A Loon Kha
"ဗိုက်"
======
?ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ...? အမောပြေအောင်တိုက်ပါ မမ??
"ဂျာအေးရေ! သီတာကြီး လွမ်းပုလား..."
" အေးလေ။ "
"အေးလေဆို သွားတွေ့လေ "
" တွေ့ချင်တိုင်း တွေ့ရအောင် မင်းဂျီးတော်မဟုတ်ဘူး..."
" ဟာ.. ဒေါ်ဗိုက်ကြီး ရှိတာကို "
နေပူကုန်းရွာသား သူငယ်ချင်းက ဆီမီးခုံဆိပ်ကမ်းမှာထိုင်နေတဲ့ ဂျာအေးကို သူတို့ရွာတဖက်ကမ်းက လှမ်းအော်ပြောမှ ဒေါ်ဗိုက်ကို ပြေးသတိရမိတယ်။ ဒီကိစ္စက ဒေါ်ဗိုက် ကယ်ရမယ့်ကိစ္စ။ မသီတာကို ကပ်မရပေမယ့် ဒေါ်ဗိုက်ကိုတော့ သူ ကပ်လို့ရတယ်...။
*********************************
မေမေနဲ့ ဖေဖေ့အကြောင်းရေးရင် ဒေါ်ဗိုက်ကြီးအကြောင်းက ပါကိုပါရမှာ။ အသက်က ငါးဆယ်ကျော်၊ ပျော်ပျော်နေတတ်ပြီး စကားတတ်တဲ့ အဒေါ်ကြီး။ မေမေနဲ့ တအားရင်းသလို ဖေဖေနဲ့က မသိတသိ။ သူက မေမေတို့ဇာတိဖြစ်တဲ့ မြောင်မြို့ကပဲ။ မင်းတန်းရွာကို မေမေ တာဝန်ကျတဲ့အချိန် သူကလည်း သူ့တောင်သူလုပ်ငန်းကိစ္စနဲ့ မင်းတန်းရွာကို ခဏရောက်နေတယ်။ အဲ့တော့ ဒေါ်ဗိုက်ကိုပဲ ကိုယ့်အမေရင်းလိုတမျိုး အဒေါ်လိုတမယ် အားကိုးရ ရင်ဖွင့်ရတာပေါ့ ။ တနယ်တကျေးရောက်နေပေသိ ဒေါ်ဗိုက်ရှိတော့ သီတာတို့ မျက်နှာမငယ်ရဘူး။ ကျောင်းအားရက်တွေဆို ဒေါ်ဗိုက်ပြောပြတဲ့စကားတွေ နားထောင်ရင်း အပျင်းပြေရတာပေါ့။ ဒေါ်ဗိုက်က မြောင်မြို့မှာ မိသားစုနဲ့ကလေးတသိုက်ကရှိလေတော့ မင်းတန်းရွာလာလိုက်နဲ့ မြောင်မြို့ကိုပြန်လိုက်နဲ့ ။ မြောင်မြို့နဲ့ မင်းတန်းရွာဆိုက သိပ်မဝေးလှတော့ တော်သေးတယ်။ ဒေါ်ဗိုက်မရှိတဲ့ နေ့ဆို အိမ်က ပျင်းခြောက်ခြောက်။
"ဒေါ်ဗိုက်... ဆီမီးခုံနတ်ပွဲ အတော်စီသယ်တော်၊ လာလိုက်ကြသာ "
" ကျွန်းစုရွာ ကိုးကွယ်သဲ့ နတ်ပဲ၊ မြင်းဖြူရှင်လို့ ခေါ်သယ်"
"ကျမတို့ နယ်တော့ ကိုးမြို့ရှင်ကို အိမ်တွင်းနတ်ဆိုပြီး ကိုးကွယ်ကြသာ၊ သူတို့ကျသော့ မြင်းဖြူရှင်သဲ့ ကြား ကြားဖူးပေါင်တော်..."
