကောလိပ်ကို ရောက်လာရလေသလားတော့ မသိဘူး။
အဲ-ဟိုနေ့ကမိတ်ဆက်ပေးလို့သိကြရပြီးတဲ့နောက်၊တစ်ခါသွားရင်းလာရင်းကော်ရစ်ဒါမှာတွေ့တော့ကျွန် တော်ကနှုတ်ဆက်တယ်။သူကရုတ်တရက်ကြောင်နေလို့ကျွန်တော်က ကျွန်တော်ဖေတင်ပါ။ ရန်အောင့် သူ ငယ်ချင်း”ဆိုမှသူကသွားတွေအကုန်အပေါ်အောင်ပြုံးပြပြီး၊“ဪ-ကျွန်မရုတ်တရက် မမှတ်မိဘူးရှင့်။ စိတ်မရှိနှင့်နော်”လို့ ပြောပါတယ်။
နောက်သူလာတတ်တဲ့အချိန်၊သူလာတတ်တဲ့လမ်းကကျွန်တော်သွားသွားစောင့်တယ်။စောင့်ဆို ကျွန်တော့်အချိန်နှင့်သူ့အချိန် ဒီလိုပဲ သွားရင်းလာရင်း ဆုံတတ်တယ်လို့ ထင်ရအောင်ခပ်ဝေးဝေးက သူလာတာမြင်မှ ကျွန်တော်က ကော်ရစ်ဒါဘက်ဝင်ပြီး အမှတ်မဲ့လိုလိုနှင့်သူနှင့် မျက်နှာချင်းဆိုင်က လျှောက်ရတာကိုး။ ဒီတော့ သူက နောက်နေ့တွေမှာတွေ့ တော့ “ဪကိုဖေတင် အမြဲလိုလို ဒီနားမှာ တွေ့ တယ်နော်။ အတန်းတက်ဖို့လား။ ပြီးလို့ ပြန်တာလား” လို့ မေးတယ်။ “ကျွန်တော် အတန်းမရှိပါဘူး။ မရင်ရွှေကို လာလာစောင့်တာ”ဆိုတာကိုနောက် အကြာကြီးနေမှ ပြောပါတယ်။ ဘာကိစ္စလာစောင့်ရတာလဲဆိုတာကို သူ သိမှာပါပဲ။ဒီလိုပဲ သွားရင်းလာရင်းကြုံလို့ တွေ့သလို အကြိမ်များစွာ တွေ့ကြပြီးတဲ့အခါ အဲဒီနေရာဟာ ကျွန်တော်တို့ချိန်းချက်ပြီးတွေ့တဲ့နေရာဖြစ်လာတယ်။အဲဒီနေရာမှာချိန်းပြီး စာအုပ်ငှားတယ်။ ငှားတဲ့စာအုပ်ပြန်ပေးတယ်။မရင်ရွှေကသူလိုချင်တဲ့စာအုပ် အဝယ်ခိုင်းတယ်။ကျွန်တော်က ဝယ်ပြီး အဲဒီနေရာက စောင့်ပေးတယ်။
နောက်အခါအခွင့်ကို ကြည့်ပြီး“မရင်ရွှေကိုကျွန်တော်သိပ်ချစ်တယ်”လို့ဆိုင်းမဆင့်ဗုံမဆင့် ပြောချလိုက်တယ်။မရင်ရွှေ ဘာမျှ ပြန်မပြောဘူး။သူ့မျက်နှာပေါ်မှာဘာအမူအရာမျှမပြဘူး။ ခါတိုင်းလိုပဲ၊ သူနှင့် ကျွန်တော်ဘေးချင်းယှဉ်ပြီးလျှောက်လာကြရာက သူတက်ရမည့်အတန်းဘက်ကိုရောက်တော့ကျွန်တော့်ကိုတစ်ချက်ကြည့်လိုက်ပြီးစာသင်ခန်းထဲကိုဝင်သွားတယ်။အတန်းဆင်းသည်အထိ ကျွန်တော် စောင့်မလို့ပဲ။ဒါပေမယ့် လူတွေ တဖြည်းဖြည်းများလာတာနှင့် ကျွန်တော်ပြန်ခဲ့တယ်။ ညကျတော့ ကျွန်တော် အိပ်မပျော်တော့ဘူး။ကျွန်တော် ချစ်စကားပြောလိုက်တာ မရင်ရွှေ စိတ်များဆိုးသွားလေသလား။
