Tun Aung Kyaw (သံတွဲ)
ငယ်စဉ်ဘဝရဲ့ ယနေ့ထိအမှတ်ရနေတဲ့ ယဉ်ကျေးမှုတွေထဲမှာ ထိပ်ဆုံးကပါဝင်နေတာက "မိသားစုထမင်းဝိုင်း ယဥ်ကျေးမှု"။
အိမ်စောင့်နတ်နဲ့ မတည့်ဘူးလို့ ပြောရလောက်အောင်ထိ အိမ်၊မိသားစု ပြင်ပမှာပဲ အချိန်အများစု ကုန်လွန်ခဲ့တာကြောင့် မိသားစုထမင်းဝိုင်းက ကျနော့်အတွက် တော့ ဝေးကွာခဲ့တာ၊ အသက်မဝင်သလိုဖြစ်ခဲ့တာ ဆယ်စုနှစ်နဲ့ချီပြီး ကြာမြင့်ခဲ့ပြီပေါ့။
မိသားစုထမင်းဝိုင်းကပဲ အသက်အရွယ်ကြီးရင့်သူ(မိဘ၊ ဘိုးဘွား၊ ဦးကြီး၊ဒေါ်လေး စသူ)တွေကို စားဦးစားဖျား ဦးချရင်းနဲ့ပဲ အသက်အရွယ်ကြီးရင့်သူကို လေးစားသမှုပြုရတဲ့ "ဂါရဝ"တရားကို သင်ယူမှုတွေ ပြုခဲ့ရပါတယ်။
အသက်ကြီးတဲ့သူတွေက ငယ်ရွယ်သူတွေကို (ဟင်းစားဖွယ်တွေကို) အသိအမှတ်ပြုတဲ့အနေနဲ့ ပြန်ထည့်ပေးရင်းနဲ့ ငယ်သူကိုလေးစားရတဲ့ "နိဝါတ" တရားကို သိရှိနားလည်လို့လာစေခဲ့ပါတယ်။
အကို၊ အမတွေကိုလည်းငါ့ညီ/ညီမလေးတွေက(ဘယ်ဟင်း/ ဘယ်အသားကြိုက်တတ်တယ်) စသဖြင့် "အကိုကြီး၊ အဖအရာ၊ အမကြီး အမိအရာ" ကိုယ်ချင်းစာမှုကိုအခြေခံတဲ့ အနစ်နာခံပြီး ငယ်သူတွေအပေါ် ဦးစားပေး လုပ်ဆောင်တတ်တဲ့ " ဂရုဏာ" တရားကို မွေးမြူဖို့သွန်သင်ပေးနိုင်ခဲ့တယ်။
ညီငယ်၊ ညီမငယ်တွေအနေနဲ့လည်း မိမိကို ငဲ့ညှာပေးတဲ့ အကို၊အမတွေအပေါ် ချစ်ခင်လေးစားယုံကြည်တဲ့စိတ်ကို ရှင်သန်စေအောင် သွန်သင်ပေးခဲ့ပြန်ပါတယ်။
ဧည့်သည်ရောက်တော့လည်း အိမ်ရှင်ရဲ့ ဧည့်ဝတ်ကျေပွန်မှုဆိုတဲ့ နိုင်ငံသားကောင်းစိတ်ဓါတ်ကို ပျိုးထောင်ပေးခဲ့သလို၊ ဧည့်သည်အနေနဲ့ လည်း အိမ်ရှင်ရဲ့ဆောင်ရန်၊ ရှောင်ရန် စည်းမျဉ်းစည်းကမ်းတွေကိုသိရှိနားလည်စေကာ ချစ်ကြည်ခိုင်မာပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ဆက်ဆံရေးကို ပုံဖော်ရေးအတွက် ကူညီပံပိုးပေးပါတယ်။
မိသားစုထမင်းဝိုင်းရဲ့ အဖေ၊ အမေ ကိုယ်တိုင် ထည့်ပေးတဲ့ ဟင်းတွေက အရသာအရှိဆုံးပေါ့။
အကိုကြီး၊ အမကြီး ထည့်ပေးတဲ့ ကြက်သားဖတ်၊ဝက်သားဖတ်က ပိုကောင်း၊ ပိုမို အရသာရှိသလို ခံစားရတာ အမှန်ပါပဲ။
ဧည့်သည်ကို ထည့်ပေးလိုက်တဲ့ဟင်း ကိုယ့်ရှေ့မှာ စားတာကို မြင်ပြီး "ငါ ထည့်ပေးတဲ့ဟင်းကို အဖေ့/အမေ့ ဧည့်သည်က အားရပါးရစားတယ်ကွ" ဆိုပြီး ဂုဏ်ယူစရာ အနေနဲ့ ပြုံးပျော်ခဲ့ကြဖူးပါတယ်။
မိသားစုဝင်ငွေအပေါ်မူတည်ပြီး မိသားစုဝင်အချင်းချင်းအကြားမှာ တန်းတူညီမျှ စီမံခန့်ခွဲနိုင်မှု၊ ဦးစီးပဲ့ကိုင်သူရဲ့ အမြော် အမြင်ရှိမှု၊ တဦးအပေါ်တဦး စာနာ၊အနစ်နာခံပြီး လုပ်ဆောင်တတ်မှု၊ တာဝန်ကိုယ်စီသိမှု စတဲ့အရာတွေကို ဟန်ချက်ညီအောင်စနစ်တကျ ပေါင်း စပ်ပုံဖော်နိုင်မှ စိုပြေကောင်းမွန်ပြီး အနှစ်သာရပြည့်ဝတဲ့ မိသားစု ထမင်းဝိုင်းတခု ဖြစ်လို့လာပါလိမ့်မယ်။
