Author's Profile Photo

Myat Thein Khaing

1/11/2024

ပြန်မဆုံနိုင်တော့တဲ့ အဘိုး

3 mins read
Art
Creative



ကံတရားတွေအကြောင်း ကျွန်တော်တို့ပြောကြတဲ့အခါ ကျွန်တော့်အာရုံထဲမှာ အဖေရဲ့အဖေ ကျွန်တော့်ရဲ့အဘိုးအကြောင်းက ရေးတေးတေးလေးပေါ်ပေါ်လာတတ်တယ်။အနီရောင်ကွက်ကျား ဖျင်ကြမ်းတဘတ်ကလေးကို ခေါင်းပေါင်းပြီး ရောက်ရောက်လာတတ်သော အဘိုး။ဘယ်သူ့စကားကိုမှ နားမထောင်တတ်သောအဘိုး။သူလုပ်ချင်တာ သူဖြစ်ချင်တာကို ရအောင်လုပ်တတ်သောအဘိုး။အိမ်ကိုအလည်ပြန်တိုင်း အဘိုးနဲ့အဘွားကို မီးသင်္ဂြိုလ်ခဲ့တဲ့ အဘိုးအမွေပေးခဲ့တဲ့ခြံရဲ့ အရှေ့တောင်ဘက်က ရေကန်ပေါင်ကလေးကို သတိတရသွားရောက်ကြည့်မိတိုင်း အုတ်လုပ်တဲ့မိသားစုရဲ့ ချိုင့်တွင်းချည်းသာရှိနေတတ်တယ်။အဘိုးနဲ့အဘွားရဲ့ ပြာကျခဲ့ရာ မြေတွေက အုတ်တွေမှာ ကပ်ပါသွားရစ်ခဲ့ကြပြီ။ဒါပေမဲ့ သတိရစရာ အမှတ်တရ အချို့ကိုတော့ ဘယ်သူ့မှခွာယူပစ်လို့မရ။

