A Loon Kha
ဘဒ္ဒကမ္ဘာမှာ မင်းနဲ့ ငါ
===============
" တူနှစ်ဖြာ ရွှေဂဟေ ဆက်လို့ ××× နတ်ရေးငယ်ရွှေစာ ××× "
"အလို!!! စောစောစီးစီး ခြံရှေ့မှာ လူတွေ ရုန်းစုရုန်းစုနဲ့၊ ခင်စန်းရီ.. ညည်းလင် မောင်ကိုလေး မနေ့က ဘာပြုလာသေးတုန်း..."
မေမေ့ အမေ ဒေါ်ခင်စန်းရီ ရဲ့အမေ(သီတာ့ရဲ့ မေကြီး) ဒေါ်မြကြည် က အိမ်ဦးကပြင်ကနေ မှုံတီမှုံဝါးလှမ်းကြည့်ရင်း အော်ပြောတော့ ဒေါ်ခင်စန်းရီမှာ ပြာပြာသလဲ။
" ဟဲ့ ခင်စန်းရီ . မြို့သစ်ဂ မဗိုက်ကြီး ကန်တော့ပွဲကြီးရွက်လို့... မိညိုဝင်း ကလေးပီပီ ဟန်ချီချီ သွားမေးဇမ်း.."
မေမေ့ ညီမဝမ်းကွဲ 'ညိုညိုဝင်း' က ကပြာကယာ ခြံထိပ်သွားပြီး မေးရတာပေါ့။
"ဒေါ်လေးခင်စန်းရီ သမီး မမသီတာကို လာတောင်းသာသဲ့တော်... ကိုမောင်အေးဆိုပဲ... "
" အယ်အေ... ခင်စန်းရီ.. ညည်းသမီး လာတောင်းသာသဲ့... လုပ်လုပ် လူကြီးတွေကောပါသယ်...အားနာသစာ.. ညည်း သမီးက ပြောထားဘူးလား..."
မေမေ့ အမေ ဒေါ်ခင်စန်းရီက အူကြောင်ကြောင်နဲ့ ခေါင်းရမ်းရင်း အိမ်မှာရှိတဲ့ လက်ဖက်သားလေး ဆီဆမ်း ဆားဖြူးပြီး ကလယ်ကလယ် ဧည့်ခံရတယ်။ သူ့ သမီး သီတာ ဘာရှုတ်ထားမှန်းမှ မသိ။ 'သီတာ' က ဘာလုပ်လုပ် ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ ကောင်မ မဟုတ်ဘူး။ ကန်တော့ပွဲကြီး ကိုယ့်ရှေ့ချ လာတောင်းတော့မှ ကိုယ့်သမီးတောင်းမှန်း သိရတာ။
ယောင်္ကျားဖြစ်သူ သူ့ဖအေ "ကိုကိုလေး" က ပိုဆိုး။ တလောက ငှက်ကြီးတောင်ဓားနဲ့လိုက်ခုတ်ပြီးတဲ့နေ့စပြီး ကစော်ကိုပြန်သောက်နေတာ။ ခုအရက်ဆိုင်ကနေ မနက်တကြိမ်မူးပြီး ပြန်လာပြီ။ သူက မေးတချက်ငေါ့တော့ ကြောင်အမ်းအမ်းပဲ ပြန် ပြုံးနိုင်တယ်။ သမီးတွေနဲ့ ဒေါသအိုးအဖေကြား ကိုယ်ပဲ ဖြေနေရတာကိုး။
"လာရင်းကိစ္စကသော့ နားနဲ့နာနာ ဖဝါးနဲ့ပဲနာနာ.. ဒီဂ ခင်စန်းရီနဲ့ မောင်ကိုလေး ကိုပဲ ပြောရမှာဘဲ... တခြားသော့ ဟုတ်ပါဖူး.. ဆီမီးခုံမှာနေသဲ့ မောင်မောင်အေးကို ဒီဂ သမီးဖြစ်သူ သီတာအေး ဂ လာတောင်းပါဆိုလို့.... မသီတာဂို လာတောင်းသာပေါ့...အဲ့သာ..."