“နောက်နေ့ကျတော့ ကျွန်တော် သူ့ကို တွေ့ နေကျနေရာကပဲသွားစောင့်နေတယ်။ သူမှာလိုက်တဲ့စာအုပ်လည်း ပါလာပါတယ်။ သူလာတော့ ခါတိုင်းလိုပဲ လာပြီး၊ပြုံးပြုံးရွှင်ရွှင်ပဲနှုတ်ဆက်လို့ ကျွန်တော် စိတ်ချမ်းသာသွားတယ်။ “စာအုပ်ဘယ်လောက်ကျသလဲ” လို့မေးပြီး၊သူ့ပိုက်ဆံအိတ်ကိုဖွင့်နေတာနှင့်ကျွန်တော်ကအတင်းတားပြီး၊“ဒါကျွန်တော် မရင်ရွှေကို လက်ဆောင်ပေးတာပါ” လို့ပြောတော့၊ကျွန်တော့်မျက်နှာကိုသူကပြုံးစိစိနှင့် လှောင်သလိုကြည့်တယ်။ ကျွန်တော်ပြောရင် ယုံပါ။ ကျွန်တော့် သူငယ်ချင်းတွေကတော့ ဟားတိုက်ပြီးရယ်ကြဦးမှာလား မသိဘူး။ မရင်ရွှေ အဲသလို ပြုံးပြလိုက်တာဟာ သိပ်ကို ချစ်စရာကောင်းပါတယ်။ ကျွန်တော် ရင်ခုန်ရပါတယ်။
နောက်သူနှင့်ကျွန်တော်ခါတိုင်းလိုပဲဘေးချင်းယှဉ်ပြီးလျှောက်ရာက လူနည်းနည်းရှင်းတော့ သူက“ကိုဖေတင်။ရှင်စိတ်ကူးလွဲနေတာတော့ မဟုတ်တန်ရာပါဘူးနော်။ ကျွန်မတော့ ရှင့်ကို ခင်ပေမယ့် သိပ်တော့ မယုံချင်သေးဘူး”လို့ပြောပါတယ်။ကျွန်တော်ဘာပြန်ပြောရမှန်း မသိတာနှင့် “ယုံပါ မရင်ရွှေရယ်။ ကျွန်တော် ဘယ်လိုလူဆိုတာ မရင်ရွှေ နောက်တော့ သိလာမှာပါ”လို့ပဲ ပြောလိုက်ရတယ်။
“ကြည့်ရဦးမှာပေါ့လေ”ဆိုပြီးကျွန်တော့်ကိုတစ်ချက်ပြုံးကြည့်လိုက် ပြန်ပါတယ်။ “ကြည့်ပါဗျာ၊ကြည့်ပါ။ကျွန်တော် အခု ဝမ်းသာရတော့မလား မရင်ရွှေ” “အရုပ်ဆိုးမကြီးမို့ အညှာလွယ်တယ်လို့တော့ မထင်နှင့်နော်” “ဪ- မရင်ရွှေရယ်။ ဘယ်ကလာ အရုပ်ဆိုးမကြီးလို့ထင်ရမလဲ။ မရင်ရွှေကို ကျွန်တော်ကတော့ လှတယ်လို့ပဲ မြင်ပါတယ်ဗျာ။ ကျွန်တော့်ကို တလွဲမထင်ပါနှင့်မရင်ရွှေရယ်။ကျွန်တော်ပြောရင် ယုံပါ မရင်ရွှေ။ တကယ် လှပါတယ်”
“မယုံသေးဘူးရှင့်။ ကျွန်မကိုယ် ကျွန်မ မှန်ထဲမှာ မမြင်ဘူးရင်တော့ ရှင်ပြောတာ ယုံမိမလား မသိဘူး။ ဒီအသားမည်းမည်းသွားခေါခေါကြီးကိုလှတယ်လို့ လာပြောနေတဲ့လူကိုတော့ချင့်ချိန်ပြီးမှ ယုံချင်တယ်။ အီစွတ်ပုံပြင် အသစ်ရေးနေရမှာစိုးလို့”
ကျွန်တော်ကအီစွတ်ပုံပြင် သိပ်မဖတ်ဖူးတော့ သူငယ်ချင်းကိုမေးရတယ်။ကျီးကန်းချီယူလာတဲ့ ဒိန်ခဲကို လို ချင်တဲ့မြေခွေးကကျီးကိုသင့်အဆင်းလှသလောက် အသံလည်းသာမည်ထင်ပါသည်။တေးချင်းဆိုပြပါ” လို့ မြှောက်ပင့်ပြောတာကို ကျီးကန်းက ယုံမိလို့ တေးဆိုလိုက်တဲ့အခါ၊ သူ့နှုတ်သီးက ဒိန်ခဲကျသွားလို့ မြေ ခွေးကယူပြေးပါလေရော” ဆိုတဲ့ပုံပြင်။ နောက်တစ် နေ့ ကျွန်တော် မရင်ရွှေကို သွားစောင့်ပြီး “မရင်ရွှေ မ နေ့ကပြောတဲ့ အီစွတ်ပုံပြင်ဆိုတာကို ကျွန်တော်အခုမှ နားလည်တယ်။ ကျွန်တော် မရင်ရွှေဆီက တစ်ခုခုလိုချင်လို့မြှောက်ပင့်ပြောတာ မဟုတ်ပါဘူး မရင်ရွှေ။ ကျွန်တော့်ကိုယုံပါ။ ကျွန်တော် မညာတတ်ပါဘူး”လို့ပြောတော့၊ မရင်ရွှေကရယ်လို့ ကျွန်တော့်မှာ အတော်ကလေး မျက်နှာအထားရခက်ပြီးအယောင်ယောင်အ မှားမှားဖြစ်ရပါသေးတယ်။အဲသလိုဖြစ်လေသူက ရယ်လေပါပဲ။ နောက်တော့ သူက အဲသလို ခင်ခင်မင်မင် တွေ့ဆုံ ရယ်မောပြောကြရင်းက မရင်ရွှေနှင့် ကျွန်တော့် အပေါင်းအသင်းများကပါ အသိအမှတ်ပြုလာကြတဲ့‘အတွဲ’ဖြစ်လာခဲ့ပါတယ်။
“ကျီးမလေးသီချင်းဆိုပြလိုက်တာလည်းသိပ်တော့အ ပြစ်မတင်သာဘူးနော်။ဘယ်သူမဆို ကိုယ့်ကိုလှတယ်ပြောတဲ့ လူကိုတော့ မဟုတ်မှန်းသိလည်း သဘောကျတာပဲ”လူချင်းအတော်ကလေးရင်းနှီးလာပြီးညနေသူ့အဆောင်သွား၊အပြင်ထွက်၊၂ယောက်တည်းလမ်းတွဲလျှောက်လာတတ်ကြတဲ့အခါကျတော့မှ သူကပြောတယ်။“ကိုဖေတင်ကို ကျွန်မကလည်း တွေ့တွေ့ချင်းခင်တာပါပဲ။ ဒါပေမယ့် စောစောပိုင်းကကိုဖေတင်နှင့် စကားပြောရတာ တကယ့် ရှေးက အတတ လူတစ်ယောက်လူပျိုလှည့်တာလိုပဲ။ ဒီကဘာခင်းပေးပေးဝင်ကို မပြောတတ်ဘူး။တစ်ခါတစ်ခါကျွန်မ သိပ်ရယ်ချင်တာပဲ”တဲ့။ ဪ-ဒီလိုလား။
သူငယ်ချင်းတွေကလည်းကျွန်တော့်ကိုကြည့်ပြီးရယ်ချင်နေကြသလားမသိပါဘူး။ညနေကျွန်တော် ရေမိုး ချိုးအဝတ်အစားလဲနေပြီဆိုရင် ပြုံးစိပြုံးစိနှင့် ကျွန်တော့်ကို ကြည့်ကြတယ်။ တချို့ကလည်း“ဟုတ်ပုံ ရတယ် ဘုတ်ဆုံမရယ် မောင်ကြီးလာခဲ့မယ်”ဆိုတဲ့ သီ
ချင်း သူတို့ဟာ သူတို့ စပ်ဆိုပြီး ကျွန်တော့်ကို စကြတယ်။ကျွန်တော် စိတ်ထဲက မခံချင်ပေမယ့် သူတို့ကိုဘာမျှပြန်မပြောနိုင်ခဲ့ပါဘူး။ မရင်ရွှေဆီ ရောက်တော့မှဘယ်ကောင်က ဘာပြောလိုက်တယ်ဆိုတာကို တိုင်ရတောရရင်ဖွင့်ရပါတယ်။
“အဲဒါကြောင့် ကျွန်မ ကိုဖေတင်ကို သိပ်သနားတာပဲ။သူများတကာတွေမှာဆိုရင် အတွဲကလေးတွေက မင်းသမီးကလေးတွေကို ကြော့လို့မော့လို့နုနုရွရွကလေးတွေ။မြင်ရသူတွေအားကျလောက်စရာ။ကိုဖေတင်အတွဲကြီးကတော့မည်းမည်းသည်းသည်းကြီး။ အမေကခိုင်းလိုက်လို့ အိမ်ဖော်သွားခေါ်လာရဟာ ကျနေတာပဲ” လို့ မရင်ရွှေက အသောကလေးများ ဖောက်ပြောတော့၊ ကျွန်တော့် စိတ်ထဲမှာ အောင့်ခနဲဖြစ်သွားပေမယ့် “ဟုတ်တယ်ဟုတ်တယ်။ဒါမှ တကယ့် အိမ်ဖော်အစစ်။ရာသက်ပန်အိမ်ဖော်ကြီး။ ကိုယ်ကကိုယ့်ရည်း
စား သူများ စေ့စေ့ကြည့်တာတောင် မကြိုက်တဲ့အကောင်။ မရင်ရွှေကအိမ်ဖော်ကြီးလိုမို့ ဘယ်သူမှ ဂရု
စိုက် မကြည့်တော့ ကိုယ်တစ်ဦးတည်းပိုင် စိတ်အေးလက်အေး ချစ်ရတာပေါ့”လို့ ပြန်ပြောလိုက်တယ်။ မရင်ရွှေကတော့ “ကိုဖေတင်စကား မြဲမြဲမှတ်ထား” လို့ဆိုပြီး ကျွန်တော့်လက်မောင်းကို ဆိတ်တယ်။
