ရွှေကူမေနှင်း
ဆရာမင်းသိင်္ခကို အများစုက "ဆရာခ"လို့ ခေါ်ကြပါတယ်။ ကျွန်မကတော့ "ဆရာမင်း"လို့ ခေါ်တယ်။ အစ်ကိုကြီးလို့လည်း တစ်ခါတစ်ခါ ခေါ်မိတယ်။ သူက ကျွန်မထက် ၃ပတ်ပဲ ကြီးတာပါ။ သူက ဇူလိုင်လ (၂၄) လေ၊ ကျွန်မက သြဂုတ်လ (၁၉)ပါ။ ဆရာနဲ့က သူများလို ဗေဒင်ကိစ္စနဲ့ ပတ်သက်ပြီး ရင်းနှီးကြတာ မဟုတ်ပါဘူး။ စာရေးသူအချင်းချင်းဆိုတဲ့ ခင်မင်မှုပါ။ ရှု့မဝခေတ်ကောင်းစဥ်၊ကျွန်မတို့လည်း နုပျိုစဥ်၊စာပေတိုက်တွေမှာ စုရုံးစုရုံး အချိန်ဖြုန်းစဥ်ကဆိုရင်... ရှု့မဝမှာ ငွေထုတ်ရက် (လဆန်း ၁၀ရက်)ဆုံလေ့ရှိကြတယ်။ပြန်ပြီဆိုရင် အီကြာကွေးနဲ့ ဆုံရင်ဖြင့်၊ "လာဟေ့....ကိုအောင်ထွန်းဆီ ဝင်ပြီး လက်ဖက်ရည်သောက်ရအောင်"လို့ အဖော်ညှိ့မြဲပဲ။ အီကြာကွေးနဲ့ ကျွန်မက ၁၉၆၀ အဲ့ထိခေတ်ကတည်းက ရေးဖော်ရေးဖက်မို့ သူငယ်ချင်း... လို့ခေါ်ကြတယ်။ သူက ကျွန်မထက် ၃နှစ်ကြီးတယ်။ဒါပေမဲ့ နင်နဲ့ငါနဲ့... ဆိုပြီး ငယ်ပေါင်းလို ရင်းနှီးကြတယ်။ အဲ့သလို သူနဲ့ ရှု့မဝမှာ ဆုံရင် အပြန်ကျတော့ စကော့စျေးကို ပတ်ပြီး ၂၉လမ်းထိပ်ကို သွားကြတာ အဲ့ဒီက တိုက်တစ်တိုက်ရဲ့ ပထမထပ်မှာ ဆရာမင်းရှိတယ်လေ။
သူကဗေဒင်ဟောနေတာ စောင့်နေတဲ့ ဧည့်သည်တွေလည်း အမြဲရှိတယ်။ ဒါပေမဲ့ ဆရာမင်းဟာ ကျွန်မနဲ့ အီကြာကွေးရောက်လာတာကို မြင်လိုက်ရင် ဗြုန်းဆို… သူ့ဗေဒင်ဟောတဲ့ဟာကို လက်စသတ်ပစ်တယ်။ လာကြ၊ ထိုင်ကြလို့ ရယ်မောကြိုတယ်။ ကျွန်မတို့ ၂ယောက်ကို မြင်တဲ့သူ့တပည့်တွေကလည်း မျက်ရိပ်ပြစရာမလို အလိုလို သဘောပေါက်ပြီး နောက်ဖက်ခန်းမှာ လက်ဖက်ရည်ဖျော်တော့တာပဲ။ ပြီးရင် ပန်းကန်သေးသေးလေးနဲ့ လာတိုက်တယ်။ ဘယ်လိုကောင်းမှန်းမသိ လက်ဖက်ရည်မကြိုက်တဲ့ ကျွန်မတောင် ဆရာမင်းအိမ်က လက်ဖက်ရည်ကို မက်မက်စက်စက်သောက်ပါတယ် သူ့ဧည့်သည်တွေကို ထားပြီးကျွန်မတို့နဲ့ စကားပြောတော့ သူ့ဧည့်သည်တွေကလည်း အလိုက်သိ စောင့်ကြရှာပါတယ်။
