Mon Myat Thu
မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၏ အညာဟုခေါ်တွင်သောရေနံချောင်းမြို့အနီးတွင် ရွာလေးတစ်ရွာရှိသည်။ထိုရွာလေး၏ အမည်သည် ကုန်းကန်ရွာဖြစ်ပြီး အနီးတဝိုက်ရှိအခြားရွာများထက် အိမ်ခြေများ၍ လူဦးရေထူထပ်သည်။ထိုရွာလေးထဲတွင် အမေထွေးဆိုသော အမေအိုတစ်ယောက်၏ အိမ်ကလေးတစ်လုံးသည်လည်း အပါအ၀င်ဖြစ်ပေသည်။
အမေထွေးသည် အသက်၇၀ကျော်အရွယ် အမေအိုတစ်ယောက်ဖြစ်ပြီး တစ်ဦးတည်းနေထိုင်လျက်ရှိသည်။အမေထွေး၏ အိမ်အိုလေးသည်လည်း အမေထွေးကဲ့သို့ပင် အိုစာလှချေပြီ။မိုးထားသော သက်ကယ်တို့သည် ပေါက်ပြဲနေလျက် ကာထားသော ထရံများသည်လည်း ကျိုးပဲ့ကာ ခင်းထားသောကြမ်းခင်းမှအစ လှေကားလက်ကိုင်အဆုံးသည် ပျက်စီးယိုင်နဲ့လုနီးပါးဖြစ်နေလေ၏။အမေထွေးသည် စား၀တ်နေရေးအတွက် ဘ၀ပေးအခြေအနေဆိုးသော်လည်း ကျန်းမာရေးနှင့်ပတ်သက်သည့်ကုသိုလ်ကံသည် အတော်ကောင်းမွန်သည်ဟုဆိုရမည်။အသက်၇၀ကျော်အရွယ်အထိ ကျန်းမာသန်စွမ်းနေပုံမှာတော့ အမေထွေး၏ တမူထူးခြားချက်ပင်ဖြစ်လေသည်။
အမေထွေးကို တစ်ကိုယ်တည်းသမားအဖြစ်သာ မြင်ဖူးသည်။ကျွန်မကလေးဘ၀အရွယ်မှစ၍ အခုအသက်၂၅နှစ်အရွယ်အထိ အမေထွေးကိုတစ်ယောက်တည်းအဖြစ်သာမြင်ဖူးခဲ့သည်။အမေထွေး
၏အိမ်သည် အမြဲတိတ်ဆိတ်လျက်၊ဟောင်းနွမ်းလျက်။ကျွန်မတို့အိမ်မှာမူ အမြဲလိုလိုသတင်းနားထောင်တတ်သော ဖိုးဖိုး၏ အချိန်မှန်ရေဒီယိုသံ၊
မနက်စောစောအလုပ်မသွားခင် နွားတစ်ရှဉ်းစာအတွက် နွားစာရရန် ကြိုးပမ်းနေသော အဖေ၏ နွားစာစဉ်းသံ၊
မနက်စာချက်ပြုတ်အပြီးတွင် မြတ်စွာဘုရားအား ဆွမ်းတော်ကပ်၍ အမျှဝေနေသော အမေ၏ တရားသံ၊
မောင်ငယ်လေးနှစ်ယောက်၏ ကစားရာမှ ဝေစုမတည့်၍
ရန်ဖြစ်ကြသံ စသည်ဖြင့် ကျွန်မတို့အိမ်သည် နွေးထွေးလျက်၊ဆူညံလျက်၊စည်ကားလျက်။
ကျွန်မသည် အဖေနှင့်အမေ၏ သမီးအကြီးဖြစ်သော်လည်း ကလေးဘ၀ကတည်းကပင် အမေထွေး၏လက်ပေါ်တွင် ကြီးပြင်းလာရသူဖြစ်သည်။ထို့ကြောင့်ပင် ကျွန်မသည် သွေးသားမတော်စပ်သော်
လည်း အမေထွေးကို ကိုယ့်အဖွားရင်းပမာ ချစ်ခင်သည်၊သံယောဇဉ်ရှိသည်။အမေထွေးသည်လည်း ကျွန်မကို မြေးမလေးကဲ့သို့ ချစ်ခင်သည်ဟု မကြာခဏတဖွဖွပြောတတ်လေသည်။