ကျွန်တော်တို့ ၂ယောက်နှင့် တခြားအတွဲတွေနှင့် မုန့်ဆိုင်တန်းတို့၊ အင်းလျားကန်စောင်းက အကြော်ဆိုင်တို့, အအေးဆိုင်တို့မှာ ဆုံကြဖူးပါတယ်။မရင်ရွှေကကျွန်တော့်ကိုတခြားမိန်းကလေးတွေသူတို့ရဲ့ အတွဲတွေကို ခေါ်သလို “မောင်”တို့,“အစ်ကို”တို့, “ကိုကို” တို့, “ကို”တို့ “သူ”တို့ မခေါ်တတ်။ တစ်လျှောက်လုံး “ကိုဖေတင်” “ရှင်” “ကျွန်မ”တွေနှင့်ပဲ။ ကျွန်တော်ကလည်း သူ့ကို တခြားလူတွေလို “ချစ်”တို့ ဘာတို့မခေါ်တတ်။တစ်လျှောက်လုံး ‘မရင်ရွှေ'ပဲ ဖြစ်ပါတယ်။ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ညွှန်းတဲ့အခါ “ကို” လို့ ပြောမိပေမယ့်ကျွန်တော်“ကို”ကသူတို့ခေါ်တဲ့ “ကို”
မျိုး ဟုတ်ပုံမရဘူး။ ယောက်ျားချင်းသုံးတဲ့ 'ငါ'ဆိုတဲ့ 'ကို'မျိုး၊ဒီတော့သူငယ်ချင်းအတွဲတစ်တွဲက မှတ်ချက်ချဖူးတယ်။ “သူတို့ အတွဲကြည့်ရတာ နည်းနည်းမျှ က ဗျာမဆန်ဘူး။ပြောဆိုနေလိုက်ကြတာလည်း တကယ့်ကို အိမ်ထောင်သက် အနှစ် ၂ဝ လောက်ရှိတဲ့ စာရေးကြီးလင်မယားကျနေတာပဲ'တဲ့။
ဘယ်သူတွေက ဘာတွေပြောကြပြောကြ၊ ကျွန်တော်ကတော့မတုန်လှုပ်ပါဘူး။မရင်ရွှေကတော့ နည်းနည်း တုန်လှုပ်သလား မသိဘူး။ ကျွန်တော်က “ဟိုကောင်တွေအကြော်ဆိုင်ရောက်နေကြပြီထင်တယ်။လာသွားရအောင်”လို့ ပြောရင်၊ မရင်ရွှေက “မသွားချင်ပါဘူးကွယ်။ လူတွေကို သိပ်မတွေ့ချင်ပါဘူး။ လူဆိုတာ ချီး မွမ်းဖို့ထက် ကဲ့ရဲ့ဖို့ပဲ ရှာကြည့်နေကြတာ”လို့ ဆိုပါတယ်။ကျွန်တော်က “လှတာမကြိုက်ပါဘူး။ သူတို့လှတယ်ဆိုတာဟာလည်း တကယ်မလှပါဘူး။ကိုယ်နှင့်တော့တစ်မျိုးစီပဲ။လှပြီဟေ့ဆိုရင် စာရင်းကတော့ ရှုပ်ပြီလို့သာမှတ်တော့” ပြောတော့ ကျွန်တော့်စကားကို မရင်ရွှေကတောင် ယုံပုံမရပါဘူး။“ကိုဖေတင်ကတော့အဆန်းပဲ”လို့ ကျွန်တော့် သူငယ်ချင်းတွေ ပြောသလိုပြောပါတယ်။ မရင်ရွှေကရော ကျွန်တော့် သူငယ်ချင်းတွေကပါ တစ်နေ့ ကျွန်တော် မရင်ရွှေကို စိတ်ကုန်သွားလိမ့်မယ်လို့ ထင်ထားကြဟန် တူပါတယ်။
ဒီလိုနှင့်ပဲ တက္ကသိုလ်မှာ ပထမနှစ်သင်တန်းတွေပြီးဆုံးလို့စာမေးပွဲတွေ ကိုယ်စီကိုယ်စီ ဖြေကြပြီး ကိုယ့်ရပ်ကိုယ့်ရွာပြန်ကြတော့ ကျွန်တော် မရင်ရွှေကို မီးရ ထားဘူတာကို လိုက်ပို့ရင်း စာမှန်မှန်ရေးပို့ မှာလိုက်ရတယ်။
