Author's Profile Photo

Myat Thein Khaing

16/10/2024

"ဘူတာရင်ခွင်" အက်ဆေး

3 mins read
Art
Creative

အမေနှင့်ပတ်သတ်သည့် သီချင်းတွေကို ကြားတိုင်း ကျွန်တော့်နှလုံးခုန်သံသည် ရထားတစ်စင်း ခုတ်မောင်းလာသလို တုန်လှုပ်နေတတ်၏။ ထိုနေ့က ဘာရယ်မဟုတ် ထူးအိမ်သင်ရဲ့ မေမေချစ်တဲ့သားကြီးတို့၊အမေရဲ့ ဒုက္ခအိုးလေးတို့၊အရိပ်စစ်တို့ စသည့်သီချင်းများကို နားထောင်ရင်း နယ်မြို့လေးက အမေ့ကို တမ်းတ လွမ်းဆွတ်နေမိသည်။ ဖုန်းမသုံးတတ်သော အမေ။ မက်ဆေ့ခ်ျမပို့တတ်သောအမေ။ ဗွီဒီယိုကော မခေါ်တတ်သောအ‌မေ။ခေတ်စနစ်နောက်သို့ အမီမလိုက်နိုင်တော့သောအမေသည် သူ့ရင်ထဲ၌ အဝေးရောက်သားသမီးများကို လွမ်းဆွတ်သတိရသည့် ဒြပ်မဲ့စိတ်ထုထည်ကြီးက မည်မျှပင်ကြီးမားနေမည်လဲ။ ကျွန်တော်တို့ကသာ နေ့စဉ်လိုလို သတိရချင်မှရလိမ့်မည်။ အမေကတော့ နေ့စဉ်လိုလို သတိရနေလိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။

အမေ့ရင်ခွင် ဘူတာကနေ ထွက်ခွာသွားပြီးကတည်းက ကျွန်တော်သည် တစ်နှစ်တစ်ခါသာ အမေ့ဆီပြန်နိုင်တော့သည်။ သူငယ်ချင်းတွေဆီပြန်နိုင်တော့သည်။ ဆွေမျိုးတွေဆီပြန်နိုင်တော့သည်။ ပြန်မယ်ဆိုတော့ ကိုယ်စီးပွားရေးအဆင်ပြေနေသည်ကိုပဲ ကိုယ်နှင့်ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေကို သိစေချင်သည်။ ပေးချင်၊ ကျွေးချင်သည်။ ကိုယ်က မပေးနိုင်၊ မကျွေးနိုင်ပဲနှင့်တော့ အမေ့ရင်ခွင်ဆီမပြန်ချင်။ ဘယ်မိဘမဆို ကိုယ့်သားသမီးနိမ့်ပါးနေတာကို မြင်ချင်မှာ မဟုတ်သော်လည်း ငါ့သား၊ငါ့သမီးလာတယ်ဟေ့ ဆိုသည်နှင့်ပင် ကြည်နူးဝမ်းမြောက်နေပေလိမ့်မည်။ ဤသို့နားလည်သော်လည်း ပေးချင်ကမ်းချင် ပျော်အောင်ထားချင်သည့် စိတ်ကလွှမ်းမိုးနေသဖြင့် တစ်နှစ်တစ်ခါသာ ပြန်နိုင်တော့သည်။

ဘဝရဲ့ အဆင်မပြေချင်းနေ့ရက်များတွင် ပျော်ဝင်နစ်မျောရင်း သတိတရဖြင့် ပြက္ခဒိန်ကိုကြည့်မိတော့ သီတင်းကျွတ်လပြည့်နေနှင့်တောင် နီးတော့မည်။ အမေ့ရင်ခွင် ဘူတာဆီထွက်ခွာဖို့နီးတော့မည်။ ဤသို့တွေးမိတော့ စိတ်ထဲမှာ ကြည်နူးပျော်ရွှင်နေမိသည်။ ပျော်ရွှင်ခြင်းနှင့်တစ်ပြိုက်နက် ပြန်စရာ အိမ်မရှိတော့သည်သူတွေ၊ခိုလှုံစရာ မိဘမရှိတော့သည့်သူတွေ၊ရှေးဟောင်းနှောင်းဖြစ်တွေကို လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး အရသာခံပြောဖို့ မရှိတော့သည့် သူငယ်ချင်းတွေ၊အိမ်ပြန်ချင်သော်လည်း အဝေးတစ်နေရာ ရောက်နေသည့် သူတွေ အကြောင်းတွေးမိတော့ ဝမ်းနည်းခြင်း၊လွမ်းဆွတ်သတိရခြင်း၊ကြေကွဲစို့နင့်ခြင်းစသည့် စိတ်ခံစားမှုများပါ ခံစားလာရပြန်သည်။

