Author's Profile Photo

ထင်လင်း

15/10/2024

"အဝေရာ" -အခန်း(၁)

8 mins read
Novel
"အဝေရာ"   -အခန်း(၁)'s photo

“ဝတ်စားဆင်ပြင်ပုံကြည့်လျှင်
အလွန်သန့်ပြန့်သည်။
ပစ္စည်းကောင်း ကြိုက်တတ်သည်။
အညံ့စားပစ္စည်းများဆိုလျှင်
သေသေသပ်သပ်မရှိလျှင်
အလကားပေးလို့ပင်
မလိုချင်သည့် လူစား။”

ကားသစ်ကလေး၏စက်သံမှာ ညက်ညောလှပေသည်။ ခရီးမထွက်မီ တစ်ရက်ကမှ ကားကလေးကို မက္ကင်းနစ်နှင့် စိတ်တိုင်းကျ ပြုပြင်၍ ရေဆေး၊ဆီထိုးလုပ်ခဲ့သဖြင့်၊ ယခုကဲ့သို့ ခရီးရှည် ထွက်လာသောအခါ ဦးအေးခက်မှာ စိတ်ချမ်းသာရပေသည်။ သူက တစ်ယောက်တည်း ခရီးသွားရခြင်းကို နှစ်ခြိုက်သည်။ သူ့ဇနီးမြင့်မြင့်တင်ရှိစဉ်ကဆိုလျှင် ယခုလို တစ်ယောက်တည်း ခရီးထွက်သည်ကို ဘယ်တော့မှ စိတ်မချခဲ့။ “လမ်းမှာများ ကားတစ်ခုခုဖြစ်ရင် ကိုကိုရယ်။ အဖော်လေး ဘာလေးတော့ ခေါ်သွားပါလား။”ဟု ဆိုလေ့ရှိသည်။ သူကတော့ ခရီးမထွက်ခင်ကားကိုစစ်ဆေးပြီး၊ သေချာအောင်, စိတ်တိုင်းကျအောင်ပြုပြင်ပြီး အပြစ်အနာချွတ်ယွင်းချက် မရှိမှ, တိုင်မင်ကို စိတ်တိုင်းကျမှ ထွက်သည်။ ပြီးတော့လည်းသူသည် ဘယ်လောက်လမ်းကောင်းကောင်း အရှိန်မြန်မြန် မောင်းလေ့မရှိ။ တစ်လမ်းလုံးမှ သူတစ်ယောက်တည်း ရှိပါစေ။ ၁နာရီ ၃ဝ-၃၅ မိုင်က ဘယ်တော့မှပိုမမောင်း။ သွားရမည့်ခရီးနှင့် နားရမည့်နေရာ, ရောက်ရမည့်အချိန် စသည်တို့ကိုလည်ကြိုတင်တွက်ချက်ပြီး၊ သည်အစီအစဉ်အတိုင်းလည်း ရောက်အောင် သွားသည်။

အချိန်လွဲလှလျှင် ရန်ကုန်-မန္တလေး ခရီးမျိုးမှာ ၁ နာရီခန့်သာ။ဦးအေးခက်သည် အသက် ၄၀ ကျော်ခဲ့ပြီ ဖြစ်သော်လည်း၊ အရွယ်တင်သူ,ကျန်းမာရွှင်လန်းသူဖြစ်၍ သူ့အသက်ထက် ငယ်ပုံရသည်။ ဝတ်စားဆင်ပြင်ပုံကို ကြည့်လျှင် အလွန်သန့်ပြန့်သည်။ ပစ္စည်းအကောင်း ကြိုက်တတ်သည်။ အညံ့စားပစ္စည်းများဆိုလျှင် သေသေသပ်သပ် မရှိလျှင် အလကားပေးလို့ပင် မလိုချင်သည့်လူစား။သူ့ကားပေါ်တွင်ပါလာသည့် အနည်းငယ်မျှသော သူ့ပစ္စည်းပစ္စယကလေးများကို ကြည့်ပါဦး။ တနင်္ဂနွေတစ်ပတ်စာ အဝတ်အစားထည့်ယူလာသည့်သားရေသေတ္တာအနက်ကလေး၊ သွားတိုက်ဆေး၊သွားပွတ်တံ၊မုတ်ဆိတ်ရိတ်ဓား စသည့်ပစ္စည်းများထည့်သည့် ဇစ်ကြိုးတပ် ပလပ်စတစ်အိတ်ငယ်၊ စာရွက်စာတမ်းများတည့်သည့် ဆမ်ဆိုနိုက်လက်ဆွဲအိတ်အရွယ် သေတ္တာငယ်နှင့် နိုင်လွန်အနက် မိုးကာအင်္ကျီတို့ကိုကြည့်လျှင် ဦးအေးခက် မည်မျှ အကောင်းကြိုက်သည်ကို သိနိုင်သည်။
တတ်လည်း တတ်နိုင်သူမို့ပေတကား။ယခု သူလာခဲ့သည့်ကိစ္စက ပဲခူးမှာရှိသည်။

