ဆောင်းနေရောင်(အဖျောက်)
`` လူပေါင်းမှားသည်ထက် လူမှားမပေါင်းမိစေဖို့ဆိုလျှင်´´
လူရယ်လို့ဖြစ်လာကတည်းက ကျွန်တော်တို့ဟာ တစ်ဦးတစ်ယောက်တည်းခွဲထွက်နေလို့မရပေ။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ပေါင်းသင်းဆက်ဆံ၍ နေထိုင်ကြရသည်။ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများ အစရှိသဖြင့် ခင်သူ ချစ်သူများ ရှိလာကြသည်။ မိမိကိုယ်တိုင်က အခြားသူအား ခင်၍ချစ်၍ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်း အဖြစ် စဖွဲ့တတ်သလို အခြားသူတို့ကလည်း မိမိအား ခင်လိုသဖြင့် မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်း အဖြစ် လာမိတ်ဖွဲ့တတ်တာ ရှိကြသည်။ မည်သူကပဲ စ၍ ဖွဲ့စည်းသည်ဖြစ်စေ ကျွန်ုပ်တို့သည် အပေါင်းအသင်း သူငယ်ချင်း မိတ်ဆွေ စသည်တို့ကို လိုလားသည်သာရှိကြသည်။ အပေါင်းအသင်း သူငယ်ချင်း မလုပ်လို၍ တစ်ဦးတစ်ယောက်တည်း နေတတ်သူအချို့တော့ ရှိတတ်ကြသည်။ သို့သော် လူအများစုက အဖွဲ့အစည်း အပေါင်းအသင်းနှင့်သာ နေလိုကြသည် မဟုတ်ပါလား။
ကျွန်ုပ်တို့မှာ ကျောင်းတက်အရွယ် မရောက်ခင်ကတည်းက ကျွန်ုပ်တို့နေထိုင်သည့် ပတ်ဝန်းကျင်မှာပင် အပေါင်းအသင်း သူငယ်ချင်းများ ရှိနေကြပြီဖြစ်သည်။ ကျောင်းစတက်သည်နှင့် သူငယ်ချင်းများစွာ ရလာကြသည်။ အချို့အပေါင်းအသင်း သူငယ်ချင်းများမှာ စိတ်ထားကောင်း၍ အနစ်နာခံစိတ်ဖြင့်ပင် ပေါင်းသင်းကြသည်။ အချို့ကမူ စိတ်ထားမကောင်း။ သူတစ်ပါးအပေါ်တွင် အမြဲတမ်း အနိုင်ယူလိုစိတ်ဖြင့် ဗိုလ်ကျကာ နိုင်ထက်စီးနင်းပြုတတ်ကြသည်။ အပေါင်းအသင်း သူငယ်ချင်း မခင်မှာကို စိုးသောသူများက သူတို့ကို နစ်နာခံ သည်းညည်းခံကာ ပေါင်းသင်းနေကြသည်။ ဒါကိုပင် သူတို့က အခွင့်ကောင်းယူကာ ဗိုလ်ကျမြဲဗိုလ်ကျနေကြသည်။
``အပေါင်းအသင်းကြောင့်ဂုဏ်တက်ရသည်။ အပေါင်းအသင်းကြောင့်ဂုဏ်ကျကာ ပျက်ဆီးရသည်။ဆိုသည့် ဆိုစကားလည်းရှိသည်။ သူငယ်ချင်းအချို့က မကောင်းသည့်အပြုအမှု အလုပ်မျိုးကိုသာ လုပ်တတ်ကြသည်။ သူတစ်ပါးအား အနိုင်ကျင့်၍ မိမိလုပ်သည်ကိုပင် သူတစ်ပါးလုပ်သည်ဟုပြောကာ ချောက်တွန်းကြသည်။ သူတစ်ပါးဒုက္ခရောက်သည်ကိုသာ သူတို့လိုလားကြသည်။ ပျော်မွေ့နေကြသည်။ သူတို့နှင့်ပေါင်းသင်းမိသူများမှာ ဒုက္ခရောက်ကြရသည်။ သူတို့ကြောင့်ပျက်ဆီးသွားကြသည်။ သူတို့ကိုယ်တိုင် မကောင်းသည့်အရာများ ပြုလုပ်၍လည်း သူတို့ကိုယ်၌ပင် ပျက်ဆီးကြရသည်။