မိသားစုထမင်းဝိုင်းဟာ မိသားစုတခုရဲ့ စုစည်းညီညွတ်မှု၊ ငြိမ်းချမ်းသာယာဝပြောခြင်း၊ ကြုံတွေ့ရင်ဆိုင်လာရမယ့် ပြသနာအရပ်ရပ်အပေါ်မှာ စုပေါင်းအဖြေရှာနိုင်ခြင်း၊ အပြန်အလှန် စာနာ နားလည်မှုရှိခြင်းရဲ့ အမှတ်လက္ခဏာပါပဲ။
မိသားစုထမင်းဝိုင်းဟာ ကျနော်တို့နိုင်ငံ၊ လူနေမှုဘဝရဲ့ ရသပေါင်းစုံကိုပေးစွမ်းနိုင်တဲ့ အနီးစပ်ဆုံးမှာရှိနေတဲ့ ပင်မအရင်းအမြစ်ကြီးတခုပေါ့။
ဒါပေမယ့် ခုတော့ ဒီလိုကောင်းမွန်၊ မွန်မြတ်တဲ့စိတ်ထား၊ ရသတွေ တစတစနဲ့ ကွယ်ပျောက်လာခဲ့ပြီး သူဦးသူစား၊ ငါဦးငါစား၊ မိမိအတ္တကလွဲရင် ကျန်တဲ့လူတွေကိုမကြည့်တော့ပဲ တနပ်စားညာဏ်နဲ့ "အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား"ဟာ ကျနော်တို့နိုင်ငံရဲ့ အလေ့အထတခုလို ဖြစ်လို့လာခဲ့ပါတယ်။
မိသားစုထမင်းဝိုင်းပျက်ယွင်းမှုနဲ့အတူ မိသားစုအတွင်း တန်းတူညီမျှရေးပျက်ယွင်း၊ ကိုယ်ချင်းစာတရားပျက် ယွင်း၊လုံခြုံရေးပျက်ယွင်း၊ ငြိမ်းချမ်းရေး ပျက်ယွင်း၊ လူ့အသိုင်းအဝိုင်းရဲ့ဂုဏ်အင်္ဂံါရပ်များဆုံးရှုံးမှုမှသည် နိုင်ငံနဲ့လူမျိုးရဲ့ဆုံးရှုံးမှုတခုသို့ ဦးတည်မသွားနိုင်ဘူးလို့ ဘယ်သူမှ အာမ
မခံနိုင်တဲ့အဖြစ်မျိးရောက်သွားနိုင်ပါတယ်။
ဂျပန်၊ ကိုးရီးယား၊ တရုတ်၊ အနောက်တိုင်းနိုင်ငံတွေမှာ ဒီကနေ့အချိန်ထိ မိသားစုထမင်းဝိုင်းယဥ်ကျေးမှုဟာ ရိုးရာ အစဉ်အ လာတခုသဖွယ် ရှင်သန်နေဆဲဖြစ်ပေမယ့်လည်း ကျနော်တို့နိုင်ငံမှာတော့ မူလကရှိပြီးသား အစဉ်အလာတခုဟာ ပျောက်ကွယ်လုနီးပါးအခြေအနေကို ဦးတည်လာတာစိတ်မကောင်းစရာပဲ။
နှစ်ကာလတွေ တရွေ့ရွေ့နဲ့ ပြောင်းလဲလာတော့ ကျနော်တို့လူ့ဘောင်မှာ
---------အဖေ၊အမေ ပြန်မလာနိုင်တော့တဲ့ မိသားစုထမင်းဝိုင်းတွေ၊
----------အကိုကြီး၊အမကြီး ပြန်မရောက်တော့တဲ့ မိသားစုထမင်းဝိုင်းတွေ၊
-----------သားကြီး၊ သမီးကြီး၊ သားငယ်၊ သမီးငယ်၊ ညီလေး၊ညီမလေး၊ ပြန်မဆုံနိုင်တော့တဲ့ မိသားစုထမင်းဝိုင်းတွေ၊
---------မကြာသေးမီတချိန်က ပျော်ရွှင်၊ ကြည်နူးဖွယ်ရာ မိသားစုထမင်းဝိုင်းဟာ ခုတော့ တမျိုးမျိုး၊တနည်းနည်းသော ပူဆွေးသောကတွေ၊ ဝမ်းနည်းအောက်မေ့ဖွယ် ရာ အနိဌာရုံတွေအပြည့် လွှမ်းခြုံလို့ ပေါ့။