ပဲခူးက အလုပ်ကိစ္စပြီးလျှင် ရန်ကုန်သို့ ၁ရက်-၂ရက် ဆင်းပြီး ရန်ကုန်မှာကျောင်းနေသော သူ့သမီး မြင့်အေးခက်ကိုသွားတွေ့ရမည်။ အချိန်ပိုရလျှင်၊ ၁ နှစ်မှ ၁ ခါ တွေ့ရသောသမီးကလေးကို ဈေးသို့ခေါ်သွားပြီး သူလိုချင်တာတွေ ဝယ်ပေးရမည်။ ရုပ်ရှင်ပြရမည်။ ဒါပြီးလျှင် သူ့အလုပ်ပြီးပြီ။ ပြန်ဖို့ပဲ။သမီးနှင့် တွေ့ဖို့ကိစ္စတောင် ဦးအေးခက်က အလုပ်သဘော အချိန်စာရင်းထဲထည့်ထားတော့ တစ်ခါတစ်ခါ သမီးက “၁ရက်-၂ရက်နေပါဦးလား ဒယ်ဒီ။”ဟုတားသည်ကိုပင် မနေနိုင်၊ "ဒယ်ဒီ မအားဘူးသမီးရယ်။”ဟုသာ အကြောင်းပြလေ့ ရှိသဖြင့် သမီးက သူ့ဒယ်ဒီရှေ့မှာပင် သူ့သူငယ်ချင်းများအား “တို့ဒယ်ဒီက သမီးကိုလမ်းမှာတွေ့ရင် မမှတ်မိမှာစိုးလို့ ၁ နှစ် ၁ခေါက် လာလာကြည့်တာလေ။”ဟု ပြောပြီး လှောင်သလိုရယ်တတ်သည်။ဟုတ်တော့လည်း ဟုတ်ပါ၏။ ဦးအေးခက်မှာ အလုပ်များလှပါသည်။ အိပ်ချိန်,စားချိန်မှာပင် သူ့အနားမှာ အလုပ်က စောင့်စောင့်နေတတ်သည်။ လခစားအလုပ် မဟုတ်၍ သူ့အလုပ်က သန်းခေါင်မှာစိတ်ကူးရ၊ သန်းခေါင်မှာပဲ ထ၍လုပ်ရသည်။သူသည် စီးပွားရေးသမားဖြစ်၍ စီးပွားရေးအမြင်လည်း ရှိသည်။ယခု ကိုယ်ပိုင်စီးပွားရေးသမားများ အလုပ်အကိုင်ပါးလျက်ရှိသော်လည်း ဦးအေးခက်မှာတော့ အလုပ်များလျက်သာရှိသည်။“စီးပွားရေးသမားသည် အလုပ်လုပ်နေမှ အခြေခိုင်သည်”ဟု သူယုံကြည်သည်။ “ဘာမှ လုပ်လို့မဖြစ်ဘူး။