နောက်ကျွန်တော်အိမ်ပြန်ရောက်လို့တစ်ပတ်လောက်ကြာတော့ကျွန်တော်ဆီသူ့စာရောက်လာတယ်။ကျွန်တော့်စာလည်းသူဆီကို ရောက်လောက်ပြီ။ စာချင်း လမ်းမှာ လွဲတယ်။ လွမ်းတဲ့ အကြောင်း,ခ ျစ်တဲ့အကြောင်း။သူကိုယ်တိုင်ကတော့သူရောကျွန်တော်ရောဖေတော့မောင်တော့လုပ်ရမှာနှုတ်မရဲကြပေမယ့်စာထဲမှာတော့စာရေးကြီးလင်မယားလိုမဟုတ်ဘူးထင်ပါတယ်။ဒါတောင်မှ“မောင်”တို့‘ကို’တို့“ချစ်”တို့တော့မပါဘူး။ ဒီလိုနှင့်ပဲ အပြန်အလှန် အချစ်တွေ,အလွမ်းတွေနှင့် စာပို့တိုက်ဌာနကို လုပ်ကျွေးခဲ့ကြပါတယ်။
"မကြိုက်ဘူး။ နဂိုအတိုင်းပဲ ကြိုက်တယ်"
လှမှ မလှတာကြီးကွယ်။ ဒီမှာဖြင့်
အစားရှောင်ရ,လေ့ကျင့်ခန်းတွေ လုပ်ရ
လှေလှော်ရ,ရေကူးရနှင်။ သူကမကြိုက်ဘူးတဲ့။
ငိုချင်တယ်။ တကယ်ပဲ"
ကျောင်းဖွင့်ခါနီးတော့ သူ့စာထဲမှာ သူတို့ဆီမှာရှိတာဆိုရင် ကိုဖေတင်လိုချင်တာ မှာလိုက်ပါဆိုတာ ပါတာနှင့်ကျွန်တော်က“ကျွန်တော် လိုချင်တာ ၁- မရင်ရွှေ၊ ၂- မရင်ရွှေ၊ ၃- မရင်ရွှေ”ဆိုပြီးထည့်ရေးလိုက်တယ်။
ဒုတိယနှစ်အတွက်ကျောင်းပြန်ဖွင့်တော့သူနှင့် ကျွန်တော်ရှေ့ဆင့်နောက်ဆင့်ပြန်ရောက်လာကြတယ်။ အစောဆုံးအချိန်မှာ မရင်ရွှေကို ကျွန်တော် သွားတွေ လိုက်ပါတယ်။ မရင်ရွှေကိုယ်ရေစစ်လာသလိုလိုပါပဲ။ ကျွန်တော်က သူ့ကိုကြည့်ပြီး“မရင်ရွှေ နည်းနည်း ပိန်သွားသလားလို့”လို့ ပြောတော့၊ သူက“လွမ်းလို့”လို့ မပွင့်တပွင့် ပြန်ပြောပါတယ်။ ဟုတ်ပုံတော့ မရပါဘူး။ သူ့မျက်နှာကအရင်ကလိုပဲခပ်ရွှင်ရွှင်ပါပဲ။ ကျွန်တော်စားဖို့ဆိုပြီး သူက ထန်းလျက်ခဲနှင့် ပုန်းရည်ကြီး ယူလာပေးတယ်။ “အမယ်လေးဟဲ့မရင်ရွှေ။ကိုယ့်ကိုများအိုးနှင့်အိမ်နှင့်နေတဲ့လူများမှတ်နေသလားမသိဘူး” လို့ဆိုတော့သူကခပ်တည်တည်ပါပဲ။ “အနော့၊ ကိုဖေတင်ပဲ ၁- ထန်းလျက်ခဲ၊၂- ပုန်းရည်ကြီးဆို ၃- တော့ ကျွန်တော် မမှတ်မိတော့ဘူး။ မသကာ နောက်တစ်ခေါက် ပြန်တော့ပေါ့”လို့ ဆိုပါတယ်။
သူကခပ်တည်တည်နှင့်သောနေတော့ကျွန်တော့်မျက်နှာဘယ်လိုဖြစ်နေတယ်တော့မသိဘူး။သူက “ဘာလဲ၊ မစားချင်ဘူးလား။ မစားချင်ရင် ထားခဲ့။ စားစရာပေးတာပဲ အိုးနှင့်အိမ်နှင့်နေမှ ပေးရမှာလား။ မှာလိုက်လို့လည်း ယူလာရသေး”လို့ ရန်တွေ့နေပြန်တော့။ ကျွန်တော်က“စားမှာပါဗျာ၊စားမှာပါ”လို့ပြောပြီးအထုပ်ထဲက ထန်းလျက်တစ်ခဲကို ထုတ်ကြည့်တယ်။“ဒီ ထန်း
လျက်ခဲကတော့ ဖြူဖြူကလေးပါလား။ ကျွန်တော်မှာတာက မုန့်လုပ်တဲ့ ထန်းလျက်ခဲ မည်းမည်းကြီးဗျ”လို့ သူ့ပြန်ချေရင်း ထန်းလျက်ခဲကို အထုပ်ထဲ ပြန်ထည့်လိုက်တော့သူကမဲ့ပြုံးပြုပြုံးပြီးမေးငေါ့ပြလိုက်တယ်။
ဒုတိယနှစ်တစ်လျှောက်လုံးမရင်ရွှေနှင့်ကျွန်တော်ပုံမှန်တွဲပြီးလမ်းထွက်လျှောက်လိုက်ကြ၊အကြော်ဆိုင်ထိုင်လိုက်ကြ၊မုန့်ဆိုင်တန်းသွားလိုက်ကြနှင့်ဘာမျှအပြောင်းအလဲမရှိဘူးလို့ဆိုရမှာပါပဲ။ဒါပေမယ့်မရင်ရွှေဟာ ကောလိပ်ကျောင်းနှင့် အကျွမ်းတဝင်ဖြစ်လာတော့ သူ့ပုံစံက နဂိုအတိုင်းလို့ ဆိုရပေမယ့်၊ သွားပုံလာပုံ, ဝတ်ပုံဆင်ပုံ, ပြောပုံဆိုပုံကအစ ကောလိပ်ကျောင်းသူနှင့် ပိုပြီး လာတယ် ထင်ပါတယ်။ ဒါကတာ့အတုမြင် အတတ်သင်ဆိုသလို သူ့မှာလည်း သူ့ အပေါင်းအသင်းအသိုင်းအဝန်းနှင့်မို့ နည်းနည်းတော့ပြောင်းလဲရမှာပါပဲ။ဒါကိုကျွန်တော်နှစ်ဝက်လောက်ရောက်မှသတိပြုမိပါတယ်။ မရင်ရွှေက တောက်တိုမည်ရ ပစ္စည်းကလေးတွေဝယ်ရင်း လှည်းတန်းထိပ်ဘက်ရောက်လို့ ကိုယ်အလေးချိန် ချိန်ကြည့်တယ်။ပေါင် ၁၄၀ ရှိတာကို သတိရတယ်။ “အမယ် အတော်ကျသွားပါလား”လို့ ကျွန်တော် ပြောမှ၊သူက “အတော် လုပ်ထားရတာနော်”လို့ ဆိုတယ်။ကျွန်တော်က သူ့ကိုကြည့်ပြီး“ အခုမှ တယ်လှချင်နေပါလားကွယ်” လို့ ခနဲ့လိုက်တယ်။
“ဟုတ်တယ်။ ကိုဖေတင့်ကို အားနာလို့” “ဘာဆိုင်လို့လဲ” “ဪအိမ်ဖော်ခေါ်လာတာနှင့် မတူအောင်ပေါ့” “မကြိုက်ဘူး။ နဂိုအတိုင်းပဲ ကြိုက်တယ်” “လှမှ မလှတာကြီးကွယ်။ ဒီမှာဖြင့် အစားရှောင်,လေ့ကျင့်ခန်းတွေ လုပ်ရ, လှေလှော်ရ, ရေကူးရနှင့်။ သူကမကြိုက်ဘူးတဲ့။ ငိုချင်တယ်။ တကယ်ပဲ”
ကျွန်တော် ဘာမျှ ပြန်မပြောလိုက်တော့။ တကယ်ဆိုတော့သူ့နဂိုအတိုင်းလှတယ်လို့ထင်ခဲ့တဲ့ ကျွန်တော့်အဖို့တော့ သူနဂိုရုပ်က ရွေ့လျှောသွားမှာကိုအလိုမရှိနိုင်ပါဘူး။ကျွန်တော့်စိတ်ထဲမှစနောင့်စနင်းနှင့်။မရင်ရွှေပြောသလို ကျွန်တော့်ကိုအားနာလို့ဆိုတာ ဖြစ်နိုင်သလို၊ သူလှချင်တာတခြားအကြောင်းများ ရှိဦးမလားလို့ ကျွန်တော် တွေးနေမိတယ်။“အလှဆိုတာ ဘာလဲ မရင်ရွှေ”
“အလှဆိုတာ ကြည့်လို့ရှုလို့ တင့်တယ်တာကို ပြောတာပေါ့”“ မိန်းမဆို ခါးသေးမှ, ရင်ချီမှ၊ ဒီလိုလား” “အချိုးအစားကျမှပေါ့”
“ဘယ်လို အတိုင်းအတာနှင့်လဲ” “၃၄-၃၅-၃၆ တို့ဆိုတာ မကြားဖူးဘူးလား ” “ အဲဒါ ဘာဖြစ်သလဲ ” “ မကြိုက်ဘူးလားလို့”
“မကြိုက်ဘူး၊ ဒီအတိုင်းပဲကြိုက်တယ်။ ဘာမျှမလုပ်နှင့်။အစားလည်းမရှောင်နှင့်။လေ့ကျင့်ခန်းတွေလည်း မလုပ်နှင့်။ဒီအတိုင်းပဲနေပါလား”“ဒီအတိုင်းနေပြီး အ စားလည်းမရှောင်၊လေ့ကျင့်ခန်းလည်းမလုပ်တော့ဒီခန္ဓာကိုယ်ကြီးကဒီအတိုင်းနေမလားကွယ့်။