တစ်နေ့သောအခါတွင် အဖေ၊အမေနှင့် ကျွန်မတို့မောင်နှစ်မသုံးယောက်သည် သီတင်းကျွတ်လပြည့်နေ့အတွက် မီးထွန်းရန် မီးပုံးများ ပြင်ဆင်ကြသည်။
ထို့နောက် သက်ကြီးရွယ်အိုများကို ကန်တော့ရန်အတွက် မိသားစုလိုက် အိမ်မှ ဖိုးဖိုးကို ကန်တော့ကြသည်။ထို့နောက်တွင် အမေထွေး၏ အိမ်သို့ မိသားစုလိုက် အတူတကွသွားဖြစ်ကြသည်။အမေထွေးအိမ်သို့ရောက်သောအခါ သနပ်ခါးအဖွေးသားလိမ်းထားသော အမေထွေးကို ကျွန်မတို့ အဆင်သင့်တွေ့မြင်ရသည်။ကျွန်မသည် အမေထွေးကို မြင်သည်နှင့်တပြိုင်နက် "ဖွားဖွားကို သီတင်းကျွတ်လပြည့်နေ့မှာ မုန့်နဲ့လာကန်တော့တာပါ"ဟု ပြောသောအခါ အမေထွေးသည် ပြုံးရယ်ရင်း နွေးထွေးစွာ ပွေ့ဖက်လေသည်။ပွေ့ဖက်ထားရင်းမှ ပြောလာသောစကားသည် "အမေထွေးရဲ့ သမီးလေးလည်း ဒီအရွယ်လောက်ပဲ၊ငါ့မြေးလေးလို သိတတ်ရင် ဘယ်လောက်ကောင်းလိမ့်မလဲ"ဟု ဖြစ်သည်။အမေထွေး၏ ရင်ခွင်အတွင်းမှ ကျွန်မ၏ခန္ဓာကိုယ်လေးသည် မသိမသာခပ်ခွာခွာဖြစ်လာခဲ့၍ အမေထွေး၏မျက်နှာကို မော့ကြည့်လိုက်သောအခါ အစောပိုင်းကပင် သနပ်ခါးအဖွေးသားဖြစ်နေသော အမေထွေး၏မျက်နှာတွင် မျက်ရည်စီးကြောင်းများက အစားထိုး၀င်ရောက်လျက်ရှိပေပြီ။ကျွန်မ နားမလည်နိုင်ပါ။ရုတ်ချည်းပြောင်းလဲသွားသော အမေထွေး၏ပြောင်းလဲမှုကို ကျွန်မဦးနှောက်ဖြင့် စဉ်းစားသော်လည်း ဉာဏ်မမှီပါ။အဖေနှင့်အမေကို ကြည့်ပြန်သော်လည်း မျက်နှာအမူအရာမကောင်းသည်ကို သတိထားမိ၍ ဘာဆိုဘာမျှ မမေးရဲပါ။သည်လိုနှင့် သိလိုစိတ်ကို မျိုသိပ်ကာ ကန်တော့ပြီးပြန်လာခဲ့ရပါသည်။
ထိုညက ကျွန်မအိပ်မပျော်နိုင်ပါ။အဖွားရင်းပမာ ချစ်ရသော အမေထွေးသည် "အဘယ်သို့သောအကြောင်းများကြောင့် ရုတ်တရက် မျက်ရည်ကျရပါသနည်း၊ကျွန်မတို့မိသားစု လာကန်တော့ခြင်းကြောင့် ၀မ်းသာမျက်ရည်ကျမိပါသလား၊ဒါမှမဟုတ် အမေထွေးပြောသည့် "သမီးလေး"ဆိုသည်မှာ ဘယ်သူဖြစ်မည်နည်း၊သူကရော ဘာအကြောင်းကြောင့်များ အမေထွေးနှင့် အတူမနေပါသနည်း" စသည့်အကြောင်းအရာများကို ဉာဏ်မှီသမျှစဉ်းစားကြည့်သည်။သို့သော် အဖြေသည် ဝေဝါးနေဆဲဖြစ်ကာ သိချင်စိတ်သည်ပြင်းပြ၍ သနားသောစိတ်က အဆုံးစွန်ဖြစ်နေလေသည်။ထို့ကြောင့် အကြောင်းအရင်းမှန်ကို သိစေရန် မနက်မိုးလင်းသောအခါ အမေထွေးကို မေးဖြစ်အောင်မေးမည်ဟု စိတ်ထဲ၌ တေးထား၍ အိပ်ပျော်အောင်အိပ်ခဲ့ရသည်။
