Tin Oo Naung
ကျမ ယခုထိ ခရမ်းရောင်ကို နှစ်သက်ခြင်းသည် ထိုခရမ်းရောင် လွယ်အိတ်ကလေးနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိပါကြောင်း.....
၂၀၀၆ _၂၀၀၇ခုနှစ် ၀န်းကျင်လောက်က ကျမတို့ ၈တန်း ၉တန်းအရွယ် ။ အဲဒီအချိန်က ကျမတို့နယ်မြို့မှာ ဗလာပွဲတွေဆိုတာ ကထိန်ရာသီဆို မြို့လုံးအနှံ့ပဲ ။ ပင်တိုင်ငှားကြတဲ့ ဗလာဇာတ်ပွဲတွေက မုံရွာက ဇာတ်တွေများတယ်။ မှတ်မှတ်ရရ ဥယျာဥ်ကျောင်း ကထိန်ဆိုရင် မုံရွာမြို့က အောင်ပွဲသဘင် ဇာတ်ကို အမြဲလိုလိုငှားပြီး ထန်းတပင်ကျောင်းကတော့ ဟိန်းဇော် ဇာတ်မှတ်တယ် (သိပ်မမှတ်မိ ဆို ကျမက အောင်ပွဲသဘင်ပရိတ်သတ်ကိုး) ။ ပင်တိုင်မင်းသား ရန်နိုင်ကျော်ကို ကြိုက်လိူ့ဆိုလဲ မမှားဘူး။ ဇာတ်မင်းသား ကြိုက်လို့ ဆိုပြီး လှောင်မနေကြနဲ့အုံး။ အဲဒီနှစ်များဆီက ဇာတ်တွေက တခေတ်ထလိုက်သေးတာ ညခင်းဇာတ်က နေ့ခင်းကျ ဇာတ်သူဇာတ်သားတွေကို ရွာထဲ ရပ်ကွက်ထဲက သူ့ထက်ငါ ထမင်းအရမ်းဖိတ်ကျွေးချင်တာ။ ထမင်းဖိတ်ကျွေးတဲ့ အိမ်ဘေးက ကိုယ့်သူငယ်ချင်းအိမ်ဆိုရင် နောက်နေ့အတန်းထဲရောက်ရင် မျကိနှာပွင့်ပီသာမှတ် ။ ဟဲ့ ဟို ဒန်ဘဒီးဒီး ဟိုင်ဒီး ဒန့်ဘဒီဒီဟေး ဆိုတဲ့ကောင်မအပြင်မှာလှလားတို့( ကျမတို့အညာမှာ ကောင်မလို့သုံးချင်းသည် ရိုင်းစိုင်းသော အသုံးနှုန်းမဟုတ်ပါ) ဟဲ့ ဟို ဇာလီနဲ့ ကဏှာစိန်ကို ကြိုးနဲ့ဆွဲခေါ်တဲ့ လူကြီးက အပြင်မှာလဲအမြင်ကတ်စရာကောင်းလားတို့ ဟိုမင်းသားက အပြင်မှာပိုချောလား နင်မြင်ခဲ့လားတို့ စုံစိပလုံစိ မေးကြပြောကြတာ ဆရာမကစားပွဲကို ထပလက် (ထန်းလက်ကိုခေါ်ပါသည်)နဲ့ တဗြန်းဗြန်းရိုက်မှ ကိုယ့်နေရာကိုယ်ရောကိတာ ဒါတောင် အရှိန်ကမသေချင်ဘူး။ ကျမကဇာတ်ရူး အခုထိ အနုပညာတက္ကသိုလ်မှာ ဒီပလိုမာယူချင်တုန်း။ ကျမရဲ့ ခရမ်းရောင်လွယ်အိတ်ကလေးက အခုမှလာမှာ။
တိုက်တိုက်ဆိုင်ဆိုင် ကျမတို့ ၈တန်းနှစ်က ကျမတို့အထက်တန်းကျောင်း ကထိန်က လေးထပ်ကြီးကျောင်းမှာကျတာ။ ကျောင်းသားတိုင်း ကထိန်လှည့် လိုက်ကြတာများတယ်။ လှတဲ့ကောင်မလေးတွေက ရှေ့ဆုံးက ဘာညာကိုင်ရတာ။ ကျမတို့ကတော့ အန်တီတို့ အိမ်နားက အန်တီကြီးတွေစုစပ်လူးပေးတဲ့ ရေစိုအနီဘူး ၃၂ရောငိလောက်ပါတဲ့ ကာချယ်ဘူးရယ် နှုတ်ခမ်းကို မျက်ခုံးမွှေးဆွဲတံ အနက်နဲ့ ကကြီးပုံဖော်ပြီး အတွင်းက အနီတို့ဘာတို့ ထင်းတာတွေ ဆိုးပေးတာ အဲဒီမျက်နှာတွေနဲ့ (လူတိုင်းဆိုတော့ ထူးဆန်းမနေဘူး အတူတူပဲ အခုတော့ ရီစရာကြီးပေါ့) အဲဒီကထိန်လှည့် မလိုက်ခင်ညက ဥယျာဥ်ကျောင်းကထိန်က အောင်ပွဲသဘင်ဇာတ်ကို အမေ့ညီအငယ် အန်တီလေးနဲ့ အိမ်ကမသိအောင် သွားခိုးကြည့်ထားတာ။ အန်တီလေးနဲ့ကိုယ်က ၁၀နှစ်ကျော် လောက်ပဲကွာတာဆိုတော့ အရွယ်က ညှိလို့နှိုင်းလို့ရနေပီ ပွဲအတူခိုးကြည့်ဖို့ စက်ဘီး တစင်းနဲ့ မူးဘေးမန်ကျည်းတော ဘုရားဟောင်းတွေဘက်ထိ အိမ်ပြန်မပြောကြေး လျှောက်သွားတာတို့ အဲလိုတွေအတူလုပ်လို့ရနေပြီ။ ပွဲခိုးကြည့်တာဆိုလို့ အိမ်ကမနိုးခင် ပြန်မယ်မထင်နဲ့ ကန့်လန့်ကာကြီးရယ်နေပါအုံး ဘာညာနဲ့မင်းသားက ကန့်လန့်ကာကြီးမလိုက် ငိုပြလိုက်လုပ်ပြီး နေထွက်မှပြန်တာ။ အဲဒီနေ့ညကတော့ မနက်ကထိန်လှည့် လိုက်ရမှာဆိုတော့ ပြဇာတ်(အော်ပရာ)ပြီးတော့ ပွဲခင်းဆီ လှည့်ကြည့်လှည့်ကြည့်တရွတ်ဆွဲ ပြန်လာကြတာ နှစ်ယောက်သား။ မနက်ကျ လူးလဲထ အဖြူစိမ်းလေးလဲ သူများသနပ်ခါးတွေ လိမ်းခိုင်းပြီး ကထိန်လှည့်မယ့် စုရပ်လာတာပေါ့။ အဲဒါနဲ့ ဘယ်အတန်းနောက်က ဘယ်အတန်းဘာညာ သြဇာသီးတွေခြွေပြီး ကထိန်လှည့်ပါရော ဦးရွှေရိုးနဲ့ဒေါ်မိုးကတဲ့ ကောင်တွေက ကျမတို့အခန်းထဲကောင်တွေ တိုက်ပုံတွေ ထီးတွေ ဇာအင်္ကျီချိတ်ထဘီတွေနဲ့ ကိုယ်တွေထက်တောင် လှနေသေးတာ ပြင်ထားတာများ ။ အဲလိုနဲ့ ဖုန်တထောင်းထောင်းနဲ့ မြို့ပတ် လေးထပ်ကြီးကျောင်းထဲရောက်တော့ ဘုန်းကြီးကျောင်းက ကထိန်လှည့်လိုက်လာတဲ့ ကလေးတွေကို ကြာဆံဟင်းခါးတိုက်တယ်။ နေရာနဲ့လူကမမျှတော့ အပင်တွေအောက် ကိုယ့်အစုနဲ့ကိုယ်စောင့်ကြတာပေါ့။ အဲဒါနဲ့ ကျမလဲ ဘေးဘီ လျှောက်ကြည့်ရင်း တနေရာရောက်တော့ ဆတ်ခနဲတွန့်ပီး မျက်လုံးတွေများ နှစ်ထပ်ဖြစ်နေတာလား ညကပွဲကိုက်လို့ မျက်စိအမြင် မကြည်တာလားပေါ့။ ဟယ် မဟုတ်သေးပါဘူး အဲဒီအကိုကြီးက (ဇာတ်မင်းသား ရန်နိုင်ကျော်ကိုပြောတာ) ငါတို့မြို့ရဲ့ ဓလေ့လေးတွေကို လိုက်ကြည့်တာလားပေါ့။ခဏနေတော့ သူက ဆတ်ခနဲထပြီး လူတွေကြား ပျောက်သွားတာ ကျမမှာ ကျီးကန်းတောင်းမှောက် ရှာတာ ရှာတာ ဆိုတာ။ အဲဒီလို ဇဝေဇဝါ ဖြစ်နေတုန်း ဘေးကသူငယ်ချင်းက ဟဲ့ကောင်မ လာ ..