ကောင်းသည့်သူငယ်ချင်း အပေါင်းအသင်းများက မိမိကိုယ်တိုင် ကောင်းသည့်အပြုအမှုကိုသာပြုလုပ်သလို မိမိ၏အပေါင်းအသင်းများကိုလည်း ကောင်းမွန်အောင်ပြုပြင်လမ်းညွှန်ပေးတတ်ကြသည်။ ကောင်းရာဘက်သို့သာဆွဲခေါ်ကြသည်။ မိမိကို အများက ချီးမွမ်းသလို မိမိ၏သူငယ်ချင်း အပေါင်းအသင်းများကိုပါ ချီးမွမ်းစေလိုသည်။ အများက နှစ်သက်စေလိုသည်။ ကိုယ်တိုင်ဂုဏ်တက်အောင်နေသလို မိမိသူငယ်ချင်းကိုလည်း ဂုဏ်တက်စေလိုကြခြင်းဖြစ်သည်။
ကျောင်းနေအရွယ်တွင် မကောင်းသောသူငယ်ချင်းအပေါင်းသင်းများသည် ကိုယ်တိုင်ကျောင်းပြေးခြင်း၊ သူတစ်ပါးကိုလည်း ကျောင်းပြေးရန် စည်းရုံးခြင်း၊ ဆေးလိပ်ခိုးသောက်ခြင်း၊ နိုင်ထက်စီးနင်းပြုခြင်း စသည့်မကောင်းသောအပြုအမှုများကို လုပ်ကိုင်တတ်ကြသည်။ အရွယ်ကြီးလာသောအခါ အရက်သေစာသောက်စားတတ်လာကြသည်။ ခိုးစားခြင်း၊ လုယက်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း စသည့်မကောင်းမှုအလုပ်မျိုးကိုသာ လုပ်ဆောင်နေကြသည်။ သူတိုနှင့်ပေါင်းသင်းမိပါက မိမိဘဝသည် သူတို့နှင့်အတူ အများကဲ့ရဲ့ခြင်း၊ ဝိုင်းပယ်ခြင်း၊ အမုန်းခံရခြင်း၊ ရွံရှာခြင်းစသည်တို့ကို ခံရတတ်သည်။
အပေါင်းအသင်း မှားခြင်းကြောင့် ကိုယ်ကိုယ်တိုင်ပါ ပျက်ဆီးရသည်။ ဆုံးရှုံးနစ်နာရသည်။ အဆိုးများကိုသာ ခံရသည်။ လူအများနှင့် ပေါင်းသင်းဆက်ဆံရာတွင် မကောင်းသောလူများနှင့် ပေါင်းသင်းမိကာ မိမိကိုယ်တိုင်ကပါ မကောင်းမှုကိုပြုလုပ်မိသောကြောင့်ဖြစ်သည်။ လူပေါင်း မှားခဲ့သည်ဆိုပါစို့။ မှားသည့်အတိုင်း မိမိကိုယ်တိုင်လည်း သူတို့နှင့်အတူ မကောင်းသောအပြုအမှု အလုပ်မျိုးကို လုပ်ဆောင်မိခဲ့သည်။ ဒါကြောင့် ဘဝခရီးလမ်းမှာ ကျဆုံးကြရသည်။ သို့သော် အချိန်မီ ပြန်ဆင်ခြင်နိုင်ပြီး လူပေါင်းမှားခြင်းကို စွန့်ခွာနိုင်ကာ မကောင်းမှုရှောင် ကောင်းမှုဆောင်သည့် အပြုအမှု အလုပ်ကိုသာ လုပ်ကိုင်လာလျှင် မိမိဘဝခရီးလမ်းသည် တစ်ဖန် ကောင်းမွန်လာမည်ဖြစ်သည်။
အမှောင်ကိုပယ် အလင်းတွယ်နိုင်ဖို့ဆိုလျှင် လူပေါင်းမှားနေသည်ကို သိရမည်။ သိသည်နှင့့်အမျှ မိမိက မည်မျှပင် ချစ်ခင်ရင်းနှီးကာ သံယောဇဉ် ရှိစေကာမူ မကောင်းသောသူအား စွန့်ခွာနိုင်ရမည်။ ရှောင်ရှားနိုင်ရမည်။ ကိုယ်ကိုယ်တိုင် လမ်းမှန်ဘက်သို့ ပြန်ဦးတည်ကာ လျှောက်လှမ်းနိုင်ရမည်။