ထိုင်မှိုင်နေကြသူများမှာ “စီးပွားရေးအမြင် မကျယ်ကြ၍”ဟု ဦးအေးခက်က ဆိုကောင်းဆိုလိမ့်မည်။ သူသည် ဘယ်တော့မှအလကားထိုင်မနေသောလူ ဖြစ်သည်။ပဲခူးမှ အလုပ်ပြီးလျှင် ရန်ကုန်ဆင်းဖို့ ကိစ္စထဲတွင် စာရင်းမပါသော်လည်း စိတ်ကူးလာခဲ့သော ကိစ္စတစ်ခုတော့ရှိသည်။ ဒါကတော့ အသေအချာကြီး မဟုတ်၊ သို့သော်တစ်လမ်းလုံးမှာတော့ သူ့အတွေးထဲမှာ ဒါက တရစ်ဝဲဝဲ ပါနေသည်။ လှိုင်နှင့် တွေ့ဖို့ကိစ္စ၊လှိုင့်အကြောင်း။ သူ တစ်လမ်းလုံးစဉ်းစားလာခဲ့သည်။“လှိုင်”ဆိုသည်မှာ သူကျောင်းသားဘဝကချစ်ခဲ့ရသည့် မိန်းကလေး။ သူ ကျောင်းကထွက်ပြီး စီးပွားရေးနယ်ဘက်ကိုမရောက်ရောက်အောင် တွန်းပို့ခဲ့သည့် မိန်းကလေး။ သူ ချစ်လျက်နှင့် လက်မထပ်ခဲ့ရသည့် မိန်းကလေး။ကျောင်းနေစဉ်ကတော့ ကိုအေးခက်က စီးပွားရေးတောင့်တင်းသူ မဟုတ်။ လှိုင်တို့အဖေက တန်ခိုးအာဏာအပြည့်နှင့် လခကြီးစား အစိုးရအရာရှိကြီး။ လှိုင်တို့မှာ အမေ မရှိ။လှိုင်တို့အဖေက ရာထူးရာခံကြီးသော၊ဂုဏ်ရှိသော၊ အပေါင်းအသင်းများသော၊အရက်ကောင်းကြိုက်သော၊မယားငယ်တွေ အများကြီးယူသော “သော ၁၆ဝ ပုဂ္ဂိုလ်ကြီး”ဖြစ်၍၊ လှိုင်တို့မှာငယ်စဉ်ကတည်းက မိထွေးအမျိုးမျိုး၏လက်ထဲတွင် ကြီးပြင်းလာခဲ့ကြရသည်။ “အရာရှိကြီးသမီး”ဆိုသည်မှာ နာမည်သာရှိသည်။

မိဘအယုအယ ခံခဲ့ရသူများ မဟုတ်ခဲ့ကြ။အပျိုအရွယ်ကလေးတွေဖြစ်လာတော့ “အဖေကိုအားကိုးလို့မရကြောင်း” သိမြင်လာကြသည်။ သူတို့ဖာသာ အားကိုးစရာ ရှာကြသည်။ သည်တုန်းက လှိုင်နှင့်ကိုအေးခက်ဆက်မိသည်။ လှိုင်တို့၏ တတိယမြောက် မိထွေးက ကိုအေးခက်တို့နှင့် သားချင်းမကင်းထဲကဖြစ်၍ လှိုင်တို့အိမ်မှာ ကိုအေးခက်ဝင်ထွက်နိုင်ခဲ့သည်။လက်ပွန်းတတီး ရှိလာသောအခါ ချစ်စရာကောင်းသောလှိုင်နှင့် ငယ်ရွယ်သူ ကိုအေးခက်တို့ တစ်ရက်မမြင်ရ တစ်လ ထင်လာကြသည်။ ပြီးတော့ အမိအုပ်ထိန်းခြင်းနှင့်ကင်းခဲ့ရသောလှိုင်က ကိုအေးခက်ကို သူ့အိပ်ခန်းထဲ၌ လက်ခံသည်အထိ နယ်ကျွံခဲ့ကြသည်။သည်အကြောင်းတွေကို တွေးမိတော့ ဦးအေးခက်ကား မောင်းရင်းက ပင့်သက်ရှိုက်မိသေးသည်။ ရင်ဖိုမိသေးသည်။ နောက်ဖုံးမနိုင်ဖိမရဖြစ်တော့ လှိုင်တို့ဒယ်ဒီက ဒေါသူပုန်ထကာ ကိုအေးခက်၏ထွက်,ဝင်ခွင့်ကို ပိတ်ပစ်သည်။ သမီး၏အရှက်ကို ငွေနှင့် မျက်နှာနှင့် ဖုံးဝှက်ပစ်လိုက်သည်။ လှိုင်တို့မိထွေးကတစ်ဆင့် ကိုအေးခက်ကိုတော့ “ငွေပါလျှင်လာခဲ့။”ဟုသဘောသက်ရောက်သောစကားများ ပစ်လိုက်သည်။