ဟိုမှာခေါ်နေပီ သွားသောက်စို့ လို့ခေါ်တာနဲ့ တောင်ရှာမြောက်ရှာနဲ့ ပါသွားပါရော။ ဓမ္မာရုံ လှေကားထစ်က တက်ပြီး ထိုင်သောက်နေတဲ့လူတွေကြား တွေ့ပါပြီ ကျမရဲ့မင်းသား သူငယ်ချင်းက ဆွဲခေါ် ကျမကငမ်းနဲ့ သံဃာစင် လိုအမြင့်ကနေ တပြေးညီထဲမှတ်ပြီး လှမ်းတာ လဲတော့မလိူတွေဖြစ်။ ကြာဆံတွေသောက်ရင်း တွေးမိတာက မင်းသားဆိူ လေ့လာပြီးပြန်မယ် အခုက ကြာဆံပါ ၀င်သောက်နေတော့ ဒါဇာတ်မင်းသားမဖြစ်နိုင်တော့ဘူး ဘယ်သူလေးများလဲပေါ့။ အဲဒီမှာ အတန်းထဲ ကိုယ့်အုပ်စုမေးတာပေါ့ ရန်နိုင်ကျော်နဲ့ တူတဲ့အကိုကြီး တို့ကျောင်းမယ်ရှိတယ် ဘယ်အတန်းကလဲ မသိဘူးပေါ့။ သူငယ်ချင်းတွေကလဲ သာမန်ကာလျှံကာမို့ သိပ်အလေးမထားဘူး။ အဲဒီလိုနဲ့ ကျမတို့အတန်းက ပြတင်းပေါက်ဘေးကျတယ်။ တနေ့ရောက်တော့ မိုးဖွဲဖွဲလေးရွာတော့ ဆရာမကအတန်း၀င်ချိန် နောက်ကျနေတာ အဲဒီအချိန် ကုက္ကိုလ်တန်းပေါက်တံခါးမကြီးကနေ ဘော်ဒါဆောင်က ကျောင်းသားတွေ တန်းစီ၀င်လာကြတာ လွယ်အိတ်လေးတွေ ခေါင်းပေါ် ,မ ဆောင်းရင်း။ အဲဒီမှာ ကျမရဲ့ ရန်နိုင်ကျော်ကို တွေ့လိုက်ပါပြီ ခရမ်းရောင် လွယ်အိတ်ကလေးနဲ့။ နောက်တတိယနှစ်ရောက်မှ ခင်မင်ပြီး သေချာကြည့်တော့ ရန်နိုင်ကျော်နဲ့က ဆင်ရုံပဲရယ် ကျမက ကလေးဆိုတော့ စိတ်စွဲနေလို့သာ။ အဲဒါနဲ့ သူငယ်ချင်းနဲ့ သူဘယ်အတန်းကလဲ ဘယ်ကလဲ ချက်ကင် လိုက်လိုက်တာ အချက်အလက်အစူံ ရလာပါလေရော။ သူနဲ့ဘော်ဒါတစ်ခုထဲက အမတွေကို ပြုံးပြဝင်ရော ခင်အောင်လုပ်ပြီး သူ့ဆီအော်တိုစာအုပ်လေးပို့တာပေါ့။ တပတ်လောက်နေတော့ သူကလွဲရင်ကျန်တဲ့အမတွေ ရေးပီးပြန်လာပေးတယ်။ သြော် သူက ကိုးတန်းဘီခန်းက မှတ်တယ်။ နေ့စဥ် အလုပ်တခုပိုလာတာက ကျောင်းစောစောလာ ပြတင်းပေါက်ဘေးနေရာယူ ခရမ်းရောင်လွယ်အိတ်လေး အလာကို ကြည့်ပေါ့။ ကြည့်ပီး ဘေးကသူငယ်ချင်းကို ဒီနေ့ဘယ်လိုလေး အပေါ်ကိုမော့ကြည့်သွားတယ် ပြောရတာအမော။ နှစ်လည်စာမေးပွဲဖြေတော့ ကိုးတန်းတွေနဲ့ ရောဖြေရမယ်ဆိုတော့ သူနဲ့အတူကျဖို့ ဆုတောင်းလိုက်ရတာ အဆောင်တောင်မတူဘူး။ ဒါနဲ့ ဘော်ဒါဘော်ကျွတ်မ တွေကို