Ami(Stellari)
ဘဝကြီးက တိုတောင်းလွန်းတယ်ဆိုတဲ့ စကားကို စာဖတ်သူတို့အားလုံး ကြားဖူးပါလိမ့်မယ်။ ဟုတ်ပါတယ်။ အဲဒီစကားက မှန်ပါတယ်။ အခုခေတ်အခြေအနေနဲ့ဆို ပိုလို့တောင်မှန်ပါသေးတယ်။
တစ်ရက်မှာ ၂၄နာရီရှိတယ်။ တစ်ပတ်မှာ ၇ရက်။ တစ်လမှာ ရက်၃၀။ တစ်နှစ်မှာ ၃၆၅ရက်။ ကျွန်မတို့ နေထိုင်ခွင့်ရတဲ့ ပျမ်းမျှကာလက နှစ်၆၀လောက်ပဲရှိတယ်။ ဆိုတော့ ကျွန်မတို့ ရှင်သန်နေထိုင်ဖို့အချိန်က နာရီပေါင်း၅၀၀၀၀၀ကျော်၊ ရက်ပေါင်း၂၀၀၀၀ကျော်ပဲရှိပါတယ်။ အဲဒီလိုတိုတောင်းလှတဲ့ ကာလလေးမှာ နေ့တစ်နေ့ဆိုတာ ခဏလေးနဲ့ ကုန်သွားပါတယ်။ မသိခင်ကတော့ သတိမထားခဲ့မိပေမဲ့ ကြီးလာတဲ့အခါ၊ အလုပ်တွေရှိလာတဲ့အခါ တစ်နေကုန်သွားပေမဲ့ အလုပ်တွေမပြီးလိုက်တာမျိုးဖြစ်ဖူးကြမှာပါ။ ဒီတော့ မြန်ဆန်လွန်းတဲ့ အချိန်တွေနဲ့အတူ မြန်မြန်ဆန်ဆန် အချိန်လုပြီး အလုပ်တွေပြီးအောင်ကြိုးစားကြရတယ်။
ပြီးတော့ ရရှိတဲ့အချိန်ကာလလေးက ခဏလေးဆိုပေမဲ့ လုပ်စရာတွေကတော့ များလွန်းပါတယ်။ 'အသက်တစ်ရာမနေရ၊ အမှူတစ်ရာပွေရ'ဆိုတဲ့ စကားလေးအတိုင်းပါပဲ။ အသက်၁၀၀ပြည့်အောင် မနေရပေမဲ့ မရေမတွက်နိုင်တဲ့ အမှုကိစ္စအဝဝကို လုပ်ကိုင်နေရကြရပါတယ်။
အဲဒီလို မပြီးနိုင်တဲ့ အလုပ်တွေကို အချိန်လုပြီး အမြန်လုပ်နေရတဲ့ကြားက အဆင်မပြေမှုတွေ၊ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ ကြုံရတဲ့အခါ ရှေ့ဆက်ဖို့ခက်ခဲလာတဲ့အထိ စိတ်ဓာတ်ကျမှုတွေကို ကြုံဖူးကြလား။ ကြုံဖူးတယ်၊ ဖြစ်ဖူးတယ်၊ ရင်ဆိုင်နေရတယ်ဆိုရင်တော့ ကျွန်မပြောချင်တာက ဒီဆောင်းပါးခေါင်းစဥ်လေးအတိုင်း 'ဖြည်းဖြည်းချင်းလျှောက်'ဆိုတာပါပဲ။
ပင်ပန်းတယ်လို့ခံစားရတဲ့အခါမှာ အရာအားလုံးကို မနက်ဖြန်ဆိုတဲ့ အိတ်ကပ်လေးထဲ ခဏထည့်သိမ်းထားလိုက်ပြီး ဒီနေ့အတွက်ပဲ ဖြည်းဖြည်းမှန်မှန်နဲ့ ရှင်သန်ကြည့်ပါလား။
ဒီကိစ္စနဲ့ပတ်သက်လို့ သေချာမပြောခင် ပုံပြင်လေးတစ်ပုဒ်ကို အရင်ပြောပြပါရစေ။
ပုံပြင်ထဲမှာ လူတစ်ယောက်ကို ဖန်ဆင်းရှင်းက ခရုတစ်ကောင်နဲ့ နေရာတစ်နေရာကို သွားခိုင်းလိုက်တယ်။ အဲဒီလိုနဲ့ အဲ့လူက ခရုနဲ့ ခရီးအတူထွက်ကြတယ်ပေါ့နော်။ ဒါပေမဲ့ သိတဲ့အတိုင်း ခရုဆိုတဲ့ သတ္တဝါက အတော်လေးအသွားနှေးတော့ လူအတွက်ကျ အဆင်မပြေဖြစ်ရတာပေါ့။ အဲဒီလူက ဘယ်လိုပဲနှေးပေးပေး၊ ခရုက အနောက်မှာပဲ ကျန်ခဲ့တယ်။ ဒီလိုနဲ့ပဲ အဲဒီလူက ခရုတစ်ကောင်နဲ့အတူ စောင့်လိုက်၊ သွားလိုက်ရင်းနဲ့ပဲ ညနေစောင်းလာတယ်။ ညနေစောင်းတဲ့အချိန် သူတို့နှစ်ဦးက မြစ်ကမ်းပါးနားကို ရောက်နေပါပြီ။