အားနာခြင်း၊ သနားခြင်း ရှိသည့်တိုင် သူတို့အား လျစ်လျူရှုနိုင်ရမည်။ မကောင်းသောအပေါင်းအသင်းများက မိမိအား မည်သို့ပြစ်တင်ဆဲဆိုစေကာမူ စိတ်ဓာတ်မပျော့ညံ့ဘဲ ကြံ့ကြံ့ခိုင်နိုင်ရမည်။ သို့မှသာ ကျွနု်ပ်တို့သည် လူပေါင်းမှားခြင်းမှ လွတ်မြောက်မည်ဖြစ်သည်။ လွတ်မြောက်လာသောအခါမှ ကျွန်ုပ်တို့၏ ဘဝကို ကောင်းသောအရာများနှင့် အသစ်တစ်ဖန် ဖြည့့်စွမ်းနိုင်မည်ဖြစ်သည်။ လူပေါင်းမှားသော်လည်း ဆင်ခြင်တုံတရားရှိသေး၍ လူပေါင်းမှားခြင်းမှ လွတ်အောင်ရုန်းထွက်နိုင်ကာ ပြန်လည်ပြုပြင်နိုင်ခြင်းဖြစ်သည်။
ကျွန်ုပ်တိုသည် ဆင်ခြင်တုံတရား အသိဥာဏ်ပညာနည်းပါးပါကလည်း အမှားကို အမှားမှန်းမသိနိုင်။ လူပေါင်းမှားသည် မှန်သည် မခွဲခြားနိုင်။ လူကောင်းလား၊ လူဆိုးလား မမြင်နိုင်။ ပေါင်းသင်းမိကာ သာယာနေမိတတ်ကြသည်။ မိမိကိုယ်တိုင်လည်း မကောင်းရာလုပ်ရသည်ကို မကောင်းသည်ဟု မယူဆဘဲ ကျင့်သားရကာ လုပ်ဆောင်မိတတ်သည်။ လူပေါင်းမှားသည်ထက် လူမှားကို ပေါင်းသင်းနေခြင်း ဖြစ်လာသည်။ အသိမထင် အမြင်မှားနှင့် ဆင်ခြင်ဉာဏ်ကင်းမဲ့ကာ လူဆိုးကိုသာ လူကောင်းအမှတ်နှင့် ပေါင်းသင်းမိတတ်သည်။ လူမှားပေါင်းသင်းနေခြင်းက ပိုပြီးချုပ်နှောင်ခံရသည်။ လွတ်မြောက်ရာလမ်းက ကျဉ်းလွန်းလာသည်။ လူပေါင်းမှားသည်ထက်ကို ဆိုးဝါးသည်။ လမ်းမှန်ဘက်ကို ဦးလှည့့်နိုင်ဖို့ အခွင့်အရေးနည်းသည်ထကကို နည်းလွန်းလှသည်။
လူပေါင်းမှားတာက ပြန်ပြင်လို့ရနိုင်သေးသည်။ လူမှားကို ပေါင်းသင်းနေသည်က ပြင်ဆင်နိုင်ဖို့ မသေချာ၊ မရေရာ။ ခက်ခဲလွန်းလှသည်။ ကျွန်တော်တို့သည် လူ့အဖွဲ့အစည်း ပတ်ဝန်းကျင် နေရာအသီးသီး၌ လူအမျိုးမျိုးနှင့် ပြောဆိုဆက်ဆံ ပေါင်းသင်းဖွဲ့စည်းနေရသောကြောင့် လူအမျိုးမျိူး စိတ်အထွေထွေကို မလွဲမသွေ တွေ့ကြရသည်။ မဖြစ်မနေ ခဏတာတော့ ပေါင်းသင်းဆက်ဆံလိုက်ကြရသည်။ မည်သည့်နေရာတွင်မဆို ဆက်ဆံရသည်ဖြစ်သည့်အတွက် မည်သူကကောင်းသည်၊ ဆိုးသည်။ မည်သူပြောစကား အပြုအမှုက မှားသည်၊ မှန်သည် စသဖြင့် ခွဲခွဲခြားခြား သိဖို့လိုသည်။
ကျွန်တော်တို့သည် လူပေါင်းသင်းလည်းမမှားစေ။ လူပေါင်းမှားစေသော်လည်း လူမှား မပေါင်းမိစေဖို့ အကြံပြု ရေးသားလိုက်ရပါသည်။ ။
ဆောင်းနေရောင်(အဖျောက်)
Keep Reading