ရပ်ကွက်ဥက္ကဌ စကားကြောင့် နှစ်ယောက်တည်းရှိတဲ့သမီးလေးတွေ အသဲလှုပ်မကချစ်ရပါတယ်ဆိုတဲ့ မောင်ကိုလေး အရက်ရှိန်တန်ခိုးနဲ့ အော်တိုနှစ်ဆ ဖြစ်ပြီ။ သီတာ လာစမ်းဆိုပြီး နံရံချိတ်ထားတဲ့ ငှက်ကြီးတောင်ဓါး ကိုင်မယ်လုပ်လို့ စိတ်လျော့ဖို့ ဝိုင်းဖြေရတာ အမော။
ခင်စန်းရီ သိတယ်။ သူ့သမီးကြီးက မိသားစုအတွက် ရုန်းကန်နေရတာလေ။ သမက်ဖြစ်မယ့်သူက တခြားလူမဟုတ်ဘူး... ခေတ်ပညာတတ် အင်ဂျင်နီယာ...၊ သမီးကြီးကလည်း ခေတ်ပညာတတ်။ ယောင်္ကျား ယမကာသမားကြီးနဲ့ သမီးငယ်အတွက် ကိုယ်နဲ့အတူ ဒိုင်ခံ စီးပွားရှာဖွေနေရတဲ့ သမီးကြီးကို အားနာတယ်။ ကိုယ်က ဟိုးငယ်ကတည်းက ဆင်းရဲလာတဲ့သူ။ မွဲတဲ့ဒဏ်တော့ ကိုယ်ခံနိုင်ပေမယ့် သမီးတွေ ချမ်းချမ်းသာသာ နေတာကို မြင်ချင်တယ်။ အဲ့တော့ သမီးကြီး သူ့လင် သူ့ဟာ အခြေကျသွားရင် သမီးတစ်ယောက်အတွက် စိတ်အေးရတာပေါ့။ ဒါကိုလည်း 'ကိုကိုလေး' သိပြီးသား.... သမီးကြီး 'သီတာ' ကို ခေါ်လိုက်တော့ ကပိုကရိုလေး ဘေးနား လာထိုင်ရှာတယ်။ မျက်ရည်တော့ ဆမ်းတာပေါ့။ သမီးကြီး ကောင်းစားရေးကိုး... ကဗြုန်းကရုန်းသိတဲ့ တောင်းရမ်းမင်္ဂလာဆိုပေသိ ပတ်ဝန်းကျင်မှာ သမီးလေးကို မျက်နှာမငယ်စေချင်ဘူး..။
" သီတာ.. ညည်းဂို မောင်အေး လာတောင်းနေသယ်... သမီးကညာ အခါမလင့်ဆိုသလို ငါတို့နားလည်သယ်။ ခေတ်ပညာတတ်ချင်းဆိုသော့ ငါရော ညည်းဖေကော တဘောတူပါသယ်... ဒါပေသိ သမီးဂိုလဲ မေးမြန်းရမယ်လေ၊ မချစ်မနှစ်သက်ဖဲ ပေါင်းသင်းရသာလဲ ဒုက္ခသဲ့။ အမေတို့ ပေးစားလိုက်လို့ သမီးမချစ်ရင် သမီးဘဝရှူံးမှာ..လင်ကုန်ရှုံးသော့ တသက်သဲ့... အဲ့သော့ ချစ်လား မောင်အေးကို..."
မသီတာ ခေါင်းငုံ့လို့...။ သမီးကညာ အပျိုလေးဆိုတော့ အရှက်သည်းတာကိုး၊ ထပ်မေးလိုက်သေး.. ။
"သီတာ မောင်အေး ချစ်လားဟဲ့....."
အမေမွေးလို့ ကြီးတဲ့သမီး။ သူ့သမီး အရှက်သည်းမှန်း သိပြီသား၊ သို့ပေသိ ကိုယ့်သမီး မချစ်တဲ့လူကို ဘယ်လောက်တော်တော် မပေးစားချင်ဘူး။ ချစ်တဲ့ လူနဲ့ပဲ ပေါင်းစေချင်တာ။ ချစ်တဲ့လူနဲ့ပေါင်းရင် ဆင်းရဲတောင် စိတ်ချမ်းသာတယ်။ ထိမ်းမြားခြင်းဝတ်ကလည်း မိဘဝတ်တစ်ခုမို့ သက်ပြင်းတချက်ချ ...ဝမ်းနဲ့လွယ်ထားခဲ့ရတဲ့ ကလေး... ငိုချင်စိတ်ကလေး ဘေးထားလို့ သမီး သီတာ့ ကို မျက်နှာပူပူနဲ့ ထပ်မေးရတယ်။
"ဟော်သော်...သီတာ. မောင်အေးက လာတောင်းနေပိ၊ သူ့ကို ချစ်ရင်ယူလေ၊ ညည်းတဘောကရော့..."