နေလုံးကြီးက မြစ်အနောက်မှာရှိတဲ့ တောင်စွယ်ကြား ငုပ်လျှိုးစပြုနေပြီး ညနေဆည်းဆာရောင်ခြည်က မြစ်ရေပြင်ပေါ် လှလှပပ ဖြာကျနေပုံက သိပ်လှပါတယ်။ ဒီတော့ သူတို့နှစ်ယောက်က ရှေ့ဆက်မသွားကြတော့ဘဲ ညနေခင်းမြင်ကွင်းကို ငေးကြည့်ကြတယ်။ အဲဒီလူဟာဆိုရင် မြင်ကွင်းကို သိပ်သဘောကျသွားတယ်။ ပြီးတော့ ခရုကိုလည်း ကျေးဇူးတင်မိသွားတယ်။ ခရုက နှေးနေလို့ ဒီလိုလှပတဲ့ မြင်ကွင်းကို လွတ်မသွားတာပဲဆိုပြီးတော့ပေါ့။
ကျွန်မပြောချင်တဲ့ သဘောက အဲဒီပုံပြင်လေးလိုပါပဲ။ ကျွန်မတို့ဟာ တစ်နေ့တစ်နေ့ အချိန်ယန္တရားကြီးနဲ့ လုံးပန်းရင်း ဘေးပတ်ဝန်းကျင်ကို မေ့နေတတ်တယ်။ အနားယူဖို့လည်း မေ့နေတတ်ကြတယ်။ ဒီတော့ တစ်နေ့လောက်ဖြစ်ဖြစ် အချိန်ယူပြီး အနားယူကြည့်ပါလား။ သီချင်းလေး နားထောင်ရင်း ခပ်ငေးငေးလေး နေရင်းပေါ့။ လမ်းကိုလည်း ဖြည်းဖြည်းချင်းလျှောက်ရင်း ပတ်ဝန်းကျင်ကိုလည်း သတိထားကြည့်ပါ။ ရာသီဥတုက နေသာနေတာလား၊ တိမ်ထူနေတာလား၊ မိုးအုံ့နေတာလား။ နေရောင်သဲ့သဲ့ ဖြာကျနေတာဖြစ်ဖြစ်၊ လေညှင်းညှင်းလေး တိုက်နေတာဖြစ်ဖြစ် သတိထားကြည့်မိတဲ့အခါမှာ ကျွန်မတို့ရဲ့ နေ့စဥ်အဆင်မပြေမှုတွေကို ခေတ္တခဏဖြစ်ဖြစ် ပြေလျော့စေမှာအမှန်ပါပဲ။ တစ်နေ့လုံးကို ဖြည်းဖြည်းဆေးဆေးလေးနဲ့ ငြိမ်းချမ်းစွာ ဖြတ်သန်းကြည့်ပေါ့။
ဒါပေမဲ့ ကျွန်မပြောချင်တဲ့ အဓိကအကြောင်းအရာကိုလည်း မလွဲသွားစေချင်ပါဘူး။ ဘဝဆိုတာက အရှိန်တစ်ခုတည်းနဲ့တော့ တောက်လျှောက်သွားလို့မရဘူးလေနော်။ မြဲတမ်း နှေးတုံ့နှေးတုံ့လုပ်နေလို့လည်း မရပါဘူး။ လိုအပ်တဲ့အချိန်မှာ လိုအပ်သလို အရှိန်မြှင့်ဖို့လည်း လိုပါသေးတယ်။ သို့ပေမဲ့ ဒီလိုဘဝခရီးလမ်းကြီးမှာ မိုင်ကုန်တင်ရင်း ခရီးဆက်နေရတာ ပင်ပန်းလာပြီဆိုရင် ဖြည်းဖြည်းချင်းလျှောက်ရင်း ခရီးဆက်ကြည့်ပါ။
မနက်ဖြန်မှာ ပြေးဖို့အတွက် ဒီနေ့မှာ ဖြည်းဖြည်းချင်းလျှောက်ရင်း အားမွေးကြတာပေါ့လေ။
အဆင်ပြေနိုင်ကြပါစေ။
-အေမီ(စတယ်လာရီ)-
-30 October 2024, 8:08 pm-
Keep Reading