"သီတာ ဂလဲ၊ မြင်းဖြူရှင်ဆိုသာ ရေဝင်ပိုင်းသူတွေ ဆက်သကြသာ၊ အောက်ပြည်နဲ့ မတူဘူး... အောက်ပြည်က ရေငန်ပိုင်းခေါ်သယ်... ဦးရှင်ကြီးနတ် ဆက်သရသာ...ဒို့အညာ အောက်တောကျ မြင်းဖြူရှင်မှ မြင်းဖြူရှင်ပဲ။ "
"သာဆို မြင်းဖြူရှင်နတ်က ဘာလဲ၊ ဘာလို့ နတ်ဖြစ်သာလဲ..."
" သိသလောက်သော့ နားပြတ်တဲ့ကောင်မက စသာပဲ... ဝါးလုံးက မွေးသယ်ဆိုလ ၊ မင်းယဉ်နရသိင်္ခက စွန့်ကြဲလိုက်သာ သူ့ညီ နရပတိစည်သူမင်း ဆီ...၊ ဝေဠုဝတီ မင်းသမီးလို့ ခေါ်သယ်၊ ပါဠိုလို့ ဝေဠုဆိုသာ ဝါး... ဝတီဆိုသာ ကညာပျိုသဲ့.....ဝါးမင်းသမီးပေါ့..အဲ့သာ နရပတိနဲ့ရသော့ ပြတ်နေတဲ့ နား ပြင်ပေးပိ မိဖုရားခေါင်မြှောက်သယ်... ပေးတုန်းက ပေးပြီး ခုကျမှ ဒန့်ဒလွန်ဖြစ်သဲ့ နရသိင်္ခက ပြန်လိုချင်သဲ့လေ....ဒါနဲ့ နရပတိကို အထက်ညာမှာ သူပုန်ထသယ်ဆိုပိ စေလွှတ်သာပေါ့အေ... သူ့မိန်းမ လိုချင် သူ့လင် လှံနဲ့ထိုး ဆိုလိုပေါ့... နရပတိကလဲ မယုံဖူး၊ သူ့မိန်းမ လိုချင်မှန်းသိသော့... မြင်းစစ်သည် တစ်ပါး သူ့မိန်းမစောင့်ရှောက်ဖို့ ထားခဲ့သာ.... ငါ့အိမ်တော် တစ်စုံတစ်ရာ ထူးခြားမှုရှိရင် အမြန်သတင်းပို့သဲ့။ ဟိုက အထက်လဲရောက်ရော့ ဒန့်ဒလွန်ကောင်က သူ့မိန်းမ ဝင်လုံးသာလေ... သိသိချင်း မြင်းစည်သည်က သွားသတင်းပို့ ၊ ဖြစ်ချင်သော့ တလမ်းလုံးပန်းလာလို့ လမ်းမှာ ဝင်အိပ်နေသတဲ့... အဲ့သာ သတင်းပို့သာ နောက်ကျလေချင်းဆိုပိ နရပတိက မြင်းစစ်သည်ကို ကွပ်မျက်ပိ ချောင်းသဲ မျှောလိုက်သာ၊ အယူတိမ်းလို့ နတ်စိမ်းဖြစ်ကရော... အဲ့သာကြောင့် မြစ်ဘေး၊ ချောင်းဘေးရွာဒေ မြင်းဖြူရှင် ပူဇော်ကြသာ...ငါ သိသလောက်ပါအေ၊ သမိုင်းဆိုသာက ဒုတ်ထမ်းငြင်းကြရသာ၊ နို့ပေမယ့် တနယ်လုံး ကိုးကွယ်ကြသာပဲ "
ဒေါ်ဗိုက် ရှင်းပြတာလေး နားထောင်ရင်း မေမေက ပြုံးပြုံး ပြုံးပြုံးနဲ့။ နယ်ထဲတာဝန်ကျတာတောင် ကိုယ့်ရွာကိုယ့်မြေက လူ ဘေးနားရှိတော့ အားရှိတာပေါ့။
