Author's Profile Photo

မောင်နိုင်အေး

17/10/2024

သီတင်းကျွတ်ညလေးတည

1 min read
Culture
Creative
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
သီတင်းကျွတ်ညလေးတည's photo

ကြာခဲ့ပါပြီ သီတင်းကျွတ်ညတည။

ရွာမှာတုန်းက သီတင်းကျွတ်လပြည့်နေ့ ညနေခင်းရောက်ပြီဆိုရင် ဆွဲခြင်းထဲမှာ ဆန်၊ လက်ဖက်ခြောက်၊ ဖယောင်းတိုင်၊ အမွှေးတိုင်နဲ့ မုန့်ထုပ်တွေထည့်ပြီး ရွာလုံးကျွတ် လိုက်ကန်တော့ကြတယ်။ လူကြီးတွေကတော့ အိမ်မှာ ကန်တော့ခံဖို့ နေခဲ့တာပေါ့။ ရွာတရွာရဲ့ လပြည့်ညကပေးတဲ့ စည်ကားမှုဟာ ရှင်းပြလို့မရအောင် ကြည်နူးဖို့ကောင်းတယ်။ ကိုယ်ကိုယ်တိုင် ကြုံဖူးမှသိမယ်ဆိုတာမျိုး။ ဒီလိုနဲ့ ကျွန်တော်တို့ ကန်တော့ဖို့ ပစ္စည်းဝတ္ထုတွေထည့်ထားတဲ့ ဆွဲခြင်းတွေဆွဲပြီး ရွာထဲက လူကြီးတွေကို ကန်တော့ဖို့ ထွက်လာခဲ့ကြတယ်။ ကျွန်တော်တို့ဆိုတာတော့ အမေတို့၊ အဒေါ်တို့နဲ့ ကျွန်တော်တို့ မောင်နှမတသိုက်။ မောင်နှမတသိုက်ဆိုပေမယ့် အနီးအနားအိမ်တွေက တဝမ်းခွဲ နှစ်ဝမ်းခွဲတွေလည်းပါတော့ လူစည်နေတယ်။

လမ်းတွေမှာဆိုရင် ကန်တော့သွားတဲ့ အမျိုးတွေနဲ့တွေ့ရင် အပြုံးတွေဖလှယ်ကြပြီး ဘယ်သူ့အိမ်သွားမလဲ၊ ဘယ်သူ့အိမ်ကလာလဲနဲ့ မေးကြတယ်။ ကန်တော့တဲ့အိမ်ရောက်တော့လည်း အခြားလာကန်တော့တဲ့သူတွေနဲ့ ပြည့်လို့။ ၁၅ မိနစ်လောက်ထိုင်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြော၊ အဝေးရောက်နေတဲ့ အမျိုးအကြောင်းတွေမေး၊ သာရေးနာရေးအကြောင်းတွေ၊ ခြံအကြောင်းတွေ၊ ငါးဖမ်းတဲ့အကြောင်းတွေပြောရင်း ရယ်ကြ၊ မောကြနဲ့။ ကလေးတွေရဲ့ ဆော့ကစားသံတွေလည်း ညံလို့။ ဒီလိုနဲ့ တအိမ်ဝင် တအိမ်ထွက် ကန်တော့တဲ့အခါ စားလိုက်ရတဲ့မုန့်တွေ၊ အစားအသောက်တွေက တရွာလုံး ဘူဖေးပတ်စားလိုက်ရသလိုပဲ။ မနက်က ဆွမ်းကပ်ဖို့၊ အိမ်နီးနားတွေကို လိုက်ဝေဖို့ လုပ်ထားတဲ့ မုန့်ဖက်ထုပ်၊ ကောက်ညှင်းထုပ်၊ မုန့်ဆီကြော်၊ ဟင်းထုပ်၊ ငှက်ပြောကြော်၊ မုန့်လက်ကောက်နဲ့ ကျွန်တော်မမှတ်မိတော့တဲ့ မုန့်တွေအများကြီးပါတယ်။ အချိုရည်၊ ရေနွမ်းကြမ်း၊ ပဲလှော်၊ ထန်းလျက်၊ လက်ဖက်သုပ်၊ မြေပဲပြုတ်၊ ပြောင်းဖူးပြုတ်နဲ့ အခြားကလေးတွေအကြိုက် ချိုချဉ်တွေ မုန့်တွေပါတယ်။

သီတင်းကျွတ်ဆိုတာ အမျိုးတွေရဲ့ အိမ်စေ့လိုက်လည်လို့ အကောင်းဆုံးအချိန်။ ကြာကြာမှတခါ (ဝေးဝေးတခါမှ) ရောက်တဲ့အမျိုးအိမ်တွေ၊ တခါတလေမှ လမ်းမှာတွေ့ဖြစ်တဲ့ အမျိုးတွေ၊ ရွာသူရွာသားတွေနဲ့ တွေ့ရတဲ့ အချိန်ဖြစ်တော့ အရမ်းပျော်ဖို့ကောင်းတယ်။ ပြောတဲ့စကားတွေလည်း မကုန်ဘူး။ ကန်တော့ဖို့ ပစ္စည်းဝတ္ထုတွေကုန်ပြီဆို အိမ်မှာပြန်ယူပြီး ကျန်သေးတဲ့ ဘကြီး၊ အကြီးတို့နဲ့၊ အဖိုး၊ အဖွားအိမ်တွေဆီ ဆက်သွားကြတယ်။ ညနေ ၇ခွဲ ၈လောက်ဆို ကန်တော့ချိန်ကပြီးသွားတော့ ရွာထိပ်က ဘုန်းကြီးကျောင်းမှာ မီးပုံးပျံလွှတ်တာ သွားကြည့်ကြတယ်။ အဲ့ဒီအချိန်က ရှမ်းအိုးစည်သံတွေ အခုထိ နားထဲမှာ ကြားယောင်နေတုန်းပဲ။ ဒီလိုနဲ့ သီတင်းကျွတ်လပြည့်နေ့လည်း ငြိမ်းချမ်းစွာ ကုန်ဆုံးသွားတယ်။ အိမ်ပြန်ရောက်တော့ ဗိုက်လဲတော်တော်တင်နေပြီ။ တောင်တန်းတွေကို နောက်ခံထားတဲ့ အင်းရေပြင်ကြီးပေါ်မှာတော့ လပြည့်ဝန်းက ထိန်ထိန်သာနေတာပေါ့။

သီတင်းကျွတ်နဲ့ ဝေးခဲ့တာလည်း တော်တော်ကြာပါပြီ။ ငြိမ်းချမ်းမှုတွေ ကျွန်တော်တို့ဆီပြန်ရောက်လာတဲ့တနေ့ နိုင်ငံလုံးကျွတ် သီတင်းကျွတ်ပွဲတော်ကြီး ကျင်းပလိုက်ချင်တဲ့စိတ်ကူတော့ တနေ့တနေ့ ပိုပိုပြီးများလာတယ်။

၁၇၊ ၁၀၊ ၂၀၂၄၊
ရဲသိင်္ဃ။

Keep Reading

အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾နံရံမဲ့ကျောင်း ---------------ကြည့်ချင်ပွဲ