အဘိုးနဲ့ပတ်သက်ပြီး ကျွန်တော့်မှတ်ဉာဏ်ထဲက ပုံရိပ်တချို့ဟာဆိုရင် ဖုန်းစခရင်ကိုရွှေ့သလိုပဲ အဲ့ဒီပုံရိပ်တွေက ဟိုးဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့ရွေ့လျားနေကြတယ်။နွေရာသီ ကျောင်းပိတ်ရက်ဆိုရင် အမေက တောဈေးရောင်းသွားရင်း ကျွန်တော့်ကို အဘိုးတို့ဆီ ခေါ်ခေါ်သွားတတ်တယ်။‌အဘိုးအိမ်မှာ အမေက ကျွန်တော့်ကို ထားခဲ့တယ်။ညနေအမေ တောက ပြန်လာမှ ကျွန်တော့်ကို ဝင်ခေါ်ပြီး သားအမိနှစ်ယောက်တစ်ဖက်ကမ်းက အိမ်ကိုပြန်ကြတယ်။အဖေက လှေနဲ့အဆင်သင့် ကျွန်တော်တို့ကို စောင့်နေကြ။အစပိုင်းတုန်းကတော့ အဘိုးကို ကျွန်တော်က သိပ်မခင်ဘူး။အနေဝေးတာလည်းပါမှာပေါ့လေ။နောက်ပိုင်းအဖေက ခေါ်သွားလိုက်၊အမေကခေါ်သွားလိုက်နဲ့ဆိုတော့ အဘိုးကို ရင်နှီးစပြုလာတယ်။အဘိုးကလည်း အလိုလိုက်တယ်။မှတ်မိတာဆိုလို့ ကျွန်တော်ရောက်ပြီဆို အဘိုးက သူ့နွားမကြီးဆီ ဒန်ဖလားကြီးကိုင်ပြီးသွားတော့တာပဲ။ပြန်ရောက်လာရင် ဖလားထဲမှာ နွားနို့တွေအပြည့်ပဲ။ဘာရေမှမရောဘဲ အဘိုးက မီးနွေးနွေးလေးနဲ့ကျိုတယ်။ပြီးရင် အိမ်ရှေ့က တန်းလျားမှာ မြေးအဘိုးနှစ်ယောက် နွားနို့ဆိမ့်ဆိမ့်လေးနဲ့ပေါင်မုန့်နဲ့စားတယ်။တစ်ခါတစ်ရံ အဘိုးခြံထဲက ထွက်တဲ့ ငှက်ပျောသီးဖီးကြမ်း။တစ်ခါတစ်ရံတော့လည်း အဘိုးမွေးထားတဲ့ ကြက်မကဥတဲ့ တောကြက်ဥလေးတွေနဲ့နေခြည်နွေးနွေးမှာ အဝလွေးတော့တာပဲ။ငယ်ငယ်ကတည်းက ကျွန်တော်ဟာ စကားနည်းတော့ အဘိုးနဲ့ပြောစရာ ဘာစကားမှမရှိဘူး။အဘိုးပြောသမျှကို ကျွန်တော်ဟာ နားထောင်သူသတ်သတ်ပဲ။တစ်ခုပြောပြရဦးမယ် အဘိုးဆီမှာ ဓာတ်ခဲသုံးလုံးထည့်ရတဲ့ ရေဒီယိုတစ်လုံးရှိတယ်။တံဆိပ်ကိုတော့ ကျွန်တော်မမှတ်မိတော့ဘူး။မမှတ်မိတော့ဘူးဆိုတာက အဲ့ဒီတုန်းက အင်္ဂလိပ်စာ ကောင်းကောင်း မဖတ်တတ်လို့လဲ ဖြစ်မှာပေါ့လေ။'တဂျစ် ဂျစ် တရွှီ ရွီ တဂွီ ဂွီ'မြည်နေတဲ့ ရေဒီယိုကြီးကို အဘိုးက သူ့နားနားကပ်ကပ်ပြီး ဟိုလိုင်းလှည့်လိုက် ဒီလိုင်းလှည့်လိုက်နဲ့ နားထောင်တတ်တယ်။ဒေါသထွက်စရာ၊နာကျည်းစရာ၊ကြေကွဲဆို့နင့်စရာ သတင်းတွေကြားရင် အဘိုးက'ဘယ်တော့မှ ဖြစ်ထွန်းလာမယ့်ဟာတွေ မဟုတ်ပါဘူး'ဆိုပြီး ပါးစပ်ကမြည်တွန်တောက်တီးပြီး ရေဒီယိုကြီးကိုစောင့်ခနဲ ပစ်ချတတ်တယ်။ဒီတော့ ရေဒီယိုကြီးလည်း 'တဂျစ် ဂျစ်'အော်ပြီး ပက်လက်ကြီးလန်လို့။အဘိုးက ဘာကိုမှ ဂရုမစိုက်တဲ့ပုံစံနဲ့ အရေးအကြောင်းထင်နေတဲ့ သူ့ရဲ့မျက်ခွံတွေအောက်က မျက်လုံးတွေဟာ တစ်နေရာကို စူးစိုက်ကြည့်ပြီး ပါးစပ်က ဖတ်ကြမ်းဆေးလိပ်ကို ဖွာနေပုံမှာ အင်မတန်ကြည့်ကောင်းနေခဲ့တယ်။

တဖြည်းဖြည်း အတန်းတွေကြီးလာတော့(ကျွန်တော်စာတော်လို့လား၊အတန်းတင်စနစ်ကြောင့်လား မပြောတတ်ဘူး)အဘိုးနဲ့ ကျွန်တော် တော်တော်လေးဝေးလာတယ်။အရွယ်ရောက်လာတော့ အဘိုးထက် သူငယ်ချင်းတွေကို ပိုခင်လာသလိုပဲ။ဆေးလိပ်ခိုးသောက်မယ်။အမေ့ဆီက ပိုက်ဆံအနည်းငယ်ခိုးပြီး ခြင်းခတ်မယ်။ဗွီဒီယိုရုံမှာ ဗီဒိုကြည့်မယ်။တစ်ခါတစ်လေ တစ်ရာဖိုးသုံးပုဒ်နဲ့ကာရာအိုကေဆိုမယ်။ရွာထဲက စာအုပ်ငှားဆိုင်က ကောင်မလေးဆီသွားပြီး အချစ်ဝတ္ထုတွေ ငှားဖတ်မယ်။အဲ့ဒီအာရုံတွေက အဘိုးနဲ့အတူရှိ‌နေတာထက် ပိုကောင်းတယ်။