" ညည်းကို ဓါတ်ပုံအတင်းရိုက်ခိုင်းသဲ့ ဂျာအေး ဆိုသာ နတ်နန်းရဲ့ နန်းထိန်းမျိုးတွေ... သူ အမတေ(အစ်မတွေ) က ငါနဲ့လူရင်း...တောင်သူလုပ်ကြသာ၊ နန်းထိန်း နတ်ကတော်လဲလုပ်ကြသယ်။၊ နွားဆေး မြင်းဆေးဖော်သဲ့ ဦးသာဖန့် မြေး... ညည်းကို ကြိုက်နေသာရယ်.. လူဂသာ ပေါတောတော ဒန့်ဒလွန်သီးဖြစ်နေပေမယ့် အင်ဂျင်နီယာအေ့...။ ဆီမီးခုံမှာ ငလျင်လှုပ်တုန်းဂဆို သူက ကွမ်းယာဆိုင်မှာ လက်တောက်ခုံ တောက်နေသာ... ငလျင်လှုပ်ပီ ပြေးကြ ဆိုသော့ ကြောက်အားလန့်အားနဲ့ လက်တောက်ခုံကြီး ထမ်းပြေးလို့... ကွမ်းရာသည်က လိုက်ဆွဲကသယ်..။ မျက်နှာရူးပေသိ လူက လူတော်ပါအေ...။ "
ဘာမှမဆိုင် ညာမဆိုင် ဂျာအေးအကြောင်းပါ ဆက်ပြောနေတော့ မေမေ့မှာ ရှက်ကိုးရှက်ကန်းနဲ့ ရီနေတော့တာပဲ။ ဂျာအေးတဲ့ နာမည်ကိုက ရီချင်စရာကြီး။ အရပ် ကလန့်ကလားနဲ့ တရွာလုံးကိုပဲ သူပိုင်နေသလိုလို....လက်ရဲဇက်ရဲ အတော်နိုင်တဲ့သူ။
မေမေက ရှက်ပြုံးပြုံးတော့ ... ဒေါ်ဗိုက်က
"သီတာမ ... ဂျာအေးအကြောင်းပြောတာနဲ့ ရုပ်ကို ဖြီးလို့..."
ဒေါ်ဗိုက် ပေါင်လေးကိုရိုက်ပြီး အားရပါးရ ရီတော့တာပဲ။ ဂျာအေးဆိုတာကလဲ ဒေါ်ဗိုက်ပြောသလို ဒန့်ဒလွန်နေမှာ...။
ဂျာအေးဆိုတဲ့ ကျွန်တော့်အဖေကလည်း ဒေါ်ဗိုက်ဆီကို အကြောင်းအမျိုးမျိုးပြ လာလည်ရင်း မူလတန်းပြဆရာမလေးကို လူပျိုလှည့်တာပေါ့။
************************************
နောက်တော့ မေမေက မင်းတန်းရွာလေးကိုနှုတ်ဆက်ခဲ့ပြီး ဇာတိဖြစ်တဲ့ မြောင်မြို့ကို မူလတန်းပြဆရာမ တာဝန်ပြန်ကျတယ်။ ဖြစ်ချင်တော့ ဖေဖေကပါ GTIကျောင်းပြီးလို့ မြောင်က ဆောက်လုပ်ရေးဌာနမှာ တောက်တိုအနေနဲ့ တာဝန်ကျတယ်။ ဖေဖေ ပျော်ပြီပေါ့။ မေမေ့အိမ်ရှေ့ မောင်မြန်မာ စက်ဘီးလေးနဲ့ 'ဖြတ်လျှောက် အသံပေး ခြေအေး ဝမ်းယောင် ထရံခွာ သံစူး ချောင်းကြည့် ပြုံးပြန်' လုပ်တော့တာပဲ။
အဆိုးဆုံးက ဒေါ်ဗိုက်ရဲ့ အိမ်။ မခေါ်လည်း နေ့စဉ်နေ့တိုင်းရောက်နေသလို ထမင်းဝိုင်းနဲ့ဆုံရင် လက်ဆေးပြီး ထမင်းဝင်စားတော့တာပဲ။ ဒေါ်ဗိုက်အိမ်နဲ့ မေမေ့ အိမ်ရှေ့က မောင်မြန်မာ စက်ဘီးတစ်စီးနဲ့ ချောင်းပေါက် မတက် ရောက်တဲ့နေရာတွေ။
" ကိုအေးမောင်... သီတာ တော့ မသိဘူး၊ ကျုပ်တော့.... အဲ့ ဂျာအေးကို မျက်စိနောက်လှဘီ။ တနေကုန် အိမ်ထဲ ဝင်လိုက်ထွက်လိုက်နဲ့...။ "
သူ့ယောင်္ကျား ကိုအေးမောင်ကို လက်ကုတ်ပြောတော့။ သူ့ယောင်္ကျား လူအေးကြီးက...