လက်ထောက်ချ အပူတိုက်တော့ သူကျတဲ့အခန်းကိုသိရော စာမေးပွဲနောက်ဆုံးနေ့ကျ ဆယ်ကျော်သက်အစ စပ်ကူးမတ်ကူးလေးတွေဆိုတော့ နွေဦးလေမရူးခင်ထဲက အူကခပ်မြူးမြူးမို့ ကိုယ်သဘောကျတဲ့ ကောင်မလေးရေလိုက်လောင်း ဘာညာပေါ့ အဲလောက်ပဲ အဲဒီထက်မပိုဘူး။ ဒါနဲ့ကျမလဲ ငါလဲ ခရမ်းရောင်လွယ်အိတ်လေးကို ရေလောင်းမယ်ဆိုပြီး ရေဘူးလေးနဲ့ထည့်လာ စာမေးပွဲခန်းထဲက စောထွက်ပြီး ရှစ်တန်းအနောက်လှေကားထက်က သူငယ်ချင်းနဲ့ တက်စောင့်နေတာ ခရမ်းရောင်လေးက မယ်ဇလီပင်နား ထောင့်ကွေးလေးကချိုးလဲလာရော လက်တွေတုန် ရင်တွေခုန်နေပြီ ဒုန်းပြေးဆင်းလိုက်လောင်းတာ ပြေးပါလေရော ။ တော်ပါသေးရဲ့ ရှက်လိုက်တာ ကျမနဲ့သူငယ်ချင်းပဲ သိလိုက်လို့။ အဲဒါနဲ့ နောက်တဆင့်တက် အိမ်အလည်များလာချင်မလားဆိုပြီး အိမ်လိပ်စာပေးမယ်ဆိုပြီး စာတွေစီတာ (စာစီစာကုံးသာ အဲလောက်ဖျစ်ညှစ်ရေးရင် မြန်မာစာဂုဏ်ထူး ပါလောက်တယ်)။ ဘာလို့လိပ်စာပေးချင်လဲဆိုတော့ သူ့ကို ခရက်ရှ်နေတာ သူရယ် ကျမသူငယ်ချင်းအချို့က သိနေပြီမို့။ စာထဲမှာ မှတ်မိသလောက်ကတော့ အိမ်ရှေ့မှာ သုံးပန်လှပင်ကြီးရယ် စွယ်တော်ပန်းရောင်ပင်ကြီးရယ်ကို အရင်လှမ်းမြင်ရမယ် ဘာညာနဲ့ ကြွယ်တာကြွယ်တာ။ စာကမပေးရဲဘူး အဲဒါနဲ့ အထဲအင်္ကျီ(ရှင်မြီး) အိတ်လေးထဲ ထည့်ထားတာပေါ့။ ဖတ်မယ့်ဖတ် ခရမ်းရောင်လေးကမဖတ်လိုက်ရဘူး အိမ်ကအမေက အင်္ကျီတွေလျှော်တော့ တွေ့ပြီးဖတ်ထားတာ ။ အဲဒီမှာ စာကိုမေ့နေပြီ ကျမက အမေက အဝတ်လျှော်ရင်း ပွားတာပေါ့ "အမလေး ရှင်လဲ့လဲ့တို့များ လူကမဖြစ်သေးဘူး လူလုပ်ချင်နေပြီ" ဘာညာပေါ့။ ကိုယ်ကရပ်ကွက်ထဲကြ အနေတည်တော့ ဘယ်သူမှမစရဲဘူး ငါ့အမေက ဘာလဲညာလဲ ဘာဖြစ်တာလဲဆိုပြီး အမေ့ကို ဂျိုတွေကပေးသေးတာ။ အတော်လေးကြာမှ ဟယ် ငါ့စာ ငါ့စာဆိုပြီးလိုက်ရှာတော့ လက်လွန်သွားပြီ မတွေ့တော့ဘူး။ အမေကတော်ရှာပါတယ် ခုထိ အဲဒီစာ သူတွေ့တယ် တခါမှ ထုတ်မပြောဖူးဘူး။ ကျမကတော့ မပြောပဲလဲသိနေပါတယ်ပေါ့။ ရှက်လိုက်တာဆိုတာ အမေအိမ်ရှေ့ဆို ကိုယ်ကအိမ်နောက် သွားထိုင်နေတာ အတော်ကိုကြာတယ် အဲလိုဖြစ်တာ။ အဲဒီရှက်စိတ်နဲ့ ခရမ်းရောင်လေးကို အာရုံထားတာ နဲနဲလျော့သွားတယ်။ ကျမ ကိုးတန်း သူဆယ်တန်းထိ ခရက်ရှ်တာ ။ သူဆယ်တန်းဖြေပီး အောငိစာရင်းထွက်တော့ သွားကြည့်သေးတယ်။ သူ့ခုံနံပတ်လဲမသိဘူးနော် နာမည်လေးတခုနဲ့ အမှတ်(၁)ကျောင်းထိ တယောက်ထဲသွားကြည့်ခဲ့တာ။ မှတ်မိသေးတယ် လေးလေးရဲ့ ဖီးဆင့်ဘီးလေးနဲ့။ သူနဲ့တွေ့ရင် ငါလှနေပါစေလေ ဆိုပြီး အမေချုပ်ပေးတဲ့ ထီးဂါ၀န်အဝဲကြီး ဝတ်ချသွားတာ။ အောင်စာရင်းလေးတော့တွေ့ပါတယ် သူ့တော့မတွေ့ပါဘူး။ ဒါတောင် တစ်နေရာရာကနေ ငါ့ကိုကြည့်ချင်ကြည့်နေမှာဆိုပြီး ပဲတွေများခဲ့သေးတာ။ အဲလိုနဲ့ ကျမလဲ ဆယ်တန်းဆိုတော့ စာတွေလုံးလည်လိုက်ရင်း သူ့ကို မေ့သလောက်ဖြစ်သွားတယ်။ ကျမ ဒုတိယနှစ်မှာ ခရမ်းရောင်လွယ်အိတ်ကလေးနဲ့ ပြန်ဆုံခဲ့ကြပါသေးတယ်။ အမြဲလွဲတဲ့ကျမက ထုံးစံအတိုင်း လွဲသွားကြပါတယ်။ ညီမလေးကို သဘောကျခဲ့တယ် ဆိုတဲ့ ရင်ဖွင့်တာကိူတော့ ကျမကျေနပ်စွာ ကြားရပါသေးတယ်။
အဲဒီတော့ ဆယ်ကျော်သက်အရွယ်မှာ ရင်ခုန်တာ စိတ်လှုပ်ရှားတာ ကြည်နူးတာ သဘောကျတာ ဒါတွေဟာ ဖြစ်လေ့ဖြစ်ထရှိတာတွေပါ။ အရောင်တွေမပါသေးဘူး ယုတ်စွအဆုံး ဘာစိတ်မှကိုမရှိတာ သူ့ဘာသာပြုံးတာကို ကိုယ့်ပြုံးပြတယ်ဆိုပြီး ပျော်တာ အဲလောက်ပဲ။ ဒါကို မိဘတွေလူကြီးတွေက ဒီကောင်လေး ကောင်မလေး လင်စိတ် သားစိတ်ပေါက်နေပြီ ရည်းစားထားချင်နေပြီလို့ ကလေးရှက်သွား သိမ်ငယ်သွားအောင် အပြစ်ကျူးလွန်သူလို့ ခံစားရအောင်ထိ မချိုးနှိမ်စေချင်ပါဘူး။ စောင့်တော့ကြည့်နေဖို့ လိုပါတယ်။ ဆယ်ကျောက်သက်အရွယ် ကိုယ်ခန္ဓာ နဲ့စိတ်ပြောင်းလဲလာတာတွေရယ် မိမိကဘာလဲ မိမိတာ၀န်ကဘာလဲ မိမိလုပ်ရမယ့်ဟာဘာတွေဆိုတာကို သင်ကြားပြောပြပေးရင်ပဲရပါတယ်။ သူ့အရွယ်အလိုက် sex education နဲ့ body changes တွေသင်ပေးခဲ့မယ်ဆိုရင် ဒီဆယ်ကျော်သက်မှာဖြစ်တတ်တာတွေကို နားလည်နိုင်မှာပါ။ အဓိကက Role confusion မဖြစ်အောင် Role confusion and Identity ကိုသေချာလေး သင်ပေးထားမယ်ဆိုရင် ကျန်တာတွေ အလိုလို အဆင်ပြေစွာ ကျော်ဖြတ်နိုင်သွားမှာပါ။ အန္တရာယ်မဖြစ်စေပဲ လွတ်လပ်မှုကို သူတို့ကိုင်တွယ်နိုင်ကြပါတယ်။
ရောင်စုံလွယ်အိတ်ကလေးတွေ လုံခြုံစိတ်ချစွာဖြင့် ပျော်ရွှင်ရင်း တာ၀န် ကျေပွန်နိုင်ကြပါစေ....။
_ တင်ဦးနောင်
Keep Reading