(စာရေးဆရာတွေ ဆိုတဲ့ အမြင်နဲ့ လေးစားကြတာကိုး)၊ အဲဒီမှာ ဘာရယ်မဟုတ် ရယ်ရွှန်းပတ်ရွှန်းတွေပြော၊ လက်ဖက်ရည်သောက်ပြီး အတော်ကြာမှ ကျွန်မတို့ပြန်ပါတယ်။သူ့ကိုရော၊ သူ့တပည့်တွေကိုပါ အားနာရကောင်းမှန်းမသိကြပါ။ ဟောပြောပွဲတွေ အတူသွားကြတော့ ပိုပြီး နားလည်လာခဲ့ကြတယ်။ရင်းနှီးကျွမ်းဝင်ခဲ့ကြတယ်။ ဆရာမင်းဟာ ကျွန်မထက် ၃ပတ်ပဲ ငယ်ပေမဲ့ နှမလေး တစ်ယောက်လိုပဲ သဘောထားတာပါ။ နယ်မြို့တွေ သွားရင် သူက စကားပြောဦးဆောင်စမြဲ။သူ့ကို လူတွေက ပို၍ စိတ်ဝင်စားစမြဲ။သူကလည်း ငါးသုံးလုံးစီးကရက်ကို အဆက်မပြတ်သောက်ရင်း စကားဖောင်ဖွဲ့ပြောတတ်စမြဲ။ ပွဲစခါနီးလို့ ကျွန်မက မိတ်ကပ် လိမ်း၊ လှလှပပ ဝတ်စား၊ ပုဝါခြုံပြီးရင် သူရှိတဲ့အနားသွားပြီး မတ်တပ်ရပ်ပြတယ်။ အဲဒီအခါ သူက ပြုံးပြုံးကြီးနဲ့ ကျွန်မကို ခြေဆုံး ခေါင်းဆုံးကြည့်ပြီးမှ “ဟုတ်ပြီ” “ဒီအဝတ်နဲ့ ဒီပုဝါနဲ့ လိုက်ဖက်တယ်”လို့ အတည်ပြုတယ်။
(ဘာရယ်မဟုတ် ကျွန်မတို့ ခင်မင်မှုပါ)။ အဝေးကြီး ခရီးသွားရရင်တော့ သူက မခံနိုင်ဘူး။သူ့ခန္ဓာကိုယ်က ဝလည်း ၀တာကိုး။ ဟောမယ် မြို့ရောက်တာနဲ့ လှဲချပြီး “အနှိပ်သည်” ရှာခိုင်းပါတော့တယ်။မြို့ခံ လူတွေကလည်း သူ့အတွက် အကြောနားလည်တဲ့ ယောကျာ်းအနှိပ်သည်ကို ရှာဖွေခေါ်ပြီး ပြုစုကြပါတယ်။ဧည့်ခန်းမှာ စန့်စန့်ကြီး အနှိပ်ခံနေတဲ့ အခါ ကျွန်မက သူ့ကို နောက်ချင်လာရော…။
သူက “အညောင်းဘုရင်” ဆိုတဲ့ အကြောပြေဆေးကို ထုတ်လုပ်ရောင်းချနေချိန်ပါ။ကြော်ငြာမှာ ဆင်ကောင်ကြီး တတ်နင်းနေတဲ့ ပုံနဲ့ ဖြစ်ပါတယ်။ဒီဆေးစားရင် ဆင်နင်းခံရသလို အကြောပြေမယ်ပေါ့။
ဒါကြောင့် ကျွန်မက
“ဆရာမင်း…ဘာဖြစ်လို့ အနှိပ်ခံနေတာလဲ။ဆရာမင်းရဲ့ အညောင်းဘုရင်ကြီး မှီ၀ဲလေ”လို့ စပါတယ်။ဒီအခါ သူစိတ်မဆိုးဘူး။ဟီးဟီးလို့ စပ်ဖြီးဖြီးရယ်ပြရင်း “အဲ့ဒါက ရောင်းဖို့ ဖော်စပ်တာဗျ”။”ကျွန်တော်ကိုယ်တိုင် ညောင်းရင်တော့ ခုလို နှိပ်မှ ပျောက်တယ်”တဲ့။အင်မတန် သဘောကောင်းတဲ့ လူတော်ကြီးပါ။ ၈၈…ကိစ္စကြီးဖြစ်တော့လည်း သူနဲ့ ကျွန်မတို့က အတူတူဟောကြတာပါ။သူဟောနေစဉ် ကျွန်မတို့ ကြူကြူသင်းတို့က ကိုယ့်အလှည့်စောင့်ရင်း သူ့ကို အားပေးကြတယ်။”ရဲဘော်တို့…မင်းတို့ ဘောင်းဘီပြဲနေပြီ။ဖိနပ်တွေကလည်း ခြေသန်းလေးတောင် ပေါ်နေပြီ။ဒီတော့…မင်းတို့ရဲ့ သေနတ်ပျောင်းစကို မင်းတို့ လူကြီးတွေဖက် လှည့်ပြီး ချိန်လိုက်ပါ…”