“ငွေမက်သည့်လူကြီး။ သမီးကို ငွေနှင့်မှ ရောင်းစားမည့်လူကြီး။ တစ်နေ့ သည်လူကြီးကို ငါ ငွေနှင့်လာပြီးဖိသတ်ပစ်မယ်။”ဟု ကိုအေးခက် ကြုံးဝါးပြီး ထွက်ခဲ့သည်။ယခု သူ ဟိုတုန်းက ကြုံးဝါးခဲ့သလို လှိုင့်အဖေကို“ငွေနှင့်ဖိ၍ သတ်ချင် သတ်နိုင်ပြီ။”ဟု သူသိသည်။ သူ့မှာ စီးပွားရေးဘက်က ခိုင်ခံ့တောင့်တင်းလာသလောက်၊ လှိုင်တို့အဖေမှာ ရာထူးဂုဏ်လည်း မရှိတော့။ “ငွေကြေးဥစ္စာ”ဆိုသည်မှာလည်း များလှစွာသော မယားငယ်တို့၏နောက်သို့ ပါလေပြီ။နောက်ဆုံး အလုပ်ထွက်ရချိန်မှာ လက်ရှိဖြစ်သော၊ အသုံးအဖြုန်းကြီးသော၊ငယ်ရွယ်သေးသော နောက်ဆုံးမယားကလေးနှင့်ဘာမျှမလုပ်တတ်မကိုင်တတ်။ လူပေါ်လူညွန့် ခူးစားသည့်ခေတ်ကလည်း ကုန်ပြီ။ သို့တိုင် လှိုင်ကိုတော့ လက်မလွှတ်သေးဘဲ၊ကျဖမ်း အလုပ်ကလေးများမှာ တည်ကြက်အဖြစ်သုံးလျက်အသက်ဆက်နေရသည်။ကိုအေးခက်က ဒီသတင်းတွေ ကြားရတော့ လှိုင့်ကိုတော့ သနားမိသည်။ သို့သော် အခြေအနေကမပေးတော့။

လှိုင့်ကို သူ သနားချင်တိုင်း သနားလို့ မရတော့။ တတ်နိုင်လျှင် ငွေကြေးအနည်းငယ် ထောက်ပံ့ခဲ့ရုံမှအပ သူ ဘာမျှ လောကွတ်မချော်နိုင်။“လှိုင်ကတော့ ချောတုန်းလှတုန်းပဲ။” ဆိုသည်ကိုတော့ စိတ်ဝင်စားမိပြန်သည်။ရှေးဖြစ်ဟောင်းကို အောက်မေ့မိပြန်သည်။လှိုင့်ဒယ်ဒီကို သူ တစ်နည်းအားဖြင့်တော့ ကျေးဇူးတင်ပါသည်။ လှိုင့်ဒယ်ဒီ ငွေမက်သောကြောင့် သူ မခံချင်ဖြစ်ပြီးစီးပွားရေးသမား ဖြစ်လာရသည်။ ကံလိုက်သဖြင့်၊ အချိန်အခါကောင်းမှီရုံ မှီလိုက်သဖြင့် ကြီးပွားထွန်းထားခွင့် ရခဲ့သည်။စီးပွားရေးမှာ တကယ် အာရုံစိုက်မိတော့ လှိုင်ကို ယခင်ကလောက် သတိမရတော့။ စီးပွားရေးနယ်ပယ်ကလည်း တကယ်လိုက်လေ တကယ်ကျယ်ဝန်းလေ။မိန်းမတစ်ယောက် ရဖို့အရေးသည် ကိုအေးခက်ကျင်လည်ခဲ့သော စီးပွားရေးလောကတွင် သမုဒ္ဒရာအလယ်က လှေငယ်ပမာ အသေးအဖွဲသာဖြစ်သည်။ဤသို့ စီးပွားရေးမျက်စိ ရှိလာတော့ လှိုင့်ဒယ်ဒီကိုပင် ခွင့်လွှတ်ချင်သလိုလို ဖြစ်လာသည်။ သူ ထွန်းကားလာတော့သူ့မှာ အိမ်ထောင်ရေးပြဿနာတွင် “အသည်းနှလုံး”ဆိုတာကိုဦးစား မပေးနိုင်တော့၊ မပေးချင်တော့။

