ဆောင်းနေရောင်(အဖျောက်)
``မိုးပေးခဲ့သောဇာတ်လမ်းတစ်ပုဒ်”
အခန်း(၁)
ညကတိတ်ဆိတ်လှသည်။ မည်သည့်အသံကိုမျှမကြားရ။ ပန်းပင်လေးတို့၏ မွှေးရနံ့နှင့် မြေသင်းရနံ့လေးတွေ၏ ထုံသင်းသောမွှေးရနံ့ကိုသာ ခံစားရသည်။ တစ်ချက်ချက်နှင့် လေပြည်လေးတိုးသွားသံကိုတော့ ရံဖန်ရံခါ ကြားလိုက်ရသည်။
ညဘက် လူခြေတိတ်ချိန်မှ စာရေးလေ့ရှိသည့် ထိုသူက ဒီည ည၏အလှတရားကိုခံစားနေမိသည်။ လမသာပေမယ့် ည၏တိတ်ဆိတ်မှုနှင့် ပန်းပင်လေးတွေ မြေမှုန်လေးတွေ၏ ရနံ့တို့က သူ့ကိုဆွဲဆောင်နေသည့်အလား။ မီးရောင်ဖျော့ဖျော့လေးကိုသာ သူ့အခန်းအတွင်း ထွန်းထားသည်။ စာမရေးဘဲ ဒီညတစ်ညလုံး ည၏အလှတရားတွေကို ခံစားတော့မည် ထင်သည်။ သို့တည်းမဟုတ်။ စာရေးဖို့အတွက် အတွေးနယ်ပယ်ကို ဖြန့်ကျက်ကာ စုဆောင်းနေသည်လား ထင်ရသည်။ ဟုတ်ပါသည်။ သူလည်းပဲ ညနှင့်အပြိုင် တိတ်ဆိတ်၍နေသည်။ သူ၏မျက်နှာ အမူအရာကို သေချာဖတ်ကြည့်လျှင် တစ်ခုခုကိုမျှော်လင့်နေသလိုလို။
အချိန်ဘယ်လောက်ကြာသွားသည်မသိ။ သူ၏ အခန်းရှိ ပြတင်းပေါက်မှန်ကို သစ်ကိုင်းတစ်ခတ် လာနှုတ်ဆက်သံကြားမှ သူ ကပြာကယာ ထမိလိုက်သည်။ ပြတင်းပေါက်အပြင်တွင် အသံတို့က တဖြောက်ဖြောက်။ လေများကလည်း အရှိန်ရလာသည့်အနှယ်။ ပြင်းပြင်းထန်ထန် တိုက်ခတ်လာသည်။ သူသိလိုက်ပြီ။ သ့ူမျက်နှာအမူအယာမှာ ပြောင်းသွားချေပြီ။ သူစောင့်စားနေတဲ့အရာကား လာလေပြီ။ ည၏တိတ်ဆိတ်မှုမှာလည်း ပြိုကွဲသွားလေပြီ။ အသံတွေ ကျယ်လောင်စွာနှင့် ထိုအရာက အားကောင်းလာသည်။ သူ့ နှုတ်မှ ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
``မိုး´´ဟူ၍။
အခန်း(၂)
လွန်ခဲ့သော တစ်နှစ်က ဇာတ်လမ်းလေး တစ်ခုဆီ သူရောက်ရှိနေသည်။ မိုးက အညှာအတာကင်းမဲ့စွာဖြင့် ရွာနေသည်။ ထိုစဉ် ……
``ဟိတ် ဒီမှာ ဟိတ် ရှေ့ကသွားနေတဲ့ ဆရာလေး ကျွန်မ ရှင်နဲ့လိုက်လို့ရမလား။ ကျွန်မမှာ ထီးမပါလာလို့၊ ပြီးတော့ ကျွန်မစာအုပ်တွေစိုကုန်မှာစိုးလို့ပါ။´´
