SarPhat Author
ကျောင်းတွေတက် ပညာတွေရှာတဲ့အချိန်လွန်လို့၊မိသားစုမှာ မိဘလုပ်စာစားပြီးတော့နေခဲ့ရင်းမှ လုပ်ငန်းခွင်ထဲ စဝင်တော့မယ်၊ အလုပ်စလုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ်ပြောင်းလဲလိုက်ရမယ့် အချက်တွေအများကြီးရှိလာပါပြီ။ အဲ့လိုအချက်တွေထဲကမှ ပထမဆုံးနဲ့ အရေးအကြီးဆုံးပြောင်းလဲရမှာကတော့ ကိုယ့်ရဲ့ Mindset လို့ခေါ်တဲ့ "စိတ်" ပါ။
လုပ်ငန်းခွင်ထဲရောက်တဲ့အချိန်မှာ အိမ်မှာနေသလို၊ မိသားစုဆွေမျိုးသားချင်းတွေ၊ ရင်းနှီးတဲ့သူတွေနဲ့ နေသလို ကိုယ့်စိတ်ရှိသလို နေထိုင်ပြောဆို၊ သွားလာစားသောက်၊ လှုပ်ရှားနေထိုင်လို့မရတော့ပါဘူး။
လုပ်ငန်းခွင်ထဲကိုရောက်တဲ့အချိန်မှာ Organozation တော်တော်များများက တစ်နေ့ကို အလုပ်ချိန် (၈)နာရီလုပ်ရပါတယ်။ ဥပမာ မနက် (၉)နာရီ ကနေ ညနေ (၅)နာရီပေါ့။ မနက် (၉)နာရီ ရုံးအမှီရောက်ဖို့အတွက် မနက်ဆို (၇)နာရီလောက်ထပြင်ဆင်ရပါတယ်။ အလုပ်နဲ့ ကိုယ်နေတဲ့နေရာဝေးတဲ့သူဆိုရင် လမ်းမှာအချိန်ပိုကြာကြာပေးရဖို့ အိပ်ရာစောစောထ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး သွားရပါတယ်။ အိမ်ပြန်ရောက်တော့လဲ မိုးချုပ်ခါနီးမို့ ပြန်ရောက် ညစာစားသောက်ပြီး တနေကုန် ပင်ပန်းတာနဲ့ အနားယူကြပါတယ်။
လုပ်ငန်းခွင်ထဲရောက်သူများဟာ မိသားစုနဲ့နေရတဲ့အချိန်တအားနည်းပါးပါတယ်။ ကိုယ့်မြို့ကိုယ်ရွာမဟုတ်တဲ့နေရာမှာ အလုပ်လုပ်ရတဲ့သူတွေဆိုရင် ကိုယ့်အလုပ်အားလပ်ရက်မှသာ မိသားစုနဲ့တွေ့ရပါတယ်။ ဒါကြောင့် မိမိတို့တနေ့တာအချိန်အများဆုံးကုန်ဆုံးရတဲ့ လုပ်ငန်းခွင်မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေ နဲ့သာ ပိုအချိန်ပေးတွေ့ဖြစ်နေကြသလိုဖြစ်ကြရပါတယ်။ အဲလိုမျိုးအခြေအနေတစ်ခုမှာ အရေးကြီးတာက လုပ်ငန်းခွင်ထဲမှာ ကိုယ်နဲ့အတူအလုပ်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ နဲ့ အဆင်ပြေစွာ သဟဇာတဖြစ်စွာ ပေါင်းသင်းနေထိုင်ဖို့လိုပါတယ်။
လူတွေဖြစ်တဲ့အတွက် စိတ်အမျိုးမျိုး၊ Attitude အမျိုးမျိုးရှိနေတတ်ပါတယ်။ ကိုယ်နဲ့တစ်မအေတည်းမွေးတဲ့ တစ်ဗိုက်တည်းကထွက်လာတဲ့ မောင်နှမအချင်းချင်းတောင် တခါတလေ စိတ်သဘောထားမတိုက်ဆိုင်တာတွေရှိတတ်တာမို့ လုပ်ငန်းခွင်မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်သူစိမ်းတွေနဲ့ဆို အဆင်မပြေတာ၊ အမြင်မတူတာမျိုး ပိုတောင်ရှိနိုင်ပါတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံးကိုယ့်ဘက်ကသည်းခံပြီး ပေါင်းသင်းဆက်ဆံရေးကောင်းအောင် နေပေးလိုက်ပါ။ သူမကောင်းလဲ ကိုယ်ကောင်းပေးလိုက်ပါ။ သူလုပ်သလို ကိုယ်လိုက်မလုပ်ပါနဲ့။ ကိုယ့်ဘက်ကမှန်အောင်နေပါ။ ကိုယ်လုပ်သင့်လုပ်ထိုက်တာကိုလုပ်ပါ။ ကိုယ့်ကိုတိုက်ခိုက်လာရင်လဲ ပြန်မတိုက်ခိုက်ပါနဲ့။ မေတ္တာပဲထားပါ။ အချိန်တန်ရင် ကိုယ့်မေတ္တာကြောင့်ပဲ အဆင်ပြန်ပြေသွားပါလိမ့်မယ်။
လုပ်ဖော်ကိုင်ဖက်တွေနဲ့အဆင်ပြေမှသာ နေ့စဥ်အချိန်များများပေးပြီး ကုန်ဆုံးနေရတဲ့လုပ်ငန်းခွင်မှာ နေပျော်မှာဖြစ်ပါတယ်။ မနေပျော်တဲ့ အဆင်မပြေတဲ့ လုပ်ငန်းခွင်ဆိုရင် ကြာလာတဲ့အခါမှာကိုယ့်အတွက် Toxic ဖြစ်လာနိုင်စေပါတယ်။ အဲဒါကြောင့် မိမိတို့အနေနဲ့ လုပ်ငန်းခွင်ထဲကို စဝင်မယ်လို့စဥ်းစားဆုံးဖြတ်လိုက်တဲ့အချိန်မှာ ပထမဆုံးစပြီးပြင်ဆင်ရမှာက မိမိရဲ့ Mindsetလို့ခေါ်တဲ့ "စိတ်" ပဲဖြစ်ပါတယ်။
လုပ်ငန်းခွင်မှာပျော်ရွှင်ပြီး အောင်မြင်တိုးတက်တဲ့သူတွေဖြစ်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။
#TheNoteBySD
Keep Reading