သမီးဖြစ်သူ ခေါင်းသာတွင်တွင်ငုံ့လို့။ ဒီကြား နဂိုတည်းက သူ့သမီးနှစ်ယောက်အတွက်ဆို သဝန်တိုပြီး ဘယ်သူ့ဆီမှ အပါမခံချင်တဲ့ 'ကိုကိုလေး' က
" ကိုင်း၊ သီတာက မကြိုက်ဘူးတဲ့။ အားလုံးကို တောင်းပန်ပါတယ်။ ပြန်ကြတော့၊ အားလည်း နာတယ်၊ ဒါပဲ ဒါပဲ။ ကြွကြွ .. ကန်တော့ပွဲကြီးလည်း ပြန်ယူသွားကြဘာ။ ကျုပ် သမီး သဘောမတူတာကို ဆက်ထိုင်နေဦးမယ်ဆိုရင်တော့။ နံရံချိတ်တဲ့ ဓါး အလကားသွေးထားတာမဟုတ်ဘူး..."
လင်ဖြစ်သူက အရက်ရှိန်လေးနဲ့ဆိုတော့ ထကြိမ်းတဲ့အခါ... ကိုယ့်ဟာကိုယ် ကန်တော့ပွဲ ယူ ထပြန်ကြရတာပေါ့။ လာတောင်းတဲ့ အဖွဲ့လိုက်ကြီး ခြံရှေ့ရောက်မှ အကြီးမ သီတာ ထအော်တဲ့ စကားကြောင့် ခင်စန်းရီ ခမျာ မျက်ရည်မိုးတွေစွေလို့....
" အမေ.... သမီး မောင်အေး ချစ်တယ်ရယ်၊ လာတောင်းခိုင်းသာ သမီး.. ချစ်တယ် ချစ်ပါတယ်တော်...."
အဲ့ကျမှ ဂျာအေး မျက်နှာကြီးပြုံးလို့ရွှင်လို့။ "ကိုကိုလေး" က ဂျာအေးကို တစ်ခွန်းပဲ ပြောတယ်... ။
"ငါ့သမီးကို မင်းသစ္စာရှိရှိပေါင်း။ ကောင်းလည်းစံ ဆိုးလည်းခံ၊ ဘယ်တော့မှ အိမ်ထောင်ရေး မပြိုကွဲစေနဲ့" တဲ့။
သမက်ဖြစ်မယ့်သူက " ဟုတ်ကဲ့ဗျ " ဆိုတော့... အဲ့စကားလေးကြောင့် သမီးအတွက်ရင်အေးရလို့ ခင်စန်းရီမှာ ပျော်လွန်းလို့ ငိုလိုက်ရတာ...။
******************************
"ဟော်သော်... အိမ်ရှေ့ ရုန်းစုရုန်းစုနဲ့ ရောက်လာပြန်ပီ၊ ဘယ်သူတွေလည်း မသိဖူး.... မဗိုက်ကြီးလဲ ကန်တော့ပွဲရွက်လာပြန်ပါဂလား... "
အမေမြကြည်ရဲ့ ပြောစကားကြောင့် ခုနာတုန်းကမှ ကန်တော့ပွဲချ ထပြန်သွားတဲ့လူတွေပြန်လာကြတယ် ဆိုတဲ့အခါ ခင်စန်းရီ မျက်လုံးပြူးပြီ၊ ခုနာက လက်ဖက်ပွဲလေးပဲ ပြန်ပြင်ရမလိုလို။ 'ကိုကိုလေး' ကလဲ ဓါးပဲ မျက်စောင်းထိုးလို့...။
"မိညိုဝင်းရေ့... ခြံရှေ့သွားမေးအုန်း၊ တအုပ်ကြီးနဲ့မှပဲ.."
ဒေါ်မြကြည်စကားကြောင့် 'ဒေါ်ညိုညိုဝင်း' တို့ ဆက်တောက်ဆက်တောက်နဲ့ပြေးရပြန်တာပေါ့.....
"မေဂျိရေ.. မိန်းမ လာတောင်းသာတဲ့.."
" ဟဲ့.. ခင်စန်းရီ... မိန်းမ လာတောင်းပြန်သာဆိုဖဲ......"