အသံကြားရာသို့ လှည့်ကြည့်လိုက်တော့ မိန်းမချောလေးတစ်ယောက်ကို သူတွေ့လိုက်သည်။ လက်ထဲတွင် စာအုပ်လေးနှစ်အုပ်အား ပိုက်ကာ ချမ်းနေပုံကိုလည်းတွေ့ရသည်။ မိုးရေစိုနေသော်လည်း သူမ လက်ထဲက စာအုပ်တွေကိုတော့အစိုမခံနိုင်သည်ဟုထင်ရသည်။
``ဟာ ဘာကြည့်နေတာလဲ။ ကျွန်မ ရှင်နဲ့လိုက်လို့ရမလားလို့မေးနေတာ။ ရပ်နေတာနဲ့ ကျွန်မစာအုပ်တွေစိုကုန်တော့မှာပဲရှင်။´´
``သြော် ဟုတ်ကဲ့။ ရပါတယ်ခင်ဗျာ။ လိုက်ခဲ့ပါ။´´
ထီးကလေးအား သူမခေါင်းပေါ်မိုးကာ အတူလျှောက်လှမ်းခဲ့သည်။ တစ်လမ်းလုံး တိတ်ဆိတ်စွာနှင့် လာခဲ့ရာမှ သူမက ``ရှင့်လွယ်အိတ်ထဲကစာအုပ်တွေစိုနေဦးမယ်။´´ ဟုဆိုကာ တိတ်ဆိတ်မှုကို နိုးထစေလိုက်သည်။ ` ``စိုရုံလေးပါ အိမ်ကျမှ အပူပြန်ပေးလိုက်ရင်ရပါတယ်။ ´´ ``ဒီလိုလုပ်ပါလားရှင်။ ကျွန်မစာအုပ်လေးတွေကို ရှင့်လွယ်အိတ်ထဲ ထည့်ပြီး ကူသယ်ပေးပါလား။ ဒါဆို စာအုပ်တွေအစိုသက်သာတာပေါ့။ ´´ ``ကောင်းပါပြီဗျာ။´´ ဒီလိုနဲ့ နှစ်ယောက်သားလျှောက်လာခဲ့ရာ မကြာမီ မိုးကတိတ်သွားတော့သည်။
``ဟယ် မိုးတိတ်သွားပြီ။ အိမ်လည်းရောက်တော့မှာနဲ့ အတော်ပဲ။ ကျေးဇူးပဲနော် သိလား။ ကျွန်မသွားပြီနော်။´´
လက်ပြနှုတ်ဆက်ကာ သူမက ပြေးသွားတော့သည်။ သူမကို ငေးကြည့်ရင်းသာ ကျန်ခဲ့ရသည်။ အတန်ကြာအောင် ငေးကြည့်ပြီးမှ သူတစ်ယောက် အိမ်သို့ခပ်သွက်သွက်လေး ပြန်လှမ်းလာခဲ့တော့သည်။
အခန်း(၃)
အလွယ်မှကျဉ်းလှသောအခန်းလေးတစ်ခန်း။ စားပွဲခုံတစ်ခုံ ကုလားထိုင်တစ်လုံးလောက်သာခင်းကျင်း၍ရသည်။ ဒီအခန်းထဲမှာ နေရသူအဖို့ စိတ်ကျဉ်းကြပ်မှာ သေချာသည်။ သို့သော် သူ့အတွက်တော့ ဒီအခန်းလေးက သိပ်ကိုကျေနပ်စရာကောင်းလှသည်။ သူ စာရေးတိုင်း ဒီအခန်းလေးထဲမှာသာရေးလေ့ရှိသည်။ ဒီညအတွက်လည်း စာရေးရန် သူရောက်နှင့်နေပြီ။ လွယ်အိတ်ထဲ၌ ရေးလက်စ စာမူလေးအား ပြန်စတင်ရန် သူထုတ်လိုက်စဉ်
``ဘုတ် ဘုတ်´´
စာအုပ်နှစ်အုပ်မှာ စားပွဲခုံ အောက်သို့ ရှေ့ဆင့်နောက်ဆင့် ကျသွားလေသည်။ စာအုပ်တွေကို ပြန်ကောက်ကာ စားပွဲပေါ်သို့ သူပြန်တင်လိုက်သည်။
