Author's Profile Photo

အက္ခရာ - Haruki

25/03/2024

ငြင်းပယ်ခံရမှုကို ရင်ဆိုင်ကျော်ဖြတ်မယ်

2 mins read
Life Style
Personal Development
Business
ငြင်းပယ်ခံရမှုကို ရင်ဆိုင်ကျော်ဖြတ်မယ်'s photo

ငြင်းပယ်ခံရတယ်ဆိုတာ ဘယ်လိုဟာမျိုးလဲ ❓

ကိုယ်တက်ချင်တဲ့တက္ကသိုလ်ကို ဝင်ခွင့်မရတာ၊ ရာထူးအတိုးမခံရတာ၊ တွေ့ခွင့် တောင်းတာကို လက်မခံတာ စတာတွေပေါ့။ နောက်ပြီး ကိုယ်ပို့လိုက်တဲ့ စာမူအပယ်ခံရတာ၊ ကိုယ့်ရဲ့လျှောက်လွှာကို ပယ်ချလိုက်တာ၊ ကိုယ့်ရဲ့အကြံကို နားထောင်မပေးတာ၊ ချစ်ခွင့်တောင်းတာကို လက်မခံတာ စတာတွေလည်း ရှိကြပါသေးတယ်။

စာဖတ်သူလေးရဲ့ဘဝမှာ ငြင်းပယ်ခံရတာတွေကို အကြိမ်ကြိမ် ကြုံတွေ့ ခဲ့ဖူးမှာ သေချာပါတယ်။ စာဖတ်သူလေးမှမဟုတ်ပါဘူး၊ ကျွန်တော့်မှာလည်း အကြိမ်ကြိမ်ငြင်းခံရဖူးပါတယ်။ ငြင်းခံရတယ်ဆိုတာ အရင်ကရှိခဲ့သလို နောင်လည်း ဆက်ရှိနေဦးမှာပါပဲ။ ငြင်းပယ်ခံရတာကို ရှောင်လွှဲလို့ မရပါဘူး။

ဘာကြောင့်လဲဆိုတော့ ငြင်းပယ်ခံရခြင်းဆိုတာ ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေလို့ပါ။ ဒါဆိုရင် ရှောင်လွှဲမရတဲ့ ငြင်းပယ်ခံရတာကို ဖြေရှင်းတတ်ဖို့ လိုပါတယ်။ ဖြေရှင်းနည်းကိုလည်း သိဖို့လိုပါတယ်။ ဒီဆောင်းပါးလေးမှာ ကျွန်တော် လက်တွေ့အသုံးချနေကြ ငြင်းပယ်ခံရမှုကို ရင်ဆိုင်နိုင်တဲ့နည်းလမ်းလေးကို မျှဝေပေးထားပါတယ်ခင်ဗျာ။

ငြင်းပယ်ခံရတယ်ဆိုတာ ဒဏ္ဍာရီပါ။

ငြင်းပယ်ခံရတာကို ဖြေရှင်းချင်ရင် ပထမဆုံးလုပ်သင့်တာက ငြင်းပယ်ခံရတယ်ဆိုတာ ဒဏ္ဍာရီပါ။ တကယ်မရှိပါဘူးလို့ မှတ်ယူလိုက်ဖို့ပါ။ ကျွန်တော် ဘာကြောင့် အဲဒီလို ပြောရသလဲဆိုတာကို ရှင်းပြပါမပါ။

စာဖတ်သူလေးဟာ ကိုယ်သဘောကျနေတဲ့ကောင်မလေးကို Date ခွင့်တောင်းတယ်။ သူက No လို့ပြောမယ်။ စာဖတ်သူလေးဟာ ငြင်းပယ်ခံရလို့ စိတ်ထိခိုက်ဝမ်းနည်းသွားတယ်။ သေချာ ပြန်စဉ်းစား ကြည့်စမ်းပါ။

သူ့ကို Date ဖို့မခေါ်ခင်မှာ သူနဲ့စာဖတ်သူလေးတို့ဟာ Date မနေကြပါဘူး။ အခု သူကလက်မခံဘဲ ငြင်းပယ်လိုက်တော့လည်း သူနဲ့စာဖတ်သူလေးတို့ဟာ Date မနေကြပါဘူး။ ဒါကြောင့် စာဖတ်သူလေးရဲ့အခြေအနေဟာ ဘာမှပြောင်းလဲမသွားပါဘူး။ ပိုကောင်းမလာသလို ပိုလည်း ဆိုးမသွားပါဘူး။ အရင်အတိုင်းပါပဲ။ ဒါဆိုရင် ငြင်းပယ်ခံရတာကို ဘာကြောင့် အရေးတယူလုပ်ပြီး ဝမ်းနည်းခံစားနေရမှာလဲခင်ဗျာ။

SWSWSWSW နည်း

ဒါဟာ ထူးဆန်းတဲ့ စကားလုံး မဟုတ်ပါဘူး။ Some Will, Some Won't, So What, Someone's Waiting စကားလုံးတွေကို အတိုကောက် ရေးပြထားတာပါ။ အဓိပ္ပာယ်က..