ခုနာလေးတင်မှ အကြီးမ 'သီတာ' လာတောင်းသွားတော့ ခေါင်းပဲ ကုတ်မိတယ်။ ဒီတခါ လာတောင်းတာဆို အငယ်မ 'နီလာ' ပဲ လေ။ ယောင်္ကျား " ကိုကိုလေး" ဒီတခါတော့ နံရံချိတ်ထားတဲ့ ဓါးကိုင်ပြီ...၊
" ငါ့သမီး အငယ်မ ကျောင်းတောင်မပြီးသေးဘူး၊ ဘယ်ကောင် လာတောင်းတာလဲဟေ့၊ မောင်ကိုလေးကို ဒါမျိုးလုပ်မရဘူး၊ အငယ်မ ထွက်ခဲ့ဇမ်း ... နင့်ကောင် ဘယ်သူလဲ။ ဟဲ့ မိညိုဝင်း... မေးစမ်း ဘယ်သူလဲလို့..."
အမကို လာတောင်းတုန်းက အခန်းထဲကချောင်းကြည့်နေတဲ့ 'နီလာ' ငိုမဲ့ငိုမဲ့နဲ့ ထွက်လာရင်း သူ့အမေနား ပြေးကပ်နေလေရဲ့။ အဖေ့ဓါးကလဲ လူမရွေးမှန်း သူ သိပြီသား။
" လေးကိုလေးရေ့... မောင်အေး ပဲသဲ့.."
"ဟ.. ဒိကောင် ငါ့သမီးနှစ်ယောက်လုံးကို လာတောင်းရအောင် ငါ့သမီလေးတွေကို ဘာထင်နေလဲ့.. မောင်ကိုလေးကို ဒါမျိုးလာလုပ်တယ်လား...အေး လူမရွေးတဲ့ ဓါးကွ..."
'ကိုကိုလေး' ဓားကြိမ်းကြိမ်းပြီး ဆင်း ခုတ်မယ်လုပ်တော့ ဆွဲလိုက်ကြရတာပေါ့...။
ပြီးမှ ဇာတ်ရည်လည်တယ်... သီတာ့ ပဲ လာတောင်းတာ တဲ့။ 'မောင်မောင်အေး' က မိတကွဲ ဖတကွဲ နေရတဲ့သူလေ။ ပထမတခါက သူ့အဖေနဲ့ လာတောင်းတာတဲ့၊ နောက်တစ်ခါက သူ့အမေ လာတောင်းတာ တဲ့။ နှစ်ဦးနှစ်ဖက် မိစုံဖစုံနဲ့ အခုလိုတန်ဖိုးရှိရှိ နှစ်ခါပြန် လာတောင်းတာသိတော့။ ခင်စန်းရီတို့ ငိုမိပြန်ပြီ။
မဏ္ဍပ်ကြီးထိုးပြီး ခန်းခန်းနားနား မင်္ဂလာဆောင်ပါ့မယ်ပြောတော့ အမေဖြစ်သူ ဒေါ်မြကြည်က နိမိတ်ထဖတ်တယ်...
" ခင်စန်းရီရေ.. ညည်းသမီးသော့ လင်ကောင်းသားကောင်းရပီ.. " တဲ့။
ငိုလိုက်ရတာ...။ မငတ်အောင်ရုန်းခဲ့ဖူးတယ်...။ ပညာတတ်ကြီးဖြစ်အောင်လည်း ထားပေးခဲ့တယ်။ ကိုယ့်လင် ကိုယ့်သမီးတွေကို ဆင်းရဲလွန်းလို့ အိမ်ခြံလေးမဖြစ်သလောက်ရှိတဲ့ မိဘအိမ်ခြံဝင်းထဲမှာ အဖီလေးစွဲနေကြရင်း ကြုံသလိုကြိုးစားခဲ့ကြရတာ။ ရွာထဲက လူတွေ ကျွန်တစ်ပိုင်းနီးနီးဆက်ဆံကြတာခံဖူးတယ်။ ကိုယ်တိုင်က သုံးတန်းမအောင်ပေသိ ခု သမီးတွေက ပညာတွေတတ်လို့ သမီးကြီးက လင်ကောင်းသားကောင်း ပညာတတ်ချင်းစုံမက်ကြတယ် ဆိုတော့လည်း ပျော်လွန်းလို့ ငို့လိုက်ရတာ။ ဆင်းရဲတာ ချမ်းသာတာ ကုသိုလ်ကံ၊ လင်ကုန်မရှူံးဖို့ အရေးကြီးတယ်။ မိဘမေတ္တာတရားဆိုတာ စုန်ရေ...။ သီတာ တင့်တောင်းတင့်တယ်ဖြစ်သွားရင် ကျေနပ်တယ်။ 'နီလာ' ရယ် 'ကိုကိုလေး' ရယ် 'ခင်စန်းရီ' ရယ် သုံးယောက် တစ်ဘဝ ဖြစ်လည်း 'ခင်စန်းရီ' ဆက်ရုန်းပါ့မယ်။ 'ကိုကိုလေး' ကတော့ ဓါးကြီးဘေးချ ချုံးပွဲချ ငိုတော့တာပဲ။ ဘာမှမသိသေးတဲ့ 'နီလာ' က 'ခင်စန်းရီ' ရင်ခွင်ထဲမှာ...