``ဟာ ဟိုကောင်မလေး စာအုပ်ပါလား။ ငါ့ဆီပါလာတာကိုး။ စာအုပ်တွေစိုမှာစိုးလို့တဲ့ ။ ပြန်တော့ စာအုပ်ပြန်ယူဖို့တောင် မေ့သွားရှာသူလေးကိုး။´´
သူမ၏ပုံရိပ်လေးမှာ အတွေးထဲပြန်ဝင်လာကာ သူပြုံးလိုက်သည်။ ``ဘာ စာအုပ်တွေပါလိမ့်။´´
ချုပ်ထားသောအဖုံးလေးအား လှန်ကြည့်လိုက်သည်။ ``နာမည်လေးက မိုးပြည့်စုံဆိုပါလား။ လူပါမက နာမည်ပါလှတဲ့ မိန်းကလေးပဲ။ သိပ်လိုက်ဖက်လှပါတယ် မိမိုးလေးရယ်။´´
သူ နှုတ်မှ ဖွဖွလေး အသံပြုကာ စာရွက်မျာအား တစ်ရွက်ချင်းလှန်နေတော့သည်။
``မိမိုးလေးလည်း ကဗျာဖတ်ရတာဝါသနာပါတာကိုး။ ကိုယ်နဲ့ဝါသနာတူ မိမိုးလေးရေ မင်းကို ဘယ်တော့မှ ပြန်တွေ့ခွင့်ရမှာလဲကွာ။´´
သူတစ်ယောက် အခန်းပြတင်းပေါက် အပြင်လေးငေးကာ ဆွေးနေတော့သည်။ ခဏကြာမှ သူသတိရသွားသည်ထင်သည်။
``ငါ ဘာတွေတွေးပြီး ပြောနေမိပါလိမ့်။ ညဥ့်မနက်ခင် စာရေးဦးမှာပါ။ ဒါနဲ့ မိမိုးလေးရဲ့စာအုပ်ကို ငါဘယ်လိုပြန်ပေးရပါ့မလဲ။ တော်ပြီ တော်ပြီ ငါ့အတွေးတွေ ရပ်ထားမှပါ။ စာရေးဖို့ရှိသေးတာပဲ။´´
ဘောပင်ပြန်ကိုင်ကာ ယခင်ရေးပြီးသား စာမူလေးကို သူပြန်ဖတ်လိုက်သည်။ ``တမ်းတခြင်းက လွမ်းဆွတ်သတိရတယ်လို့ဆိုကြလျှင် ကိုယ် ဝန်ခံပါတယ် မိန်းကလေးရယ်။ မင်းကို ကိုယ် တမ်းတမ်းတတနဲ့ကို လွမ်းဆွတ်သတိရနေမိတာပါ။´´ ဒီစာသားလေးကိုသာ အကြိမ်ကြိမ်ဖတ်ရင်း နောက်ထပ် ဘာဆက်ရေးရမည်ကိုသာ သူတွေးနေသည်။ အတွေးတွေကမရ။ သူ့မျက်လုံးတွေက နောက်စာအုပ်တစ်အုပ်ဆီ အကြည့်ရောက်နေမိသည်။
``ဒီ တစ်အုပ်ကျန်သေးတာပဲ။ ကဗျာစာအုပ်ပဲလား။ `သင့်အတွက်မနက်ဖြန်´ ဆိုပါလား။ လုံးချင်းဝတၳုပဲ။ မိမိုးလေးလည်း ဝတၳုဖတ်ရတာ သဘောကျတယ်ထင်တယ်။´´
စာရွက်များကိုလှန်ကြည့်လိုက်စဉ် ``သင့်အတွက် မနက်ဖြန်ဆိုတာ မသေချာဘူးဟုတ်လား။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ မသိဘူးပေါ့။ ကောင်းပြီ။ မနက်ဖြန်သာ မင်း အသက်ရှင်နေဦးမယ်ဆိုလျှင် ဘာလုပ်မှာလဲ။´´ ``ကျွန်တော် ဖြစ်ချင်တာတွေကို ဖြစ်နိုင်အောင်လုပ်သွားမှာပါဗျာ။´´ ``သိပ်ကောင်းတဲ့ အဖြေပဲ မောင်ဇော်။ သင့်အတွက် မနက်ဖြန်တွေရှိနေပါသေးတယ်ကွာ။ စိတ်ဓာတ်မကျစမ်းပါနဲ့။ ´´ ဒီစာသားလေးအား သူတွေ့ကာ အကြိမ်ကြိမ်ဖတ်နေသည်။