လှိုင့်ဒယ်ဒီလို ပင်စင်ကလေး မဖြစ်စလောက်နှင့် စီးပွားရေးတွင် ကောက်သင်းကောက်စားနေရသောလူမျိုးကို ယောက္ခမ မတော်ချင်တော့။ လှိုင့်ကိုတော့ငယ်ချစ်မို့ “စိတ်က မကုန်သေးဘူး။” ထားပါတော့။အလုပ်နှင့်၊ ငွေနှင့်၊ ဂုဏ်နှင့် ရင့်ကျက်လာတော့ ငယ်ငယ်ကလို အချစ်ရူးလည်း မဟုတ်တော့။ သူဌေးသမီး မြင့်မြင့်တင်နှင့် ရတော့လည်း ချစ်ရသည်သာ၊ ပျော်ရသည်သာ၊သူတို့ ၂ယောက် ငွေထုပ်ချင်းတူ လူရွယ်ချင်းမျှ အလှချင်းနတ်ဖက် သည်သို့ ပျော်မဆုံးမော်မဆုံးအချိန်များက “လှိုင်ဆိုတာ ငါငယ်ငယ်ကကြိုက်ခဲ့တဲ့ ကောင်မလေး။ ပျံတန်တန် နန့်တန့်တန့်နှင့်။”ဟုပင် ထင်မိပေမည်။နောက် မြင့်မြင့်တင်က သမီးကလေးတစ်ယောက်မွေးလိုက်တော့ ကိုအေးခက်မှာ စီးပွားရေးရော အိမ်ထောင်ရေးပါအခြေခိုင်သွားသည်။ အတိတ်ကို အတိတ်မှာထားခဲ့လို့ ရပြီ။သူဌေးကလေး ဦးအေးခက်။နောက် သမီးကလေး ၇ နှစ်အရွယ်လောက်ရှိမှ မြင့်မြင့်တင်မှာ သားအိမ်တွင် ကင်ဆာဖြစ်သည်။ ကျွမ်းကျင်သည့်ဆရာဝန်ကြီးများနှင့် ခွဲစိတ်ကုသပါသော်လည်း သူ့ဘဝကံက ဤမျှသာပါဟန် တူသည်။ ငယ်ရွယ်တုန်း၊ လှပတုန်း၊ ပျော်ရွှင်တုန်းမှာပင် သူ့ကံကြမ္မာက ဆိုက်ရောက်လာသည်။အသက် ၃ဝ ကျော်ကလေးမှာ မုဆိုးဖို ဖြစ်လာရသော ကိုအေးခက်မှာ နောက်ထပ် အိုးအိမ်ထူထောင်ဖို့ ခက်ပြန်သည်။

သူ့မှာ ထောက်ထားစရာ၊ငဲ့ညှာစရာ သမီးကလေးသာမက၊စီးပွားရေးလုပ်ငန်းများကလည်း မအားမလပ်နိုင်လောက်အောင်ပင် များပြားခဲ့၍ ဤအရေး မစဉ်းစားနိုင်ခဲ့။ ပြီးတော့ တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေသေးသော မြင့်မြင့်တင်ဘက်ကဆွေမျိုးများအားက မြင့်မြင့်တင်၏နေရာတွင် အစားထိုးကြရန်ဟန်တပြင်ပြင်နှင့် ရှိသည်။ ကိုအေးခက်က လက်မခံချင်။သူ့သမီး ကလေးကို အကြောင်းပြပြီး သူက ငြင်းပယ်ခဲ့ရသည်။နောက်ထပ် အိုးအိမ်ထူထောင်ဖို့ဆိုတာ စိတ်မကူးတော့သလိုပြောထားမိသည်။မြင့်မြင့်တင်ကို သတိရစွာနှင့်ပင် ဘုရားတည် ကျောင်းဆောက် အလှူအတန်းကလေးများကလည်း အဆက်မပြတ် လုပ်နေလေတော့ သူ့မှာ ငယ်ငယ်ရွယ်ရွယ်နှင့် ဘုရားဒကာ၊ကျောင်းဒကာ သိက္ခာသမာဓိနှင့် ဖြစ်နေပြန်သည်။ ဒီလို ဖြစ်နေပြန်တော့ သူ့စီးပွားရေးလုပ်ငန်းများမှာ တစ်မျိုးတစ်ဖုံထောက်ပံ့လာပြန်သောကြောင့် အထိုက်အလျောက် ဣန္ဒြေနှင့်နေခဲ့ရသော ကိုအေးခက်မှာ တစ်ခါတစ်ခါတော့ ရင်ခုန်စရာကလေးများကို တောင့်တမိတတ်သည်။ အရွယ်ကလည်း တကယ်တော့ ကြီးလှပြီ မဟုတ်သေး။သည်လိုအခါမျိုးမှာ သူ လှိုင့်ကို သတိရမြဲဖြစ်သည်။