*********************************
?မင်္ဂလာဆောင်ရင် တစ်ရွာလုံးဖိတ်ကြားမယ်??
မေမေနဲ့ဖေဖေရဲ့ မင်္ဂလာဆောင်က ခြိမ့်ခြိမ့်သဲပါပဲ။ မေမေတို့ ခြံဝင်းလေးထဲမှာ ရွှေရောင် မဏ္ဍပ်ထိုးပြီး ဒံပေါက်ထမင်း ဗိုက်ခွေးနမ်းအောင် ကျွေးခဲ့ပါသတဲ့။ မေမေ မင်္ဂလာဆောင်တော့ ဖေဖေ့ ဆွေမျိုး တအုပ်တမကြီးနဲ့ မေမေ့ဆွေမျိုး တသီကြီး ဆုံကြသာပေါ့။ ဆွေတရာမောင်တကျိတ်နဲ့ ဆင်နွဲတဲ့ မင်္ဂလာပွဲ။
ဆရာမလေးဆိုပြီး လာကြသလို၊ စူပါစတား ဂျာအေး ဆီမီးခုံရွာသားဆိုပြီး လာကြတာ အဖုံဖုံ။ ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းဆိုသလို ကြက်သားဒံပေါက်ကလည်း တယ်ကောင်းသတဲ့။
ဖေဖေက မေမေ့ကို ကုတင်တစ်လုံးရယ် ဗီဒိုတစ်လုံးရယ် တင်တောင်းတယ်။ အသိုင်းအဝိုင်းနှစ်ဖက် လက်ဖွဲ့လိုက်ကြတာ အိုးခွက်ပန်းကန်တွေ။ ငွေကြေးကြတော့ ကောင်းကောင်းကန်းကန်းဖွဲတဲ့သူရှားတယ်။ နှုတ်ခမ်းပဲ့ချင်း နှဲမှုတ်တဲ့ပွဲ... ငွေမရှိလည်း ဆွေမရှားဘူး။
ခုချိန်ထိ မှန်ဗီရိုထဲဖွင့်ကြည့် အဲ့ထဲက ပန်းကန်ခွက်တွေ ခုထိ လိုသလိုသုံးလို့ရတုန်း။ အမှတ်တရတွေပါပဲ။
မင်္ဂလာပွဲမှာဆိုတော့ အမျိုးတွေစုံလို့။ နီလာဝင်း နဲ့ ညိုညိုဝင်းလည်းပါမယ်။ အောင်သွယ်တော် ဒေါ်ဗိုက်ကြီးက ထိပ်ဆုံးက။ ဖေဖေ့ တူ တူမ ညီမ ဝမ်းကွဲတွေကော၊ မေမေ့ ဝမ်းကွဲ မောင်နှမတွေကော စုံလို့ ညီလို့...။
ထူးထူးခြားခြား ဒေါ်ဗိုက်နဲ့ ကိုအေးမောင်တို့ လင်မယားကလဲ နွားပေါက်ကလေးတစ်ကောင် လက်ဖွဲ့တယ်။ မင်္ဂလာမဏ္ဍပ်ထဲ နွားပေါက်လေးလျှောက်ပြေးပြီး ဒံပေါက်စားနေတဲ့သူတွေ လိုက်ခွေ့လို့ မေမေနဲ့ဖေဖေမှာ ရီလိုက်ကြတာ။
သူလည်းပါ ... ငါလည်း ပါနဲ့... ကင်မရာမီးတွေ ဖျတ်ဖျတ်လတ်လို့...
ဖေဖေရော မေမေရော ပျော်ကြလို့ တဲ့...။
(ဆက်လက်ရေးပါဦးမည်)
A Loon Kha
Keep Reading