RA dreamy
အောက်တိုဘာမိုးဖွဲလေးတွေ ကျနေသည်။ မျှော်နေသူဆီကို တိတ်တိတ်လေး ပုံမှားရောက်လာတဲ့ မိုးပါပဲ။ ငွေ့ငွေ့လေးရှက်ရုံကလွဲပြီး ကျွန်မဘာများတတ်နိုင်မှာလဲ။ ဒီနှစ်သီတင်းကျွတ်မှာ ကိုယ်တစ်ယောက်တည်းဆိုတဲ့စိတ်ဟာ ကျွန်မနှလုံးအိမ်ထဲအထိ တိုး၀င်ပြတ်ရှလာနေတော့ မျက်ရည်တွေပါ စိမ့်လာမိသည်။
❝ သတိရတယ်။ သတိရပါတယ်ကွယ် ❞ တိုးတိုးလေးရွတ်လိုက်မိပေမဲ့ ချစ်သူဆီကြားနိုင်ရင် သိပ်ကောင်းမှာလို့လည်း တွေးမိပြန်သည်။ ဒီလိုပဲ ကျွန်မစိတ်နဲ့ ခန္ဓာဟာ အလွဲလွဲအမှားမှားနဲ့ ရှိနေခဲ့တာကြာခဲ့ပြီ မဟုတ်ပါလား။
လူတစ်ယောက်ကို အိမ်လေးတစ်လုံးလို ချစ်မိလာတဲ့အခါ စိတ်လုံခြုံမှုဟာ ရင်ထဲထိအနွေးဓာတ်လေးဖြစ်လာရသည်။ မမေ့လျော့ဘဲ တည့်တည့်မတ်မတ် ပြန်နိုင်တာဟာ ချစ်သူတွဲထားတဲ့ လက်တွေကြောင့် ဖြစ်ပြီး ကျွန်မကတော့ သူ့နောက် တစ်ကောက်ကောက်လိုက်ရုံပါပဲ။ သံဇဉ်တွေနဲ့ ငြှိနေမဲ့ သီချင်းတွေဟာ ကိုကိုဖြစ်သည်။ ကြည်လင်နေတဲ့မျက်၀န်းတွေဟာ မပြီးသေးတဲ့ Starry Night ပန်းချီကားတွေဖြစ်ပြီး အိမ်ရှေ့က ရောင်စုံမီးပုံးလေးတွေက ချစ်သူရယ်သံဖြစ်မည်။ အတူမီးညှိခဲ့တဲ့ ခပ်မှိန်မှိန်ဆီမီးတွေလည်းကျန်နေသေးပါရဲ့။ အမှတ်တရများစွာနဲ့ ဒီရာသီကို ကျွန်မ ဘယ်လိုနည်းနဲ့ မုန်းပစ်ရက်ပါ့မလဲ ကိုကိုရယ်။
တောင်ပေါ်သူဖြစ်တဲ့ ကျွန်မနဲ့ ပင်လယ်သားလေး
ကိုကိုဟာ အလယ်ပိုင်းဒေသမှာဆုံခဲ့ရ။ ကျွန်မချစ်တဲ့စာအုပ်တွေကပဲ ကိုကို့ဆီကို တွန်းပို့ခဲ့ကြ။ ကိုကိုကတော့ ပြုံးပြုံးလေးနဲ့ ရပ်ကြည့်နေခဲ့ရုံပါ။ ကျွန်မမှာသာ ခက်ခဲ့ရ။ ကျွန်မတို့ရဲ့ ပထမဆုံးတွေ့ဆုံခြင်းဟာ ရန်ကုန်ရဲ့အောင်မင်္ဂလာကားကြီးကွင်းထဲမှာ။ ကိုကိုကြွေကျလာပုံက သိပ်လှလွန်းတော့ ကျွန်မရဲ့ မှတ်ဉာဏ်တွေဟာ တစ်ကွက်ချင်းထည့်သိမ်းခဲ့ပုံရသည်။ လွမ်းမိတိုင်း ထုတ်ကြည့်နိုင်ဖို့ပါ။ Postcard လေးတစ်စောင်နဲ့ ကျွန်မဘ၀ထဲကို အလိုက်တသိရောက်လာခဲ့တဲ့ကိုကိုဟာ ကျွန်မနှလုံးအိမ်ထဲမှာ သူ့အပိုင်လို ၀င်ထိုင်ခဲ့ပါသည်။ ဒီလိုနည်းနဲ့ ကျွန်မရဲ့အိမ်ကလေးဟာ အနုပညာဖြစ်ခဲ့ပါတော့သည်။
✧✧✧
သမာရိုးကျနည်းတွေ မကြိုက်တဲ့ကိုကိုက ချစ်သူဖြစ်ပြီးနောက်မှာ အမြဲသူ့စိတ်တိုင်းကျပုံဖော်တဲ့ လက်ဆောင်လေးတွေပေးနေကြပါပဲ။ သို့သော် အဲ့ဒီနှစ်ရဲ့သီတင်းကျွတ်လမှာတော့ Guitar လေးတစ်လုံးနဲ့ ကျွန်မအိမ်ရှေ့ထိ ရောက်လာခဲ့ပါသည်။ ပြောပုံကလည်း..
