ဟယ်ရီကို ( Harry Ko )
လူငယ်နှင့်မိဘကြားကပဋိပက္ခ
ဒီနေ့ခေတ်မှာ ဘယ်သူနဲ့ဖြစ်ဖြစ် ပဋိပက္ခဖြစ်ရတဲ့အခြေအနေတွေ နည်းနည်းများလာသလိုပါပဲ။ မိဘနဲ့ဖြစ်ဖြစ်၊ဆွေမျိုးနဲ့ဖြစ်ဖြစ်၊မိတ်ဆွေအပေါင်းအသင်းတွေနဲ့ဖြစ်ဖြစ် ပဋိပက္ခတစ်ခုမဟုတ်တစ်ခု ရှိကြတာပါပဲ။
ဒါပေမဲ့ ဇိန်းအဓိကထောက်ပြချင်တာကတော့ မိဘနဲ့လူငယ်ကြားက နေ့စဉ်ဖြစ်နေတဲ့ ပဋိပက္ခလေးတွေအကြောင်းပါ။ ဟုတ်ပါတယ်။ မနက်မိုးလင်းရင် အမေ့ရဲ့ တစ်ခုခုခိုင်းတဲ့အသံကို ကြားနေရတဲ့ လူငယ်တစ်ယောက်ဟာ ကြာရင် မနက်ခင်းကို နိုးထဖို့ကိုတောင် လန့်နေပါလိမ့်မယ်။ ကိုယ်က တစ်ခုခုလုပ်လိုက်လို့ အမှားပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ တဗျစ်တောက်တောက် ပြောတတ်တဲ့ အမေနဲ့ နေရတဲ့ လူငယ်ဆိုရင်လည်း နေ့စဉ်စိတ်ညစ်ရမှာပါပဲ။ ကြာရင် စိတ်တိုလာမယ်။ ပြန်ပြောမိလာမယ်။ ကိုယ်ကအစတုန်းက ဘယ်လောက်ပဲ လိမ္မာပါိစေ၊ ကြာရင် သည်းမခံနိုင်တော့ ပြန်အော်မိတာတွေ ဖြစ်ကုန်တော့တာပါပဲ။
ဒါက နေ့စဉ်မိဘနဲ့ပြဿနာဖြစ်နေရတဲ့ လူငယ်တစ်ယောက်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အနည်းငယ် ကျဆင်းလာတာကို ပြနေတာပါ။အဲ့တော့ ဒီလိုဖြစ်နေတဲ့ အခြေအနေကို သားသမီးဘက်က ဘယ်လောက်ပဲ ပြင်ဆင်ချင်ပေမယ့် မိဘဘက်ကလည်း သားသမီးအပေါ် နားပူတတ်တဲ့ အကျင့်ကိုမပြင်ဘူးဆိုရင် ဒီပြဿနာဟာ ဘယ်လိုမှ အဆင်ပြေလာဖွယ် ရှိလာမှာမဟုတ်ပါဘူး။
နေ့စဉ်နဲ့အမျှ ဒီအခြေအနေ၊ဒီအတိုင်းပဲ သွားနေမှာပါပဲ။ မိဘကလည်း သားသမီးကို ဆူရ၊ပူရနဲ့ ကြာရင်စိတ်ပျက်လာမိမှာ အမှန်ပါပဲ။
ဒီတော့ ဒီလိုနှစ်ဦးနှစ်ဖက် စိတ်ပျက်စရာ၊စိတ်ညစ်စရာ ဆက်ဆံရေးကို ပြန်ပြေလည်အောင် ညှိနှိုင်းသင့်ပါတယ်။ လူငယ်တွေဘက်ကလည်း ကိုယ်လိုချင်တာ၊ကိုယ်ဖြစ်ချင်တာကို ကိုယ့်ရဲ့မိဘကို ပွင့်ပွင့်လင်းလင်း ပြောသင့်ပါတယ်။ မိဘဘက်ကလည်း ကိုယ့်သားသမီးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးသင့်ပါတယ်။
သားသမီးက ကိုယ့်ကို "ဒါငါ့မိဘ"ဆိုတဲ့ အားကိုးမှုနဲ့ ရင်ဖွင့်ပြောဆိုတိုင်ပင်လာတဲ့ စကားတွေကို နားထောင်ပေးပါ။ သူဖြစ်ချင်တာကို ပံ့ပိုးပေးပါ။ ကျောင်းစာလုပ်ဖို့ပဲ အတင်းဖိအားမပေးပါနဲ့။ ကျောင်းစာလုပ်ဖို့ပဲ ဖိအားပေးခံရတဲ့ လူငယ်တစ်ယောက်ဟာ "စာမှစာ" ဖြစ်ပြီး အပြင်လောကနဲ့ ပတ်သက်ပြီး တွေးခေါ်နိုင်စွမ်းတွေ လျော့ကျသွားတတ်ပါတယ်။
ဒါ့ကြောင့် စာလုပ်ဖို့ချည်း မပြောဘဲဘဝအတွက် လိုအပ်တဲ့ စာပေတွေဖတ်ခိုင်းပါ။ သူငယ်ချင်းတွေနဲ့ အပြင်သွားခိုင်းပါ။ ဝါသနာပါရာ အားကစားအသင်း ဝင်ခိုင်းပါ။
ဒီလိုမျိုး မိဘဆီကနေ ယုံကြာ်မှု အပြည့်အဝရရှိထားတဲ့ လူငယ်တစ်ယောက်ဟာ မိဘကို ပိုပြီးလေးစားလာမှာဖြစ်သလို မိဘနဲ့ သူငယ်ချင်းလိုဆက်ဆံရေးမျိုး ရှိနေတဲ့ ပိုပြီးပွင့်လင်းလာပါလိမ့်မယ်။
30.10.2024
#ဇိန်းမြင့်မိုရ်ရောင်
#SarPhat
Keep Reading