အဲသလို အပြော၊ပရိတ်သတ်က တဖျောင်းဖျောင်း လက်ခုပ်တီးရင်း ကျွန်မတို့ မောင်နှမတွေကလည်း စင်အောက်ကနေ “ဒါမှ…တို့အစ်ကိုကြီးကွ”လို့ အော်ကြသေးတာလေ။စိတ်တူကိုယ်တူ ရဲဘော်ရဲဘက်တွေပါ။ အဲ့သလို…စိတ်တူလို့လည်း အဖမ်းခံကြရတော့ အတူတူလေ။အဖမ်းမခံရခင်…ကျွန်မတို့က NLD ပါတီထောင်တဲ့ဆီ ပြေးသွားပြီး၊နောက်ဖေးတန်းလျားကြီးမှာ စုဝေးခဲ့ကြတယ်။ဘာလုပ်ရမှန်းမသိတိုင်း အဲ့ဒီမှာ စုပြီး စိတ်ဖြေကြတာ။နောက်တော့ ကျွန်မတို့ စုဝေးတဲ့ “နွားတဲကြီး”တန်းလျားနဲ့ မျက်နှာချင်းဆိုင် “မီးဖိုဆောင်တိုက်ခန်း”ထဲကို ဆရာမင်းရောက်လာပါလေရော။
သူ့ကို လိုက်ရှာနေလို့ လာပုန်းတာတဲ့။ကျွန်မတို့လည်း သူ့အခန်းထဲကို သွားလည်ကြတာပေါ့။သူက ငါးသုံးလုံးလက်ကမချဘဲ “အေးဗျ ဒီနေရာလေးက သံရုံးလေးလိုပဲ၊လုံခြုံတယ်”လို့ မှတ်ချက်ချပါသေးတယ်။အဲ့သလို…ဒီအခန်းမှာ ပုန်းနေတဲ့ ရက်တွေမှာ သူ့တပည့်တွေက ထမင်းဟင်းတွေ ချိုင့်ကြီး ချိုင့်ငယ်နဲ့ လာပို့တာ ကျွန်မတို့ ပျော်ပျော်ပါးပါး ဝိုင်းစားကြတယ်ပေါ့။အံမယ်… ရေခဲမုန့်တောင် “ပုံး”အလိုက်ပါလာတာ ကျွန်မတို့ ပျော်မဆုံးပေါ့”။ ဒီလို တရုံးရုံးဖြစ်နေတာကို သက်ဆိုင်ရာက မသိဘဲ ဘယ်နေနေမလဲ။ထုတ်ပေးဖို့ ပါတီကို စာပို့သတဲ့(အတိအကျ မသိပါ)။ဒီမှာတင် ဆရာမင်းက “ပါတီကို အနှောက်ယှက် မဖြစ်စေချင်” ဆိုပြီး လာအဖမ်းခံသွားရှာပါတော့တယ်။
သူ…ထောင်ထဲမှာ အတော်ကြာရှာပါတယ်။ထောင်ထဲကနေ သူ့အိမ်ထောင်ကို ကွာရှင်းဖို့ သဘောတူကြောင်း လက်မှတ်ထိုးပေးလိုက်တယ်လို့လည်း သတင်းကြားရတယ်။သူဟာ…သူ့အတွက် ဘယ်သူ့ကိုမှ ဒုက္ခမဖြစ်စေချင်ဘူးဆိုတာ ထင်ရှားလှတယ်။ သူထောင်က လွတ်လာပြီ။
ကျွန်မလည်း ထောင်က လွတ်ခဲ့ပြီ။ သူတောင်အချင်းချင်း သတင်းလွှင့်ဖို့ သူ့အိမ်ကို ကျွန်မ သွားပါတယ်။၂၉လမ်း တိုက်ခန်းမှာ သူမရှိပါ။သူ့တပည့်ရင်းချာဖြစ်တဲ့ ဆရာ မောင်မောင်မြင့်အေးကိုပဲ တွေ့ခဲ့ရတယ်။