လွမ်းစရာ ကောင်းသည့် အချိန်တွေကို အချိန်ခရီးသွား တစ်ယောက်လို အတွေးဖောင် ပေါ်မှာ လိုက်ပါစီးနင်းမိလျက်သားဖြစ်နေသည်။ လွန်ခဲ့သော ၁၀နှစ်ခန့်က အမေ့ဆီပြန်တော့ အမေကြိုက်တတ်သည့် အရာတချို့ဝယ်သည်။ အမေသုံးလိုရာသုံးဖို့ ငွေကြေးတချို့ကို ကြိုတင်စုဆောင်းထားသည်။ သူငယ်ချင်းတွေနှင့်တွေလျှင်လည်း ကျွေးဖို့မွေးဖို့ စုဆောင်းထားသည်။ ထိုခေတ်ထိုကာလက ကုန်ဈေးနှုန်း၊အလုပ်အကိုင် အရာအားလုံး တည်ငြိမ်နေသောကာလ။ ကူလီသမား၊ဆိုက္ကားသမားများဖြစ်သည့် အောက်ခြေလူတန်းစားတွေတောင် စားနိုင်၊သောက်နိုင် အဆင်ပြေနေသည့်အချိန်မို့ အရာအားလုံးက ပျော်ရွှင်စရာကောင်းသည်။

ဆီမီးဝါဝါတွေ တစ်မြို့လုံးလင်းထိန်နေသည့် ညတစ်ညကို သတိရမိသည်။ ကျွန်တော်တို့မိသားစု တစ်ပိဿာလောက်ရှိသည့် ငါးမုတ်ကြီး တစ်ကောင်ကိုကင်သည်။ ပြီးတော့ မိသားစုတွေ သူတစ်ဖဲ့ကိုယ်တစ်ဖဲ့ စားသောက်ရင်း အတူတကွရှိမနေသည့် နေ့ရက်တွေအကြောင်း လုယက်ပြီး ပြောကြဆိုကြ။ ရယ်ကြ၊မောကြ။ဟိုတုန်းက အကြောင်းတွေကို အမေကပြန်ပြော။ အဖေကပြန်ပြော။ အဖေနဲ့အမေကို ဝိုင်းစကြ။ ရန်တိုက်ပေးကြ။ အမေကလည်း ဟန်ဆောင်ကာ အဖေ့ကို မျက်စောင်းထိုးတော့ အဖေကတဟဲဟဲနှင့်ရယ်မောလို့။ ကျွန်တော်တို့မှာလည်း ညီအစ်ကို နှစ်ယောက်တည်းသာရှိသည်မို့ တစ်နှစ်လုံးမှာ တစ်ခါတည်းတွေ့ရတော့ ရေချိုးခန်းထဲက ရေကန်လေးနံဘေးမှာ နှုတ်မြိန်ဆေး ပုလင်းလေးကိုဖွက်ပြီး အာခေါင်ခြောက်လိုက် သွားဆွတ်လိုက်။ရယ်မောစရာတွေပြောလိုက်။ နာကျင်စရာတွေကိုလည်း ရယ်မောပစ်လိုက်ကြ။ မိသားစုအားလုံးကလည်း တစ်ခါတစ်ရံဆိုသော အသိလေးတွေနှင့် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ သူရာမေရယျ ကံကြီးကို လစ်လျူရှုထားကြသည်။ ထိုညက မိသားစုအားလုံး ပျော်ရွှင်ခြင်းအိပ်မက်ရထားမှာ အတူးစီးနေကြသည့်အချိန် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် အိမ်ရှေ့မှာ ခုံကလေးနှင့်ထိုင်ပြီး ကြယ်ရောင်မစုံသည့် ကောင်းကင်တွေအကြောင်း မိုးလင်းသည့်အထိ စကားတွေပြောဖြစ်ကြသည်။