" မင်းပဲ ဝင်ကူလိုက်သော့၊ ဒီကိစ္စဂ မင်းမှ မကယ်ရင် ငါတို့အိမ် ဂျွမ်းထောင်အောင် လုပ်သော့မယ့်ကောင်... "
ဒေါ်ဗိုက် သက်ပြင်းတစ်ချက်ချပြီး ခေါင်းပဲငြိမ့်လိုက်တော့တယ်။
*******************************
" အတာကူးပြီမို့××× အလှထူးပါဘိ××× ပိတောက်ဖူးရယ်က×××× ခိုင်ရွှေဝါ××× "
ဖေဖေ့ရဲ့ ကိုယ်ပိုင် ပြက္ခဒိန်လေးထဲမှာ သီတာ့ကို စတွေ့တဲ့ ရက်၊ မျက်လုံးချင်းဆိုင်တဲ့ ရက်၊ နောက်ကလိုက်ခဲ့တဲ့ ရက်၊ လည်ပြန်ငေးကြည့်တဲ့ ရက်ဆိုပြီး အသေးစိတ်လေးက အစက ရေးထားတာ။ မေမေ့ဆီပေးတဲ့ စာတွေမှ သစ်သားသေတ္တာနဲ့ အပြည့်။ ဒိုင်ယာရီစာအုပ်တွေဆိုရင် အထပ်ထပ်။ (ကျွန်တော် ငယ်ငယ်က သေတ္တာထဲကစာတွေ တစ်စောင်ချင်း ဝတ္ထုဖတ်သလို ဖတ်ဖူးတယ်...)
မေမေ ဘယ်လောက် မာနကြီးကြီး ဖေဖေ ရအောင် စာလိုက်ပေးတယ်။ ဒါက ဖေဖေ့အရည်အချင်းလို့ဆိုရမယ်။ ဒီနေ့ စာမယူ နောက်နေ့ ယူရမယ်။ မယူရင်လည်း မေမေ့ အိမ်ရှေ့က မခွာဘူး။
" နင့်ဖေက မေ စာမယူရင်လည်း ပြန်မှာ မဟုတ်ဘူး။ နင့်ဘ ငါ့အဖေက ဒေါသ ခပ်ကြီးကြီး .. အိမ်နံရံချိတ်ထားတဲ့ ငှက်ကြီးတောင် ဓားနဲ့ လိုက်ခုတ်မှာ... သူခုတ်တာက အရေးမကြီးဘူး၊ ငါ့ပါရောဆူခံရမှာစိုးလို့ ယူလိုက်ရတာ။ "
ဖေဖေ့ ရည်းစားစာတွေ အကြောင်းမေးရင် မေမေက အဲ့သလိုပဲ ဖြေတယ်။
သင်္ကြန်တုန်း မေမေ့ကို ရေလောင်းချင်တဲ့အကြောင်း ဖေဖေက ဒေါ်ဗိုက်ကို အပူကပ်တော့ ဒေါ်ဗိုက် မျက်လုံးပြူးပြီ။
"ဂျာအေး... မောင်ကိုလေး ငှက်ကြီးတောင်ဂ လူမရွေးပုရယ် "
"လုပ်ပါ ၊ ဒီစကားလေး သီတာ့ ကို နှစ်ယောက်တည်း ကြိတ်ကပ်ပြောရုံတင်၊ သီတာ က ဒီရက်ပိုင်း ကျောင်းပိတ်တော့ အိမ်တွင်းပုန်းနေလို့ပါ..."