" မီးမီးအတွက် Surprise " ပါတဲ့။
နာရီပေါင်း (18) နာရီလောက် အဆက်သွယ်ဖြတ်သွားခဲ့တဲ့ချစ်သူဟာ နောက်တစ်နေ့ နေ့လည်လောက်မှာပဲ မန္တလေးဘူတာကြီးရဲ့ ပုံလေးနဲ့အတူ အသိပေးလာသည်။
" မီးရေ..ကိုကိုမန္တလေးရောက်နေတယ် "
' ဟင်..ကိုကို တကယ်မန္တလေးရောက်နေတာလား တကယ်လား '
ကျွန်မမှာလေ ရုတ်တရက် ငိုရမလို၊ ရယ်ရမလိုပါ။
"အရူးမလေး. ပုံပို့ထားတယ်..နောက်ပြီး အိမ်ကိုဘယ်လိုလာရမလဲပြောပြအုံး "
ကျွန်မမှာ သူပို့ထားတဲ့ပုံလေးကို ကြည့်ရင်း မျက်ရည်ပါကျလာမိတော့တာ။ ဘယ်လိုပဲ မမျှော်လင့်ထားဘူးပြောပြော ချစ်သူက ကိုယ့်ဆီရည်ရွယ်ရောက်လာတယ်ဆိုတဲ့စိတ်နဲ့တင် ကျွန်မရဲ့ကမ္ဘာကြီးပေါ် ပန်းတွေပွင့်လာရသလိုပါ။
' ကိုကိုရယ်.. ဘာလို့ ရထားနဲ့လာရတာလဲ..ကားတွေရှိတာကို '
" ရထားစီးဖူးကြည့်ချင်လို့ပေါ့..မီးရဲ့ "
ဖုန်းချပြီးတာနဲ့ ချက်ချင်းအိမ်ပေါ်ကနေ ပြေးဆင်း။ သူအလာကို စောင့်နေမိတော့ ပြုံးပြုံးလေး အိမ်ထဲ၀င်လာခဲ့ပါသည်။ အဲ့ဒီလို အပြုံးတွေ၊ အကြည့်တွေနဲ့ပဲ ကျွန်မနှလုံးအိမ်ထဲ သူ့အပိုင်လို ၀င်ထိုင်ခဲ့ခြင်းမှာ ကျွန်မဟာရယ်မိရုံအပြင် ဘာတတ်နိုင်မှာတဲ့လဲ။
ဈေးချိုကိုသွား မုန့်တွေထိုင်စားရင်း ထူးထူးဆန်းဆန်း သူအကြိုက်တွေ့သွားတာက ကြိတ်မုန့်တဲ့။ ရန်ကုန်မှာ မရှိဘူးတဲ့။ ချစ်သူကြိုက်တဲ့ မုန့်ကို ကျွန်မလေ ဖြစ်နိုင်ရင်ကိုယ်တိုင်ပါ လုပ်ကျွေးလိုက်ချင်ပါသည်။ သို့သော် ကျွန်မမှ မြန်မာမုန့်တွေကို မလုပ်တတ်ဘဲ။ ၀မ်းနည်းစရာပေါ့နော်။ အင်းလေ မုန့်မကျွေးရလည်း ဘာဖြစ်လဲ ဟင်းကောင်းကောင်းလေး ချက်ကျွေးရင် ရသားပဲ။ ကချင်ပြည်နယ်သူရဲ့ ကချင်ချက်ဟင်း စားဖူးချင်တယ်လို့ သူပြောဖူးတယ် မဟုတ်လား။ သေချာတာပေါ့ ကျွန်မချက်ကျွေးမှာပေါ့ ကြက်သားကချင်ချက်စပ်စပ်လေးကို ချက်မိတိုင်း သတိရနေမိတာ ကိုကိုပါပဲ။ သူလည်း သိပ်ကြိုက်လောက်မယ်ထင်ပါရဲ့။