ညတွင် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ခဲ့သမျှသည် မနက်မိုးလင်းသော်လည်း မထနိုင်သည်အထိ ဖြစ်ခဲ့ရသည်။အိပ်ယာမှ နိုးလာသောအခါ မနက်၇နာရီထိုးပေပြီ။အိပ်ယာမှထ၍ ကိုယ်လက်သန့်စင်ကာ လုပ်နေကျအတိုင်း ပြင်ဆင်ရလေပြီ။ထိုအချိန်တွင် အဖေနှင့်အမေသည် လယ်တောသို့ဆင်းကြချေပြီ။မောင်လေးများသည်လည်း ကစားနေကြပြီဖြစ်၍ ရေဒီယိုနားထောင်နေသောဖိုးဖိုးအား အမေထွေးဆီ ခေတ္တသွားမည်ဟု အသိပေးကာ အမေထွေးအိမ်ဘက်သို့ ခြေဦးလှည့်ခဲ့လေသည်။အမေထွေးအိမ်သို့ရောက်သောအခါ မနေ့ကနှင့်မတူသော အမေထွေးကို မြင်ရလေသည်။အိမ်အပေါက်၀တွင် ငေးငိုင်ကာ မျက်နှာမကောင်းသောအမူအရာသည် မြင်ရသူအဖို့ စိတ်ကောင်းနိုင်စရာမရှိ။ထို့အပြင် အဖွားရင်းပမာချစ်သော ကျွန်မအဖို့ တကယ်စိတ်ကောင်းနိုင်စရာမရှိသော မြင်ကွင်းဖြစ်လေသည်။
ဤသို့ဖြင့် အမေထွေးအနားရောက်သောအခါ
"ဖွားဖွားရေ ဘာဖြစ်လို့လဲဟင်၊မနေ့ကတည်းက ဖွားဖွားငိုတယ်၊သမီးလေးလို့လည်း ပြောနေတယ်၊ဖွားဖွားမှာ သမီးရှိတာလား၊သူက ဘယ်ရောက်နေလို့လဲဟင်"ဟု ကျွန်မမေးသောအခါ အမေထွေးသည် မျက်နှာမကောင်းစွာနှင့်ပင် အဖြေပေးလေသည်။
"အမေထွေးမှာ သမီးတစ်ယောက်ရှိတယ် မြေးလေးရယ်၊အခုတော့ ရပ်ဝေးမှာ အိမ်ထောင်ကျရှာတယ်၊အိမ်ထောင်ကျပြီးကတည်းက အမေထွေးဆီ တစ်ခေါက်တောင် ပြန်မလာရှာဘူး၊အခုလို သီတင်းကျွတ်ရက်တွေဆို အမေထွေးခမျာ သမီးကို သိပ်အောက်မေ့တာပဲ၊နေ့ရက်တိုင်း သတိမရတဲ့ရက်ဆိုတာ မရှိပေမယ့် အခါကြီးရက်ကြီးမှာမိသားစုစုံလင်စွာရှိတဲ့ မိသားစုတွေကို မြင်ရရင် အမေထွေး သိပ်အားကျတာပဲ၊အမေထွေးရဲ့ အမျိုးသားမရှိတော့ကတည်းက၊သမီးအိမ်ထောင်ကျသွားကတည်းက အမေထွေးမှာ မိသားစုဆိုတာ မရှိတော့တာပဲ၊မိသားစုမရှိတော့တာနဲ့အမျှ ပျော်ရွှင်မှု၊နွေးထွေးမှုတွေဟာ တစတစကုန်ခမ်းပြီး ဘ၀ဟာ အထီးကျန်ဆန်လာတာပဲ ငါ့မြေးရယ်။"ဟု ပြောလေသည်။မြေးမလေး၏ရှေ့တွင်ဖြစ်သောကြောင့် ငိုချင်စိတ်ကို ထိန်းထားသော အမေထွေး၏ မျက်၀န်းတွင် မျက်ရည်စက်များမကျပဲ ခိုအောင်းနေသော်လည်း နှလုံးသားတွင်မူ သေချာပေါက် ငိုနေမည်ဆိုသည်ကို အမေထွေး၏စကားမှတဆင့် ကျွန်မပင် ခံစားမိလေသည်။
ထို့အပြင်