သူ့အိမ် သောင်တင်ပြီး မျက်စိနောက်အောင် နှိပ်စက်မှာသိတော့ ဒေါ်ဗိုက်လည်း တဘတ်လေးခေါင်းပေါ်တင် မေမေ့မိဘတွေအလစ် ဝင်ပြောရတယ်။ ဖေဖေ မှာလိုက်တဲ့ စကားလေးက 'သင်္ကြန်တုန်း ရေလာလောင်းမယ်၊ ချစ်ရင် ခြံရှေ့ထွက်ခဲ့ပါ' တဲ့လေ...။
**********************************
သင်္ကြန်အကြိုနေ့ ဂျာအေးတို့ဝတ်ထားစားထားပုံများ သူများထက်ထူးပါတယ်။ ပရက်စလေလို ဘောင်းဘီအကြပ် အောက်ပွ၊ အင်္ကျီက လယ်ဟိုက်နဲ့ ကော်လံကို ထောင်ထားတယ်။ အင်ဂျင်နီယာမှန်း သိအောင် ဘွဲ့ယူတုန်းက နက်ကတိုင်လေးပါ ထုတ်စည်းလိုက်သေး။ ငွေဖလားလေးကိုင် မေမေ့ အိမ်ရှေ့မှာ မနက်ကတည်းက ငုတ်တုတ်။ ရေလောင်းရမှာဆိုတော့ ရုံးကစာရေးမတွေဆီက ရေမွှေးကို ခဏတောင်းပြီး ရေထဲမှာသင်းနေအောင်ဖြန်းလိုက်သေးတယ်။
" နင့်ဖေက လူလိုမဝတ်ဘူး။ အဲ့စတိုင်ကြီးနဲ့လာတော့ ဘယ်ထွက်ရဲမလဲ..."
မေမေကတော့ ဖေဖေ့ပုံစံကို ကွက်ကွက်ကွင်းကွင်းမြင်အောင် အဲ့လို ပြောပြပါတယ်။
အကြိုနေ့မနက်ကတည်းက စောင့်ခဲ့တဲ့ ဖေဖေ.. ညနေစောင်းသည်အထိ မေမေထွက်မလာခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် သင်္ကြန် လေးရက်မှာ သုံးရက်တော့ကျန်ပါသေးတယ်။
အကျနေ့လည်း ဖေဖေ မနေ့က အဝတ်အစားကိုပဲ မီးပူလေးပြန်တိုက်ရင် ငွေဖလားကိုင် စောင့်နေလျက်ပါပဲ။ မေမေက ဝင်းထရံကာ ခြံရှေ့မပြော ခြံထဲတောင် မဆင်းခဲ့ပါဘူး။ အကြတ်နေ့လည်း ထိုနည်းတူစွာပါပဲ။
သင်္ကြန်နောက်ဆုံးနေ့ အတတ်နေ့.. သုံးရက်လောက် မလျှော်ဘဲ ဝတ်တဲ့ ဒီအဝတ်အစားက ချဉ်စုတ်စုတ် အနံ့ထွက်နေပြီ။ ငွေဖလားကြီးကိုင် တမာပင်ခြေရင်းက ထွက်လာမလားမျှော်ရင်း ဝင်းထရံကြားကနေ ချောင်း ချောင်းကြည့်ရတာက အမော။
မေမေတို့ ခြံထဲ စံပယ်ရုံလေးရှိတယ်။ ပွင့်လိုက်ရင် တသီကြီး။ တခြံလုံးမွှေးနေအောင် ပွင့်တာ။ သင်္ကြန်အတတ်နေ့မှ ပန်းတွေ အကုန်ထပွင့်နေတော့ မေမေ့မှာ ခူးချင်လိုက်တာ အရမ်းပဲ။ ခြံရှေ့မှာ ဒန့်ဒလွန် ဂျာအေးက ငွေဖလားကြီးကိုင် စောင့်နေလေရဲ့။ အိမ်ဦးခန်းမှာ အဖေဖြစ်သူ ဦးကိုလေးကလည်း သင်္ကြန်တုန်း အရက်ဖြတ် ဥုပုတ်စောင့်မယ်ဆိုပြီး ပုတီးထိုင်စိပ်နေတာ။ တိုင်မှာချိတ်ထားတဲ့ ငှက်ကြီးတောင်ဓားကလည်း တလောကမှ ဝင်းနေအောင် သွေးထားပြီးသား။