``ပြောင်မြောက်တဲ့ အရေးအသားပဲကွာ။ အရမ်းလက်ရာကောင်းတာပဲ။´´ စာရေးဆရာအား သူချီးကျူးစကားဆိုရင်း စာအုပ်ကို ပြန်ပိတ်လိုက်သည်။
`` ဖုန်းနံပါတ်လေးပါလား။ မိမိုးလေးရဲ့ ဖုန်းနံပါတ်များလား။´´ ပြောပြောဆိုဆို ဖုန်းကိုခေါ်လိုက်တော့သည်။
``ဟဲလို ဘယ်သူများလဲရှင်။´´
``မိုးပြည့်စုံလားခင်ဗျာ။ သူ့စာအုပ်လေး………´´သူပင် စကားမဆုံးလိုက်ပါ။ တစ်ဖက်က-
``မဟုတ်ပါဘူးရှင်။ ကျွန်မက မိုးပြည့်စုံရဲ့သူငယ်ချင်းပါ။ ´´
``သြော် ဟုတ်ကဲ့။ သူ့စာအုပ်လေး ကျွန်တော့်ဆီပါလာလို့။ စာအုပ်နောက်ကျောမှာဖုန်းနံပါတ်လေး တွေ့တာနဲ့ သူများဖြစ်မလားလို့ ဆက်လိုက်တာပါ။´´
``ကျွန်မ သူ့ကိုပြန်ဆက်ခိုင်းလိုက်ပါ့မယ်။´´
``ဟုတ်ကဲ့။ ကျေးဇူးပါဗျာ။´´
မိမိုးလေး ဖုန်းဆက်မည့်အချိန်ကိုသာ သူစောင့်နေသည်။ မကြာလိုက်။ သူစောင့်မျှော်ရကျိုးနပ်လေပြီ။
``မိုးပြည့်စုံလား မသိဘူး။´´
``ရှင်။ ကျွန်မ နာမည်ကို သိနေတယ်ဟုတ်လား။´´
``စာအုပ်လေးမှာ ရေးထားတာတွေ့လို့ပါ။´´
``ဟုတ်တယ်။ ကဗျာစာအုပ်က ကျွန်မစာအုပ်ပါ။ ဝတၳုစာအုပ်ကတော့ ကျွန်မသူငယ်ချင်းဆီက ငှားလာတာပါ။ ရှင်နဲ့ပါသွားတာကို သိပေမယ့် အဆက်အသွယ်ကမရှိတော့ စာအုပ်လေးတွေ ဆုံးရှုံးရပြီထင်နေခဲ့တာ။ ကျွန်မ သူငယ်ချင်းဖုန်းဆက်လာမှပဲ ကျွန်မစိတ်အေးရတယ်။ ရှင့်ဆီဆက်သွယ်လို့ရပြီ။ ကျွန်မ စာအုပ်လေးတွေ ပြန်ရတော့မယ်ဆိုတဲ့အသိနဲ့ပေါ့။´´
``ဟုတ်ကဲ့ပါခင်ဗျာ။ ကျွန်တော် ဘယ်ကိုလာပေးရမလဲ။´´
``ကျွန်မတို့ နောက်ဆုံးနှုတ်ဆက်တဲ့နေရာလေးကို ရှင်မှတ်မိတယ် မဟုတ်လား။ အဲ့ကိုလာပေးနိုင်မလား။´´
``မနက်ဖြန်လား။ ကျွန်တော် ဆက်ဆက်လာပေးပါ့မယ်။´´
``ဟုတ်ကဲ့ရှင့်။ ကျေးဇူးပါနော်။ ဒါနဲ့ ရှင့်နာမည်က……´´
``ကောင်းမြတ်။´´
မိမိုးလေးနဲ့ သူ ဖုန်းပြောပြီး မနက်ဖြန် တွေ့ရမည်ဆိုသောအသိလေးကို တွေးတောရင်း အနားယူကာ ဒီတစ်ညတာကို သူကုန်ဆုံးလိုက်တော့သည်။