ဝက်ကြီးလိုဖြစ်လာမှာ။ဒီတော့မှ ကံမျက်စိလည်ပြီး ရ ထားတဲ့ ရည်းစားကလေးက ပစ်ပြေးလို့.. ဒီဝက်ခန္ဓာကြီးနှင့်“စိန်ခြူးကြာညောင်” ဆိုလို့လည်း ဘယ်သူက လာသနားဦးမှာလဲ။ ရယ်ချင်တာပဲ ရှိမယ်။ ကိုဖေတင်ကလည်း သူ့အတွက် အပင်ပန်းခံပြီးလုပ်နေရတာပါ ဆိုမှပဲ”
မရင်ရွှေမှာဘာပြောပြောဟာသကလေးကတော့ပါမြဲ။သူကအဲသလိုရေးကြီးခွင်ကျယ်ကိစ္စတွေမှာ၊ခပ်တည်တည် ပြောနေရာမှာတောင် အဲသလို ဟာသကလေးတွေကတော့အမှတ်မထင်ပါလာတတ်ပါတယ်။ အရာရာမှာသူ့ကိုစကားမတတ်တဲ့ကျွန်တော်က လျှော့ပေးရတာချည်းပါပဲ။ အဲဒီကိစ္စမှာလည်း ကျွန်တော်ကပဲ “လုပ်လုပ် မရင်ရွှေ။ တော်ကြာ အဲဒီ၃၄-၂၆-၃၆ ဖြစ်လာလို့ စာရင်းတွေရှုပ်လာရင် ဖေတင်သောချင်တယ်ကွယ့်”လို့ဆိုပြီး အရှုံးပေးလိုက်ရပါတယ်။
ဒီလိုနှင့်မရင်ရွှေ။ဒုတိယနှစ်ကုန်ခါနီးမှာ အတော်က လေးကိုယ်ရေစစ်ပြီး၊ သူပြောတဲ့ အတိုင်းအတာတွေဖြစ်မလာတောင်ကျောင်းရောက်စကလိုဘုတ်ဆုံမကြီးတော့မဟုတ်တော့ပါဘူး။ ကျွန်တော့်အပေါင်းအသင်းတွေကလည်းသူ့ကိုဘုတ်ဆုံမလို့မရည်ညွှန်းကြတော့ပါဘူး။ဒါတင်ဘယ်ကမလဲ။ဟိုတုန်းကရယ်လိုက်ရင်အခွေလိုက်အဖွေးသားမညီမညာပေါ်လာတတ်တဲ့သူ့သွားတွေကို သူတို့ဦးလေးရဲ့ မိတ်ဆွေ သွားဆရာဝန်တစ်ယောက်ကအာမခံလို့တစ်ချောင်းတလေ နှုတ်ပစ်၊ ကန့်လန့်ပေါက်ပြီး ထပ်နေတဲ့သွားတွေကို တည့်အောင် လှည့်ပေးလိုက်တော့ ဥမ္မာဒန္တီ ဖြစ်လာတယ်။ နဂိုကသူ့နှုတ်ခမ်းထူထူကလေးတွေဟာသွားတွေ ညီ ညာသွားတော့ တစ်မျိုး လှလာတယ်။
သူ့အသားအရောင်နှင့်လိုက်တဲ့နှုတ်ခမ်းဆိုးဆေးတွေဘာတွေသုံးတတ်အောင်သူ့အဖော်ကောလိပ်သူအလှမယ်တို့ကသွန်သင်ပေးလိုက်ကြတယ်။သူ့မျက်ခုံးမွေးထူထူကြီးတွေကိုလည်းမထူမပါး လခြမ်းကွေးကလေးဖြစ်အောင်ပြုပြင်လိုက်ကြတော့ဟော-ကြည့်၊တသွေးတမွေးပါလား။ အသားတော် ညိုပြာညက်ကယ် နန်း တော်ထက်ဖွား ဆိုတာမျိုး ဖြစ်လာတယ်။
ကျွန်တော်ကတော့သူနှင့်တွေ့တိုင်းဒီ“အလှ”ပြဿနာနှင့် စကားများရတယ်။ ပဋိပက္ခဖြစ်ရတယ်။“မရင်ရွှေတကယ် လှတယ်နော်။ ဒုက္ခပဲ" “မရင်ရွှေတကယ်လှတယ်နော်။ ဒုက္ခပဲ " ဪ-လှတာနှင့်ဘယ့်နှယ်ဒုက္ခလဲ။ ကိုဖေတင်ကတော့လုပ်ပြီ”“ဪ- လှလေခက် လေဆိုတာ မကြားဖူးဘူးလား။လှပြီဟေ့ဆိုရင် စာရင်းက ရှုပ်လာမှာနော်။ကိုယ်တော့အခုကတည်းကကို ရင် ထဲမှာ ပူနေပြီနော်” “ကိုဖေတင်ကလဲကွယ်”