ကျုံးဘေးမှာ အတူထိုင်ရယ်မောကြတဲ့ညနေဟာ သိပ်လှနေတော့ကျွန်မမှာ အပြေးအလွှားနဲ့ မေမေ့ကိုဖုန်းဆက်ကြွားရသေးသည်။ မေမေကတော့ ကျွန်မစိတ်ပျော်ဖို့သာ ဦးစားပေးမဟုတ်လား။ တောင်ပေါ်ကအိမ်လေးကိုပါ လာလည်ဖို့ ပြောခိုင်းလိုက်သေးတာ။ ပင်လယ်သားလေးဟာ သူရဲ့သီတင်းကျွတ်ညတွေကိုမန္တလေးမှာပဲ ကုန်ဆုံးချင်ပုံရသည်။
ဘယ်ကတည်းက ဒီလိုတွေစီစဉ်ခဲ့လည်း ကျွန်မ မသိခဲ့ပါ။ အိမ်ရောက်လာခဲ့တာတော့ Luggage တစ်လုံး၊ခရီးသွားမှတ်တမ်းနဲ့ အပြုံးလှလှလေးတစ်ပွင့်။ အပိုဆုကတော့ Guitar တစ်လုံး လွယ်လျှက်။
" ကိုကိုရယ် ကြိုပြောပါလား " လို့ သတိတရပြောမိတိုင်း စိတ်လှုပ်ရှားပျော်ရွှင်မှုပေးချင်လို့ပါတဲ့။ ဝေးနေရတဲ့အလွမ်းကို ချစ်ရသူဟာ အပြုံးနဲ့ နှစ်သိမ့်သည်။ ခေါက်သိမ်းမိတဲ့ မသိစိတ်ဟာ ချစ်သူလက်လေး ဖြစ်နေသော်ပြန်တွေ့ရချိန်လက်ကိုဆွဲ တစ်ကောက်ကောက် လိုက်မိတာပါပဲ။ ရှေ့ကိုပဲ ဦးတည်တတ်တဲ့ ဖိနပ်အနီလေးဟာ ဒီတစ်ခါတော့ ကိုကို့ခြေဖဝါးဖြူလေးနောက်ကိုပဲ ဦးတည်မည်။ ဒီလိုပဲပေါ့ အချစ်ရယ်။ ပျော်စရာခရီးကနေ သံသရာခရီးရှည်အထိပေါ့။ ရာသီဥတုလေးလို ဘက်မညီလဲ ဖြစ်သည်။ ကိုယ့်ဘေးမှာ ဂစ်တာလေးတီးပြီး သီချင်းဆိုနေတဲ့ချစ်သူ့အသံကို ကြားနေခဲ့ရပြီပဲ။
' ချစ်သူသိစေ ဆိုပါအုံး..ကိုကိုရယ် '
"မီးသိပ်ကြိုက်တဲ့သီချင်းမလား.. ဆိုပြမယ်"
"ပန်းပွင့်ရှိမှ.. ရနံ့ရတာမဟုတ်ဘူး...ဖူးသည့်တစ်ငုံ..ထုံသည့်တစ်ပွင့်.. နမ်းခွင့်တစ်ရှိုက်..ရခိုက်မှာ..ထာ၀ရအမြဲတည်..."