လှိုင်နှင့် တိတ်တခိုးချစ်ခဲ့ရသည့် အတွေ့အကြုံများက သူ့ကိုရင်ဖိုစေခဲ့သည် မဟုတ်လား။ လှိုင့်ပါးပေါ်က မျက်ရည်စကလေးများ၊ လူမကြားအောင် သိုသိုသိပ်သိပ် ထုတ်လိုက်ရသော လှိုင်တခိခိရယ်သံကလေးများ၊ ခုန်ပျံပြေးလွှားကစားတတ်သော လှိုင်၏ကလေးဆန်ဆန် အမူအရာကလေးများသည် မြင့်မြင့်တင်မရှိတော့မှ ကိုအေးခက်၏အာရုံထဲတွင် ပြန်လည်ထင်ဟပ်လာကြသည်။ သည်အာရုံများနှင့် သူနေလာခဲ့သည်မှာ ၁၀နှစ်။သမီးကလေးပင်လျှင် ကောလိပ်ရောက်ပြီ။သူ ပဲခူးကကိစ္စပြီးလျှင် ရန်ကုန်ဆင်းမည်။ သမီးနှင့်တွေ့ပြီးလျှင် လှိုင်တို့ကို မတွေ့တွေ့အောင်ရှာမည်။ အခွင့်သာလျှင်လှိုင်နှင့် တိတ်တဆိတ်ပြန်ဆက်မည်။ အခြေအနေအအရ လှိုင့်ကိုလူသိနတ်ကြားတော့ဖြင့် မသိမ်းပိုက်နိုင်။သူ ဒါကို တွေးမိတော့ ရှက်သလိုလို ဖြစ်မိသေးသည်။သို့သော် မတတ်နိုင်။ မေမြို့၊မန္တလေး၊မိုးကုတ်၊မုံရွာ၊ကသာ၊ဗန်းမော်လို နေရာမျိုးမှာတော့ သူ ဘုရားဒကာ၊ကျောင်းဒကာ၊ ရန်ကုန်လို ပျံကျတွေနေသည့် နေရာမျိုးမှာတော့ သူ့လှုပ်ရှားမှုများ ဒါလောက် မထင်ရှားနိုင်။

ပဲခူးမှာ အလုပ်ကိစ္စနှင့်ပတ်သက်သူတွေ၊အဒေါ်တွေ၊အစ်မတွေက ထမင်းကျွေးသူကျွေး၊ လက်ဖက်ရည်တိုက်သူတိုက်နှင့်။ ထိုနေ့က ညနေ နေဝင်မှ ထွက်ခဲ့ရသည်။ သူကလည်း “သည်အချိန်မှာမှ ကားမောင်းလို့ ကောင်းသည်။”ဆိုကာ ထွက်လာခဲ့သည်။ တကယ်တော့ သူ ရန်ကုန်ကို မိုးမချုပ်ခင်ရောက်ချင်သည်။ ထုံးစံအတိုင်း “ရန်ကုန်ရောက်လျှင် ဘာလုပ်မည်။”ဆိုသည့် အစီအစဉ်ကို ကားပေါ်မှာပင် ရေးဆွဲလာခဲ့၏။၇နာရီ- ၇နာရီခွဲ လောက် ရန်ကုန်ဝင်။ နန်ဆင်းမှာ ထမင်းစား။၇မိုင်က မိတ်ဆွေတစ်ယောက်အိမ် ဝင်။ ရေမိုးချိုး အဝတ်အစားလဲ။ တွေ့ချင်သူများကို ဖုန်းဆက်။ မနက် ထမင်းမစားမီ မြို့ထဲသွား။ တချို့ကို ရုံးမသွားခင် အမီတွေ့။ရန်ကုန် ၇မိုင်ကမိတ်ဆွေမှာ သူ အားမနာရသော သူ့မိတ်ဆွေ ဆရာဝန်လူပျိုကြီး။