နောက်တော့ ကျွန်တော်လည်း ဘာမျှမပြောတော့ပါဘူး။ဒါပေမယ့်စိတ်ထဲကတော့မဖြောင့်ချင်ဘူး။သူနှင့်ကျွန်တော်အဲဒီအလှပြဿနာကို မဆွေးနွေးမိကြရင်တော့ ရှေးကလိုပဲသွားမြဲလာမြဲ, အကြော်စားမြဲ, တွေ့ ကရာစကားတွေ ပြောကြမြဲပါပဲ။ ညနေ အချိန်ကုန်လို့ လူချင်းခွဲပြီးကိုယ့်အဆောင်ကိုယ်ပြန်ကြတဲ့အခါမရင်ရွှေက ကျွန်တော့်ကို “စာကျက်နော်” လို့ မှာလေ့ရှိပါတယ်။ကျွန်တော်ကလည်းအခန်းပြန်ရောက်ရင်သူနှင့်နေခဲ့တဲ့ တစ်ချိန်လုံး ပြန်ပြီး စဉ်းစားလေ့ရှိတယ်။နောက်ဆုံးမှာလိုက်တဲ့‘စာကျက်နော်'ကို ကြားယောင်ပြီး ပျင်းပျင်းနှင့်ပဲစာအုပ်တွေ ကောက်ကိုင်လေ့ရှိပါတယ်။
နှစ်ကုန်လို့စာမေးပွဲတွေ ဖြေကြပြီး အိမ်ပြန်ကြမယ်ဆိုတော့ ကျွန်တော်က မရင်ရွှေကို မီးရထားဘူတာလိုက်ပို့ရင်း“မရင်ရွှေကို လာကြိုတဲ့လူတွေက မှတ်မိပါ့မလား”လို့ ခပ်တည်တည်နှင့် ပြောတော့၊ သူက “မပူနှင့်။ မကြာခင်ကမှ ဓာတ်ပုံရိုက်ပြီး ပို့ထားတယ်။ ဓာတ်ပုံကြည့်ပြီး ကြိုကြပါလိမ့်မယ်။ အိမ်က မကြိုလည်း ကြိုတဲ့လူနောက် လိုက်သွားရုံပါပဲ”လို့သူကဆိုတယ်။ သူကရယ်စရာပြောတာပဲ။ကျွန်တော့်ရင်ထဲမှာတော့ အနောက်အပြောင် ပြောတာမှန်းသိလျက်နှင့်ထိတ်ခနဲဖြစ်သွားရပါသေးတယ်။
“မရင်ရွှေ-မပြောနှင့်ကွယ်။ ကိုယ်က စိတ်ခိုင်တာ မဟုတ်ဘူး။ ဘူတာထဲတင် ဟစ်ငိုလို့ ကျော်မကောင်းကြားမကောင်းဖြစ်နေမယ်”“နည်းနည်းတော့ ပိုရမှ”
ကျောင်းပိတ်ရက်အတွင်းမှာတော့ရှေးကအတိုင်းပါပဲ။စာတိုစာရှည်တွေနှင့်လွမ်းကြရပြန်တာပါပဲ။သူ့ဆီကသူ့အဖေအကြောင်း, သူ့အမေအကြောင်း,သူ့အစ်ကိုနှင့်ညီမလေးအကြောင်း အစုံထည့်ရေးတဲ့အပြင်၊ သူတို့အိမ်ကိုရောက်ရောက်လာတတ်တဲ့ခပ်ငယ်ငယ် ခပ်ချောချော လူပျိုအရာရှိ ပေါက်စကလေးတွေ, ဆရာဝန်ကလေးတွေရဲ့ အကြောင်းပါ ထည့်ရေးတတ်ပါတယ်။ အဲသလိုစာမျိုးလာရင်ကျွန်တော်ကစိတ်မငြိမ်မသက်ဖြစ်ရပါတယ်။တောမြို့ကလေးများမှာအဲသလိုရောက်ရောက်လာတတ်ကြတဲ့ အလုပ်သင် အရာရှိငယ်ကလေးများ မျက်နှာပွင့်တတ်ကြတာကို ကျွန်တော် သိပါတယ်။သမီးရှင်များကကိုပဲ အိမ်ကို ထမင်းဖိတ်ကျွေးပြီးမိတ်ဆက်ရတာနှင့်ဘာနှင့်ဆိုတော့မရင်ရွှေတို့အဖေအမေများလည်း အဲသလိုထဲများ ပါလေမလားလို့ ပူရတာပေါ့။
ကျွန်တော်က ဒါတွေစာထဲထည့်ရေးရင် သူက “ဟောဒီတစ်လောကလုံးမှာအရုပ်ဆိုးကြိုက်တတ်တာက ကိုဖေတင်တစ်ယောက်ပဲ ရှိတယ်။ မှတ်ထား။ ရှင့်ပစ္စည်းများ အလကားပေးတောင် ဘယ်သူမှ မယူဘူး။ စိန်စီပေးရင်တော့ စိန်ကိုမက်ပြီး ယူကောင်း ယူမလား။
ကျွန်မကစိန်မဖြစ်သေးတဲ့ ကျောက်မီးသွေး။ ဘယ်သူက ယူမလဲ။ “အေးအေးနေ”လို့ ပြန်ရေးတတ်ပါတယ်။
Keep Reading