နောက်နေ့ကြတော့ သူငယ်ချင်းတွေနှင့်တွေ့သည်။ကဗျာတွေရွတ်ကြသည်။ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြသည်။ ငြင်းကြသည်။ ခုန်ကြသည်။ ဂစ်တာတွေတီး သီချင်းတွေဆိုကြသည်။အပျော်တမ်း ငါးမျှားကြသည်။ ဧရာဝတီမြစ်ထဲဆင်းကာ ရေကူးကြသည်။ ကျွန်တော်က အကုသိုလ်နှင့်အကျိုးမပေး၍ထင်သည်။ ထိုနေ့က ငါးတစ်ကောင်မှမမိ။ ယခုအချိန်ထိလည်း ငါးကြီးကြီးမမိ။ငါးအကြောင်းတွေးမိတော့ ဆရာမောင်ဆုရှင်ဘာသာပြန်သည့် ဟဲမင်းဝေးရဲ့ ပင်လယ်ပြာနှင့်တံငါအိုထဲက အဖိုးကြီးဆန်တီယာဂိုလို ငါးကြီးကြီးမိသော်လည်း နောက်ဆုံးမှာ ခေါင်းနှင့်အရိုးသာ ကျန်ခဲ့သည့်အဖြစ်က ကျွန်တော့အာရုံမှာ အမြဲလွှမ်းမိုးနေသည်။ သည်တော့လည်း ဘဝမှာ ငါးကြီးကြီး မမိလည်း အကြောင်းမဟုတ်။ ရသမျှ ငါးလေးတွေနှင့်ပဲ ကျေနပ်နှစ်သိမ့်ရင်း ဘဝခရီးတစ်လျှောက် ခြေကင်းလက်ကင်း သာပါစေဟု ဆုတောင်းနေမိသည်။ သို့သော် မသိစိတ်ထဲကတော့ ငါးကြီးကြီး တစ်ကောင်တော့ ဘဝမှာ တစ်ခါလောက် မိတန်ကောင်းရဲ့ဟု တွေးနေမိသလားတော့ မပြောတတ်ပါ။

သတ်မှတ်ရက်ကုန်လွန်တော့ ခင်ဝမ်းရဲ့ နှုတ်ဆက်ခဲ့ပါတယ် သီချင်းလိုပေါ့
'နှုတ်ဆက်ခဲ့ပါတယ်...ကျွန်တော် သွားတော့မယ်...လမ်းရဲ့သယ်ဆောင်ရာ....ဟို....အဝေးကို အဝေးကို...လွမ်းတတ်ရင်လည်း လမ်းမှာပဲ လွမ်းတော့မယ်...ကံကြုံရင် ပြန်ဆုံကြဦးမယ်...ကျွန်တော်သွားတော့မယ်"။

ဘူတာကို မိသားစုအားလုံးနှင့်သူငယ်ချင်းတချို့ လိုက်ပို့ကြသည်။ ထူးအိမ်သင်ရဲ့ သီချင်းထဲကလို' နှုတ်ဆက်မျက်ရည်လေးများ....အားလုံးမသိအောင်သိမ်းထား...."ဆိုသလို ကျွန်တော်လည်း ကျွန်တော့်မျက်ရည်ကို သိမ်းပြီး ဥခွံဟောင်းရှိရာဆီ အဆန်ရထားနှင့်ချီတက်လာခဲ့တော့သည်။ သည်လိုနှင့် တစ်နှစ်ပြီးတစ်နှစ် ဖြတ်သန်းရင်း ကိုဗစ်ကာလ၊နိုင်ငံရေးမတည်ငြိမ်သည့် ကာလတွေမှာ ဘူတာရင်ခွင်ထဲ မရောက်ခဲ့တာ သုံးနှစ်တိတိပြည့်ပြီး ယခုလေးနှစ်အတွင်းထဲသို့ ရောက်ခဲ့ပြီ။ ကျွန်တော့် ဘဝလည်း လေးနှစ်လုံးလုံး တစ်နှစ်ပြီးတစ်နှစ် စီးပွားရေးက ဖင်ထိုင်လျှောကျလာသည်။ သို့သော် ဘူတာရင်ခွင်ဆီသို့ မရောက်ရောက်အောင်ပြန်မည်ဟု ဆုံးဖြတ်ထားသည်။ ဟိုအလျင်လိုတော့ ငါးကင်တွေ၊နှုတ်မြိန်ဆေးတွေ၊ဂစ်တာတွေသီချင်းတွေနှင့်တော့ စီးမျောနစ်ဝင်နိုင်မည်မဟုတ်တော့။ သူငယ်ချင်းတွေလည်း ရေကြည်ရာ မြက်နုရာရှာရင်း တစ်ယောက်ကထိုင်း၊တစ်ယောက်ကဂျပန်၊တစ်ရောက်က မြို့ကြီးပြကြီး ကိုယ့်တာဝန်အသီးသီးတွေနှင့်ဆိုတော့ ဒီသီတင်း ကျွတ်မှာ သူတို့ရဲ့ ဘူတာရင်ခွင်ဆီ ပြန်ရောက်နိုင်မည်မဟုတ်တော့။ ကျွန်တော်လည်း ကျွန်တော့်ရဲ့ ဘူတာရင်ခွင်ဆီထွက်ခွာမည့် ဘဝရထားကြီးထဲမှာ သူငယ်ချင်းတွေကို လွမ်းနေမိယုံကလွဲ၍ ဘာမှတတ်နိုင်မည်မဟုတ်ပါ။

မြတ်သိမ်းခိုင်

Keep Reading

မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie ReviewElio (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်