အခန်း(၄)
ရာသီဥတုက သာယာနေသည်။ မနက်ပိုင်းဖြစ်၍လားမသိ။ ကောင်းကင်မှာလည်း ဖြူစင်လှပနေသည်။ မိမိုးလေး ချိန်းရာသို့ ကောင်းမြတ်တစ်ယောက် ဝီရိယစောစွာ ရောက်ရှိနေသည်။ ထိုနေရာတွင် ကုက္ကိုပင်ကြီး တစ်ပင်ရှိသည်။ ဘယ်သူက လာလုပ်ပေးထားလဲမသိသော ခုံတန်းလေးတစ်ခုလည်း ရှိသည်။ အမြဲသွားလာနေသော်လည်း ထိုအရာတွေရှိမှန်း သူမသိခဲ့။ ဒီနေ့မှသာ သတိထားမိခဲ့သည်။ ခုံတန်းလေးက လမ်းမဘက်ကဆိုလျှင် မမြင်ရပါ။ ကုက္ကိုပင်ကြီးနှင့် ကွယ်နေသောကြောင့် ဖြစ်ဟန်ထင်သည်။ ခုံတန်းလေးမှာ ထိုင်ကာ မိမိုးလေး လာမည့်လမ်းဆီ သူမျှော်နေမိသည်။
``ဆောရီးနော် နောက်ကျသွားတယ်။ စောင့်နေရတာကြာပြီလား ကိုကောင်းမြတ်။´´
``ဗျာ။´´ ကိုကောင်းမြတ်ဟု ရင်းရင်းနှီးနှီး ခေါ်လိုက်သောကြောင့် သူအံ့သြသွားရသည်။
``စောင့်နေရတာကြာသွားပြီလားလို့။´´
``မကြာသေးပါဘူးဗျာ။ ကျွန်တော်က စောစောထွက်လာတာပါ။ ကျောင်းလည်းပိတ်တာနဲ့လေ။´´
`` ကိုကောင်းမြတ်က ဘာလို့စောစောထွက်လာတာလဲ။ မိုး မလာရင်ရော။´´
``ကျွန်တော်လား အင်း…မိုးကို တွေ့ချင်လို့ပါ။´´
``ရှင်။´´
နှုတ်က အမြန်ပိတ်၍မမီလိုက်။ စိတ်က တွေ့ချင်နေသောအဖြစ်ကို နှုတ်က ဝန်ခံလိုက်မိသားဖြစ်သွားတော့သည်။
`` မ…မဟုတ်ပါဘူး။ မှားလို့။ မိုးက စာအုပ်လေးတွေကို ချစ်တယ်လို့ ကျွန်တော်ထင်တယ်။ စာအုပ်တွေ ရေစိုမှာစိုးလို့ ကျွန်တော့်ကို အကူအညီတောင်းပြီး ပေးထားခဲ့တာပဲကြည့်လေ။ ဒီအချက်တွေက မိုး လာလိမ့်မယ်ဆိုတာ သက်သေပြနေတာပါပဲ။ မိုးလာမယ်ဆိုတာကို ကျွန်တော် ယုံကြည်နေတယ်လေ။ ဒါ့ကြောင့် ကျွန်တော် ဒီစာအုပ်လေးတွေ မိုးကို ပြန်ပေးရအောင် စောစောလာခဲ့တာပါ။ ´´
``ဟုတ်ပါပြီရှင်။ ကျေးဇူးပါနော်။ ကိုကောင်းမြတ်ကို မိုး ရင်းနှီးနေတယ်ဆို ယုံမလား။´´
``ဗျာ။ ကျွန်တော့်ကို သိနေတယ် ဟုတ်လား။´´
``လူကိုသိနေတာတော့ မဟုတ်ပါဘူး။ နာမည်လေးကို မြင်ဖူးပြီး ရင်းနှီးနေတာပါ။ သတင်းစာ ဂျာနယ် မဂ္ဂဇင်းတွေမှာလေ။´´
