သုမိုး
ဘာမှမဖြစ်ဘူးလို့ပဲ ပြောရမှာပါ။ ဘာမှမလုပ်ရင် ဘာမှမဖြစ်ပါဘူး။
ကျွန်တော်တို့အများစုက ရလဒ်ကိုပဲ မျှော်ကြည့်တတ်ကြပါတယ်။အဲဒီရလဒ်ရအောင် လုပ်ဖို့တော့ လက်မရဲကြဘူး။တစ်နည်းအားဖြင့် မကြိုးစားချင်ကြဘူး။ကြိုးစားရင် လူရောစိတ်ပါ ပင်ပန်းတော့မှာကိုး။ ဒီတော့ မကြိုးစားတော့ ဘာမှလည်းမရလာသလို ဘာမှလည်း မဖြစ်လာတော့။
ငယ်ရွယ်နေတုန်းတော့ လေလွင့်နေလည်း ဘာမှထူးထူးခြားခြား အဆင်မပြေတာမရှိ။သန်စွမ်းနေတုန်းဆိုတော့ ရရာအလုပ်လုပ်နိုင်သေးတယ်လေ။အသက်(၂၀)ကနေ (၃၀) အဆင်ပြေသေးတယ်။ဘဝကို ရေလိုက်ငါးလိုက်လုပ်နိုင်သေးတယ်။(၃၀)ကနေ (၄၀)အိုခေသေးတယ်။(၄၀)ကနေ (၅၀) ရောက်လာတော့ အရွယ်ကကျလာပြီ။ငယ်တုန်းက ဘာမှကြိုးကြိုးစားစား မသင်ထား၊ မတတ်ထားတော့ လုပ်ရသည့်အလုပ်က အလုပ်ကြမ်းတွေ။ အရွယ်ကျလာတော့ အလုပ်ကြမ်းတွေရဲ့ဒဏ်ကို မခံနိုင်တော့။ တစ်ဘဝလုံး ဝမ်းစာအတွက်ပဲ ကုန်းရုံးထားတော့ လူ့အဖွဲ့အစည်းအတွက် ဘာမှအကျိုးမပြုနိုင်ခဲ့လို့ ဂုဏ်ကလည်းမရှိ။ဒီတော့ သားသမီးမပြောနဲ့ လမ်းဘေးခွေးကတောင် မထီချင်။ အဲကျမှ ဘဝက ပရမ်းပတာတွေဖြစ်။
ဟုတ်ပါတယ်။ငယ်တုန်းကမကြိုးစားလို့ ငယ်တုန်းအရွယ်မှာ ဘာမှမဖြစ်ပေမယ့် အသက်တွေကြီးလာတဲ့အခါ အတတ်ပညာတတ်သူနဲ့ မတတ်သူက သိသိသာသာကွာခြားလာပါတယ်။အသိပညာချင်းလည်း ဘာမှမဆိုင်တော့တဲ့အတွက် ဂုဏ်ချင်းကလည်း ဘာမှမဆိုင်တော့။
ကျွန်တော်တို့ဟာ ငယ်ရွယ်စဉ်ကတည်းက အတတ်ပညာတွေ ကြိုးစားသင်ထားမယ်၊ အသိပညာတွေစုပြီး လူရည်လူသွေးမြင့်ထားမယ်ဆိုရင် ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်ကျေနပ်အားရနေပါလိမ့်မယ်။အခက်အခဲတွေ ရှိနေရင်တောင်မှ ကျွန်တော်တို့ပျော်နေမှာ။ ကျွန်တော်တို့ချစ်ရသူတွေကိုလည်း ပျော်အောင်လုပ်ပေးနိုင်မှာပါ။ ဘဝကြီးကလည်း လုံးဝကို အဓိပ္ပာယ်အပြည့်။ လုံးဝစပါယ်ရှယ်ဟင်းပွဲကြီးကို စားနေရသလို ခံစားနေရစေမှာပါ။
ဒါကြောင့် ကျွန်တော်တို့ကြိုးစားဖို့ လိုပါတယ်။ဖြစ်ချင်တာဖြစ်ဖို့အတွက် ဖြစ်အောင်လုပ်နိုင်တဲ့ဝီရိယရှိဖို့ လိုပါလိမ့်မယ်။ ဘယ်အရာကမှ ဘုရားသခင်က ဘွားခနဲပေါ်လာပြီး လာမပေးပါဘူး။ ကျွန်တော်တို့လိုချင်တဲ့အရာကို ကျွန်တော်တို့ကိုယ်တိုင်ပဲ ရအောင်ယူရမှာပါ။
ကျွန်တော်တို့ရဲ့ဘဝကို ကျွန်တော်တို့ပဲပဲ့ကိုင်တာမို့ ခုလုပ်နေတဲ့လုပ်ရပ်တွေကနေ နောင်ဖြစ်လာမယ့်အကျိုးဆက်တွေကို ကျွန်တော်တို့သေချာတွေးကြည့်ရင် သိနိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ဘဝကို ကျေနပ်အားရစေချင်လျှင်၊ ပြည့်စုံပျော်ရွှင်ရတဲ့ဘဝဖြစ်စေချင်လျှင် အတတ်ပညာ၊ အသိပညာဆိုတဲ့လောင်စာဆီတွေ မပြတ်ထည့်သွင်းနေရပါမယ်လို့ပြောကြားရင်း ဒီနေ့ဆောင်းပါးလေးကို အဆုံးသတ်ပါရစေခင်ဗျာ။
ပိုမိုကောင်းမွန်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ တောင်းဆုပြုရင်း........။
သုမိုး
Keep Reading