သူ့အိမ် တည်းခိုရသည်မှာကျယ်ကျယ်လွင့်လွင့်ရှိသည်။ ခိုင်းစရာလူ ပေါသည်။ သူ့မော်တော်ကားကအစ တိုက်ပွတ်ပေးမည့်သူ ရှိသည်။ ဆရာဝန်တပည့် “မြမောင်”ဆိုသည့်ကောင်ကလေးက “ကား”ဆိုလျှင် အလွန်ဝါသနာပါသည်။ ပြောင်လက်နေအောင် တိုက်ချွတ်ပေးတတ်သည်။ ကောင်ကလေးကို သူက ၁၀-၂၀ မုန့်ဖိုး ပေးနေကျ။ဆောင်းနေက အကျမြန်သည်။ အင်းတကော်အလွန်လောက်တွင် သူ့ကားထိပ်မီးများကို ထွန်းလိုက်ရသည်။ လမ်းရှင်းသည်။ သူ ကားမောင်းရင်း စိတ်ကူးနှင့် အစီအစဉ်လုပ်လာ၍ သူ့ကားရှေ့က လူတစ်ယောက် ဆီးတားနေသည်ကို အနီးရောက်မှ မြင်ရသည်။ သည်အချိန်မှာတော့ လူဆိုး၊လူကောင်း ခွဲခြားဖို့ ခက်သည်။ သူ “ရှောင်မောင်းပြေးတော့မည်။” စိတ်ကူးပြီးမှ၊လမ်းဘေးတစ်နေရာတွင် ဆလွန်းကားကလေးတစ်စီးနှင့် မိန်းမပျိုတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရ၍ စက်မပိတ်ဘဲကားကို ရပ်ပေးလိုက်သည်။ သတိတော့ ထားရ၏။“ကားဘီး ကွဲသွားလို့ဗျာ။ ကျွန်တော့်မှာ ဘာမှလည်းမပါလာဘူး။ မိုးကလည်း ချုပ်နေလို့။ မိန်းကလေးကလည်းပါလာလို့။”
“ကျွန်တော် ဘာလုပ်ပေးရမှာလဲ။” “တာယာဆိုက်ချင်း တူရင်တော့ စပယ်ယာဘီး ခဏလိုချင်ပါတယ်။ လှည်းကူးလောက်ထိဖြစ်ဖြစ်ပေါ့။ မရရင်လည်းကျွန်တော့်နှမကို လှည်းကူးထိ ခေါ်သွားပေးပါလား။”

“ကားဘီးကတော့ အရွယ်ချင်းလည်း မတူပါဘူးလေ။ကျွန်တော် ရန်ကုန်အထိ သွားမှာပါပဲ။ လူလိုက်ချင်တော့ လိုက်ခဲ့ပါ။”“ကျေးဇူးပဲဗျာ။ ဒါဖြင့် လှည်းကူးမှာ ခဏရပ်ပေးပြီး ကျွန်တော့်အတွက် ကားနှင့် စပယ်ယာဘီး လွှတ်ပေးမယ့်လူရှိပါတယ်။ ခိုင်ရေ လာ-လာ။ ဟောဒီက အစ်ကိုကြီးနှင့် ခိုင် လိုက်သွား။ လှည်းကူးရောက်တော့ ကိုသာလှကို ပြန်လွှတ်ပေး။”ကိုအေးခက် ကားကို ဂီယာသွင်းပြီးထွက်ခဲ့တော့ သူ့ဘေးက “ခင်မြခိုင်”ဆိုသူ အမျိုးသမီး ပါလာသည်။ အနည်းငယ် မှောင်နေ၍ သူက စီးကရက်ဘူးရှာသလိုနှင့် ကားအမိုးက မီးကို ဖွင့်ပြီး မသိမသာအကဲခတ်သည်။ အသက် ၃ဝ ခန့်ရှိမည်။ရုပ်ရည်ချောမောလှပသည်။ ဝတ်စားဆင်ပြင်ပုံ ပိရိသေသပ်သည်။ “လူကို ဒုက္ခပေးတတ်သည့် ရုပ်လက္ခဏာမျိုးတော့မဟုတ်။”ဟု ကိုအေးခက် ထင်သည်။“စီးကရက်သောက်တတ်ရင် သောက်ပါ။” “ဟုတ်ကဲ့။ ကျေးဇူးပါပဲ။" အမျိုးသမီးက ဦးအေးခက် လှမ်းပေးသော စီးကရက်ဘူးနှင့် မီးခြစ်ကိုယူကာ စီးကရက်တစ်လိပ်ထုတ်၍ မီးညှိသည်။ ဦးအေးခက်က ကားမောင်းရင်းမှ အမှတ်မထင်ကြည့်၍“စီးကရက်သောက်နေကျ အမျိုးသမီးပဲ။”ဟု စိတ်ထဲက မှတ်ချက်ချမိပြန်၏။အတော်ကလေးမောင်းမိတော့ အမျိုးသမီးက သူ့ဟာသူပြောသလိုလိုနှင့်၊ “ကိုကိုကြီးတို့လုပ်လိုက်ရင် ဒီလိုချည်းပဲ။”ဟု စကား စပြောသည်။ဦးအေးခက်က သူ့ဘက် တစ်ချက်လှည့်ကြည့်ပြီး စိတ်ဝင်စားဟန်ပြလိုက်တော့ သူ ဆက်ပြောသည်။