မဟာမုနိရုပ်ရှင်တော်၊ နန်းတွင်းထဲက မျှော်စင်ရှည်၊ ကုသိုလ်တော် နဲ့ ကျောင်းတော်ရာ ခြေချင်းထပ်ခဲ့ကြသည်။ လက်ချင်းတွဲခဲ့ကြသည်။ ကုန်းဘောင်ခေတ်ဟောင်းသက္ကရာဇ်တွေ တူးဆွရင်း ငြင်းခုန်ခဲ့ကြသည်။ အတူသွားချင်တဲ့အင်း၀မြေပေါ် စိတ်ကူးတွေနဲ့ ကူးရေးခဲ့ကြသည်။ အိမ်ပြန်လက်ဆောင် အရီးတောင်း၊ မန္တလေးရဲ့ မြင့်မြင့်ခင် ပြေးကာလွှားကာ ဝယ်ခဲ့ကြသည်။ ကျွန်မရဲ့အပြုံးတွေ၊ ကိုကို့ရဲ့မျက်မှန်ကိုင်းလေး၊ အရာရာဟာ သိပ်လှနေတဲ့ရာသီပဲ ကိုကိုရယ်။ သီတင်းကျွတ်ဟာ သိပ်လှခဲ့တာပဲနော်။
✧ ✧
ကံတရားဟာ ထပ်တူမကျ လွဲ၍ပင်နေပါစေ စစ်မှန်လို့ ကျေနပ်ခဲ့သည်။ အနာတရတွေကို ရှောင်တိမ်းရင်းကျွန်မတို့ထိခိုက်မိကြသည်။ ပြတ်ရှခဲ့ရသည်။ ရထားလမ်းတွေလို ကျွန်မမှ မတွေ့ရင်မဆုံတော့သလို ကိုကိုနဲ့ ဝေးကွာခဲ့ကြပြီး ကြွေပန်းကန်လေးလို ထိလိုက်တာနဲ့ ကွဲအပ်ခဲ့ရသည်။ ဘယ်သူ့အနာတရ ပိုနာလည်းကျွန်မ မပြောလိုပါဘူး။ ရင်ထဲဆွဲနစ် ချစ်ခဲ့ကြပြီးမှ ကျွန်မတို့ ဘာကြောင့်များ လမ်းလွဲခဲ့ရသလဲကိုကိုရယ်။
နှလုံးအိမ်နဲ့ ဦးနှောက်ဟာ ရက်ကန်းခတ်သလိုပါ။ ဆံချည်မျှင်ထဲက သတိရစိတ်ဟာ လျှံတက်လာနေတော့ မျက်၀န်းတွေကို မှိတ်ချလိုက်မိသည်။ မျက်ရည်ပါလည်လာရသည်။ မေ့ပစ်ရမှာကို သိပါသည်။ ချစ်ခဲ့မိတာကိုလည်း ပြန်တွေးမိသည်။ သို့သော် ချစ်ခြင်းတရားမှာ လစ်ဟာနေသည်ကိုကို။ ကျွန်မတို့ဟာ ရွှေငါးလေးမဟုတ်လေတော့ မှတ်ဉာဏ်တွေဟာ သူ့ရာသီသူ့အချိန်ကျလာရင် နာကျင်ရစမြဲပါပဲ။ လုံလောက်စွာ
မကုစားနိုင်ကြသေးဘူးထင်ပါရဲ့။ သီတင်းကျွတ်ညရောက်တိုင်း၊ ရောင်စုံမီးပုံတွေမြင်မိတိုင်း မခြောက်သေးတဲ့ အနာဟာ အစိုဓာတ်ပြန်ရတာပဲ မဟုတ်လား။
ကောင်းကင်ကိုမော့ကြည့်လိုက်မိသည်။ တိမ်မည်းတွေဟာ အလိပ်လိုက်ပါပဲ။ ရွာနေတဲ့မိုးဖွဲတွေကို ရပ်ပစ်လိုက်ဖို့ကျွန်မ မတတ်နိုင်ပါဘူး။ နှုတ်ဆက်တော့မဲ့ လက်ကလေးတစ်စုံ၊ ထွက်ခွာတော့မဲ့ ခြေတစ်လှမ်း၊ ပျောက်ကွယ်တော့မဲ့ အပြုံးလှလှလေး၊ ဘယ်အရာကိုမှ ကျွန်မ မတားနိုင်ခဲ့ပါဘူး။ ဘ၀မှာ ဘာကိုမှ မအောင်မြင်ခဲ့တဲ့ မိန်းမပါကိုကို။ တစ်သက်လုံး ချစ်စိတ်ကိုမွေးမြူခဲ့ပြီး သတိရစိတ်ကို မမေ့မလျော့သယ်ပိုးသွားတော့မလို့ပါ။
ဘယ်ကတည်းက ဖွင့်ထားမိလဲ မသိတဲ့သီချင်းသံဟာ နားထဲမှာ အကြိမ်ကြိမ်ကြားနေရသလို...။
"ဘယ်လောက်ဝေးဝေး...ဘယ်မှာဖြစ်ဖြစ်...
တွယ်နှောင်ရစ်ငင်...အိပ်မက်မှာအစဉ်အမြဲရှိ
နေရာချင်းလွဲလွဲ...ဒေသချင်းကွဲကွဲ
မြင်ယောင် စိတ်အစဉ်... အိပ်မက်မှာရှိ"
.....✧✧✧✧.....
သီချင်း - "ချစ်သူသိစေ" (ခင်မောင်တိုး)
#MayRA (dreamy)
24.10.2024 (TUESDAY)
Keep Reading