တစ်နေ့ကျွန်တော့်သူငယ်ချင်းက တစ်ခြားရွာမှာ ခြင်းပွဲရှိလို့ သွားချင်တယ်လို့ပြောတယ်။ကျွန်တော်လည်း အဲ့ဒီလိုမျိုးဆို နှစ်ခါ မြူဆွယ်စရာမလိုဘူး။ဒါပေမဲ့ သွားစရာက ဘာမှမရှိတာခက်တယ်။အဘိုးအိမ်မှာ ကျွန်တော့်အဖေ တောဈေးရောင်းကအပြန် စက်ဘီးထားခဲ့လေ့ရှိတယ်။ပွင့်ပွင့်လင်းလင်းပြောပြီး မိဘတွေကိုခွင့်တောင်းရင်လည်း သွားခွင့်ပြုမှာ မဟုတ်ဘူး။ဒီတော့ ကျွန်တော်တို့က တစ်ဖက်ကမ်းကို စက်လှေနဲ့ကူးပြီး အဘိုးအိမ်က အဖေ့စက်ဘီးကို သွားခိုးတယ်။ဖြစ်ချင်တော့ စက်ဘီးကလေး တွန်းထွက်ရုံရှိသေးတယ် နွားလှန်ပြီးပြန်လာတဲ့ အဘိုးနဲ့သွားတိုးတယ်။တနင်္ဂနွေသားကလည်း ချက်ချင်း ဝုန်းခနဲဆို သူ့ဘေးက ပေါက်ခြမ်းကြီးကို ဆွဲပြီး လိုက်နှံတော့တာပဲ။ကျွန်တော်လည်း စက်ဘီးတွန်းပြီး အိမ်ပက်ချာလည် ပတ်ပြေး။အဘိုးကလိုက်ရိုက် မြေးအဘိုးနှစ်ယောက် စိန်ပြေးတမ်းဆော့ရတာက အခုနေပြန်တွေးမိတော့ ပျော်စရာကောင်းသားလို့တောင်ထင်မိတယ်။အဲ့ဒီတုန်းကတော့ အရိုက်ခံရမှာစိုးတာရယ်၊အဖေ့ကို ပြန်တိုင်မှာစိုးတဲ့ သောကစိတ်တွေကဖုံးလွှမ်းထားတော့ ချွေးတွေပြန်ပြီးမောနေတာပဲသိတယ်။နောက်တော့ အသက်(၆၀)ကျော် အဘိုးကြီးလက်က မလွှတ်မှန်းသိတော့'အတော် မာတဲ့ အဘိုးကြီးကွာ'ဆိုပြီး ကိုယ့်စိတ်ထဲက ကိုယ့်ဘာသာ အခဲမကြေဖြစ်ပြီးတော့ စက်ဘီးလွှတ်ချပြီး ပြေးရတာပဲ။အဲ့ဒီနောက်ပိုင်း အဘိုးဆီကို လုံးလုံးမရောက်ဖြစ်တော့ဘူး။