အဖေ၊အမေက ဘယ်ဟင်းကြိုက်တတ်တာ၊ အကိုကြီး၊အမကြီး က ဘယ်ဟင်း၊ သားငယ်၊ သမီးငယ်တွေကော ဘယ်လိုနေ နေပါလိမ့်စတဲ့ပူဆွေး၊ သောကတွေက အစားထိုး ဝင်ရောက်လို့ သွားခဲ့ကြပါပြီ။
တချို့က အဝေးတနေရာကို အလုပ်အကိုင်၊ ဘဝ ရှင်သန်ရပ်တည်မှု အရ ရောက်နေကြလို့။
တချို့က အိုးသစ်၊ အိမ်သစ်၊ ဘဝသစ်၊ မိသားစုသစ်တွေ ဘဝကို ရောက်နေကြလို့။
တချို့က ဘဝတပါးကို အကြောင်းအမျိုးမျိုးနဲ့ ရောက်သွားကြလို့။
စီးပွားရေးကြောင့်လား? အလုပ်အကိုင်၊အခွင့်အလမ်းကြောင့်လား? ဒေသဖွံ့ဖြိုးရေး အားနည်းချက်တွေကြောင့်လား? မတရား ဖိနှိပ်ချုပ်ခြယ်ပြီး အနိုင်ကျင့်၊ ဗိုလ်ကျစိုးမိုးမှုစနစ်ကြောင့်လား? စစ်ပွဲတွေကြောင့်လား? -----------------
ဒီလို ကိုယ်စီကိုယ်ဌရှိနေကြတဲ့ ကျနော်တို့ ပြည်သူ၊ လူ့ဘောင်ရဲ့ ခံစားချက်ခံစားချက်တွေက ကိုယ်ချင်းစာတရား SYMPHATY၊ သူချင်းစာ တရားပြောရမယ့် EMPHATY စိတ် ထားရုံမျှ နဲ့ မလုံလောက်တာတော့ သေချာပါတယ်။
ကိုယ်စီရှိခဲ့ကြတဲ့ စွန့်လွှတ်၊နစ်နာမှု၊ ခံစားချက်တွေက အကျိုးမဲ့၊ အချည်းနှီး မဖြစ်အောင် အနာဂတ်အရေးမျှော်တွေး ပြီး ပူးပေါင်း လုပ်ဆောင် ကြရမှာပါ။
ကျနော်တို့လူ့ဘောင်ရဲ့ အနာဂတ် အတွက်တော့ COMMON SENCE/ INTEREST ဘုံ အသိညာဏ်(အတွေး အ ခေါ်)၊ အကျိုးစီးပွား မဖြစ်မနေ လိုအပ်ပါတယ်။
မုန်းသူမရှိ၊ ချစ်ခင်မြတ်နိုးသူတွေသာရှိတဲ့(အမုန်းဗလာနတ္တိ၊ ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်ကိုအခြေတည်တဲ့) မိသားစုထမင်းဝိုင်းလေးတွေ ဒေသ၊ လူမျိုး ၊နိုင်ငံအလိုက် ပြန်လည် စိုပြေနိုင်စေရေးဟာကျနော်တို့လူ့ဘောင်ရဲ့ အရေးပါတဲ့လိုအပ်ချက်။
မိသားစုထမင်းဝိုင်းယဉ်ကျေးမှုကို အာမခံချက်ပေးနိုင်မယ့် ငြိမ်းချမ်းရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေး ၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံရေး စနစ်ပြောင်းလဲရေးကို အခြေတည်တဲ့လုပ်ဆောင်ချက်တွေ၊ စီမံကိန်းတွေကို စနစ်တကျ လုပ်ဆောင်နိုင်မှုမှတဆင့် ကျနော်တို့ နိုင်ငံ ၊ လူ့ဘောင်အသိုင်းအဝိုင်းအတွက် အဖက်ဖက်က ကောင်းမွန်တဲ့ အခြေအနေတရပ်ကို ဖန်တီးတည်ဆောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
SOLVING THE PROBLEMS ပြသနာတွေကိုဖြေရှင်းရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ COMMON SCENE ဘုံ အတွေးအမြင်ကို နိုင်ငံနဲ့လူမျိုးအနာဂတ် ဘုံအကျိုးစီးပွား COMMON INTEREST အပေါ် အခြေခံရမယ်လို့ ကျနော် ယုံကြည်ပါတယ်။
ထွန်းအောင်ကျော် သံတွဲ၊ (ရန်ကုန်စက်မှုတက္ကသိုလ်)
Keep Reading