“ဆရာ နေမကောင်းဖြစ်နေတယ်။ဒီမှာဆိုရင် ဧည့်သည်တွေလာမှာစိုးလို့” သူ့တပည့်တစ်ယောက်အိမ်မှာ သွားပြီးအနားယူနေတယ်။ဘယ်သူမှ မပြောရဘူး”တဲ့။
“ခက်တာပဲ။ကျွန်မက သူ့ဆီက ပိုက်ဆံချေးချင်လို့” ကျွန်မက ဗြောင်ဖွင့်ပြောလိုက်ရတယ်။ကျွန်မ ကိုယ်ရေးကိုယ်တာအတွက် ငွေကြေးမလိုပါ။ဒါပေမဲ့ “ဝဋ်”ကြွေးဆပ်နေရသူ ပုဂ္ဂိုလ်တစ်ဦးက ကျွန်မဆီမှာ ပိုက်ဆံလာတောင်းနေတယ်။ကျွန်မ ရှာပေးရပါမယ်။ ဆရာ မောင်မောင်မြင့်အေး သက်ပြင်းချရှာတယ်။
“အေးလေ…မလွှဲမကင်းသာတဲ့ လူဆိုရင် လိပ်စာပေးလိုက်လို့ ပြောတယ်။ရက်ကွက်ထဲမှာပဲ အဲ့ဒီသာ သွားလိုက်ပေတော့”။ ကျွန်မလည်း ဝမ်းသာအားရ သူ့ဆီ(လူမမာ သတင်းမေး)သွားရတယ်။ ဝဋ်ကြွေးဆပ်စရာရှိသူကိုပါ ခေါ်လို့ပေါ့လေ။ရက်ကွက်ထဲက လမ်းကလေး တစ်လမ်း၊ အိမ်ကလေးတစ်အိမ်မှာ သူလဲလျောင်းနေတယ်။ကျွန်မကို မြင်တော့ ၀မ်းသာရှာပါတယ်။ကျွန်မက ခဏပဲနေပြီး ပိုက်ဆံချေးဖို့ပြောရပါတယ်။ သူ….ငြိမ်သွားလေရဲ့။ သူလည်း ခုမှ ထောင်က ထွက်ရတာ ဘာအလုပ်မှလည်း မလုပ်ရသေးဘူး။ဒါပေမဲ့ သူက တပည့်ပေါပါတယ်။
”ရတယ်လေ မနက်ဖြန် လာယူ၊ကျွန်တော် စီစဉ်ထားလိုက်မယ်”တဲ့။ကျွန်မလည်း မနက်ဖြန်ကျတော့ သွားပါတယ်။ ဝဋ်ကြွေးဆပ်ရမည့် ပုဂ္ဂိုလ်နဲ့ အတူတူ (သူက ခရီးစားရိတ်လည်းလိုနေတာတဲ့)။ ကျွန်မရောက်တယ်ဆိုရင်ပဲ ဆရာမင်းက အပြုံးလေးနဲ့ ကြိုရင်း သူ့ခေါင်းအုံးအောက်က ငွေ(အထပ်လိုက်)ကို
နှိုက်ပြီးပေးပါတယ်။မှတ်မှတ်ရရ…၄၅ကျပ်တန် အစည်းလိုက်ပါ။ ကျေးဇူးတင်စကားပြောပြီး “ပြန်ဆပ်မှာနော်၊အတိုးတော့ မပေးဘူး”လို့ ကတိပေးလိုက်ပါသေးတယ်။သူ့အိမ်က ဆင်းပြီး အနားက ထမင်းဆိုင်မှာ ၄၅ကျပ်တန် တစ်ရွက်ဖိုး စားကြတယ်။ကျန်တာ အစည်းလိုက် ဝဋ်ကြွေးဆပ်လိုက်ပါတယ်။ နောက်လ အတော်ကြာတော့ သူ့အကြွေးကို ပြန်ဆပ်လိုက်နိုင်ပါတယ်။
(အတိုးတော့မပါဘူး) သူ….ဆုံးသွားတယ်။
သုခကမ္ဘာမှာတဲ့။
ကျွန်မ မသွားပါ။
ရယ်နေတဲ့ သူ့မျက်နှာကိုပဲ မြင်ယောင်ချင်လို့ပါ။
လွမ်းတယ် ဆရာ မင်းရေ….။
၂၄.၇.၂၀၂၄
#ရွှေကူမေနှင်း
Keep Reading