``ဟုတ်ကဲ့။ခုလို အားပေးပြီး မှတ်မိနေတဲ့အတွက် ကျေးဇူးပါဗျာ။´´
``ကိုကောင်းမြတ်က စာရေးဆရာပေါ့နော်။´´
``အဲ့လိုလည်း မဟုတ်ပါဘူးဗျာ။ ဝါသနာအရ ရေးရင်း ကြိုးစားနေတဲ့သူပါ။ စာရေးသူပါပဲဗျာ။ မိုးလည်း ဝါသနာပါတယ်ထင်တယ်နော်။´´
``ဝါသနာတော့ပါပါတယ်။ ဒါပေမယ့် ကိုကောင်းမြတ်လိုမှ မရေးတတ်တာ ဘယ်လိုလုပ်ရမလဲ။´´ ချစ်စဖွယ် မျက်နှာထားလေးနှင့် မိမိုးလေးက ပြုံးပန်းလေးပွင့်လန်းကာ ကောင်းမြတ်အား စကားဆိုသည်။
``မိုးက သင်ချင်တဲ့ဆန္ဒရှိတယ်ဆိုရင် ကျွန်တော်သိထား တတ်ထားသလောက် ပြန်သင်ပေးမှာပေါ့။´´
``တကယ်လား ဟင်။´´
``တကယ်ပါဗျာ…တကယ်ပါ။ မိုးက မကြောက်တတ်ဘူးနော်။ ´´
``ဘာကိုပြောတာလဲ ကိုကောင်းမြတ်ရဲ့။´´
``သြော် မိုးက ဒီမှာ ကျွန်တော်နဲ့ထိုင်နေတာကို အများတွေတစ်မျိုးထင်မှာကို ပြောတာပါ။´´
``ဒါများ ကိုကောင်းမြတ်ရယ်။ မိုးတို့က သူများတွေအမြင်မကြည်အောင် ဘာမှလုပ်နေတာမှမဟုတ်တာ။ သူတို့ဘာပြောပြောပေါ့။ ကိုယ့်ဘက်ကရိုးသားနေတာပဲ မဟုတ်လား။´´
``ဟုတ်ကဲ့။ မိုးအတွက် ကဲ့ရဲ့ခံရမှာ ကျွန်တော် စိုးရိမ်မိလို့ပါ။´´
``ရပါတယ် ကိုကောင်းမြတ်ရယ်။ ကျွန်မတို့က ရိုးရိုးသားသားပဲမဟုတ်လား။´´
``ဟုတ်ကဲ့ပါ မိုး။´´
စကားများ အပြန်အလှန်ပြောဆိုကြပြီး ခေတ္တမျှ ငြိမ်သက်သွားကြသည်။ ကိုယ်စီအတွေးများစွာနှင့် ငြိမ်သက်နေကြခြင်းဖြစ်သည်။ မိမိုးလေး၏ မျက်နှာလေး ညှိုးနွမ်းသွားသည်ကို ကောင်းမြတ် သတိထာမိကာ
``မိုး ကျွန်တော့်ကိုနှုတ်ဆက်ရမှာခက်နေလို့လား။ ရောက်နေတာလည်းကြာပြီပဲလေ။ မိုး ပြန်ချင်ပြန်တော့လေ။´´
ကောင်းမြတ်ကို ကျောခိုင်းနေသော မိမိုးလေးက တဖြည်းဖြည်းချင်း ကောင်းမြတ်ဘက် လှည့်ကာ ``ကိုကောင်းမြတ်ကို မိုးခင်နေမိပြီသိလား။ အဲ့ဒီခင်မင်မှုလေးက ဒီနေ့မှာ အဆုံးသတ်ရတော့မယ်ထင်တယ် ကိုကောင်းမြတ်ရယ်။´´
``ကျွန်တော်လည်း မိုးကိုခင်ပါတယ်။´´ ခင်မင်မှုက ဘာလို့အဆုံးသတ်ရတော့မယ် ပြောရတာလဲဗျာ။´´