"ငါ့မြေးလေးကို အမေထွေး တစ်ခါတည်းဆုံးမချင်တာက မိဘမေတ္တာလောက် ကြီးမားသောအရာသည် လောကမှာမရှိတာမို့ မိဘကို ဘယ်လိုအခြေအနေဖြစ်ဖြစ် မပစ်ပယ်သင့်ဘူး၊မိဘကို ပစ်ပယ်သောသား၊သမီးသည်လည်း ဘာလုပ်လုပ် မအောင်မြင်တတ်ဘူး၊အမေထွေးကလေ အမေထွေးရဲ့ သမီးကို အခုလို မဆုံးမခဲ့လို့၊အမေထွေးသမီးဟာ ဒီလိုဆုံးမမှုတွေကို မနာခံခဲ့ရလို့၊မသိတတ်ခဲ့လို့ အခု အမေထွေး အထီးကျန်ရတာ၊ခုချိန်မှ အမေထွေးသမီးဆီက မေတ္တာကို မျှော်လင့်နေမိတာ သိလား ငါ့မြေးလေး၊အမေထွေးလို သား၊သမီးကို မဆုံးမခဲ့မိတဲ့၊အဆုံးမ မတတ်တဲ့ မိဘမျိုးတွေထဲမှာ အမေထွေးတစ်ယောက်ပဲ ရှိပါစေတော့၊အထီးကျန်မှုကို ခံစားရပြီး မေတ္တာငတ်တဲ့ အမေအိုတွေထဲ အမေထွေးတစ်ယောက်ပဲ ရှိပါစေတော့၊တခြားသူတွေအတွက်၊တခြားမိသားစုတွေအတွက် သီတင်းကျွတ်စတဲ့ အခါကြီး၊ရက်ကြီးတွေဟာ ပျော်စရာတွေပြည့်နေပေမယ့် အမေထွေးအတွက်တော့ အထီးကျန်မှုတွေနဲ့ ပြည့်နေတဲ့ သာမန်နေ့တစ်နေ့ပါပဲ ငါ့မြေးရယ်"ဟု ပြောရင်း အဆုံးသတ်တွင် အမေထွေးဆီမှ ရှိုက်ငိုသံကိုပါ ကြားလိုက်ရသည်။ဒီတစ်ကြိမ်တွင် မျက်ရည်ကျမိသူမှာ ကျွန်မအပါအ၀င်ဖြစ်သည်။အမေထွေး၏ စကားများသည် အမေထွေး၏ပါးစပ်မှတဆင့် ကျွန်မ၏နှလုံးသားကို ထိမှန်စေခဲ့ပြီ။အမေထွေး၏ ခံစားချက်ကို နားလည်နိုင်ခဲ့ပြီ။ထို့ကြောင့်ပင် မျက်ရည်တို့သည် အတားအဆီးမရှိ ကျဆင်းရရှာပြီ။
ခေတ္တမျှအကြာတွင်
မျက်ရည်များကို သုတ်ကာ ကျွန်မပါးစပ်မှ စကားဆိုမိသည်။"အမေထွေးဆုံးမသမျှကို အသည်းစွဲအောင် မှတ်ထားပါ့မယ်၊သမီးရဲ့ မိဘနှစ်ပါးကို အမေထွေးလို ဘယ်တော့မှ အထီးမကျန်စေပဲ ရှင်သန်နေသမျှကာလပတ်လုံး အမြဲဂရုစိုက်ပြီး ပျော်ရွှင်အောင် ဖန်တီးပေးပါ့မယ် အမေထွေး။"ဟုဆိုလိုက်လေသည်။ထိုအခါတွင်မှ
"ဒါမှ ငါ့မြေးလေးပေါ့၊သာဓု၊သာဓု၊သာဓုပါကွယ်"ဟု မျက်ရည်စက်များကြားက ဆုပေးရှာပြီး ကျွန်မကို ဖက်ရှာလေသည်။အမှန်ဆိုလျှင် အမေထွေးသည်လည်း
"မိခင်ကောင်း၊မိဘကောင်းတစ်ယောက်ဖြစ်ပါသည်"ဆိုသည့်အကြောင်းကိုမူ ကျွန်မ၏စိတ်တွင်သာ ထာ၀ရ သိမ်းဆည်းမြှပ်နှံထားမိပါတော့သည်။
#Mon Myat Thu.
#၀တ္ထုအမျိုးးအစား
#သီတင်းကျွတ်၊တန်ဆောင်တိုင်စာပေပြိုင်ပွဲ
#SarPhat
#SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
Keep Reading