အက္ခရာ - Haruki
လူတိုင်းမှာ မွေးဖွားလာကတည်းက ဘဝရည်မှန်းချက် ကိုယ်စီပါလာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် လူအတော်များများကတော့ သူတို့ရဲ့ဘဝရည်မှန်းချက်ဟာ ဘာလဲဆိုတာကို မသိကြဘူး။ အစက ကျွန်တော်အပါအဝင်ပေါ့။ သိအောင်လည်း မကြိုးစားကြဘူး။ သိဖို့လည်း မလိုအပ်ဘူးလို့ ထင်ကြတယ်။
ဒါပေမယ့် အောင်မြင်ချင်တဲ့သူတွေကတော့ သူတို့ရဲ့ဘဝရည်မှန်းချက်ဟာ ဘာလဲဆိုတာကို အချိန်ယူ စဉ်းစားကြတယ်။ ဖော်ထုတ်ကြတယ်။ သိအောင်လုပ်ကြတယ်။ ဘဝရည်မှန်းချက်ကို သိပြီဆိုရင်လည်း ကြိုဆိုကြတယ်၊ လက်ခံကြတယ်၊ ပြီးရင် ဘဝရည်မှန်းချက် ပြည့်မြောက်အောင် အာရုံစိုက်ပြီး အားကြိုးမာန်တက် လုပ်ဆောင်ကြတယ်။ Know & Focus
ဒါဆိုရင် စာဖတ်သူလေးမေးလာပါလိမ့်မယ်။
ရည်မှန်းချက်က အောင်မြင်ချင်တဲ့သူတွေအတွက် ဘာကြောင့်လိုအပ်တာလဲ။ ?
ဟုတ်ကဲ့ အောင်မြင်ချင်တဲ့လူတိုင်းမိမိရဲ့ ဘဝရည်မှန်းချက်ကို သိဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘဝရည်မှန်းချက်ဟာ ပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာမှုကို ပေးပါတယ်။ ဘဝရည်မှန်းချက်သာထားရှိရင် ဘဝမှာ အရာအားလုံးဟာ အစီအစဉ်ကျန စနစ်တကျ ဖြစ်လာပါတယ်။ ဥပမာပေးရမယ်ဆိုရင်တော့ လမ်းကြောင်းတွေအများကြီးထဲကမှ ကိုယ်ဘဝတစ်သက်လုံးလျှောက်လှမ်းမယ့်လမ်းကို တိတိကျကျသိရှိသွားသလိုပေါ့။
ဒါဆိုရင် ဘဝရည်မှန်းချက်မရှိရင်ရော ❓
ဘဝရည်မှန်းချက်မရှိရင် ဘဝခရီးမှာ လမ်းချော်သွားနိုင်ပါတယ်။ အခုခေတ်လူငယ်တွေကို ကြည့်ကြည့်ပါ။ စိတ်ကူးပေါက်တာတွေကို လျှောက်လုပ်နေတတ်တယ်။ ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက်သွားလာနေတတ်တယ်။ အကျိုးမဲ့တဲ့ အလုပ်တွေကိုလည်း လုပ်နေမိတတ်တယ်။ အဲ့လို ရည်မှန်းချက်မရှိတဲ့လူဟာ လောကကိုကောင်းကျိုးမပြုတဲ့ လူတစ်ယောက်လည်း ဖြစ်လာနိုင်ပါတယ်။
ဘဝရည်မှန်းချက်
ဘဝရည်မှန်းချက်ကို အဓိပ္ပာယ်ဖွင့်ဆိုထားတာလေး ကျွန်တော်မှတ်မိနေပါသေးတယ်။ ဘဝရည်မှန်းချက်ဆိုတာဟာ မိမိနှစ်သက်သဘောကျတဲ့ အလုပ်ကိုလုပ်ခြင်း၊ ကျွမ်းကျင်တဲ့ အလုပ်ဖြစ်ခြင်း၊ အရေးကြီးတဲ့ အလုပ်ဖြစ်ခြင်းတဲ့။ ကျွန်တော့်အတွက်တော့ ငြင်းဆိုစရာအပြစ်ရှာမရတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လေးပါ။
နောက်တစ်ခုက ဘဝရည်မှန်းချက်ထားလိုက်ပြီဆိုရင် အကူအညီပေးမယ့်သူတွေ၊ အားပေးမယ့်သူတွေ၊ ငွေကြေးပစ္စည်းတွေနဲ့ အခွင့်အလမ်းတွေဟာ သူ့အလိုလို ရောက်လာပါလိမ့်မယ်။
ဒါကြောင့် စာဖတ်သူလေးအနေနဲ့ ကိုယ့်ရည်မှန်းချက်သိနိုင်ဖို့ ခုကတည်းကကြိုးစားပါ။ ဖော်ထုတ်ပါ။ လက်ခံပါ။ အာရုံစိုက်ပါ။ အဆုံးထိလျှောက်ပါ။
Haruki
Keep Reading