“အလကားသက်သက် သူ့အမျိုးသမီးကို ပဲခူးခေါ်ချင်တာ ခိုင်ပါမှ လိုက်မယ်။”ဆိုလို့ ခိုင်က အဆစ်ပါရတာလေ။
ပဲခူးရောက်တော့ ခိုင့်ကို မိတ်ဆွေတစ်ယောက်အိမ်မှာ ထားခဲ့ပြီး၊ဘယ်လျှောက်သွားကြတယ်မသိဘူး။ မိုးချုပ်မှ ခိုင့်ကို လာခေါ်တယ်။ သူ့ဟာမကတော့ ပြန်တောင်လိုက်မလာတော့ဘူး။””အို” ဘာဖြစ်လို့လဲ။” ”ဘာဖြစ်ရမလဲရှင်။ မျက်နှာပူတယ်ပေါ့။ သူတို့ဟာနှင့်သူတို့ အကွက်ထွင်ပြီး ထွက်လာကြတာပဲ။ ခိုင်က အစ်ကိုအတွက် ခုတုံး လုပ်ပေးရတာပေါ့။ ပဲခူးမှာ သူတို့ ရုံးတက်လက်ထပ်ကြသတဲ့။ ဟိုမှာ သူ့တပည့်က အိမ်တွေဘာတွေငှားပြီးသား။ ခိုင်. ဒါတွေ စောစောကသိရင် ရထားနှင့်တစ်ယောက်တည်းပြန်တယ်။ ခု မိုးချုပ်မှတဲ့ရှင်။ ပြီးတော့ သူ့ဟာသူ ခိုင့်ကို အားနာပြီး ပြန်ပို့မယ် ဖြစ်လာတာ။ ခုဆိုသူ့ကား ကောင်းသွားရင် ပဲခူးပြန်မှာ သေချာတယ်။”ဦးအေးခက်က သူပြောပြနေသည်ကို သေချာစွာအကဲခတ် နားထောင်လာသည်။ ခင်မြခိုင်၏အစ်ကို “ကိုလှခိုင်” ဆိုသူအတွက်လည်း စိတ်ထဲက မသိမသာဆုမွန်ကောင်းများတောင်းလိုက်မိ၏။ “ခင်မြခိုင်ပြောနေတာဟာ သူ့အစ်ကိုကို
တကယ် မကျေမချမ်းဖြစ်လို့ ပြောနေတာမှ ဟုတ်ရဲ့လား။”ဟူသော သတိကလည်း ထားရလျက်။


#ထင်လင်း

Keep Reading

ဘဝဟူသည်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်သည်းခြေကြိုက် စာအုပ် ၆ အုပ်အနုပညာနည်းလမ်းနှစ်သွယ်ဆုလာဘ်တောရိုင်းမြေပါရီကျဆုံးခန်းပျင်းတာနဲ့ အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ ရေကန်သာကြာတိုင်းအေး