ညနေကျတော့ မေမေ စံပယ်ပွင့်တွေ ခူးချင်တဲ့စိတ်က ထိန်းမရဘူး။ ခြံထဲပဲ ခြံအပြင်မှမထွက်တာ ဘာဖြစ်ဖြစ် ခူးမယ်ဆို ခူးဖို့အဆင်း။ ဂျာအေးတို့က ဒါကို ချောင်းနေတာလေ။ ခြံရှေ့မထွက်တောင် ဒီသင်္ကြန်နောက်ဆုံးနေ့ ပိမ်ထဲထိဝင်ပြီးရေရအောင်လောင်းမယ်လို့ ကြိမ်းထားပြီးသား။ အခွင့်သာတုန်း ငွေဖလားမလို့ အားရပါးရလောင်းထည့်လိုက်တာပေါ့။
ဦးကိုလေးကလည်း ခေသူမဟုတ်ဘူး။ ပုတီးသာစိပ်နေတာ စိတ်က သမီးနှစ်ယောက်ဆီမှာ။ ဗွမ်းခနဲအသံကြားတာနဲ့ တိုင်ချိတ်ထားတဲ့ ငှက်ကြီးတောင်ဓားထဆွဲ
" ဒီကောင့်ကို ငါ့ခြံထား ရစ်သီရစ်သီနဲ့ လုပ်နေတာ မသင်္ကာလို့ စောင့်ကြည့်နေတာကြာပြီ ၊ ငါတစ်ယောက်လုံးရှိတာတောင် မခန့်လေးမခန့်စား၊ ခြံထဲဝင် ငါ့သမီးကို ရေလာလောင်းရဲတယ်။ ကိုးရို့ကားယား လှည်းထောက်ခွဘောင်းဘီနဲ့... ကြောင်လျှာသီးက လည်ပင်းဆွဲထားသေး... မောင်ကိုလေးကို ဒါမျိုး လုပ်လို့မရဘူးဟေ့၊ သေပေတော့... "
ဆိုပြီး ဓါးနဲ့ လိုက်ခုတ်လို့ ဝိုင်းဆွဲလိုက်ကြရတာ၊ ဂျာအေးခမျာ ဖိနောင့်နဲ့ တင်ပါး တသားတည်းကျအောင် ပြေးရတာပေါ့။ အရမ်းချစ်တယ် သီတာရေ့ လို့တောင် အော်ပြေးလိုက်သေးသတဲ့။
နှစ်ဆန်းတစ်ရက်နေ့ကျတော့ ဒေါ်ဗိုက် ဆီက တဆင့် ဖဂျာအေးဆီ စာလေးတစ်စောင် ရခဲ့တယ်။ စာက တိုတိုလေးပါ။
"ကို...မနေ့က အဆင်ပြေရဲ့လား... အရမ်းချစ်ရင် အိမ်ကို လူကြီးစုံရာနဲ့ လာတောင်းမှပေါ့..." တဲ့ ။
စာဖတ်ဖတ်ပြီးချင်း ဂျာအေးက ထခုန်ပြီး ဒေါ်ဗိုက်ကြီး ပြေးဖက်လိုက်ပါလေရော။
"ဂျာအေးရေ... ကံကောင်းလို့ ငါပါ ဇက်မပြတ်သယ်..."
"ဗိုက်" ကတော့ ဂျာအေးနဲ့သီတာတို့အတွက် မရှိမဖြစ် "ဗိုက်" ပါပဲ။ ။
(နောက်ထပ်ဆက်ရေးပါဦးမည်)
A Loon Kha
Keep Reading