Some Will

တချို့ လူတွေဟာ Yes လို့ ပြောပြီး ကျွန်တော်တို့ တောင်းတာကို လက်ခံကြမယ်။

Some Won't

တချို့က ကျွန်တော်တို့ တောင်းတာကို No လို့ ပြောပြီး ငြင်းပယ်ကြမယ်။

So What

အဲဒါ ဘာဖြစ်လဲ။

Someone's Waiting

ကျွန်တော်တို့ တောင်းတာ၊ ပြောတာကို လက်ခံဖို့ တစ်စုံတစ်ယောက်တော့ စောင့်နေပါလိမ့်မယ်။

ဒီသဘောတရားကို စိတ်ထဲမှာ မှတ်သားထားပြီး No ဆိုတဲ့ အဖြေရရင် စိတ်မပျက်ဘဲ Yes ဆိုတဲ့ အဖြေရတဲ့အထိ မေးပါ၊ ပြောပါ၊ တောင်းဆိုပါ။ ကိုယ်တောင်းတာ၊ ပြောတာကို လက်ခံမယ့်သူ တစ်စုံတစ်ယောက်တော့ ရှိနေမှာပါ။ တကယ်လည်း ရှိကိုရှိပါတယ်။ဒါကြောင့် နောက်ဆုံးမှာ Yes အဖြေကိုရချင်ရင် အဲဒီတစ်စုံတစ်ယောက်ကို တွေ့တဲ့အထိ ဇွဲရှိရှိနဲ့ စောင့်နေဖို့တော့လိုပါတယ်။ ဒီနည်းကို အသုံးချပြီး အောင်မြင်သွားသူတစ်ယောက်အကြောင်းကို အောက်မှာ မျှဝေပေးလိုက်ပါတယ်။ အခြားသူတော့မဟုတ်ပါဘူး။ KFC ပိုင်ရှင် ဟာလန်ဆင်းဒါးစ်အကြောင်းပါ။

အကြိမ် ၃ဝဝ ကျော် အငြင်းခံခဲ့ရတဲ့ ဟာလန်ဆင်းဒါးစ် (KFC) ?

ဗိုလ်မှုးကြီးဟောင်း ဟာလန်ဆင်းဒါးစ် ( Harlan Sand- ers) ဟာ စစ်တပ်က အနားယူပြီး မကြာခင် တစ်ရက်မှာ သူ့အိမ်ကနေ ကိုယ်ပိုင်ကားစုတ်လေးကို မောင်းပြီး ထွက်သွားတယ်။ အဝတ်အစားနည်းနည်း၊ အသားပေါင်းအိုးတစ်လုံးနဲ့ စာရွက်တစ်ရွက်ပဲ ယူသွားတယ်။ စာရွက်ပေါ်မှာ ကြက်သားကြော်လုပ်နည်းတစ်မျိုးကို ရေးထားတယ်။ သူဟာ အဲဒီကြက်သားကြော်လုပ်နည်းကို အမေရိကန်နိုင်ငံတခွင်က စားသောက်ဆိုင်တွေမှာ လိုက်ရောင်းတယ်။

စားသောက်ဆိုင်ပေါင်း ၃ဝဝ တော်ရဲ့ ငြင်းပယ်ခြင်းကို ခံရတယ်။ ဒါပေမဲ့ ဆိုင်တစ်ဆိုင်က ငြင်းလိုက်တိုင်း သူ့စိတ်ထဲမှာ Next (နောက်တစ်ဆိုင်) လို့ ပြောပြီး နောက်ဆိုင်တွေမှာ ကြက်သားကြော်လုပ်နည်းကို လိုက်ရောင်းပြန်တယ်။ သူ့စိတ်ထဲမှာ ကြက်သားကြော်လုပ်နည်းကို လက်ခံမယ့် တစ်စုံတစ်ယောက်တော့ စောင့်နေလိမ့်မယ် - (Someone's waiting) လို့ မျှော်လင့်ထားတယ်။ နောက်ဆုံးမှာ စားသောက်ဆိုင်တစ်ဆိုင်က သူလုပ်ပြတဲ့ ကြက်သားကြော်ကို သဘောကျသွားလို့ သူ့ဆီက ကြက်သားကြော်လုပ်နည်းကို ဝယ်ယူလိုက်တယ်။

အဲဒီ အချိန်ကစပြီး သူ့ကြက်သားကြော်ကို ရောင်းတဲ့ KFC (Kentucky Fried Chicken) ဆိုင်ဆိုတာ စပေါ်လာခဲ့တယ်။ ယနေ့ KFC စားသောက် ဆိုင်တွေဟာ ကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအနှံ့က နိုင်ငံပေါင်း ၈ဝ ကျော်မှာ ဆိုင်ပေါင်း ၁၁,ဝဝဝ လောက် ရှိနေကြပြီဖြစ်ပါတယ်။

ဒါကြောင့် စာဖတ်သူလေးလည်း အောင်မြင်မှုရဖို့ ကြိုးပမ်းရာမှာ ငြင်းပယ်ခံရတာတွေ အများကြီးနဲ့ ကြုံရမယ်ဆိုတာကို နားလည်သဘောပေါက်ထားပါ။ အောင်မြင်မှုရဲ့လျှို့ဝှက်ချက်တစ်ခုဟာ အလျှော့မပေးဘဲ ဇွဲရှိခြင်းဆိုတာကိုလည်း မမေ့ပါနဲ့။ တကယ်လို့ တစ်ယောက်ယောက်က မိမိတောင်းဆိုတာကို No လို့ ပြောရင် စိတ်ထဲကနေ Next (နောက်တစ်ခေါက်၊ နောက်တစ်ယောက်) လို့ ပြော လိုက်ပါ။

Haruki

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း