``မိုးတို့မိသားစု မနက်ဖြန်ကျရင် စင်ကာပူ သွားတော့မှာလေ။ ဘယ်တော့များမှ ကိုကောင်းမြတ်နဲ့ ပြန်တွေ့ရမလဲ မသိပါဘူး။ ထာဝရ မတွေ့ရတော့တာလည်း ဖြစ်နိုင်တယ်လေ။ ပြီးတော့ ကိုကောင်းမြတ်ဆီက စာရေးနည်း မသင်ရတော့ဘူးလေ။´´
စိတ်မကောင်းဖြစ်ရုံကလွဲပြီး ကောင်းမြတ် ဘာမျှမတတ်နိုင်ပါ။ ဘယ်လိုစကားမျိုးနဲ့ နှစ်သိမ့်ပေးရမည်ကိုလည်း သူမသိပါ။ မိမိုးလေးရဲ့ မျက်နှာကိုသာ ငေးကြည့်နေတော့သည်။ မိမိုးလေးကလည်း တိတ်ဆိတ်လှသည်။ ဘာတွေများ ပြောချင်နေသေးလဲမသိ။ တစ်နေရာကို ငေးကြည့်နေရင်းမှ ကောင်းမြတ်ဘက်သို့လှည့်ကာ
`` မိုးအတွက် ဝတၳုလေး တစ်ပုဒ်ရေးပေးပါလား ကိုကောင်းမြတ်။´´
``ဘယ်လို အကြောင်းအရာမျိုးလဲ မိုး။´´
``မိုး နဲ့ တွေ့ခဲ့တဲ့ အကြောင်းလေးပေါ့။´´
``ကျွန်တော် ရေးဖြစ်အောင်ရေးလိုက်ပါမယ် မိုး။
``ဟုတ်ကဲ့။ မိုး ပြန်တော့မယ်နော် ကိုကောင်းမြတ်။ နှုတ်ဆက်ခဲ့ပါတယ်။´´ လက်ကလေးပြကာ ကောင်းမြတ်ကို ကျောခိုင်းထွက်သွားခဲ့သည်။ ပြန်မဖြေနိုင်လောက်အောင်ပင် အထီးကျန်ခဲ့မှုက ကောင်းမြတ်ကို ဆွံ့အသွားစေသည်လား။ မိမိုးလေး သူ့မြင်ကွင်းရှေ့က ပျောက်သွားသည်အထိသာ ကြည့်နေမိတော့သည်။
အခန်း(၅)
မိုးကရွာနေရာမှ ချက်ချင်းဆိုသလို တိတ်သွားတော့သည်။ အတိတ်ကို ပြန်လည်တမ်းတသတိရနေသော အတွေးတွေမှာလည်း ပျောက်ကွယ်သွားတော့သည်။
``မိုး တိတ်သွားပြီကိုး။ မိုးရယ် မိမိုးလေးရယ် အဲ့နေ့ နောက်ဆုံးတွေ့ခဲ့တာပဲနော်။ မိုးဆီ ဆက်သွယ်မရလို့ မိုးရဲ့သူငယ်ချင်းကို ဖုန်းဆက်မေးကြည့်မှ မိုးနဲ့ သူလည်း ဆက်သွယ်မရဘူးဆိုတာ သိခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ပါ မိုးရယ်။ မိုးပေးခဲ့တဲ့ဇာတ်လမ်းလေးကိုတော့ ကို ရေးလိုက်ပါပြီ။ မိမိုးလေးက ကိုယ့်ဇာတ်လမ်းထဲမှာတော့ အမြဲရှိနေမှာပါကွာ။´´
ရေးလက်စဝတၳုလေး၏ ခေါင်းစဉ်ကို ``မိုးပေးခဲ့သော ဇာတ်လမ်းတစ်ပုဒ်´´ဟု ခေါင်းစဉ်တပ်ကာ ကောင်းမြတ်တစ်ယောက် စာမူများကို အန်ဆွဲထဲ ထည့်လိုက်လေတော့သည်။
ဆောင်းနေရောင်(အဖျောက်)
Keep Reading