အဘိုးရေချိုးရင်း ပစ်လဲပြီး လေဖြတ်သွားတယ်ဆိုတဲ့ သတင်းကြားတော့ ကျွန်တော် တစ်ခေါက်ရောက်သေးတယ်။အဘိုးက လုံးလုံး စကားမပြောနိုင်ဘူး။သူရေဆာရင် သူ့ဘေးက ပန်းကန်လုံးလေးကို လက်ညှိုးကလေးနဲ့ 'တောင် တောင်'ဆိုပြီး ခေါက်လေ့ရှိတယ်။အဲ့ဒါဆို အဘိုးရဲ့သားသမီးတွေထဲမှတစ်ယောက်ယောက်က ဂွမ်းကို ရေဆွတ်ပြီး နှုတ်ခမ်းကို သုတ်ပေးရတယ်။အဲ့ဒီတော့မှ လျှာလေးနဲ့ နှုတ်ခမ်းပေါ်က ရေကလေးတွေကို မစို့မပို့လေး၊အဆာပြေရုံလေး လျက်ရတာက လူ့ဘဝရဲ့ ဝဋ်ဒုက္ခတွေလားလို့ တွေးပြီး အဘိုးအတွက် စိတ်မကောင်းဖြစ်ရတယ်။အဲ့ဒီဝဋ်ဒုက္ခတွေကိုပဲ အဘိုးဟာ လပေါင်းများစွာ ခံစားပြီးတဲ့အခါ သူ့ရဲ့အရေခွံဟောင်းကြီးကို ညကြီးအချိန်မတော် ချွတ်ချသွားခဲ့တယ်။အဘိုးရဲ့ ခန္ဓာကိုယ်အဟောင်းကြီးကို နောက်ဆုံးအနေနဲ့ ရေမိုးချိုး သန့်စင်ပေးဖို့ မရွှေ့တော့ အဘိုးရဲ့အိပ်ရာအောက်ကနေ အောင်ဘာလေထီစာရွက်တွေက အရွယ်အစားမျိုးစုံ ပြန့်ကားနေကြတယ်။ဒါပေမဲ့ အဘိုးထီပေါက်တယ်တို့၊ရှေ့ဂဏန်းနဲ့အက္ခရာ သုံးလုံးတူတို့ ဘာတို့တစ်ခုမှ မကြားခဲ့ရဘူးဖူး။ကံဆိုးလှတဲ့ အဘိုးရယ်လို့ပဲ ကိုယ့်ဘာသာ ဖြေသိမ့်မိတယ်။ကံကြမ္မာဟာ အဘိုးကို တစ်ချက်ကလေးမှတောင် လှည့်ကြည့်မသွားဘူး။ကျွန်တော်တွေးမိတယ် အဘိုးထီပေါက်ခဲ့ရင် ဘာတွေလုပ်မလဲဆိုတာကို အဘိုးရဲ့ ပိန်ခွက်ပြီးမှိတ်နေတဲ့ မျက်နှာကြီးကို ကြည့်ပြီး စဉ်းစားမိပေမယ့် စဉ်းစားမရဘူး။တစ်ခါတုန်းက အဘိုးပြောဖူးတယ်။မြေး(၁၅)ယောက်လုံးကို မသေခင်ရှင်ပြုပေးချင်တယ်ကွာဆိုပြီးတော့ပေါ့။ဒီလိုပါပဲ အဘိုးရဲ့နောက်ဆုံး ဆန္ဒတွေ ပြည့်မသွားခဲ့ဘူး။တခြားဘယ်သူတွေရော နောက်ဆုံးဆန္ဒတွေ ပြည့်ကြလဲပေါ့။နောက်ဆုံးဆန္ဒတွေမပြည့်ဘဲ ဘယ်သူတွေရော ကွယ်လွန်သွားကြလဲပေါ့။ကွယ်လွန်ခါနီးမှာ ဘယ်လိုနောက်ဆုံးဆန္ဒတွေ ပြည့်ချင်ကြလဲ။လူတစ်ယောက်က ကျွန်တော့်ကို မင်းရဲ့ နောက်ဆုံးဆန္ဒက ဘာလဲလို့မေးလာရင် ကျွန်တော်က အဘိုးနဲ့တွေ့ပြီး အဘိုးနှစ်ခြိုက်မယ့် စကားလေးတွေကိုသာ ရွေးပြောချင်တယ်လို့ပဲ ဖြေမိမလားမသိပါဘူးဗျာ။

မြတ်သိမ်းခိုင်

Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့